← Chapters

အပိုင်း ၅၆၀

Vol. 42 Ch. 560

အပိုင်း ၅၆၀

Vol. 42 Ch. 560

မြေကမ္ဘာမီးလျှံ ဘုရင်ကို ခုခံခြင်း

မြေအောက်မှောင်ခိုဈေး အပြင်ဘက်ကို ရောက်တာနဲ့ တစ်ပြိုင်နက်   လီဖူချန်းဟာ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအား ဖြစ်တဲ့ ချီအရှိန်အဝါ ဖုံးကွယ်ခြင်းကို အသုံးပြုကာ လူကြားထဲ ပြေးဝင်ပြီး ခြေရာဖျောက်လိုက်ပါတယ် ။

" ဟမ့် …… သည်ကောင်က ငါ့လက်ထဲက လွတ်အောင် ပြေးချင်တာပေါ့လေ "

လီဖူချန်းရဲ့ ချီအရှိန်အဝါကို မျက်ခြည်ပြတ်သွားပေမယ့်လည်း မြေကမ္ဘာမီးလျှံ ဘုရင်က စိုးရိမ်ကြောင့်ကြ မနေပါဘူး ။ သူက သူ့ရဲ့ လိပ်ပြာ စိတ်ဝိညာဉ်ကို ထုတ်လွှတ်လိုက်ပြီး လီဖူချန်းကို နှံ့နှံ့စပ်စပ်  ရှာဖွေပါတယ် ။

သိပ်မကြာခင်မှာတော့ မြေကမ္ဘာမီးလျှံ ဘုရင်ဟာ လီဖူချန်းကို ရှာဖွေတွေ့ရှိ သွားခဲ့ပါပြီ ။

" ဟူး…… သေစမ်း ။ ငါ့ကို ရှာတွေ့သွားပြီဟ "

လီဖူချန်းကလည်း မြေကမ္ဘာမီးလျှံဘုရင်ရဲ့ လိပ်ပြာ အသိစိတ်အာရုံက သူ့ကို ရှာဖွေတွေ့ရှိသွားပြီ ဆိုတာကို သတိပြုမိလိုက်ပါတယ် ။ ဒါပေမဲ့လည်း သူ့အနေနဲ့ သက်ပြင်းချရုံကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူး ။ တကယ်လို့သာ သူ့အနေနဲ့ မြေကမ္ဘာမီးလျှံ ဘုရင်နဲ့ မိုင်ရာပေါင်း အနည်းငယ် ကွာအောင် ပြေးနိုင်ခဲ့မယ်ဆိုရင် မြေကမ္ဘာမီးလျှံ ဘုရင်ရဲ့ လိပ်ပြာ အသိစိတ်အာရုံက သူ့ကို ကျောက်တုံးတစ်တုံးအဖြစ် တွေ့မြင်မှာ အသေအချာပါပဲ ။

ဒါပေမဲ့လည်း ပြသနာက မြေကမ္ဘာမီးလျှံ ဘုရင်နဲ့ သူ့ရဲ့ကြားမှာ ရှိနေတဲ့ အကွာအဝေးဟာ အရမ်း နီးကပ်လွန်းနေပါတယ် ။ အဲသည်အတွက် မြေကမ္ဘာ မီးလျှံဘုရင်ရဲ့ လိပ်ပြာ အသိစိတ် အာရုံက သူ့ကို တိတိကျကျ လှမ်းမြင်နိုင်ပါတယ် ။လီဖူချန်းရဲ့ စိတ်ဝိညာဉ် စွမ်းအားက လီဖူချန်းကို ကိုယ်ပျောက်သွားအောင်တော့ မလုပ်နိုင်ပါဘူး ။

သည်လိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ  ထုံရှန်းမြို့ရဲ့ အပြင်ဘက်ကို  ရှေ့ဆင့်နောက်ဆင့် ဆိုသလို ရောက်လာခဲ့ပါပြီ ။

