များပြားလှစွာသောသူရဲကောင်းများကြောက်လန့်ထွက်ပြေး
Vol. 70 Ch. 985
အခန်း (၉၈၅) များပြားလှစွာသောသူရဲကောင်းများကြောက်လန့်ထွက်ပြေး
သိုင်းသူတော်စင် နဝမအဆင့် ၊ အမတကူးပြောင်းခြင်းနှောင်းပိုင်းအဆင့် သိုင်းသူတော်စင်သည် နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် ရန်သူတစ်ယောက်ကို အနိုင်မယူနိုင်ခဲ့ပေ။
ပြိုင်ဘက်၏ထိုးစစ်ကြောင့် ဖိနှိပ်ခံခဲ့ရပြီး အားကုန်သုံးကာပင် ခုခံကာကွယ်ခဲ့ရသည်။
ရန်ကျောက်ကဲထံတွင် ရတနာပစ္စည်းနှင့် လက်နက်များအားသာချက်ရှိသည့်တိုင် သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်က အလွန်ကွာခြားသဖြင့် ကျန်းစုရန်မှာ အတော်လေး အရှက်တကွဲ ဖြစ်ခဲ့ရသည်ပင်။
အထူးသဖြင့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိသေးသော နတ်ဘုရားသိမြင်ခြင်းအဆင့် ရန်ကျောက်ကဲကို မယှဉ်နိုင်ခြင်းက အတော်သိက္ခာကျသည့်ကိစ္စ ဖြစ်၏။
ပိုပြီးတုန်လှုပ်စရာကောင်းသည်မှာ ရန်ကျောက်ကဲကို မယှဉ်နိုင်ခဲ့သူမှာ သာမန်ကျင့်ကြံသူမဟုတ်ဘဲ ‘ဘဏ္ဍာတော်ထိန်းတောင်ထိပ်’ မှ ကျန်းစုရန် ဖြစ်နေခြင်းပင်။
ဝူထုန်နတ်လက်ဝါးသိုင်းက ခံစ်စွမ်းအားအပြည့်အဝရှိသည်ကိုမဆိုထားနှင့် သမာဓိမီးတောက် (၄)မျိုးကို ပိုင်ဆိုင်သည်ကပင် ခံစစ်အင်အားအလွန်ကောင်းမွန်နေပြီ ဖြစ်၏။
ဤနေရာတွင် ရန်ကျောက်ကဲ၏ ထိုးစစ်ဒဏ်ကို ခံနိုင်ရည်ရှိသူ မည်သူရှိပါသနည်းဟု စောင့်ကြည့်ရမည် ဖြစ်သည်။
ပြီးတော့ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်က သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ရှိသည့် လူငယ်တစ်ယောက်ကိုတိုက်ခိုက်ရန် ယုံကြည်ချက်ပျောက်ဆုံးခဲ့လေပြီလား။
ပြောဖို့နည်းနည်းခက်ပေမယ့် ထိပ်တန်းသိုင်းပညာများစွာ တတ်မြောက်ကျွမ်းကျင်သော ရန်ကျောက်ကဲက သူနှင့် ရေရှည်တိုက်ပွဲဆင်နွှဲရမည်ကို ကြောက်ရွံခြင်းမရှိကြောင်း ကျန်းစုရန်စိတ်ထဲမှ သိရှိနေသည်။
ပြီးတော့ ရန်ကျောက်ကဲက ရတနာပစ္စည်းများစွာ ပိုင်ဆိုင်ထားသည်ဖြစ်ရာ ကျန်းစုရန် ပိုပြီး ယုံကြည်ချက် လျော့နည်းလာရသည်။
ထိုလူငယ်တွင် နောက်ထပ်ရတနာပစ္စည်းများ ၊ နောက်ထပ် ထူးခြားသည့်သိုင်းပညာများ မည်မျှရှိဦးမည်ကို မည်သူသိနိုင်ပါမည်နည်း။
သိုင်းသူတော်စင် နဝမအဆင့်ရှိသော ဖန်ဟယ်တို့အုပ်စုသည်လည်း တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ အရှေ့ဘက်သို့ လာရောက်နေပြီး ရန်ကျောက်ကဲနောက်လိုက်လာကြသည်ကို ကျန်းစုရန် သိရှိသည်။
