ဘယ်သူရောက်လာပါစေအသုံးမဝင်
Vol. 70 Ch. 981
အခန်း (၉၈၁) ဘယ်သူရောက်လာပါစေအသုံးမဝင်
ကျောက်ကျန် ထွက်ခွာသွားချင်သော်လည်း ရန်ကျောက်ကဲက သူ့ကိုထွက်သွားခွင့်မပေးဘဲ ချက်ချင်းပင် နောက်မှလိုက်ပါလာသည်။
ဓားအလင်းတန်း မြင့်တက်လာပြီး အချိန်ရေစီးကြောင်းဖြစ်တည်လာကာ ပတ်ဝန်းကျင်အချိန်နှင့်နေရာက ဝေဝါးသွားသည်။
ခရမ်းရောင်ဓားဂိုဏ်း၏ ခရမ်းရောင်ပင်လယ်ဓားသိုင်းက ကြီးကျယ်ခမ်းနားပြီး အရှိန်အဟုန်ကြီးမားကာ တိုက်စစ်ခံစစ်နှစ်ခုလုံးအသုံးပြုနိုင်စွမ်းရှိသည်။ သို့သော် လျှင်မြန်မှုတွင်တော့ အားနည်းသည်။
ရန်ကျောက်ကဲပုံရိပ်က တိမ်လွှာအလင်းဓားနှင့်ပေါင်းစပ်နေပြီး ဓားက မြစ်ရေစီးကြောင်းပမာ ကျောက်ကျန်ကို လျှင်မြန်စွာ ဖမ်းချုပ်လိုက်သည်။
ထူးကဲယန်စည်းတံဆိပ်ကျဆင်းလာသည့်အခါ ကျောက်ကျန် ရှောင်လွှဲရန်နည်းလမ်းမရှိတော့ဘဲ လက်ထဲမှ ခရမ်းရောင်ပင်လယ်ဓားဖြင့်သာ ထပ်မံခုခံရင်ဆိုင်လိုက်ရ၏။
ဤတစ်ကြိမ်တွင် သူက ရန်ကျောက်ကဲကို ကိုင်တွယ်နိုင်ရန် ကြိုးစားသော်လည်း ခံစစ်သာလျှင် ဆက်လက်လုပ်ဆောင်နိုင်ခဲ့သည်။
သို့သော် ကျောက်ကျန်၏ ချဉ်းကပ်ပုံက ယွမ်ရှန်းချန်၏ ချဉ်းကပ်ပုံနှင့်ဆင်တူသည်ကို တွေ့ရသည့်အခါ ရန်ကျောက်ကဲမျက်ဝန်းများ အရောင်ပြောင်းသွားသည်။
“မင်းတို့ ဘယ်သူ့ကိုစောင့်နေတာလဲ”
ထိုမေးခွန်းကိုကြားတော့ ကျောက်ကျန်စိတ်ထဲ တင်းကျပ်သွား၏။
သူ့မျက်နှာထက်မှ စိုးရွံ့မှုနှင့် ကူရာကယ်ရာမဲ့မှုက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး တည်ငြိမ်မှု ပြန်လည်ရရှိလာသည်။
“ငါခန့်မှန်းကြည့်ရအောင်... ၊ ငါ့နောက်ကလိုက်လာတဲ့သူတွေကတော့ ဒီလောက်မြန်မြန်ရောက်လာမှာမဟုတ်ဘူး”
ရန်ကျောက်ကဲက ဆိုသည်။
“ဒီလိုဆိုရင်တော့ မင်းတို့တွေ စောင့်နေတဲ့သူက အဲဒီလူပဲ ဖြစ်ရမယ်”
“ဘဏ္ဍာတော်ထိန်းတောင်ထိပ်က ကျန်းစုရန် စက်ဝန်းတောင်တန်းဒေသကထွက်ခွာပြီး ဒီနေရာကို ရောက်လာဖို့ စောင့်နေတာမဟုတ်လား”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင်မေးမြန်းလိုက်ခြင်းဖြစ်သော်လည်း ကျောက်ကျန်က ထိုမေးခွန်းကို ပြန်မဖြေပေ။ ယခုတစ်ကြိမ် သူ၏ဓားချက်က တည်ငြိမ်သည်ထက် တည်ငြိမ်လာသည်။