တကယ်တမ်း ပြောရမယ် ဆိုရင်တော့ မြေကမ္ဘာမီးလျှံ ဘုရင်ဟာ လီဖူချန်းကို တိုက်ခိုက်ဖို့အတွက် နည်းနည်း တွန့်ဆုတ်မိနေတာ အမှန်ပါပဲ ။ တကယ်လို့ သူသာ လီဖူချန်းဆိုရင်တော့ ထုံရှန်းမြို့ရဲ့ အပြင်ဘက်ကို လုံးဝ ထွက်မှာ မဟုတ်ပါဘူး ။ ထုံရှန်းမြို့ထဲမှာက တိုက်ခိုက်မှုကို တားဆီးပိတ်ပင်ထားတာ မဟုတ်ပါလား ။ဒါပေမဲ့လည်း  လီဖူချန်းကတော့ သူ့နောက်ကို မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး လိုက်လာမှာ သိရဲ့သားနဲ့ မကြောက်မရွံ့ မြို့ပြင်ကို တန်းပြီး ထွက်နေပါတယ် ။

' ကြည့်ရတာ သူ့ဆီမှာ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကို ရင်ဆိုင်လို့ရတဲ့ ဝှက်ဖဲတွေများ ရှိနေတာလား '

' ဒါမှမဟုတ် သူက သူ့ရဲ့ ချီအရှိန်အဝါ ဖုံးကွယ်တဲ့ စွမ်းရည်ကို အရမ်း ယုံကြည်မှု ရှိနေတာလား '

' နေစမ်းပါဦး ။ ငါက မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးလေ ။ ငါကဘာလို့ သူ့ကို ကြောက်နေရမှာလဲ "

သူက မူလပင်လယ်နယ်ပယ် အဆင့်၂ ဘုရင်တစ်ပါးဆိုတာကို ပြန်ပြီး စဉ်းစားမိလိုက်တဲ့ အချိန်မှာတော့ မြေကမ္ဘာမီးလျှံဟာ ရှက်သလိုတောင် ခံစားလိုက်ရပါတယ် ။

မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးက တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးကို တိုက်ခိုက်ဖို့အတွက် တွန့်ဆုတ်နေရ သတဲ့လား ။ ဒါက အတော်လေး ရှက်စရာပါပဲ ။

အဲသည်နောက်မှာတော့ သူက ပျံသန်းနှုန်းကို မြှင့်တင့်လိုက်ပြီး လီဖူချန်းနောက်ကို တစ်ဟုန်ထိုး လိုက်သွားကာ တိုက်ခိုက်လိုက်ပါတော့တယ် ။

" ဝိညာဉ်ချွေ လက်ညှိုး "

ရွှီး……

အလျှံတညီးညီး တောက်လောင်နေတဲ့ လက်ညှိုးတစ်ချောင်းဟာ လီဖူချန်း အပေါ်ကို ကျရောက်လာခဲ့ပါပြီ ။သည်လက်ညှိုးက အကွာအဝေး ဆိုတဲ့ အရာကို လုံးဝ လျစ်လျူရှုထားတဲ့ ပုံပါပဲ ။

" လာစမ်းပါ "

လီဖူချန်းကလည်း သည်လက်ညှိုးချက်ကို ရှောင်တိမ်းဖို့ စိတ်ကူးမရှိပါဘူး ။ သူက အနောက်ကို ချက်ချင်း လှည့်လိုက်ပြီး သူ့ရဲ့ဓားနဲ့ ပြန်ခုတ်လိုက်ပါတယ် ။

ရွှပ်……

ဝုန်း………

ကြက်သွေးရောင် ဓားအလင်းတန်းနဲ့ လက်ညှိုးတို့ ထိပ်တိုက်အတွေ့မှာတော့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ ။

ဟူး……ဟူး……ဟူး………

အဆုံးမရှိတဲ့ ချီစွမ်းအင်လှိုင်းတွေရဲ့ ရိုက်ခတ်မှုကြောင့် လီဖူချန်းဟာ ပေတစ်ရာကျော်အထိ လွင့်ထွက်သွားခဲ့ပါတယ် ။

