← Chapters

စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း

Vol. 70 Ch. 977

စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း

Vol. 70 Ch. 977

အခန်း (၉၇၇) စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း

ရန်ကျောက်ကဲက ဓားချက်တစ်ချက်တည်းဖြင့်ပင် ခရမ်းရောင်ဓားချီပင်လယ်ကို ထိုးခွင်းပစ်လိုက်သည်။

ပေါက်ကွဲထွက်လာသော စိမ်းပြာရောင်နဂါးခန္ဓာကိုယ်မှ ခရမ်းနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး နဂါးသွေးများက အပြင်ဘက်သို့ လွင့်စင်ထွက်လာသည်။

ထိုနဂါးသွေးတစ်စက်ချင်းစီတိုင်းက ဓားဝိညာဉ်တစ်ခုစီဖြစ်ပြီး နဂါးကြီး၏ အသက်ဓာတ်စွမ်းအား အနှစ်သာရက ထူးခြားစွာပင် သတ်ဖြတ်လိုသည့် အငွေ့အသက်များအဖြစ် ပြောင်းလဲသွားကာ အဆုံးမဲ့ရက်စက်ကြမ်းတမ်းသော တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ထိုတန်ခိုးစွမ်းအားအနှစ်သာရက ဓားစွမ်းအနှစ်သာရဖြစ်ပြီး အရာအားလုံးကိုကျော်ဖြတ်ကာ ကြမ်းတမ်းပြင်းထန်လွန်းသဖြင့် ကျောက်ကျန်၏ ခရမ်းရောင်ဓားချီပင်လယ်မှ အရာခပ်သိမ်း ငြိမ်းသတ်ပျက်ဆီသွားသည်။

“ဒါ ဘာဓားသိုင်းပညာလဲ ၊ စန့်ချင်အဆက်အနွယ်က လင်ပေါင်ဓားသိုင်း (၄)မျိုးလား... မဟုတ်ဘူး ... အဲဒါလည်း မဟုတ်ဘူး”

ကျောက်ကျန်သည် ခရမ်းရောင်ဓားချီပင်လယ်ကို ခုတ်ပိုင်းပစ်လိုက်သော ပြင်းထန်သည့်ဓားအလင်းတန်းကိုကြည့်ရင်း တုန်လှုပ်သွားသည်။

သူက လှုပ်ရှားမှုတစ်ချက် မမှားယွင်းရဲတော့ဘဲ ဓားကိုပြန်လည်ရုပ်သိမ်းလိုက်သလို လူလည်းနောက်သို့ဆုတ်လိုက်ပြီး သူ့ကိုယ်သူ မထိခိုက်အောင်ကာကွယ်လိုက်၏။

လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ခရမ်းနီရောင်ဓားအလင်းတန်းက မရပ်မနားရှေ့ဆက်တက်လာပြီး ခရမ်းရောင်ဓားချီပင်လယ်၏ အလွှာများများကို တစ်လွှာပြီးတစ်လွှာ ဖြတ်တောက်လျှက် ကျောက်ကျန်အား အဆက်မပြတ် နောက်ဆုတ်သွားစေသည်။

တိုက်ပွဲကိုကြည့်ရင်း တောင်ပိုင်းမှသိုင်းသမားများအားလုံး ပို၍တုန်လှုပ်သွားကြသည်။

ခရမ်းရောင်ဓားသမား ကျောက်ကျန်က ပင်လယ်ချိတ်ဆက်ဒေသတွင်ပြိုင်ဘက်ကင်းဖြစ်ပြီး တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ အရှေ့ပိုင်းတွင် လောကပထမဟု ဆိုနိုင်သည်။

သို့သော် ယခုတော့ နတ်ဘုရားသိမြင်ခြင်းအဆင့် ရန်ကျောက်ကဲနှင့် ဓားသိုင်းချင်းယှဉ်ရာတွင် ရှုံးနိမ့်သွားရပေပြီ။

ရန်ကျောက်ကဲက ကျောက်ကျန် ဆုတ်ခွာသွားအောင် ဓားဖြင့်တိုက်ခိုက်နေစဉ်မှာပင် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်သည်လည်း ကောင်းကင်ထက်မှဆင်းသက်လာပြီး တာအိုဆရာတုန်းချွမ်ကို ဖိနှိပ်ထားသည်။

