အရင်ဘဝကိုပြန်တောင်းဆို
Vol. 70 Ch. 978
အခန်း (၉၇၈) အရင်ဘဝကိုပြန်တောင်းဆို
ရန်ကျောက်ကဲ၏ ‘စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း’ က ဟောက်လင်တောင် ပင်မအစီအရင်စွမ်းအားဖြင့် ပေါင်းစပ်လိုက်သည့်အခါ သွေးနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယွမ်ရှန်းချန်၏ ခုခံနိုင်မှု ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့သည်။
’ခရမ်းရောင်သမာဓိမီးတောက်’ ၊ ‘မရဏသမာဓိမီးတောက်’ ၊ ‘သန့်စင်သောရေလှိုင်းသမာဓိမီးတောက်’ နှင့် ‘ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက်’ များအားလုံး တပြိုင်နက်တည်းငြိမ်းသတ်သွားကြသည်။
ရက်စက်ကြမ်းတမ်းသည့် ဓားအလင်းတန်းက သမာဓိမီးတောက်များကိုဖြတ်ကျော်ကာ ယွမ်ရှန်းချန်၏ရင်ဝသို့ ထိုးစိုက်ကျသွားသည်။
ယွမ်ရှန်းချန်၏အသက်ဓာတ်စွမ်းအားများကျဆင်းသွားပြီး ဒဏ်ရာမှသွေးများပန်းထါက်လာကာ နာကျင်စွာ အော်ဟစ်လိုက်သည်။
ရန်ကျောက်ကဲက လှုပ်ရှားမှုကိုမရပ်တန့်ဘဲ ထူးကဲယန်စည်းတံဆိပ်ကိုပြန်လည်ရုတ်သိမ်းလိုက်ပြီး ဟောက်လင်တောင် ပင်မအစိအရင်လှည့်ပတ်မှုကို အသုံးပြုကာ တာအိုဆရာတုန်းချွမ်ဆီသို့ ဓားချက်ပစ်မှတ်ပြောင်းလိုက်သည်။
ဒါကိုမြင်တော့ ခရမ်းရောင်ဓားသမား’ကျောက်ကျန်’ က နောက်ထပ် ဓားချက်တစ်ချက် ထုတ်ဖော်လိုက်၏။
သို့ပေသိ ရန်ကျောက်ကဲက ယင်ယန်လက်ချောင်းသိုင်းအသုံးပြုလိုက်ရာ ကျောက်ကျန်၏ ခရမ်းရောင်ဓားချီပင်လယ်၏လားရာက ရုတ်တရက်ပြောင်းလဲသွားပြီး ရန်ကျောက်ကဲ၏ကိုယ်ပိုင် ‘စိမ်းပြာနဂါးသုတ်သင်ဓား’ ဖြင့် တစ်သားတည်းပေါင်းစပ်သွားကာ တာအိုဆရာတုန်းချွမ်ထံ အတူတကွ ဝင်ရောက်သွားသည်။
“ယား....”
ထိုအချိန် ကျောက်ကျန်က ပင်လယ်ချိတ်ဆက်ဒေသတွင် လွှမ်းမိုးနိုင်စွမ်းမြင့်မားခဲ့သော သူ၏ထိတ်လန့်ဖွယ်ရာဓားစွမ်းကို ပြသခဲ့သည်။
ကြုံးဝါးသံခပ်တိုးတိုးထွက်ပေါ်လာပြီး သိပ်သည်းသောဓားဝိညာဉ်က ကြီးမားသောဝဲဂယက်တစ်ခုအဖြစ်ပြောင်းလဲသွားကာ ရန်ကျောက်ကဲ၏ ယင်ယန်လက်ချောင်းသိုင်းကို ပိတ်ဆို့ပြီး ‘စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း’ ကို တားဆီးရန် ကြိုးစားလိုက်သည်။
ရန်ကျောက်ကဲက ခရမ်းရောင်ဓားချီပင်လယ် ဝဲဂယက်ပတ်လမ်းအတိုင်းလိုက်ပါပြီး စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းကို ရိုးရှင်းစွာထုတ်ဖော်လိုက်ခြင်းဖြစ်သဖြင့် စိတ်ပူပန်ခြင်း မရှိခဲ့ပေ။