" ကောင်စုတ်လေး……… မင်းက အတော်တော့ အစွမ်းထက်တာပဲ ။ ဒါပေမဲ့ မင်းက မင်းကိုယ်မင်း အရမ်း အထင်ကြီးလွန်းနေပြီ ။ မင်းက ကောင်းကင်အဆင့် ဓားသိုင်း တတ်ထားတယ်ဆိုတိုင်း ဘုရင်တစ်ပါးကို အန်တုနိုင်မယ် ထင်နေတာလား ။ ဟမ့်…… မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်း နိမ့်နေလွန်းနေတယ် ဆိုတာကို မမေ့နဲ့ဦး ။ငါ့ကိုပြန်ပြီး ခုခံ မနေဘဲ မြန်မြန် အရှုံးပေးစမ်း "

လီဖူချန်းကို လက်ညှိုးချက်တစ်ချက်တည်းနဲ့ ဖိအားပေးပြီးတဲ့ နေုက်မှာတော့ မြေကမ္ဘာမီးလျှံ ဘုရင်က ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ် ။

အချက်အလက်အရ ပြောရမယ် ဆိုရင်တော့ မြေကမ္ဘာမီးလျှံ ဘုရင်ဟာ အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေထဲမှာတောင်မှ အစွမ်းထက်သူလို့ သတ်မှတ်နိုင်တဲ့သူ မဟုတ်ပါဘူး ။ သူက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်သာ ဖြစ်ပါတယ် ။သူက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ဘုရင်တွေနဲ့ ဘယ်လိုမှ ယှဉ်ဖို့ မဖြစ်နိုင်သူလို့ ဆိုရပါမယ် ။

အစောပိုင်းက သူသုံးလိုက်တဲ့ လက်ညှိုးသိုင်းကွက်ဟာ ဆိုရင်လည်း သာမန် သိုင်းကွက် တစ်ကွက်ထက် မပိုပါဘူး ။ ဒါပေမဲ့လည်း သူက မဟာ ဆရာသခင်တွေကိုတော့ ဖိအား ပေးနေနိုင်ဆဲပါပဲ ။

" ဟား……ဟား…… အဲသည်လိုလား ။ ဒါဆိုရင်လည်း ကြည့်ကြသေးတာပေါ့ "

" ကိန္နရီဆူး "

လီဖူချန်းရဲ့ အော်သံ အဆုံးမှာတော့ ငှက်တောင်ပံနဲ့ တူတဲ့ လိပ်ပြာ အသိစိတ်အာရုံ တစ်ခုဟာ သူ့ရဲ့ နဖူးအလယ် တည့်တည့်ကနေ ထွက်ပေါ်လာပြီး မြေကမ္ဘာမီးလျှံ ဘုရင်ရဲ့ စိတ်နယ်ပယ်ထဲကို တိုးဝင်သွားခဲ့ပါပြီ ။

" အင့် "

မြေကမ္ဘာမီးလျှံ ဘုရင်က  ညည်းတွားလိုက်ပြီး အနောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ရပါတယ် ။ သူ့ရဲ့ မျက်နှာကတော့ ပြင်းထန်တဲ့  ဝေဒနာ တစ်ခုကို ခံစားလိုက်ရသလို အကြီးအကျယ် ရှုံ့တွနေခဲ့ပါပြီ ။

" မင်း……မင်းက …… မူလပင်လယ်နယ်ပယ် လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ထုတ်သုံးနိုင်တာလား "

မြေကမ္ဘာမီးလျှံ ဘုရင်က အံ့အားသင့်စွာနဲ့ ပြောလာခဲ့ပါတယ် ။

အစောပိုင်းက လီဖူချန်းရဲ့ တိုက်ခိုက်မှုဟာ သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်စွမ်း မရှိခဲ့ပါဘူး ။ ဒါပေမဲ့လည်း အဲသည်တိုက်ခိုက်မှုက သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်အပေါ်မှာ အသက်လေး သက်ရောက်မှု ရှိစေခဲ့ပါတယ် ။ သည်တိုက်ခိုက်မှုကိုသာ နောက်ထပ် အကြိမ်ရေများများ ခံလိုက်ရမယ်ဆိုရင် သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ ဘယ်လို ဖြစ်သွားမယ်ဆိုတာ သူ့အနေနဲ့ ကြိုမသိနိုင်ပါဘူး ။