အခြေအနေများအရ ဝူထုန်တောင်စောင်းမှ ယွမ်ရှန်းချန်မှာ ဘာမှမလုပ်ဘဲ ထိုင်ကြည့်မနေနိုင်တော့ပေ။

သူ၏မျက်ဝန်းများအတွင်းမှ မီးလျှံဇာမဏီငှက်များက အပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားသည်။

သေသေချာချာကြည့်မည်ဆိုလျှင် ပျံသန်းထွက်ခွာသွားသော ယွမ်ရှန်းချန်ကို မီးလျှံဇာမဏီငှက်နှစ်ကောင်က ဝန်းရံထားသည်ကို တွေ့မြင်နိုင်မည် ဖြစ်၏။

ထို မီးလျှံဇာမဏီငှက်နှစ်ကောင်ထံတွင် ’ခရမ်းရောင်သမာဓိမီးတောက်’နှင့် ‘သန့်စင်သောရေလှိုင်းသမာဓိမီးတောက်’ များ ထွက်ပေါ်လာပြီး ယွမ်ရှန်းချန်၏ခန္ဓာကိုယ်အား ဖုံးအုပ်ထားသည်။

ယွမ်ရှန်းချန်၏ခန္ဓာကိုယ်မျက်နှာပြင်ထက်တွင် မီးတောက်များထွက်ပေါ်လာပြီး သူ့ကို မီးလျှံဇာမဏီငှက်တစ်ကောင်က လွှမ်းခြုံထားသည်။

ထိုဇာမဏီငှက်ထံမှ ‘မရဏသမာဓိမီးတောက်’ နှင့် ‘ကောင်းမြတ်ခြင်းမြေကြီး သမာဓိမီးတောက်’ တို့က အတူတကွ ယှဉ်တွဲထွက်ပေါ်လာ၏။

သမာဓိမီးတောက် (၄)ခုလုံး ပြီးပြည့်စုံစွာ တည်ရှိနေသည်။

အတိတ်တစ်ချိန်က ကံကောင်းမှုတစ်ခုတွေ့ကြုံခဲ့သဖြင့် ‘ဇာမဏီမျက်လုံး’ ယွမ်ရှန်းချန်သည် သူ၏မျက်လုံးတစ်လုံစီအား သမာဓိမီးတောက်တစ်ခုစီပါဝင်သော မီးလျှံဇာဏမီများအဖြစ် သန့်စင်ပေးနိုင်ခဲ့သည်။

ထို့ကြောင့် နတ်ဘုရားသိမြင်ခြင်းအဆင့်မှာပင် သမာဓိမီးတောက် (၄)မျိုးအားကျင့်ကြံနိုင်ခဲ့သည်။ ဤသည်က အရှေ့တောင်ထိပ်တန်းအရှင်သခင် ကျွမ်းရှန်ကိုယ်တိုင်ပင် မလုပ်နိုင်ခဲ့သော အောင်မြင်မှုမျိုး ဖြစ်၏။

ယွမ်ကျန်းရှန်က ဝူထုန်တောင်စောင်းတွင် ဤသို့ကျင့်ကြံနိုင်သော တစ်ဦးတည်းသောကျင့်ကြံသူဖြစ်ပြီး အမတကူးပြောင်းခြင်းအဆင့်သို့မရောက်ရှိခင်မှာပင် သမာဓိမီးတောက် (၄)မျိုးက အားကောင်းလာခဲ့သည်။

သူ၏ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ ဇာမဏီအစစ်အမှန်ကျမ်းစာကို ကျင့်ကြံပြီးနောက် ဝူထုန်တောင်စောင်းမှ အခြားသောသိုင်းသမားများထက် ပိုမိုလွယ်ကူစွာ ဇာမဏီမီးတောက် (၅)မျိုး၏ စစ်မှန်သောရည်ရွယ်ချက်ကို ရရှိခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က ပိုမိုနက်ရှိုင်းသည့်အတွက် ပိုမိုလွယ်ကူခြင်းပင်။

ကျွမ်းကျောင်းဟွေက တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်၏သားဖြစ်သော်လည်း ဝူထုန်‌တောင်စောင်းမှ တပည့်ဖြစ်သော ယွမ်ရှန်းချန်ကသာလျှင် ကျွမ်းရှန်၏ သွန်သင်ချကများကို အမွေဆက်ခံသူအဖြစ် လူသိရှင်ကြား ချီးကျူးခံရသူ ဖြစ်သည်။