တိုက်ခိုက်ရင်းဖြင့်ပင် သူက ရှေ့သို့ခြေတစ်လှမ်းတိုးကာ တာအိုဆရာတုန်းချင်ဆီသို့ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြင့် ထပ်မံထိုးနှက်လိုက်သည်။
ပါးကွကားချပ်တည်နေရာတွင် မတ်တတ်ရပ်နေသော တာအိုဆရာတုန်းချွမ်က ချက်ချင်းပင် ပါးကွစွမ်းအားကိုအသုံးပြုကာ ရန်ကျောက်ကဲနှင့် ဝေးကွာသည့်နေရာသို့ လျှင်မြန်စွာရှောင်တိမ်းသွားသည်။
ပါးကွကောင်းကင်လက်ဝါးသိုင်သည် လက်ဝါးသိုင်းဖြစ်သလို လှုပ်ရှားမှုသိုင်းပညာတစ်ခုလည်းဖြစ်သည်။ လက်ဝါးသိုင်းကိုကျွမ်းကျင်ပိုင်နိုင်ပါက လှုပ်ရှားမှုသိုင်းကိုလည်း အလိုအလျောက် တတ်ကျွမ်းသွားမည်သာပင်။
ယခု တာအိုဆရာတုန်းချွမ်က သူ၏ ခြေထောက်နှင့်လက်များအားလုံးကို ခုခံရန်အသုံးပြုထားသည်။
သူ၏လှုပ်ရှားမှုက လျှင်မြန်ခြင်းမရှိသော်လည်း တုန်လှုပ်ဖွယ်ရာကောင်းလောက်အောင် သွက်လက်နေပြီး လေထုထဲတွင် အပြောင်းအလဲများဖြစ်ပေါ်လာစေသည်။ ဤလှုပ်ရှားမှုက ကပ်ဘေးကိုလျှော့ချပြီး ကံဆိုးခြင်းများကို သဏ္ဌန်ကင်းမဲ့သွားစေသည်။
သို့သော် ရန်ကျောက်ကဲ၏ခြေဖဝါးအောက်တွင် ထိုက်ကျိကားချပ်တစ်ခုပေါ်လာပြီး ယင်နှင့်ယန် လှည့်ပတ်သွားသည်။
ထို့နောက် ထိုက်ကျိစွမ်းအားက ယင်နှင့်ယန် အစွန်းနှစ်ဖက်ပမာပြောင်းလဲသွားပြီး ပုံရိပ်ယောင် (၄)ခုထွက်ပေါ်လာကာ ပါးကွကားချပ်တစ်ခု ဖြစ်တည်လာသည်။
ရန်ကျောက်ကဲ ခြေတစ်လှမ်းတည်းဖြင့်ပင် တာအိုဆရာတုန်းချွမ်ရှေ့သို့ ရောက်ရှိသွား၏။
ရန်ကျောက်ကဲအသုံးပြုသည့် ထိုက်ကျိယင်ယန်လက်ဝါးသိုင်းသည်လည်း လှုပ်ရှားမှုသိုင်းပညာတစ်ခုနှင့် ချိတ်ဆက်ထားပြီး အဆုံးမရှိသော နက်ရှိုင်းမှုများကို ပိုင်ဆိုင်ထားသည်။
ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်တဟုန်ထိုးကျဆင်းလာသည်နှင့်အမျှ တာအိုဆရာတုန်းချွမ်၏မျက်ဝန်းများတုန်ခါသွားပြီး အစွန်ဘက်ခြမ်းသို့ လှမ်းကြည့်လိုက်သည်။
တာအိုဆရာတုန်းချွမ်က သူ၏လက်ဖဝါးများကိုအသုံးပြုကာ ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်အား ပိတ်ဆို့ရန် ကြိုးစားလိုက်သော်လည်း စက်ဝန်းသံသရာစည်းတံဆိပ်နှင့် ထိုက်ကျိယင်ယန်လက်ဝါးသိုင်း ထိပ်တန်းသိုင်းပညာ (၂)ရပ်ပေါင်းစည်းထားခြင်းကို ခံနိုင်ရည်မရှိဘဲ သူ၏လက်ဖဝါးများ ကျိုးကျေအက်ကွဲသွားသည်။
ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က မရပ်တန့်ဘဲ ဆက်လက်ကျဆင်းလာပြီး တာအိုဆရာတုန်းချွမ်၏ဦးခေါင်းကို ဆောင့်ချလိုက်ရာ ပေါက်ကွဲသံထွက်ပေါ်လာပြီး ဦးခေါင်းတစ်ခုလုံး ကွဲကြေသွားသည်။
ဟောက်လင်တောင်ထွတ်နှင့် တောင်ပိုင်းဒေသမှ သိုင်းကျင့်ကြံသူများအားလုံးမှာ မှင်တက်လျှက် စကားမပြောနိုင်ဖြစ်သွားကြ၏။
မကြာသေးမီကပင် တာအိုဆရာတုန်းချွမ်က သူ၏ ကာလရှည်ကြာရန်သူဖြစ်သော မဟူရာညဂိုဏ်းကိုနှိမ်နင်းရန်အတွက် ဝူထုန်တောင်စောင်းမှ စွမ်းအားကိုပင် ငှားရမ်းယူငင် အသုံးပြုခဲ့ပြီး စိတ်ဓာတ်များတက်ကြွလျှက် ရှိခဲ့သည်။
ယခုတော့ ဦးခေါင်းတစ်ခုလုံးကွဲကြေပြီး လူသေအလောင်းတစ်လောင်း ဖြစ်သွားရပေပြီ။
အမတကူးပြောင်းခြင်းအလယ်ဆင့်ရှိသော အဆင့်မြင့် ကျင့်ကြံသူတစ်ယောက် တစ်ချက်တည်းဖြင့် ပွဲချင်းပြီး အသက်ပျောက်သွားခဲ့လေပြီ။
တာအိုဆရာတုန်းချွမ်က မဟာမိတ်အဖွဲ့များဖိတ်ကြားကာ သုတ်သင်ရှင်းလင်းပစ်ရန်ကြိုးစားခဲ့သော ရန်ကျောက်ကဲကိုယ်တိုင်က သူ့ကိုသတ်ဖြတ်လိုက်ခြင်းသာပင်။
သူက ရန်ကျောက်ကဲအရေးကိစ္စကို အသုံးချပြီး ငြိမ်းချမ်းရေးတောင်တန်းတွင် သြဇာအာဏာဖြန့်ကျက်ရန် စည်းရုံးလှုံ့ဆော်ခဲ့ခြင်းဖြစ်ရာ သူ၏မူလရည်ရွယ်ချက်က သန့်ရှင်းခြင်းမရှိပေ။
ယခုတော့ သူအသုံးချလိုသည့်ရန်ကျောက်ကဲက သူ့ကိုသတ်ဖြတ်ပစ်လိုက်ပေပြီ။
ဟောက်လင်တောင်တွင် စုရုံးကြသောမဟာမိတ်အဖွဲ့များတွင် ယွမ်ရှန်းချန်နှင့် ကျောက်ကျန်တို့လည်းပါဝင်သည်ဖြစ်ရာ ရန်ကျောက်ကဲက သူတို့ကိုရှောင်တိမ်းခြင်းမရှိဘဲ ငြိမ်းချမ်းရေးတောင်တန်းဒေသရှိ ဟောက်လင်တောင်သို့ တည့်တည့်မတ်မတ် ဦးတည်လာမည်ဟု မည်သူက တွေးထင်ထားပါမည်နည်း။
တကယ်တော့ ရန်ကျောက်ကဲ ဟောက်လင်တောင်သို့ရောက်လာခြင်းက အဆင်ပြေလေသည်။ ထိုလူငယ်ကိုရှာဖွေရန် ဒုက္ခခံစရာမလိုတော့ဟု အစပိုင်းတွင် သူတို့အားလုံး တွေးထင်ခဲ့ကြ၏။
သို့သော် ဟောက်လင်တောင်တန်းတွင် စုဝေးရောက်ရှိနေကြသည့် မရေမတွက်နိုင်သောမဟာမိတ်များမှာ ရန်ကျောက်ကဲကို မသုတ်သင်နိုင်သည့်အပြင် အသက်အန္တရယ်ပင် ခြိမ်းခြောက်ခံခဲ့ကြရသည်။
တာအိုဆရာတုန်းချွမ်ကိုသတ်ဖြတ်ပြီးနောက် ရန်ကျောက်ကဲက တစ်ချက်တုံ့ဆိုင်းခြင်းမရှိဘဲ တိမ်လွှာအလင်းဓားဖြင့် အခြားနေရာတစ်ခုသို့ ချက်ချင်းဦးတည်တိုက်ခိုက်လိုက်သည်။