ရန်ကျောက်ကဲမေးခွန်းထုတ်သည်ကို ကြားလိုက်ရသည့်အခါ တောင်ပိုင်းမှ အခြားသောသိုင်းကျင့်ကြံသူများ စိတ်ဓာတ်တက်ကြွလာကြသည်။
ဘဏ္ဍာတော်ထိန်းတောင်ထိပ်က ကျန်းစုရန်ဆိုသည်က ဝူထုန်တောင်စောင်းမှ ဝါရင့်အကြီးအကဲတစ်ယောက်ဖြစ်ပြီး အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် ဖြစ်သည်။
တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တစ်ခုလုံးတွင် သူက တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်၏လက်အောက်မှ တန်ခိုးစွမ်းအားအပြင်းထန်ဆုံးသူများထဲမှ တစ်ဘောက်ဖြစ်ပြီး အထက်ဘုံကမ္ဘာတွင် နှစ်ပေါင်းများစွာကျော်ကြားခဲ့သော ထိပ်တန်းတန်ခိုးစွမ်းအားရှင်တစ်ယောက်လည်း ဖြစ်၏။
ပြီးတော့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ နယ်ခြားဒေသတွင်လှုပ်ရှားနေသော ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ ကျင့်ကြံသူများအားလုံး၏ တာဝန်ခံလည်း ဖြစ်သည်။
သူ့အရှေ့တွင် ဇာမဏီမျက်လုံး ယွမ်ရှန်းချန်သည်ပင် ဦးညွှတ်ရသည်။ သူက ဝါစဉ်ရော တန်ခိုးစွမ်းအားတွင်မှာပါ ကျန်းစုရန်ထက် နိမ့်ကျလေသည်။
ရန်ကျောက်ကဲက ကျောက်ကျန်ကိုကြည့်ရင်း...
“မင်းတို့က ငါ့ကိုအချိန်ဆွဲပြီး ကျန်းစုရန်ရောက်လာတဲ့အထိ စောင့်ချင်နေတာလား”
ကျောက်ကျန်က...
ဘဏ္ဍာတော်ထိန်းတောင်ထိပ်က ကျန်းစုရန်ရောက်မလာခင် မင်းကို ရှင်းပစ်နိုင်ရင်တော့ ကောင်းတာပေါ့ ၊ ဒါပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူး ထင်တာပဲ”
ကျောက်ကျန်က စောစီးစွာပင် ဆုတ်ခွသွားရန်ရွေးချယ်ထားပြီး ယွမ်ရှန်းချန်ကိုလည်း ထိုသို့ပင်ပြုလုပ်ပါရန် တောင်းဆိုထားသည်။
သူတို့အသက်ရှင်သန်ရန်လိုအပ်သည်။
“သစ်တောများရှိနေသရွေ့ ထင်းမရှိမှာကို စိုးရိမ်စရာမရှိဘူး” ဆိုသော ဆိုရိုးစကားရှိသည် မဟုတ်လား။
သို့သော် ယွမ်ရှန်းချန်က ကျောက်ကျန်ကို စိတ်ပြောင်းသွားစေမည့် အကြောင်းအရာတစ်ခု သတင်းပေးခဲ့သည်။ ထိုသတင်းက အခြေအမြစ်မရှိသည့်တိုင် ကျောက်ကျန်က ယွမ်ရှန်းချန်ကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။
ထိုခဏတွင် သူက ရန်ကျောက်ကဲကို ထူးဆန်းသည့်အကြည့်ဖြင့် ခြေဆုံးခေါင်းဆုံးအကဲခတ်ရင်း...