" ခွေးမသားလေး……မင်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုက ငါ့လို ဘုရင်တစ်ပါးရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်မယ် ထင်နေတာလား ။မင်း…… သေဖို့သာ ပြင်ထားပေတော့ "

" ဝိညာဉ်ချွေ လက်ညှိုး "

မြေကမ္ဘာမီးလျှံ ဘုရင်က ဒေါသတကြီးနဲ့ နောက်ထပ် လက်ညှိုးချက်တစ်ချက် ထုတ်လာခဲ့ပြန်ပါတယ် ။

သည်တစ်ကြိမ် လက်ညှိုးချက်ကတော့ အရင်တစ်ခါလို မဟုတ်တော့ပါဘူး ။ သည်လက်ညှိုးချက်မှာက ကျောက်ရည်ပူတွေလို ပူလောင်နေတဲ့ အလွှာတစ်ထပ် ပါလာခဲ့ပါပြီ ။

" သွားစမ်း "

လီဖူချန်းကလည်း သူ့ရဲ့ ဓားကို ဝှေ့ယမ်းပြီး လက်ညှိုးချက်ကို ခုခံ ကာကွယ်လိုက်ပါတယ် ။

ဘန်း……

" အား "

သွေးတွေ ဖြာထွက်သွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အနောက်ကို လွင့်ထွက်သွားခဲ့ပါပြီ ။

" ကိန္နရီဆူး "

ဒါပေမဲ့လည်း သူက သတိ လွတ်မသွားခဲ့ပါဘူး ။ သူက အနောက်ကို လွင့်ထွက်နေဆဲမှာပဲ ကိန္နရီဆူး သုံးချောင်းကို ပြန်ပြီး ပစ်လွှတ်လိုက်ပါတယ် ။

" အား…… ခွေးမသား "

အစတုန်းကတော့ မြေကမ္ဘာမီးလျှံ ဘုရင်က လီဖူချန်းကို နောက်ထပ် ဆက်ပြီး တိုက်ခိုက်ဦးမလို့ပါပဲ ။ ဒါပေမဲ့လည်း သူ့ရဲ့ စိတ်နယ်ပယ်ထဲကို ကိန္နရီဆူးသုံးချောင်း စိုက်ဝင်လာပြီးတဲ့ နောက်မှာတော့ သူဟာ ဆက်ပြီး တိုက်ခိုက်ဖို့ အာရုံ မစုစည်းနိုင်တော့ပါဘူး ။ သူစုစည်းထားတဲ့ ချီအတွင်းအားတွေဟာလည်း ပျက်ပြယ်ကုန်ပါတယ် ။

" ကိန္နရီဆူးဘုရင် "

သိပ်သည်းလှတဲ့ လိပ်ပြာ အသိစိတ်အာရုံ အစုကြီး တစ်ခုဟာ ငှက်တောင်ပံ သဏ္ဌာန် ဆူးတစ်ထောင်အဖြစ် ခွဲဖြာသွားပြီး မြေကမ္ဘာမီးလျှံ ဘုရင်ရဲ့ စိတ်နယ်ပယ်ထဲကို တိုးဝင်သွားခဲ့ပါပြီ ။

"အား "

သည်တစ်ကြိမ်မှာတော့ မြေကမ္ဘာမီးလျှံ ဘုရင်ဟာ အသံနက်ကြီးနဲ့ အော်ဟစ်လာခဲ့ပါတယ် ။ လီဖူချန်းရဲ့ တိုက်ခိုက်မှုက မြေကမ္ဘာမီးလျှံ ဘုရင်အပေါ်မှာ  အတော်လေး သက်ရောက်မှု ရှိသွားတယ်ဆိုတာကိုတော့ ဘယ်လိုမှ ယုံမှား သံသယ ဝင်စရာ မရှိပါဘူး ။

မြေကမ္ဘာမီးလျှံ ဘုရင်ကတော့ လီဖူချန်းရဲ့ တိုက်ခိုက်မှုကြောင့်  သူ့ရဲ့ စိတ်နယ်ပယ်ဟာ အပိုင်းအစစ ကွဲထွက်သွားပြီလားလို့တောင်   ခံစားလိုက်ရပါတယ် ။