သန့်စင်သောရေလှိုင်းသမာဓိမီးတောက် ၊ မည်သည့်သိုင်းပညာမဆိုတားဆီးနိုင်စွမ်းရှိသည်။

ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက် ၊ ကောင်းကင်ထိတိုင်ဖြန့်ကြက်ပြီး တာအိုကိုချဲ့ထွင်နိုင်စွမ်းရှိသည်။

ခရမ်းရောင်သမာဓိမီးတောက် ၊ ကပ်ဘေးကို ပယ်သတ်နိုင်ပြီး အညစ်အကြေးများကို ကင်းစင်စေသည်။

မရဏသမာဓိမီးတောက် ၊ အသက်စွမ်းအားကိုထောက်ပံ့ပေးနိုင်သည်။

ယွမ်ရှန်းချန်က တာအိုဆရာတုန်းချွမ်ကိုယ်စား ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို အချိန်မီတွန်းလှန်လိုက်၏။

စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က ကောင်းကင်ပြိုကျပြီး ကမ္ဘာမြေပြင်တုန်လှုပ်စေလုမတတ် တန်ခိုးစွမ်းအားမြင့်မားလှသည်။

သို့သော် ယွမ်ရှန်းချန်က ရန်ကျောက်ကဲထက် ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသဖြင့် သမာဓိမီးတောက် (၄)မျိုး၏ ခုခံစွမ်းအားကို တပြိုင်နက်တည်းထုတ်ဖော်ကာ စက်ဝန်းသံသရာ ကောင်းကင်စည်းတံဆိပ်ကို အတင်းအကျပ် တားဆီးနိုင်ခဲ့သည်။

“ဟားဟား... မင်းကဂုဏ်သတင်းကြီးထိုက်ပါပေတယ် ‘ဇာမဏီမျက်လုံး’ ယွမ်ရှန်းချန်”

ရန်ကျောက်ကဲက ရယ်မောရင်းဆိုသည်။

“အခု ငါ့ရဲ့ဓားကိုမြည်းကြည့်လိုက်...”

ရန်ကျောက်ကဲက တိမ်လွှာအလင်းဓားကို လှည့်ပတ်လိုက်ပြီး ယွမ်ရှီးချန်ထံသို့ ဦးတည်ကာ စိမ်းပြာနဂါးအသွင်ကို နောက်တစ်ကြိမ် ထပ်မံထုတ်ဖော်လိုက်သည်။

စိမ်းပြာနဂါးနှင့် မီးလျှံဇာမဏီငှက်တို့ လေထုထဲတွင် ထိပ်တိုက်တွေ့မိကြပြီး သမာဓိမီးတောက် (၄)မျိုးအစွမ်းကြောင့် စိမ်းပြာနဂါးမှာ ဇာမဏီငှက်ကို ဘာမှမလုပ်နိုင်ခဲ့ပေ။

ထို့နောက် စိမ်းပြာနဂါးခန္ဓာကိုယ်အတွင်းမှ သဏ္ဌန်မဲ့ဓားတစ်လက်ထွက်ပေါ်လာပြီး နောက်တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ထက်ရှသည့် ခရမ်းနီရောင်အလင်းတန်းများက စိမ်းပြာနဂါးကြီးခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နက်နေသည်။

သမာဓိမီးတောက် (၄)ပါးနှင့် အဆုံးမရှိသော အသက်ဓာတ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် ဇာမဏီငှက်သည်ပင် နဂါးသွေးမီးတောက်များကို ခံနိုင်ရည်ရှိဟန် မတူပေ။

ဤဓားသိုင်းက ရန်ကျောက်ကဲကိုယ်တိုင် တီထွင်ထားသော ‘စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း’ ဖြစ်၏။

စန်းချင်း (၃)ပါး ပညာရပ်များကို အဆက်မပြတ်ကျင့်ကြံခဲ့သော ရန်ကျောက်ကဲအနေဖြင့် စန့်ချင်အဆက်အနွယ်မှ ဓားသိုင်းပညာကို ကျ့င်ကြံရာတွင် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။

ကျောက်ဂူအိမ်တော်ထဲတွင် ရရှိခဲ့သော အကျိုးအမြတ်များဖြင့် အထက်ဘုံကမ္ဘာသို့ပြန်ရောက်လာပြီးနောက် အဆုံးမဲ့တောင်တန်းမှ ငြိမ်းချမ်းရေးတောင်တန်းသို့ လာရာလမ်းတစ်လျှောက် ရန်သူများစွာကို သုတ်သင်ခဲ့ရတွင် သူ၏ဓားဝိညာဉ်တွင် အသစ်သော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲကိုယ်တိုင်တီထွင်ခဲ့သော အင်္ကျီလက်ထဲမှမိုးပြာနဂါးဓားသိုင်းက ဤနှစ်များအတွင်း အသုံးပြုခြင်း မရှိတော့ပေ။