“အရှေ့တောင်ပိုင်းက ကျူတောပင်လယ်ဒေသမှာ အမတကူးပြောင်းခြင်း အလယ်ဆင့် သိုင်းသူတော်စင်တစ်ယောက်ကို မင်း သတ်ဖြတ်ခဲ့တယ်ဆိုတာ ငါတကယ်ယုံပါပြီ”
“လောကမှာ မင်းလိုလူမျိုးတကယ်ရှိတာလား ၊ မြောက်ဖေးတောင်ထွတ်က ပိုးသားဧကရာဇ်ရဲ့သမီးတော် ကြာပန်းနီဒေဝီတောင်မှ မင်းကိုယှဉ်နိုင်မှာမဟုတ်ဘူး”
ကျောက်ကျန်က...
“မင်းက မကြာသေးမီနှစ်များအတွင်း အထက်ဘုံကမ္ဘာမှာ ပေါ်ထွန်းလာတဲ့ မျိုးဆက်သစ်လူငယ်တွေကြားထဲမှာ လောကပထမပါပဲ”
“မင်းက အောက်ဘုံကမ္ဘာကရောက်လာပြီး ထူးကဲယန်စည်းတံဆိပ်ကိုအသုံးပြုနိုင်တာ... မင်းက တကယ်ပဲ နေဝန်းထက်ယံအရှင်သခင်ရဲ့ တပည့်လားဆိုတာ ငါ သံသယဝင်မိတယ်”
ရန်ကျောက်ကဲကပြုံးရင်း...
“ငါက ထူးကဲယန်စည်းတံဆိပ်ကို အမှတ်တမဲ့ရခဲ့တာပါ...”
ရန်ကျောက်ကဲက စကားလည်းပြော လက်လည်းမနှေးခဲ့ပေ။
သူ၏ဓားဖြင့် ခရမ်းရောင်ဓားချီပင်လယ်ကို ခုတ်ပိုင်းချလိုက်သည်။
“ငါ့ကို စကားလုံးတွေနဲ့အချိန်ဆွဲလို့ရမယ်မထင်နဲ့”
ရန်ကျောက်ကဲက တည်ငြိမ်စွာပင်ဆိုသည်။
“တကယ်လို့ ကျန်းစုရန်လာချင်တယ်ဆိုရင်လည်း လာပါစေပေါ့ ၊ ငါ သူ့ကို ရှောင်ဖို့ဆန္ဒမရှိဘူး ၊ ငါ ဒီဟောက်လင်တောင်မှာပဲ သူ့ကိုစောင့်နေမယ်”
“ဒါပေမဲ့ သူရောက်လာတာကို ငါစောင့်တာကစောင့်တာပဲ ၊ မင်းတို့တွေ စောင့်နိုင်မလား မစောင့်နိုင်မလားဆိုတာတော့ မသိဘူး”
စူးရှသော ခရမ်းနီရောင်ဓားအလင်းတန်းက ပတ်တန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားပြီး ကျောက်ကျန် ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။
ရှောင်တိမ်းရန်နည်းလမ်းမရှိလေရာ ခုခံရန်သာ အကောင်းဆုံးကြိုးစားရသည်။
“ငါတို့ သူရောက်လာတဲ့အထိ မစောင့်နိုင်လည်းဘာမှမဖြစ်ဘူး”
ကျောက်ကျန်က လေးလံသည့်စကားသံဖြင့်ဆိုသည်။
“မင်းစောင့်နေသရွေ့ လုံလောက်ပါတယ်”
ရန်ကျောက်ကဲက ကျောက်ကျန်ဆိုလိုသည့်စကားအဓိပ္ပါယ်ကိုနားလည်သဖြင့် သူ့ကိုစူးစိုက်ကြည့်လိုက်သည်။