သို့ဖြစ်ရာ အချိန်ဆွဲပြီးတိုက်ခိုက်ထားနိုင်ပါက ဖန်ဟယ်တို့ရောက်ရှိလာချိန်တွင် ရန်ကျောက်ကဲအတွက် လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။
သို့ပေသိ ကျန်းစုရန်က နောက်ထပ်ပြဿနာတစ်ခုအတွက် စိုးရိမ်နေခဲ့သည်။
သူ၏ မူလတာဝန်မှာ စက်ဝန်းတောင်တန်းကို စောင့်လျှောက်ရန်နှင့် နယ်ခြားတစ်ဖက်မှ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်၏ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များကို တွန်းလှန်ရန ဖြစ်သည်။
ယခု သူက စက်ဝန်းတောင်တန်းမှ ထွက်ခွာပြီး ငြိမ်းချမ်းရေးတောင်တန်းသို့ ရောက်ရှိနေသည်မှာ ခွင့်ပြုချက်မရှိဘဲ တာဝန်မှထွက်ခွာလာခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
ခဏတာသောအချိန်က ပြဿနာမရှိသော်လည်း အချိန်အနည်းငယ်ကြာသွားလျှင်တော့ အရှေ့တောင်ဘက်မှ သိုင်းသမားများက သူထွက်ခွာသွားသည်ကို သတိပြုမိပေမည်။
အချိန်တန်သောအခါ စက်ဝန်းတောင်တွင် ဟာကွက်ဖြစ်နေသည်ကို ရန်သူများသိရှိသွားပါက ချက်ချင်း ချီတက်တိုက်ခိုက်လာနိုင်၏။
ရန်ကျောက်ကဲ၏သတင်းကို မသိရှိဘူးဆိုလျှင်တောင်မှ အရှေ့တောင်ပိုင်းမှ သိုင်းသမားများအနေဖြင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်အတွင်းသို့ ချီတက်ဝင်ရောက်လာနိုင်သည်။
ထိုသို့ဆိုလျှင် ကျန်းစုရန်နှင့် ယွမ်ရှန်းချန်တို့မှာ ငြိမ်းချမ်းရေးတောင်တန်းနှင့် စက်ဝန်းတောင်တန်းမှ နှစ်ဖက်ပိတ်တိုက်ခိုက်ခြင်းအား ခံရနိုင်ဖွယ် ရှိသည်။
ထိုသို့တွေးမိတော့ ကျန်းစုရန်စိတ်ထဲ အကြံတစ်ခုပေါ်လာသည်။
သူ၏လက်ဝါးလှုပ်ရှားမှုက ရုတ်တရက်ပြောင်းလဲသွားပြီး ရန်ကျောက်ကဲကိုင်ထားသည့် ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်ကို ကျော်ဖြတ်ရန် ဘေးတိုက်လှည့်လိုက်၏။
ရန်ကျောက်ကဲ၏ဓားကွက်ကလည်း လိုက်လျောညီထွေ ပြောင်းလဲသွားပြီး ကျန်းစုရန်အား ဓားဖြင့် ထိုးစိုက်ချလိုက်သည်။
အဘိုးအို တစ်ဖက်သို့လှည့်ကြည့်လိုက်စဉ် ရန်ကျောက်ကဲ၏ဓားသွားက သူ့ပခုံးထက်သို့ကျရောက်လာပြီး သွေးမှုံများ ဖြာခနဲကျဆင်းလာသည်ကို တွေ့ရသည်။
မြင့်မားသော ဝူထုန်ရတနာသစ်ပင်သည် ယခုတော့ မိုးမြေတစ်ခွင်မှ ပျောက်ကွယ်သွားခဲ့ပေပြီ။
မရဏသမာဓိမီးတောက်၏ အဖြူရောင်ချီစွမ်းအားအလင်းတန်းများထွက်ပေါ်လာပြီး ကျန်းစုရန်နှင့် ယွမ်ရှန်းချန်တို့က လေထဲသို့ခုန်ပျံသွားပြီး ဟောက်လင်တောင်မှ အရှေ့ဘက်သို့ ထွက်ပြေးသွားတော့သည်။
“ဆရာဦးလေး...”