ပြတ်သားသောဇာမဏီအော်မြည်သံ ကျယ်လောင်စွာထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ မီးတောက်မီးလျှံများ လွှမ်းခြုံသွားသည်။
မီးလျှံများကြားမှ ဇာမဏီငှက်တစ်ကောင် ပျံသန်းထွက်ခွာသွားပြီး ထိုဇာမဏီငှက်အလယ်ဗဟိုတွင် လူတစ်ယောက်၏ပုံရိပ်ရှိနေကာ ထိုသူက ယွမ်ရှန်းချန်မှလွဲပြီး အခြားသူ မဟုတ်ပေ။
ယွမ်ရှန်းချန်၏မျက်ဝန်းများထဲမှ မီးလျှံဇာမဏီနှစ်ကောင်ပျံသန်းထွက်လာပြီး ဇာမဏီနှစ်ကောင်ထပ်မံထွက်ပေါ်လာကာ သူက ရန်ကျောက်ကဲ၏ဓားချက်ကိုရှောင်တိမ်းလျှက် နောက်သို့ ပျံသန်းဆုတ်ခွာသွားသည်။
“ယွိချင်အဆက်အနွယ်ရဲ့ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာ”
ယွမ်ရှန်းချန်၏မျက်နှာအမူအရာက တုနှိုင်းမရအောင် တည်ကြည်လေးနက်သွားသည်။
“ဒါပေမဲ့ ဒီဓားသိုင်းက ဘာလဲ...”
ထိပ်တန်းအဆင့် သိုင်းပညာများကို လေ့ကျင့်ထားသော သာမန်သိုင်းကျင့်ကြံသူများသည် တိုက်ခိုက်သည့်အခါ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်သလို ထိုးစစ်ဆင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် မိမိထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသူများနှင့် ရင်ဆိုင်ရသည့်အခါ တိုက်ကွက်အနည်းငယ်အတွင်း ထိုးဖောက်ထွက်နိုင်စွမ်း ရှိကြသည်။
ထိပ်တန်းအဆင့် သိုင်းပညာများကို လေ့ကျင့်ထားသော ပါရမီရှင်များဆိုလျှင်တော့ ထို့ထက်ပိုမိုရှုတ်ထွေးသည့် စွမ်းပကားကို ပိုမိုပြသနိုင်မည်သာပင်။
ထို့ကြောင့် သူတို့၏ သိုင်းပညာအခြေခံနှင့် ထူးချွန်သာလွန်သော မွေးရာပါ နားလည်နိုင်စွမ်းများက ကျင့်ကြံခြင်းအဆင့်ကွာဟချက်ကို ယာယီကျော်ဖြတ်ရာတွင် ကူညီပေးနိုင်သည်။
သို့သော် ဤသို့စွမ်းအားပေါက်ကွဲထွက်ခြင်းက သေချာပေါက် အချိန်တိုမျှသာ ဖြစ်သည်။
ကနဦးတိုက်ခိုက်မှုတွင် အသာစီးရရှိနိုင်သော်လည်း နောက်ပိုင်းတဖြည်းဖြည်း လက်ရည်ကျသွားမည် ဖြစ်၏။ ထို့ကြောင့် အချိန်တိုအတွင်း ရန်သူကိုအနိုင်မယူနိုင်ပါက အောင်ပွဲရနိုင်ခြေ နည်းပါးသည်။
ဤသည်မှာ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူက ကျင့်ကြံခြင်းအဆင့်မြင့်မားသူကို အနိုင်ယူသည့်နည်းလမ်းဖြစ်ပြီး ဤလောက၌ အောင်ပွဲအများစု ထွက်ပေါ်လာရခြင်းအကြောင်းရင်း ဖြစ်သည်။
သို့သော် တိုက်ကွက်အနည်းငယ်အတွင်း အောင်ပွဲမရယူနိုင်ပါက မည်သည့်နည်းနှင့်မှ ရှောင်လွှဲမရစွာ ရှုံးနိမ့်ခြင်းကံကြမ္မာကို ရင်ဆိုင်ရပေမည်။
