ရိုးရှင်းစွာသတ်ဖြတ်ခြင်း
Vol. 70 Ch. 982
အခန်း (၉၈၂) ရိုးရှင်းစွာသတ်ဖြတ်ခြင်း
မီးတောက်မီးလျှံများကတောက်လောင်နေပြီး အသက်ဓာတ်စွမ်းအားများက ပွင့်လန်းလျှက်ရှိသည်။
ကြီးမားပြင်းထန်သော စွမ်းအားရောင်ဝါက ဤနေရာတွင်ရှိနေသူတိုင်းကို အသက်ရှူကြပ်မတတ် ဂယောင်ချောက်ချားဖြစ်စေရန် လုံလောက်သည်။
အဆုံးမရှိတောက်လောင်နေသော မီးလျှံများအလယ်တွင် ကောင်းကင်ထိတိုင် မျှော်စင်ကြီးပမာ မြင့်မားလွန်းသော ဝူထုန်ရတနာသစ်ပင်ကြီးတည်ရှိနေကာ ကြည်လင်သော ဇာမဏီငှက်အော်မြည်သံလည်း ထွက်ပေါ်လာသည်။
ထို့နောက် ဝူထုန်ရတနာသစ်ပင်က ကောင်းကင်ထက်မှဆင်းသက်လာပြီး ဟောက်လင်တောင်ဆီသို့ ကျရောက်လာသည်။
ထုတ်ဖော်မပြောသည့်တိုင် ရောက်လာသူ မည်သူဖြစ်ကြောင်း အားလုံး သိရှိလိုက်ကြသည်။
ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ ဝါရင့်အကြီးအကဲတစ်ယောက်ဖြစ်သော အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် ‘ဘဏ္ဍာတော်ထိန်းတောင်ထွတ်’ မှ ကျန်းစုရန်ပင် ဖြစ်သည်။
တောင်ပိုင်းမှ သိုင်းသမားများအားလုံး ပျော်လွန်းသဖြင့် ထခုန်မိလုမတတ် ဖြစ်သွားကြသည်။
စောစောက ရန်ကျောက်ကဲနှင့် ကျောက်ကျန် စကားပြောနေစဉ်မျာပင် ကျန်းစုရန်က ရောက်ရှိနေပြီဖြစ်သည်။ ကျန်းစုရန် အနည်းငယ်သာနောက်ကျခဲ့ပါက ဤနေရာမှ သိုင်းသမားများအားလုံး ရန်ကျောက်ကဲလက်ချက်ဖြင့် အသက်ပျောက်ရမည်သာပင်။
ယခု ကျန်းစုရန်ထွက်ပေါ်လာခြင်းက တောင်ပိုင်းမှသိုင်းသမားများအားလုံးကို ယုံကြည်မှုရရှိစေသည်။
ကျန်းစုရန် ချဉ်းကပ်လာကြောင်း ရန်ကျောက်ကဲသည်လည်း အာရုံခံမိသည်ပင်။
တကယ်တော့ ဤနေရာတွင်ရှိနေသည့် လူတိုင်းထက်အရင် ၊ ယွမ်ရှန်းချန်နှင့် ကျောက်ကျန်ထက်အရင်ပင် သူက ကျန်းစုရန်ရောက်လာသည်ကို သိရှိခဲ့သူ ဖြစ်သည်။
နဝမအဆင့် သိုင်းသူတော်စင် ရောက်လာသည်ကို အာရုံခံမိသည်နှင့် ရန်ကျောက်ကဲက ကျောက်ကျန်၏လက်ကို ဓားဖြင့်ခုတ်ပိုင်းချလိုက်ပြီး မရပ်တန့်ဘဲ ဆက်လက်ထိုးနှက်တိုက်ခိုက်လိုက်သည်။
ကျောက်ကျန်မှာ လက်နှစ်ဖက်လုံးသုံးမရတော့သလို ဓားသိုင်းပညာနှင့် ကြယ်တာရာချီစွမ်းအားအနှစ်သာရလည်း ပျက်ဆီးသွားပြီး ရန်ကျောက်ကဲ သူ့ထံဝင်ရောက်လာသည်ကို ဤအတိုင်းသာ ကြည့်နေရတော့သည်။