ယွမ်ရှန်းချန် နှုတ်ခမ်းများတုန်လှုပ်သွားသော်လည်း မည်သည့်စကားမှမဆိုနိုင်ဘဲ တိတ်ဆိတ်သွား၏။
ကျန်းစုရန်၏အတွေးကို သူနားလည်သည်။
ရန်ကျောက်ကဲကို အနိုင်မယူနိုင်သည်ဖြစ်ရာ သေသည်အထိ ဆက်လက်တိုက်ပွဲဝင်ရန် မလိုအပ်တော့ပေ။ သူတို့အနေဖြင့် စက်ဝန်းတောင်တန်းသို့ ပြန်ဆုတ်ပြီး ရန်ကျောက်ကဲ အရှေ့တောင်သို့အပြန်လမ်းကို ပိတ်ဆို့ထားရပေမည်။
လွန်ခဲ့သော (၂)နှစ််ကျော်အချိန်က အရှေ့တောင်နှင့် တောင်ပိုင်းကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စက်ဝန်းတောင်တန်းတွင် ဝူထုန်တောင်စောင်းမှ အဆင့်မြင့်ကျင့်ကြံသူများ နယ်စပ်ကိုကာကွယ်ရန် ရောက်ရှိနေခဲ့သည်။
ထိုနေရာအတွင် အလွန်အင်အားကြီးမားသော အစီအရင်များကို တည်ဆောက်ခဲ့ကြသည်။
အစပိုင်းတွင် ရန်ကျောက်ကဲက ငြိမ်းချမ်းရေးတောင်တန်းဒေသတွင် ပုန်းအောင်းနေမည်ကို စိုးရိမ်သဖြင့် ယွမ်ရှန်းချန်က ထိုလူငယ်ကိုဖမ်းဆီးရန် ဦးဆောင်တာဝန်ယူခဲ့ခြင်း ဖြစ်၏။
ယခုတော့ တိုက်ပွဲရှုံးနိမ့်သွားခဲ့ပြီဖြစ်ရာ ဝူထုန်တောင်စောင်းမှ သိုင်းသမားများ တပ်စွဲထားသည့် စက်ဝန်းတောင်တန်းကသာ ရန်ကျောက်ကဲကိုတိုက်ခိုက်ရန် အကောင်းဆုံးနေရာဖြစ်ပေသည်။
ထိုနေရာတွင် အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်မှ ကျင့်ကြံသူများကိုလည်း ပိတ်ဆို့ထားနိုင်သည်ဖြစ်ရာ နှစ်ဖက်ညှပ်တိုက်ခိုက်ခံရသည့်တိုင် ငြမ်းချမ်းရေးတောင်တန်းတွင် ရှိနေသည့်အခြေအနေထက် မြေပြင်အနေအထားအားသာချက် ပိုမိုများပြားနိုင်၏။
မီးတောက်ဘုရင် ဖန်ဟယ်တို့အုပ်စု အရင်ရောက်လာမည်လား ၊ အရှေ့တောင်ပိုင်းမှ တန်ခိုးစွမ်းအားရှင်များ အရင်ဝင်ရောက်လာမည်လား ကျန်းစုရန် မပြောနိုင်ပေ။
သူက ထိုကိစ္စနှင့်ပတ်သက်၍လည်း လောင်းကြေးမထပ်လိုပေ။
ထို့ကြောင့် ကျန်းစုရန်က ဤနေရာတွင် ရန်ကျောက်ကဲနှင့် ဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲ စက်ဝန်းတောင်တန်းသို့ ပြန်ဆုတ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