သို့သော် မကြာမီကပင် သူက ဤဓားသိုင်းနှင့်ပတ်သက်ပြီး အတွေးသစ်များ ရရှိခဲ့သည်။

ရန်ကျောက်ကဲက သူ၏ အင်္ကျီလက်ထဲမှမိုးပြာနဂါးဓားသိုင်းကို အခြေခံအဖြစ်အသုံးပြုပြီး ကိုယ်တိုင်ဖန်တီးထားသော ဓားသိုင်းအသစ်တစ်ခု ပေါင်းစပ်တီထွင်ခဲ့သည်။

သူက ပထမဦးစွာ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာဖြင့် စိမ်းပြာနဂါးကြီးကို ဖန်ဆင်းပြီးမှ စန့်ချင် အဆက်အနွယ်ဓားသိုင်းဖြင့် သတ်ဖြတ်ပစ်ကာ အသက်ရှင်ခြင်းမှ သေခြင်းသို့ပြောင်းလဲသွားစေသည်။ ဤဓားသိုင်းက ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သောဓားသိုင်းတစ်ခု မွေးဖွားလာခြင်း ဖြစ်၏။

ဤဓားသိုင်းက စန့်ချင်အဆက်အနွယ်၏ ဓားတာအိုကို အကိုးအကားပြုထားသော်လည်း ထိုဓားသိုင်းနှင့်တူညီခြင်း မရှိပေ။

စန့်ချင်အဆက်အနွယ်ဓားသိုင်းသည် အပြင်ပန်းတွင် ထင်ရှားပေါ်လွင်ခြင်းမရှိဘဲ ယွိချင်အဆက်အနွယ်နှင့် ထိုက်ချင်အဆက်အနွယ်တို့၏ အမြင့်ဆုံးသိုင်းပညာများကို သုတ်သင်ရှင်းလင်းသော ဓားသိုင်းအဖြစ် ပြောင်းလဲသွားသည်။

ဤသည်မှာ စန်းချင်း (၃)ပါး ပညာရပ်များကို တပြိုင်နက် ကျင့်ကြံခြင်း၏ရလဒ်ဖြစ်ပြီး အခြားသူများ ဤသို့ပြုလုပ်နိုင်ရန် အလွန်ခဲယဉ်းသလို ဤလောကတွင် တစ်ခါမှမဖြစ်ပေါ်ဖူးသော အရာတစ်ခုလည်း ဖြစ်၏။

ဤ ‘စိမ်းပြနဂါးသုတ်သင်ဓားသိုင်း’ အောက်တွင် သက်ရှိပုံစံများအားလုံးသည် သုတ်သင်ခံရသည့်ကံကြမ္မာကို ရင်ဆိုင်ရမည်သာပင်။

ရန်ကျောက်ကဲက ကျောက်ကျန်၏ ခရမ်းရောင်ဓားချီပင်လယ်ကိုအရေးမစိုက်ဘဲ ယွမ်ရှန်းချန်၏ အစစ်အမှန်ချီစွမ်းအားအနှစ်သာရကို စိမ်းပြနဂါးသုတ်သင်ဓားသိုင်းဖြင့် အတိုင်းအတာတစ်ခုအထိ တိတိပပ တုံ့ပြန်ခဲ့သည်။

ဤဓားချက်သည် စိမ်းပြာနဂါးကိုဦးစွာသတ်ဖြတ်ပြီးမှာ မီးလျှံဇာမဏီငှက်ကို သုတ်သင်ပစ်လိုက်သည်။

ယွမ်ရှန်းချန် နောက်သို့လွင့်ထွက်သွားပြီး ညည်းညူသံတစ်ချက်အော်ဟစ်လိုက်၏။

“သိပ်မာန်တက်မနေနဲ့”

ကျောက်ကျန်က အော်ဟစ်ရင်း အလျင်စလိုဆက်လက်တိုက်ခိုက်လိုက်သည်။

ရန်ကျောက်ကဲ၏ဓားချက်က ယွမ်ရှန်းချန်ဆီသို့ အဆက်မပြတ်ဖိအားပေးနေရင်း သူက ကျယ်လောင်စွာရယ်မောလိုက်သည်။