ကောင်းကင်ထက်မှ အလင်းတန်းများကျရောက်လာပြီး တိုးလျသည့် ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာသည်။ ဤပြင်းထန်သောအလင်းတန်း၏ပစ်မှတ်က ရန်ကျောက်ကဲမဟုတ်ဘဲ ကျောက်ကျန် ဖြစ်သည်။
ထိုအလင်းတန်းများထဲမှ အဖြူရောင်ချီစွမ်းအားချည်မျှင်တစ်ခု ထွက်ပေါ်လာပြီး ကျောက်ကျန်ကို အန္တရယ်ကြားမှ လွတ်မြောက်စေရန် အသက်ဓာတ်ကို ငှားယမ်းပေးခဲ့သည်။
သို့သော် ရန်ကျောက်ကဲက သူ၏အခြားလက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး သူ၏လက်မနှင့်လက်ညှိုးကိုအသုံးပြုကာ လေထဲတွင် လိမ်ဆွဲသည့်ပုံစံမျိုး ပြုလုပ်လိုက်သည်။
လူတစ်ယောက်၏အသက်ကိုကာကွယ်ပေးနိုင်သည့် ‘မရဏသမာဓိမီးတောက်’ မှာ ချက်ချင်းပင် ကျိုးပျက်သွားပြီး ကျောက်ကျန်၏ဘဝမှာလည်း သေခြင်းတရားဖြင့် အဆုံးသတ်သွားခဲ့သည်။
တိမ်လွှာအလင်းဓား၏ထိပ်ဖျားတွင်အလင်းတန်းတစ်ခုလှည့်ပတ်သွားပြီး ကျောက်ကျန်၏ဦးခေါင်းက လေထဲသို့ ပျံတက်သွား၏။
ထိုဦးခေါင်းဆီမှ ဝမ်းနည်းကြွေကွဲမှုကို မည်သူမှ မတွေ့မြင်နိုင်တော့ဘဲ ဦးခေါင်းက ကောင်းကင်အမြင့်ထက်ရောက်ရှိသွားသည်။
တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ ကောင်းကင်ချိတ်ဆက်ဒေသတစ်ခွင် အမြင့်မားဆုံးစိုးစံခဲ့သော ၊ အရှေ့ဘက်ဒေသမှ နာမည်ကြီး အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် ခရမ်းရောင်ဓားသမား ကျောက်ကျန်မှာ ရန်ကျောက်ကဲ၏ဓားချက်အောက်တွင် အသက်ပျောက်သွားပေပြီ။
မြင်ကွင်းကိုကြည့်ရင်း စိတ်တည်ငြိမ်စဖြစ်နေသော တောင်ပိုင်းသိုင်းသမားများမှာ ထပ်မံတုန်လှုပ်သွားကြရသည်။
သူတို့စိတ်နှလုံးများ အေးစိမ့်သွာချိန်....
လေထဲတွင် အကိုင်းအခက်အလက် အရွက်များ ယိမ်းနွဲ့နေသည့် ဝူထုန်သစ်ပင်ကြီးတစ်ပင် ထွက်ပေါ်လာလေရာ အားလုံး မသိစိတ်ဖြင့် နောက်သို့ ဆုတ်လိုက်ကြသည်။
ကျောက်ကျန်သေဆုံးသွားသည်ကို တွေ့လိုက်သည်နှင့် ယွမ်ရှန်းချန်၏မျက်နှာအမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။
သို့သော် ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်လွန်းသော ထူးကဲယန်စည်းတံဆိပ်က ယွမ်ရှန်းချန်ကို ပိတ်ဆို့ထားလေရာ ကျောက်ကျန် ခေါင်းနှင့်ကိုယ်အိုးစားကွဲသွားသည်ကို သူ့မှာ ရှောင်လွှဲမရ စောင့်ကြည့်နေရုံသာ တတ်နိုင်သည်။
“အိုး... စိတ်ဝင်စားစရာပဲ...”