သို့သော် ထိုသို့ပြုလုပ်ခြင်းက ဝူထုန်တောင်စောင်းနှင့် ကျန်းစုရန်အတွက် တောင်ပိုင်းမှ ကျင့်ကြံသူများရှေ့တွင် သိက္ခာကျနိုင်သည်အမှန်ပင်။
“ဒီ ရန်ကျောက်ကဲက တကယ့်ပါရမီရှင်တစ်ယောက်ပဲ ၊ ဆရာဦးလေးရဲ့ ရွေးချယ်မှုအတွက် အပြစ်မတင်ပါဘူး”
ယွမ်ရှန်းချန် အလေးအနက်တွေးတောကာ သက်ပြင်းချလိုက်သော်လည်း စိတ်ထဲမှာတော့ အနည်းငယ် မကျေမနပ် ဖြစ်နေဆဲပင်။
တကယ်တော့ ကျန်းစုရန်က ရန်ကျောက်ကဲကို အနိုင်မယူနိုင်ဘဲ ခံစစ်သာလျှင်တိုက်ခိုက်နိုင်ကြောင်း တွေ့မြင်လိုက်ရတော့ တောင်ပိုင်းမှကျင့်ကြံသူများအားလုံး အံ့အားသင့်သွားကြရသည်။
သိုင်းသူတော်စင် နဝမအဆင့်ရှိသော ကျန်းစုရန် ပြန်လည်ဆုတ်ခွာသွားသည်ကို တွေ့ရသည့်အခါမှာတော့ သူတို့အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ယခုအချိန်တွင် သူတို့အားလုံးစိတ်ထဲ လဲပြိုကျနေသည့်ပမာ ခံစားနေကြရသည်။
ထိတ်လန့်တုန်လှုပ်နေသူအချို့က တဖြည်းဖြည်းပြန်လည်သတိဝင်လာပြီး ရန်ကျောက်ကဲထံမှ ထုတ်လွှတ်နေသည့် တန်ခိုးစွမ်းအားရောင်ဝါကို အာရုံခံမိကာ ထိတ်လန့်ကြောက်ရွံ့ကုန်ကြသည်။
ရန်ကျောက်ကဲကို ရိုးရှင်းသော သိုင်းကျင့်ကြံသူတစ်ယောက်အဖြစ် မည်သူမှ သတ်မှတ်မထားတော့ပေ။
ဤလူငယ်သည် သူတို့၏ အသိ ၊ သူတို့၏စိတ်ကူးဖြင့် တွေးတောနိုင်သည်ထက် ကျော်လွန်နေသော ဇာတ်ကောင်းတစ်ယောက်သာ ဖြစ်သည်။
“ဒီလို မဟာမိတ်ဖွဲ့တာကို စတင်လိုက်တာကိုက မှားယွင်းနေတာပဲ”
လူအများစိတ်ထဲ ထိုသို့တွေးလိုက်မိကြသည်။
ကျန်းစုရန်နှင့် ယွမ်ရှန်းချန်တို့ ရှုံးနိမ့်သွားကြောင်း တွေ့မြင်လိုက်ရသဖြင့် ရောက်ရှိနေကြသူအားလုံးမှာ ကြက်ငှက်တိရိစ္ဆန်များပမာ ဟောက်လင်တောင်ထွတ်မှ ထွက်ခွာပြီး အရပ်ရပ်သို့ ထွက်ပြေးကြတော့သည်။
လူတိုင်းစိတ်ထဲတွင် တူညီသည့်အတွေးများရှိကြသည်။
“ဒီလူသတ်ကောင်နဲ့ ဝေးလေကောင်းလေးပဲ”
"သူနောက်ကို လိုက်ပါ ၊ ငါ့နောက်ကို လိုက်မလာနဲ့..."