ကျင့်ကြံခြင်းအဆင့်ပိုမိုမြင့်မားသူတစ်ယောက်က သိုင်းပညာမူဝါဒများအပေါ်နားလည်နိုင်စွမ်းနှင့် စွမ်းအားစုစည်းမှုက ပိုမိုကြီးမားသည်။
ယွမ်ရှန်းချန်က ပါရမီရှင်တစ်ယောက်ဖြစ်ပြီး တောင်ပိုင်းထိပ်တန်းအရှင်သခင်၏ တပည့်ရင်းတစ်ယောက်ဖြစ်သည်။
အမတကူးပြောင်းခြင်းအဆင့်ဝင်ရောက်ပြီးကတည်းက မိမိထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသူများကိုပင် အနိုင်ယူနိုင်သည့် ထူးချွန်ထက်မြက်သူတစ်ယောက် ဖြစ်၏။
သူက သိုင်းသူတော်စင် အဋ္ဌမအဆင့်ဖြစ်သော်လည်း သိုင်းသူတော်စင် နဝမအဆင့်ကျင့်ကြံသူများကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်သူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူက ဝူထုန်တောင်စောင်းမှ အစစ်အမှန်ဇာမဏီကျမ်းစာကို ကျင့်ကြံထားသည့်အပြင် အဆုံးမရှိနက်နဲသော သမာဓိမီးတောက် (၄)မျိုးကိုလည်း ထုတ်ဖော်အသုံးပြုနိုင်စွမ်းရှိသည် မဟုတ်ပါလား။
သူ့တွင် ပေါက်ကွဲထွက်လောက်သည့် တိုက်စစ်စွမ်းရည်ကို ပိုင်ဆိုင်ခြင်းမရှိသော်လည်း တုန်လှုပ်ချောက်ချားစရာ ခံစစ်စွမ်းအားကို ပိုင်ဆိုင်သည်။
သို့သော် ထိုခံစစ်စွမ်းအားက ရန်ကျောက်ကဲအပေါ်မှာတော့ အသုံးမဝင်ကြောင်း ရှင်းရှင်းလင်းလင်းသိလိုက်ရသဖြင့် ယွမ်ရှန်းချန် ထိတ်လန့်သွားရသည်။
ရန်ကျောက်ကဲ၏တိုက်ခိုက်မှုက အဆုံးမရှိဟု ထင်မှတ်ရပြီး သူ၏စွမ်းအားက အရှိန်အဟုန်ပြင်းထန်သလို ချီစွမ်းအားကလည်း အေးဆေးပေါ့ပါးစွာပင် လည်ပတ်နေသည်။
ယွမ်ရှန်းချန်က ဝူထုန်တောင်စောင်းမှတပည့်ဖြစ်သဖြင့် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှင့် ယင်ယန်ကောင်းကင်ကျမ်းစာ၏ ရှုတ်ထွေးနက်နဲမှုများကို ဗဟုသုတအဖြစ် များစွာကြားသိဖူးခဲ့သည်။ သို့သော် ရန်ကျောက်ကဲအသုံးပြုသည့် စွမ်းအားကတော့ သူ့အတွက် လုံးဝမယုံကြည်နိုင်စရာ ဖြစ်ခဲ့၏။
“ဝါဒတောင်... အောက်ဘုံကမ္ဘာကရောက်လာတဲ့သိုင်းဂိုဏ်းတစ်ခုက ဒီလောက်ပေါများတဲ့သိုင်းပညာတွေကို သိရှိနိုင်တာ တကယ်ဖြစ်နိုင်ပါ့မလား”
ယွမ်ရှန်းချန် ဤအချက်နှင့်ပတ်သက်ပြီး အလေးအနက် သံသယဝင်သွားမိသည်။
ရန်ကျောက်ကဲ၏ဓားချက်ဖြင့် တစ်ကြိမ်သေဆုံးခဲ့ပြီးနောက် ယွမ်ရှန်းချန်မှာ ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကို သူ၏ သမာဓိမီးတောက် (၄)မျိုးပေါင်းစပ်ထားသည့် ဇာမဏီခန္ဓာဖြင့် ခုခံကာကွယ်ရန် မဝံ့ရဲတော့ပေ။