ရန်ကျောက်ကဲက ဘာမှမဖြစ်ခဲ့သလို ယွမ်ရှန်းချန်ကို ပေါ့ပေါ့ပါးပါးပင် လှည့်ကြည့်လိုက်၏။
ယခုတစ်ကြိမ် နိဗ္ဗာနမီးတော်ကမှ ပြန်လည်မွေးဖွားလာသော ယွမ်ရှန်းချန်သည် ယခင်ကနှင့်မတူညီတော့ပေ။
ယခု ယွမ်ရှန်းချန်၏ ညာဘက်မျက်လုံးက တင်းတင်းကျပ်ကျပ် ပိတ်နေသည်ကလွဲပြီး သူ့ပုံစံက အရင်လို အိုမင်းသည့်ပုံစံ မရှိတော့ပေ။
ယခု သူ့ပုံစံက အသက် (၄၀) သို့မဟုတ် (၅၀)အရွယ် လူလတ်ပိုင်းတစ်ဦးနှင့် ဆင်တူသည်။ သူ၏မျက်နှာသွင်ပြင်ကြောင့်သာ ယခင်က အဘိုးကြီးအဖြစ် မှတ်မေိနေခြင်းပင်။
သူ၏အပြင်ပန်းအသွင်အပြင်ကတော့ ပထမအကြိမ် နိဗ္ဗာနမီးတောက်မှ ပြန်လည်မွေးဖွားလာခြင်းနှင့် သိပ်ပြီး ခြားနားခြင်း မရှိပေ။
ယခုတစ်ကြိမ် နိဗ္ဗာနမီးတောက်မှ ပြန်လည်မွေးဖွားနိုင်ရန်အတွက် သူ၏ညာဘက်မျက်လုံးတွင် သန့်စင်ထားသည့် ဇာမဏီကိုယ်ပွားကို စတေးခံလိုက်ရသည်ဖြစ်ရာ ယွမ်ရှန်းချန်သည် သူ၏ငယ်ရွယ်သောနှစ်များဆီသို့ ပြန်လည်ရာက်ရှိသွားသည့်အလား ပြောင်းလဲသွားသည်။
ယွမ်ရှန်းချန်မှာ ငယ်ရွယ်သွားသည့်တိုင် သူ၏တန်ခိုးစွမ်းအားကလည်း သိသိသာသာပင် အားနည်းသွားသည်။
အမတကူးပြောင်းခြင်းအလယ်ဆင့် သိုင်းသူတော်စင်တစ်ယောက်အဖြစ် ရှိနေသေးသည့်တိုင် သူ၏ သမာဓိမီးတောက် (၄)မျိုးတွင် “ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက်” က သိသိသာသာနည်းပါးသွားသည်ကို တွေ့ရသည်။
သူတို့ ပထမဆုံး ထိပ်တိုက်ရင်ဆိုင်စဉ်က ယွမ်ရှန်းချန်၏ မျက်ဝန်းများထဲမှ ဇာမဏီငှက်နှစ်ကောင် ပျံသန်းထွက်ခွာလာသည်ကို ရန်ကျောက်ကဲ ပြန်စဉ်းစားလိုက်မိသည်။
ဇာမဏီတစ်ကောင်က ‘မရဏသမာဓိမီးတောက်’ ၊ နောက်တစ်ကောင်က ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက်ဖြစ်သည် မဟုတ်ပါလား။
ရန်ကျောက်ကဲက အံ့အားသင့်စွာဖြင့်...
“ကျန်နေတဲ့ မင်းရဲ့ ဘယ်ဘက်မျက်လုံးကို ငါဖောက်ပစ်လိုက်ရင် ဒါမှမဟုတ် မင်းမျက်လုံးပျက်ဆီးသွားအောင် ဖိအားပေးလိုက်ရင်... တတိယမြောက် နိဗ္ဗာနမီးတောက်ထဲကနေ မင်းပြန်မွေးဖွားလာရင် လူငယ်လေးတစ်ယောက်လို မွေးဖွားလာမှာလား”
ယွမ်ရှန်းချန်၏ တကယ့်အသက်အရွယ်က ကျွမ်းရှန်၏သား ဇာမဏီမင်းသား ကျွမ်းကျောင်းဟွေထက် ကြီးသည်အမှန်ပင်။ သို့သော် သူက ‘ဘဏ္ဍာတော်ထိန်းတောင်ထိပ်မှ ကျန်းစုရန်’ နှင့် မီးတောက်ဘုရင် ဖန်ဟယ်တို့ထက် အသက်ငယ်သည်။
ဟုတ်ပေ၏။
သာမန်လူများ၏အသက်ရှည်မှုနှင့် နှိုင်းယှဉ်လျှင််တော့ ယွမ်ရှန်းချန်က အလွန်အိုမင်းနေမည်မှာ သေချာပါသည်။
သို့သော် သက်တမ်းရှည်ကြသည့် အမတကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူများနှင့်နှိုင်းယှဉ်လျှင်တော့ လူငယ်တစ်ယောက်ဟု မခေါ်ဆိုသင့်သည့်တိုင် ယွမ်ရှန်းချန်က အလွန်ငယ်ရွယ်သည်ဟု ဆိုနိုင်သည်။