“မြန်မြန်ပြေးမှ... ဖမ်းမိလို့ကတော့ သေလိမ့်မယ်”
သူ့ကို လိုက်လံရှာဖွေသတ်ဖြတ်ရန်အတွက် မဟာမိတ်ဖွဲ့ပြီး ဤနေရာတွင် စုရုံးခဲ့ကြသူများ ယခုတော့ ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင်ပြေးသည်ကိုကြည့်ရင်း ရန်ကျောက်ကဲ ခေါင်းခါယမ်းရင်း ရယ်မောလိုက်မိသည်။
ကျန်းစုရန်နှင့် ယွမ်ရှန်းချန်တို့ကို လှမ်းကြည့်လိုက်တော့ စက်ဝန်းတောင်တန်းဒေသဆီသို့ ပြန်လည်ဆုတ်ခွာသွားသည်ကို တွေ့မြင်လိုက်ရသဖြင့် သူတို့စိတ်ထဲ ဘာတွေးထားသည်ကို အကြမ်းဖျင်း မှန်းဆလိုက်နိုင်သည်။
“ဒီအဘိုးကြီးရဲ့ တည်ငြိမ်ပြီး ရှေးရိုးဆန်တယ်ဆိုတဲ့ဂုဏ်သတင်းက တကယ်ထိုက်တန်တာပဲ”
ရန်ကျောက်ကဲက လက်ဖဝါးကိုဆန့်တန်းလိုက်ပြီး လောလောဆယ် ပိုင်ရှင်မဲ့သွားပြီဖြစ်သော ဇာမဏီသံစဉ်သရဖူနှင့်အတူ တိမ်လွှာအလင်းဓားကိုပါ ပြန်လည်သိမ်းဆည်းလိုက်သည်။
“ဘဏ္ဍာတော်ထိန်းတောင်ထိပ်က ကျန်းစုရန် ၊ ဘဏ္ဍာတော်ထိန်းတောင်ထိပ်က ကျန်းစုရန်... ရှေးလူကြီးတွေက ဒီကိစ္စမှာ တကယ်မှန်တယ် ၊ သူတို့က ရိုးသားပြီး ငါ့ကိုအနိုင်မကျင့်ကြပါဘူး”
ထို့နောက် ရန်ကျောက်ကဲက ခြေတစ်ချက်ဆောင့်နင်းလိုက်ရာ ဟောက်လင်တောင်ထွတ် အက်ကွဲသွားပြီး တဖြည်းဖြည်း ပြိုကျသွားလေသည်။
ယခုအချိန်တွင် ဟောက်လင်တောင်ဂိုဏ်းမှ ကျင့်ကြံသူများသည်ပင် ရန်ကျောက်ကဲ၏ “နတ်ဆိုးခြေသည်းများ” နှင့် ဝေးကွာစေရန် အစွမ်းကုန်ထွက်ပြေးသွားကြပြီဖြစ်သည်။
သူတို့လည်ပြန်လှည့်ကြည့်လိုက်တော့ ပြိုကျသွားသည့် တောင်တံခါးကိုတွေ့မြင်ရသည်။ ဝမ်းနည်းစွာ ငိုကြွေးချင်သည့်တိုင် မျက်ရည်မကျနိုင် ခံစားကြရသည်။
မဟာမိတ်အဖွဲ့စတင်ချိန်က သူတို့ဂိုဏ်းချုပ် တာအိုဆရာတုန်းချွမ် အလွန်စိတ်အားထက်သန်နေသောအချိန်ကို ပြန်တွေးကြည့်မိကြသည်။
ယခုချက်ချင်းဆိုသလို ဤသို့ အခြေအနေပြောင်းလဲသွားမည်ဟု မည်သူက ထင်မှတ်ပါမည်နည်း။
ထိုသို့တွေးမိသည့်အခါ ဟောက်လင်တောင်ဂိုဏ်းမှ သိုင်းသမားများအားလုံး ဝမ်းနည်းကြေကွဲစွာ ခံစားလိုက်ကြရသည်။