ယခုတစ်ကြိမ် ကျောက်ကျန် ငြိမ်းချမ်းရေးတောင်တန်းဒေသသို့ရောက်လာခြင်းက သူနှင့် ယွမ်ရှန်းချန်တို့ ပုဂ္ဂိုလ်ရေးခင်မင်မှုအရ ဝူထုတ်တောင်စောင်းကို ကူညီရန်ဖြစ်သည်။
သာမန်အားဖြင့်ပြောရလျှင် သူက ဝူထုန်တောင်စောင်းမျက်နှာရရန်အတွက် အသက်ကိုပဓာနမထားဘဲ ရန်ကျောက်ကဲနှင့် သူသေကိုယ်သေ တိုက်ခိုက်နေရန် မလိုအပ်ပေ။
သူက ကောင်းကင်ချိတ်ဆက်ဒေသတွင် သြဇာအကြီးဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး သူ၏ခရမ်းရောင်ဓားဂိုဏ်းသည်လည်း ထိုဒေသတွင် နံပါတ် (၁)အင်အားစု ဖြစ်သည်အမှန်ပင်။
သို့သော် ခရမ်းရောင်ပင်လယ်ဓားနှင့်အတူ သူသာ ဤနေရာတွင်ကျဆုံးသွားပါက ခရမ်းရောင်ဓားဂိုဏ်းသည်လည်း သိသိသာသာ အင်အားလျော့နည်းသွားပေမည်။
မူလအရှိန်အဟုန်ဖြင့် ပင်လယ်ချိတ်ဆက်ဒေသတွင် ထိပ်တန်းအင်အားစုအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သော်လည်း နံပါတ် (၁) အာဏာလွှမ်းမိုးထားရန် မဖြစ်နိုင်တော့ပေ။
ထို့ပြင် ပင်လယ်ချိတ်ဆက်ဒေသမှ အခြားသောအင်အားစုများက သူတို့ဂိုဏ်းကို ဝိုင်းဝန်းတိုက်ခိုက်သည့်ဒဏ်ကိုလည်း ခံရနိုင်ခြေရှိသည်။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသမှ တာ့ရွှမ်တိုင်းပြည်ကဲ့သို့အဖြစ်မျိုးနှင့် ရင်ဆိုင်ရနိုင်သည်။
သို့ဖြစ်ရာ ကျောက်ကျန် ဤနေရာတွင် အသေခံရန် ရုန်းကန်နေခြင်းက ပညာမဲ့ပုံပေါ်၏။
သို့ပေသိ သူ့နေရာတွင် ရန်ကျောက်ကဲဆိုလျှင်လည်း ထိုအတိုင်းပင် ရွေးချယ်မည်သာပင်။
ဤနေရာတိုက်ပွဲတွင် ကျောက်ကျန် သေဆုံးခဲ့ပါက ဝူထုန်တောင်စောင်းက ပင်လယ်ချိတ်ဆက်ဒေသမှ အခြေအနေကို လျစ်လျူရှုပြီး ထိုင်ကြည့်နေမည်မဟုတ်သည်မှာ သေချာသည်။
ခရမ်းရောင်ဓားဂိုဏ်းအနေဖြင့် ဝူထုန်တောင်စောင်း၏ ပြတ်သားသောထောက်ခံမှုကို ရရှိမည်ဖြစ်ပြီး သူတို့၏ဂုဏ်သိက္ခာလည်း ကျဆင်းမည် မဟုတ်ပေ။
သို့သော် ရန်ကျောက်ကဲသာ လွတ်မြောက်သွားပါက ကျောက်ကျန်က ပင်လယ်ချိတ်ဆက်ဒေသသို့ အသက်ရှင်လျှက် ပြန်လည်ရောက်ရှိသွားသည့်တိုင် အနာဂတ်နေ့ရက်များတွင် သူ့ဘဝက အေးချမ်းနိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲက တန်ခိုးစွမ်းအားမြင့်မားလွန်းသဖြင့် သူ့အတွက် အိပ်ပျော်ရန်ပင် ခက်ခဲမည် ဖြစ်သည်။