အရင်က သူ၏အသွင်အပြင်က အသက်ကြီးဟန်ပေါက်နေသည်မှာ သူ၏ ဇာမဏီမျက်လုံးများကို သန့်စင်ထားခြင်းနှင့် ဆက်စပ်နေပုံရသည်။
သူ၏ညာဘက်မျက်လုံးတွင် ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက် သန့်စင်ထားခြင်းဖြစ်ပြီး ဘယ်ဘက်မျက်လုံးမှာတော့ မရဏသမာဓိမီးတောက် သန့်စင်ထားခြင်း ဖြစ်သည်။
ဤအကျိုးအမြတ်ရှိခဲ့ခြင်းကြောင့် ယွမ်ရှန်းချန်သည် ယခင်က သမာဓိမီးတောက် (၄)မျိုးတွင် ခရမ်းရောင်သမာဓိမီးတောက်နှင့် သန့်စင်သောရေလှိုင်းသမာဓိမီးတောက်ကိုသာ ကျင့်ကြံရန်လိုအပ်ခဲ့ပြီး သမာဓိမီးတောက် (၄)မျိုးလုံးကို အားအင်အပြည့်ဖြင့် ထုတ်ဖော်နိုင်စွမ်း ရှိခဲ့သည်။
ယွမ်ရှန်းချန် ကျင့်ကြံခြင်းအဆင့်မြင့်တက်လာသည်နှင့် သူက နောက်ပိုင်းတွင် ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက်နှင့် မရဏသမာဓိမီးတောက်ဖြင့် စတင်ကျင့်ကြံခဲ့သည်။
ဤ ဇာမဏီမျက်လုံး ကိုယ်ပွားနှစ်ခုအကူအညီဖြင့် သူ၏ကျင့်ကြံခြင်းစွမ်းအားစုစည်းမှုက ဝူထုန်တောင်စောင်းမှ အခြားသောသိုင်းသမားများထက် ပိုမိုများပြားခဲ့သည်။
သို့သော် သူ၏ဇာမဏီကိုယ်ပွာတစ်ခု ပျောက်ကွယ်သွားပါက ရရှိထားသော သမာဓိမီးတောက်စွမ်းအားသည်လည်း ပျောက်ကွယ်သွားပြီး သူ၏တန်ခိုးစွမ်းအားသည်လည်း လွန်စွာဆုတ်ယုတ်သွားပေမည်။
ယခု ညာဘက်မျက်လုံးတွင် သန့်စင်ထားသော ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက်ကို ဆုံးရှုံးလိုက်ရသဖြင့် သူ၏ သမာဓိမီးတောက် (၄)မျိုးတွင် ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက်က သိသိသာသာလျော့နည်းသွားသည်။
သူ၏ဘယ်ဘက်မျက်လုံး ပျက်ဆီးသွားလျှင်လည်း ထိုမျက်လုံးထဲတွင် သန့်စင်ထားသည့် မရဏသမာဓိမီးတောက်က အလားတူပင် ပျက်ဆီးသွားပေမည်။
ကျောက်ကျန်ကိုသတ်ဖြတ်လိုက်သော ရန်ကျောက်ကဲအား သူက ဘယ်ဘက်မျက်လုံးတစ်ဖက်တည်းဖြင့် ပြင်းထန်စွာ စူးစိုက်ကြည့်နေပြီး ညာဘက်မျက်လုံးကတော့ တင်းတင်းကျပ်ကျပ် ပိတ်လျှက်ရှိ၏။
ထိုအချိန်...
အဘိုးအိုတစ်ယောက် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ယွမ်ရှန်းချန်အနားတွင် ပေါ်လာသည်။
ထိုသူမှာ ဝူထုန်တောင်စောင်းမှ အကြီးအကဲ ကျန်းစုရန်ဖြစ်ကြောင်း တောင်ပိုင်းမှသိုင်းသမားများအားလုံး မှတ်မိလိုက်ကြသည်။
“ယွမ်ရှန်းချန်တောင်မှ မင်းကို မယှဉ်နိုင်ဘူလား”
ကျန်းစုရန်က ရန်ကျောက်ကဲကို အလေးအနက်အကဲခတ်ရင်း ပြောလိုက်သည်။
ရန်ကျောက်ကဲက လက်ဖဝါးများကို ဖြန့်ကားလိုက်ရင်း...