တာအိုဆရာတုန်းချွမ် တိုက်ပွဲတွင် ကျဆုံးခဲ့ပြီး တောင်တံခါးတစ်ခုလုံး ဖျက်ဆီးခံရကာ စွမ်းအားမြင့်မားသည့် အကြီးအကဲများလည်း သေဆုံးခဲ့ရသည်။
ငြိမ်းချမ်းရေးတောင်တန်းတစ်ခွင် သြဇာလွှမ်းမိုးမှုရရှိရန်အတွက် မဟူရာညဂိုဏ်းနှင့် ယှဉ်ပြိုင်ခဲ့သော ဟောက်လင်တောင်တန်းသည် ရန်ကျောက်ကဲနှင့် တိုက်ပွဲအပြီးမှာတော့ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ရသည်။
အပြည့်အဝ သုတ်သင်ခံရသည်မဟုတ်သော်လည်း လဲပြိုသွားပြီဖြစ်ပြီး မူလအနေအထားကို ထိန်းသိမ်းထားရန်ပင် လက်ရှိကျင့်တပည့်များအနေဖြင့် ခက်ခဲသောပြဿနာကြီးတစ်ရပ် ဖြစ်နေပေပြီ။
ဟောက်လင်တောင်ကို မကျေနပ်ကြသော အခြားကျင့်ကြံသူများ ၊ အထူးသဖြင့် မဟူရာညဂိုဏ်းမှ သိုင်းသမားများမှာ မဟာမိတ်အဖွဲ့စတင်ဖွဲ့စည်းစဉ်က ဟောက်လင်တောင်သခင်၏မျက်နှာကို ပြန်လည်အမှတ်ရမိကြပြီး ယခုအချိန် ရင်ထဲမှကြိတ်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြသည်။
သို့ပေသိ သူတို့စိတ်ထဲ ဟောက်လင်တောင်ကို လှောင်ပြောင်နေမိသည့်တိုင် ဝမ်းနည်းစိတ် ၊ စာနာစိတ်များကိုလည်း ခံစားမိကြသည်။
မဟာမိတ်အဖွဲ့စတင်စဉ်က ဟောက်လင်တောင်လောက် ခမ်းနားကြီးကျယ်သူ မည်သူရှိပါမည်နည်း။
အဆုံးသတ်မှာတော့ ရလဒ်က ဤသို့ဖြစ်လာမည်ဟု မည်သူက တွေးထင်မိပါမည်နည်း။
ထိုသို့တွေးမိတော့ အားလုံးက ဝမ်းနည်းပြီး ကြောက်လန့်သွားကြသည်။
ရန်ကျောက်ကဲက ဟောက်လင်တောင်ကို ခြေတစ်ချက်ဆောင့်နင်းကာ ချေမှုန်းပစ်လိုက်ပြီး ကောင်းကင်ထက်သို့ ပျံတက်သွားကာ ကျန်းစုရန်နှင့် ယွမ်ရှန်းချန်တို့ ထွက်ပြေးသွားသည့် မြောက်ဘက်သို့ ဦးတည်ထွက်ခွာသွား၏။
ကျန်းစုရန်နှင့် ယွမ်ရှန်းချန်တို့ တစ်လမ်းလုံးဆုတ်ခွာသွားခဲ့ပြီး ရန်ကျောက်ကဲကတော့ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၂)ယောက်နောက်သို့ ငြိမ်းချမ်းရေးတောင်တန်းဒေသမှသည် စက်ဝန်းတောင်တန်းဒေသရောက်သည်အထိ အရှိန်အဟုန်ဖြင့် ဆက်လက်လိုက်ပါလာခဲ့လေသည်။