ယခုပင် ရန်ကျောက်ကဲက အမတကူးပြောင်းခြင်းအဆင့်သို့ မရောက်သေးသည့်တိုင် အလွန်ကြောက်စရာကောင်းနေပြီ မဟုတ်လား။
ယနေ့ ကျားကိုလွှတ်ပေးလိုက်မည်ဆိုလျှင် ရန်ကျောက်ကဲက အနာဂတ်တွင်တကျော့ပြန်လာပြီး ခရမ်းရောင်ဓားဂိုဏ်းကို သုတ်သင်ပါက သူတို့အနေဖြင့် မည်သို့ခုခံနိုင်ပါမည်နည်း။
ဝူထုန်တောင်စောင်းက စောင့်ရှောက်ပေးလျှင်တောင်မှ အန္တရယ်ကင်းရန် မသေချာလှပေ။
ယခုအချိန်တွင် တစ်ခုတည်းသောမျှော်လင့်ချက်မှာ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်၏ အရှေ့ဘက်ခြမ်းမှ တန်ခိုးစွမ်းအားရှင်များအားလုံး စွမ်းအားစုစည်းပြီး ရန်ကျောက်ကဲကို ဤနေရာတွင် ထာဝရ မြှုပ်နှံလိုက်ရန်သာ ရှိသည်။
"ဒါက အကြံကောင်းပဲ၊ ဒါပေမယ့်..."
ရန်ကျောက်ကဲ၏ဓားချက်က ကျဆင်းလာပြီး တိမ်လွှာအလင်းဓားက ခရမ်းရောင်ဓားချီပင်လယ်အစွန်းကို ဖြတ်ကျော်ကာ ကျောက်ကျန်၏လက်ချောင်းများဆီသို့ ထိုးဖြတ်သွားသည်။
ကျောက်ကျန်သာ လက်ထဲမှဓားကို မစွန့်လွှတ်လျှင် သူ၏လက်ချောင်းများ ပြတ်တောက်သွားမည်ပင်။
ကျောက်ကျန်း မယုံကြည်နိုင်သော်လည်း နှုတ်ဆိတ်နေပြီး သူ့စိတ်ကတော့ ဆုံးဖြတ်ချက်ချထားပြီးဟန် တူသည်။
ရန်ကျောက်ကဲဓားချက်ကျဆင်းလာသည်နှင့် ကျောက်ကျန်က ဓားကိုဆုပ်ကိုင်ထားသည့် သူ၏လက်ကိုမလွှတ်လိုက်ဘဲ ခရမ်းရောင်ပင်လယ်ဓားဖြင့် ရန်ကျောက်ကြ၏လက်ကို ခုတ်ပိုင်းချလိုက်သည်။
သို့သော် တိမ်လွှာအလင်းဓားက သူ့ထက်ပိုပြီး လျှင်မြန်သည်။ သွေးနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကျောက်ကျန်၏ညာလက်ကို ဖြတ်တောက်ပစ်လိုက်သည်။
ကျောက်ကျန် မျက်နှာပျက်သွားခြင်း မရှိပေ။
ဤသို့သောအဖြစ်အပျက်များကို ရင်ဆိုင်ရန်အတွက် သူ့စိတ်ပြင်ဆင်ထားပြီး ဖြစ်သည်။ သူက ချက်ချင်းပင် ခရမ်းရောင်ပင်လယ်ဓားကို ဘယ်လက်ဖြင့်ပြောင်းကိုင်လိုက်ပြီး ရန်ကျောက်ကဲဆီသို့ ထိုးစိုက်ချလိုက်၏။
“ရတယ်လေ ...”