တစ်ချိန်တည်းပင် သူ၏လက်တစ်ဖက်ကိုပြန်လည်ရုပ်သိမ်းလိုက်ပြီး ယင်ယန်လက်ချောင်းသိုင်းကို အသုံးပြုကာ လေထုထဲမှာ မဟာတာအိုကို ပြောင်းလဲလိုက်သည်။

ယင်ယန်လက်ချောင်းသိုင်း၏သက်ရောက်မှုများအောက်တွင် ထူထပ်သောဓားချီပင်လယ်က ရုတ်တရက် ဦးတည်ချက်ပြောင်းလဲသွားကာ တာအိုဆရာတုန်းချွမ်ကို တိုက်ခိုက်လိုက်သည်။

ယခုမှ အသက်ရှူချောင်ခါစရှိသေးသော တာအိုဆရာတုန်းချွမ်မှာ ထိတ်လန့်တုန်လှုပ်သွားပြီး အလျင်စလို ခုန်ရှောင်လိုက်ရသည်။

ရန်ကျောက်ကဲက ယွမ်ရှန်းချန် နောက်ဆုတ်သွားစေရန် ဓားဖြင့်တိုက်ခိုက်ပြီးနောက် သူက တာအိုဆရာတုန်းချွမ်ဆီသို့ နောက်ထပ်ဓားချက်တစ်ချက် ထိုးနှက်လိုက်သည်။

ဤသို့ဖြင့်...

ခရမ်းရောင်ဓားချီပင်လယ်ကြီးက တဟုန်းဟုန်းပြင်းထန်စွာ တောင်လောင်နေချိန် စိမ်းပြာရောင်နဂါးကြီးက ပင်လယ်ကိုထိုးခွင်းပျံသန်းသွားပြီး တာအိုဆရာတုန်းချွမ်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

တာအိုဆရာတုန်းချွမ်မှာ အလွန်တရာ စိတ်ပျက်သွားတော့၏။

သူက ပင်လယ်ရေပြင်ထက်မှ အချိန်မရွေးတိမ်းမှောက်သွားနိုင်သော လှေငယ်လေးတစ်စင်းနှင့်ဆင်တူပြီး ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကို ရှောင်တိမ်းရန်အတွက် ပါးကွကောင်းကင်လက်ဝါးသိုင်းကို အမြင့်ဆုံးအဆင့် ထုတ်လွှတ်လိုက်သည်။

ယွမ်ရှန်းချန်၏မျက်နှာက ခါတိုင်းနှင့်မတူ တည်ကြည်လေးနက်သွားပြီး သူက လက်များကိုဝှေ့ယမ်းလိုက်ရာ မီးလျှံဇာမဏီငှက်က အတောင်များဖြန့်ကားလိုက်သည်။ ထိုအတောင်ပံများက ဓားသွားနှစ်လက်အဖြစ် ပြောင်းလဲသွားပြီး ရန်ကျောက်ကဲကို အဆက်မပြတ်ခုတ်ပိုင်းချလိုက်သည်။

သို့သော် ရန်ကျောက်ကဲက ယင်ယန်လက်ချောင်းသိုင်းအသုံးပြုလိုက်ရာ မီးလျှံဓားနှစ်လက်မှာ ကျောက်ကျန်ထံသို့ ပစ်မှတ်ရွေ့လျားသွားတော့သည်။

တပြိုင်နက်တည်းပင် ဟောက်လင်တောင်ထက်တွင် ခရမ်းရောင်ဓားချီပင်လယ်က ကြောက်စရာကောင်းစွာမြင့်တက်လာပြီး ပါးကွကားချပ်က လှည့်ပတ်လာကာ မီးလျှံဇာမဏီငှက်က သူ၏အတောင်များကို ဖြန့်ကြက်လိုက်သည်။

အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၃)ယောက်က ရန်ကျောက်ကဲကို အတူတကွဝန်းရံထားပြီး သူတို့၏အမြင်မ့ားဆုံးသိုင်းပညာများကိုထုတ်ဖော်ကာ အဆက်မပြတ် တိုက်ခိုက်လိုက်ကြသည်။