အစစ်အမှန်ဇာမဏီကျမ်းစာကိုကျင့်ကြံကြသော အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်အားလုံးသည် ဇာမဏီငှက်ပြန်လည်မွေးဖွားရာ နိဗ္ဗာနမီးတောက်တွင် ပြန်လည်မွေးဖွားရန် အခွင့်အရေး (၁)ကြိမ် ရှိကြသည်။
အထူးကံကောင်းသည်မှာ ယွမ်ရှန်းချန်၏မျက်လုံးများက ဇာမဏီကိုယ်ပွားများအဖြစ် သန့်စင်ထားနိုင်သဖြင့် ပြန်လည်မွေးဖွားရန် နောက်ထပ် အခွင့်အရေး (၂)ခု ရရှိခဲ့သည်။
သေခြင်းရှင်ခြင်းနှင့် အရေးကြီးသောအခိုက်အတန့်တွင် လိုအပ်လာသောအခါ သူ၏ ဇာမဏီကိုယ်ပွားများကို သူ့ကိုယ်စား သေဆုံးစေနိုင်စွမ်းရှိသည်။
ဤသည်က သူနှင့်သာသက်ဆိုင်သည့် ‘ဇာမဏီမျက်လုံး’ ယွမ်ရှန်းချန်၏ အပြင်းထန်ဆုံး ပညာရပ်တစ်ခု ဖြစ်သည်။
မီးတောက်ဘုရင် ဖန်ဟယ် နှင့် ဘဏ္ဍာတော်ထိန်းတောင်ထိပ်မှ ကျန်းစုရန်တို့ကဲ့သို့ သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူများသည်ပင် ထိုသို့လုပ်ဆောင်နိုင်ခြင်း မရှိပေ။
ရန်ကျောက်ကဲက ဟောက်လင်တောင်တန်းမှ သိုင်းသမားများကို သတ်ဖြတ်ရန်အတွက် ထာဝရညမိုးကြိုးစွမ်းအားကို အသုံးပြုခဲ့ကြောင်း တွေ့ရှိပြီးကတည်းက ၊ သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်အား အသံတစ်ချက်မထွက်ဘဲ သတ်ဖြတ်ပစ်လိုက်ကြောင်း တွေ့မြင်ပြီးကတည်းက ယွမ်ရှန်းချန်က ရန်ကျောက်ကဲကို လျှော့တွက်ခြင်း မရှိတော့ပေ။
ယခုတိုက်ပွဲမစတင်ခင်မှာပင် ယွမ်ရှန်းချန်က သူ၏ပြန်လည်မွေးဖွားခြင်းအခွင့်အရေးကို အသုံးချပြီး ရန်ကျောက်ကဲနှင့် အချိန်ဆွဲတိုက်ပွဲဝင်ရန် သူ့ကိုယ်သူ ပြင်ဆင်ထားပြီး ဖြစ်သည်။
ရန်ကျောက်ကဲက တန်ခိုးစွမ်းအားမြင့်မားပြီး သူကျင့်ကြံထားသည့် သိုင်းပညာများက အစွမ်းထက်သည်ဆိုသော်လည်း နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်သာ ဖြစ်လေရာ အဆုံးသတ်မှာတော့ သေချာပေါက် အနိုင်ယူနိုင်မည်ဟု သူက ယုံကြည်ထားခဲ့၏။
သို့သော် ယခုအချိန်မှာတော့ ယွမ်ရှန်းချန်အနေဖြင့် အရင်လို ဆက်လက်တွေးတောနေမည်ဆိုပါက ဤနေရာတွင် အသက်ပျောက်သွားနိုင်ဖွယ်ရှိကြောင်း တဖြည်းဖြည်း နားလည်လာပေပြီ။
သူ့အရှေ့မှ အဖြူရောင်ဝတ်စုံဝတ်ဆင်ပြီး အပြာရောင်ဝတ်ရုံလွှမ်းခြုံထားသော အနှီလူငယ်သည် သူ၏သိမြင်နားလည်နိုင်စွမ်းကို လုံးဝကျော်လွန်သွားသည့် ကြီးမားသော တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။