“အားကြီးတဲ့သူတွေ စုပေါင်းပြီး အားနည်းသူကိုအနိုင်ကျင့်တာ စစ်မှန်တဲ့သမာဓိမီးတောက်ရဲ့ ရည်ရွယ်ချက်နဲ့ မကိုက်ညီဘူးနော် ၊ သူတို့အားလုံးက ငါ့ကို အတူတူပေါင်းပြီးတိုက်ခိုက်တာတောင် မနိုင်ဘူးဆိုတော့... သူတစ်ယောက်တည်းစွမ်းအားက ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်သေးဘူး”
ကျန်းစုရန်က...
“အရှေ့တောင် ထိပ်တန်းအရှင်သခင် ချောင်ကျယ်တောင်မှ မင်းအသက်အရွယ်တုန်းက မင်းလောက်မတော်ဘူး”
ကျန်းစုရန်က အရေးမစိုက်ဟန်ဖြင့် စကားလမ်းကြောင်းပြောင်းလိုက်သည်။
“မင်း အထက်ဘုံကမ္ဘာကို ပြန်လာတယ်ဆိုတဲ့အကြောင်း ဂိုဏ်းတူညီလေး ‘ဖန်ဟယ်’ ဆီက သတင်းရထားတယ် ၊ မင်းသွားခဲ့တဲ့ သီးခြားနယ်မြေမှာ ငါတို့အဆက်အနွယ်တပည့်တွေလည်း ရောက်နေကြတယ်”
ကျန်းစုရန်က ရန်ကျောက်ကဲကိုကြည့်ရင်း ဖြည်းညင်းသည့်လေသံဖြင့်...
“သူတို့ဘာြဖစ်သွားပြီလဲ”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“အကုန်သေပြီ”
သူက ဆက်ပြောသည်။
“ပိုပြီး အတိအကျပြောရရင် သူတို့အားလုံးကို ငါသတ်ပစ်လိုက်တာ ၊ ကျွမ်းကျောင်းဟွေကိုလည်း ငါကိုယ်တိုင်ပဲ သတ်ပစ်လိုက်တယာ”
ကျန်းစုရန် ခဏမျှတိတ်ဆိတ်သွားပြီးမှ လက်တစ်ဖက်ကို ပင့်မြှောက်လိုက်သည်။
“ဒါဖြင့်... မင်းဘယ်လောက်တော်သလဲဆိုတာ ဒီအဘိုးကြီး ကြည့်ရအောင်”
ဓားသိုင်းပညာကို အဓိကလေ့ကျင့်ကြသော ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ အခြားသူများနှင့်မတူဘဲ ကျန်းစုရန်က လက်ဝါးသိုင်း ကျွမ်းကျင်သူ ဖြစ်သည်။
သူကိုယ်တိုင်ဖန်တီးတီထွင်ခဲ့သော ‘ဝူထုန်နတ်လက်ဝါးသိုင်း’ သည် ဇာမဏီရိုးရာတောင် ၊ ဝူထုတ်တောင်စောင်းတွင် အသက်သော ထိပ်တန်းသိုင်းပညာတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံရသည်။
ကျန်းစုရန် လက်ဖဝါးကို ပင့်မြှောက်လိုက်သည်နှင့် ကြီးမားသော ဝူထုန်သစ်ပင်ကြီးက ကောင်းကင်ယံထက်သို့ မျှော်စင်ကြီးတစ်ခုပမာ မြင့်တက်သွားပြီး လူအများကို အသက်ရှူကြပ်စေလောက်သည့် စွမ်းအားရောင်ဝါများ ထွက်ပေါ်လာသည်။
ဝူထုန်သစ်ပင်၏ အကိုင်းအခက် အရွက်များ ဖုံးလွှမ်းနေသော နေရာတိုင်းတွင် မီးတောက်မီးလျှံများက အရှိန်အဟုန်ဖြင့် လောင်ကျွမ်းလျှက် ရှိလေ၏။