ရန်ကျောက်ကဲက ညင်သာစွာချီးမွမ်းစကားဆိုလိုက်ပြီး သူ့လက်ကောက်ဝတ်ကိုလှန်လိုက်သည်။
တိမ်လွှာအလင်းဓားတွင် ခရမ်းနီရောင်အလင်းတန်းများ စုစည်းသွားပြီး လိုက်လျောညီထွေရှိသော အင်အားတစ်ခု ထွက်ပေါ်လာကာ ခရမ်းရောင်ပင်လယ်ဓား အနည်းငယ် ခုန်လှုပ်သွားသည်။
ကျောက်ကျန်၏ဓားချက်က လက်မပိုင်းမျှလွဲချော်သွားပြီး ရန်ကျောက်ကဲ၏လက်ကို ခုတ်ပိုင်းမိခြင်း မရှိပေ။
ထို့နောက်မှာတော့ ရန်ကျောက်ကဲက တိမ်လွှာအလင်းဓားကို အသာခါယမ်းလိုက်ရာ နူးညံ့မှုမှ ခက်ထန်မာကျော်မှုသို့ပြောင်းလဲသွားကာ ထက်ရှသော ဓားအစွန်းက ကျောက်ကျန်ထံ ဝင်ရောက်သွားသည်။
ကျောက်ကျန်က သူ၏ဓားကွက်ကို အချိန်မီမပြောင်းလဲနိုင်ခဲ့သဖြင့် ဓားကိုင်ထားသောသူ၏ဘယ်လက်မှာ ရန်ကျောက်ကဲ၏ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။
ထိုအချိန်...
တစ်ဖက်မှာတော့ နိဗ္ဗာနမီးတောက်ထဲမှ ဇာမဏီအော်သံ ထွက်ပေါ်လာပြန်၏။
ယွမ်ရှန်းချန်သည် နိဗ္ဗာနမီးတော်ကမှ နောက်တစ်ကြိမ် ပြန်လည်မွေးဖွားလာခဲ့ပြန်သည်။
သို့သော် ယခုတစ်ကြိမ်တွင် သူ၏ညာဘက်မျက်လုံးကို တင်းတင်းကြပ်ကြပ်မှိတ်ထားကာ သူ၏ဘယ်ဘက်မျက်လုံးတွင်သာ ဇာမဏီပုံရိပ်ကို တွေ့မြင်ရသည်။
မည်သို့ပင်ဖြစ်စေ သေခြင်းတရားမှကင်းလွတ်ပြီး ပြန်လည်မွေးဖွားလာနိုင်သည်က ဝမ်းမြောက်စရာပင်။
သို့ရာတွင် ဘဝ၏ကြည်နူးစရာပြည့်နက်နေသည့်အချိန်ကာလဖြစ်သင့်သော်လည်း ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နက်နေသည်က ထင်ရှားသည်။
ယွမ်ရှန်းချန် ပြန်လည်မွေးဖွားလာပြီးနောက် သူ့မျက်လုံးထဲ ပထမဆုံးမြင်လိုက်ရတဲ့မြင်ကွင်းက ရန်ကျောက်ကဲက ကျောက်ကျန်၏လက်ကို ဖြတ်တောက်လိုက်သည့် မြင်ကွင်းပင်။
ထိုစဉ်မှာပင်...
အုံ့မှိုင်းညို့မှောင်နေသည့် ယွမ်ရှန်းချန်နှင့် ကျောက်ကျန်တို့၏မျက်နှာများထွက်တွင် ပျော်ရွှင်မှုတစ်စက လက်ခနဲ ထွက်ပေါ်လာသည်။
စွမ်းအားပြင်းထန်သောရောင်ဝါတစ်ခုက အဝေးတစ်နေရာမှ ရုတ်တရက်ထွက်ပေါ်လာသည်ကို အာရုံခံမိသောကြောင့်ပင်။ ထိုရောင်ဝါက အရှေ့ဘက် စက်ဝန်းတောင်တန်းဆီမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
ထိုတန်ခိုးစွမ်းအားရောင်ဝါက အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူတစ်ယောက်၏ ရောင်ဝါပင် ဖြစ်လေ၏။