သို့သော် ရန်ကျောက်ကဲက သူ၏လက်များကိုဖြန့်ကားလျှက် လက်တစ်ဖက်က ‘စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း’ ၊ ကျန်လက်တစ်ဖက်က ယင်ယန်လက်ချောင်းသိုင်းကို အသုံးပြုတိုက်ခိုက်ပြီး ရန်သူများ၏စွမ်းအားကို အဓိပ္ပါယ်မဲ့ဖြစ်သွားစေသည်။

ယွမ်ရှန်းချန်၏အသွင်အပြင်က အဆက်မပြတ်အိုမင်းကြီးရင့်လာပြီး သူ၏ အသက်ဓာတ်စွမ်းအားသည်လည်း အဆက်မပြတ်ပျောက်ကွယ်လာကာ သူ၏ကျောရိုးသည်လည်း ပိုပြီးကွေးညွှတ်လာသည်။

များပြားလှစွာသော အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်များသည်ပင် သမာဓိမီးတောက် (၄)မျိုး တပြိုင်နက်တည်းထုတ်ဖော်အသုံးပြုကာ ခံစစ်စွမ်းအားမြှင့်တင်ထားသော ယွမ်ရှန်းချန်ကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ကြမည် မဟုတ်ပေ။

သို့သော် ရန်ကျောက်ကဲ၏ ‘စိမ်းပြနဂါးသုတ်သင်ဓားသိုင်း’ ကိုရင်ဆိုင်ရသည့်အခါ ဤမာနကြီးသောဇာမဏီမီးလျှံများ၏အသက်ဓာတ်စွမ်းအားက လျော့ပါးသွားပြီး သေဆုံးသွားကြရသည်ပင်။

ရန်ကျောက်ကဲ ရယ်မောလိုက်ပြီး သူ၏ဦးခေါင်းထက်မှ ထူးကဲယန်စည်းတံဆိပ်က ကျောက်ကျန်ဆီသို့ ရုတ်တရက် ထိုးဆင်းဝင်ရောက်သွားသည်။

ဟောက်လင်တောင် ပင်မအစီအရင်သည်လည်း ထူးကဲယန်စည်းတံဆိပ်ကိုဖိနှိပ်ရန်မဖြစ်နိုင်တော့သည့်အခါ တာအိုဆရာတုန်းချွမ်က ရန်ကျောက်ကဲကိုတိုက်ခိုက်ရင်း မိမိကိုယ်ကိုကာကွယ်ရန်အတွက် ၎င်းအစီအရင်၏စွမ်းအားကို အလျှင်အမြန်ပင် ဆွဲထုတ်လိုက်သည်။

သို့သော် ဒဏ်ရာရထားသဖြင့် ပင်မအစီအရင်၏စွမ်းအားကို ဆွဲထုတ်ရယူရန် ပိုပြီးခက်ခဲနေသည်။

ရန်ကျောက်ကဲက အစီအရင်ပညာတွင် တာအိုဆရာ တုန်းချွမ်ထက်များစွာမြင့်မားသလို ပါးကွနဂါးသိုင်းကျမ်းဖြင့်လည်း ရင်းနှီးလေသည်။

သူက ရှေ့သို့ခြေလှမ်းလိုက်ပြီး ဟောက်လင်တောင် ပင်မအစီအရင်၏ဗဟိုချက်ကို တိုက်ရိုက်ထိုးနှက်လိုက်ရာ အစီအရင်က အက်ကွဲသွားသည်။

ယင်ယန်လက်ချောင်းသိုင်းက ဖြတ်သန်းသွားပြီး ချက်ချင်းပင် တာအိုဆရာတုန်းချွမ်၏လက်ဝါးဖိအားနှင့် ဟောက်လင်တောင်ပင်မအစီအရင်စွမ်းအားတို့က ယွမ်ရှန်းချန်ဆီသို့ ရောက်ရှိသွားသည်။

တစ်ဆက်တည်းပင် ရန်ကျောက်ကဲက နောက်ထပ် ‘စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း’ ကို ထုတ်ဖော်လိုက်သည်။

ကြီးကျယ်ခမ်းနားပြီး ရက်စက်ကြမ်းတမ်းသောဖိအားတစ်ခုက ယွမ်ရှန်းချန်၏ ဇာမဏီအသွင်သဏ္ဌာန်အားလွှမ်းခြုံသွားပြီး အဆုံးသတ်မှာတော့ ရန်ကျောက်ကဲ၏ဓားချက်ကို လုံးဝ ခံရပ်နိုင်ခြင်း မရှိတော့ပေ။

All Chapters