' သည်ကောင်က သေချာပေါက်  ကြယ်၇ပွင့် လိပ်ပြာအသိစိတ်အာရုံ လျှို့ဝှက်နည်းစနစ်ကို ကျင့်ထားတာပဲ '

တစ်ချိန်တည်းမှာပဲ သူက လီဖူချန်းဟာ ကြယ်၇ပွင့် လျှို့ဝှက်နည်းစနစ်ကို ကျင့်ထားတာ ဖြစ်ရမယ်လို့ ကောက်ချက် ချလိုက်မိပါသေးတယ် ။

ကြယ်၇ပွင့် လိပ်ပြာအသိစိတ်အာရုံ  လျှို့ဝှက်နည်းစနစ်……

သည်နည်းစနစ်တွေက ဧကရာဇ်အဆင့် ဂိုဏ်အများစုတောင်မှ  ပိုင်ဆိုင်ထားလေ့ရှိတဲ့ နည်းစနစ်မျိုး မဟုတ်ပါဘူး ။အဲသည်နည်းစနစ်တွေက ရှားတယ်ဆိုတာထက်တောင် ပိုပြီး ရှားသေးတယ်လို့ ဆိုရပါမယ် ။

မြေကမ္ဘာမီးလျှံ ဘုရင် ဖြစ်တဲ့ သူတောင်မှ အတော်လေး ကံကောင်းထောက်မပြီး  ကြယ်၆ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက်နည်းစနစ် တစ်ခုဖြစ်တဲ့ အသိစိတ်အာရုံ ပျစ်ခဲစေခြင်းကို လေ့ကျင့်ထားနိုင်ခဲ့တာပါ ။ဒါပေမဲ့ အဲသည်နည်းစနစ်က ခုခံမှုကို အသားပေးတဲ့ နည်းစနစ် မဟုတ်သလို တိုက်ခိုက်မှုကို အသားပေးတဲ့ နည်းစနစ်လည်း မဟုတ်ပါဘူး ။ အဲဒါက လိပ်ပြာ အသိစိတ်အာရုံရဲ့ ထောက်လှမ်းနိုင်မှုကို တိုးမြှင့်ပေးတဲ့  လျှို့ဝှက်နည်းစနစ်တစ်ခု သက်သက်သာ ဖြစ်ပါတယ် ။

ဒါပေမဲ့လည်း  တစ်ဖက်လူကတော့  ကြယ်၇ပွင့် လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို လေ့ကျင့် တတ်မြောက်ထားတယ်ဆိုတာ အသိသာကြီးပါပဲ ။ အဲဒါကိုတော့ လုံးဝ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး ။ တစ်ဖက်လူက ကြယ်၇ပွင့် လိပ်ပြာအသိစိတ်အာရုံ  တိုက်ခိုက်မှု လ့ဝှက်နည်းစနစ်ကို မတတ်မြောက်ထားဘဲနဲ့တော့ သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံကို ဘယ်လိုမှ ဖျက်ဆီးနိုင်စရာ အကြောင်းကို မရှိပါဘူး ။

" မင်းရဲ့ ဇစ်မြစ်က ဘယ်ကလဲ ။ ငါ့ကို တိတိကျကျ ပြောစမ်း"

မြေကမ္ဘာမီးလျှံ ဘုရင်က မှိုင်းညှို့နေတဲ့ မျက်နှာနဲ့ လီဖူချန်းကို လှမ်းပြီး မေးလိုက်ပါတယ် ။

သည်လို အစွမ်းထက် လျှို့ဝှက်နည်းစနစ်မျိုးကို လေ့ကျင့်ထားနိုင်မှတော့ လီဖူချန်းဟာ  နှယ်နှယ်ရရ မဟုတ်နိုင်ပါဘူး ။ တကယ်လို့သာ လီဖူချန်းက ဧကရာဇ်အဆင့် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ထိပ်တန်း ပါရမီရှင် တစ်ယောက်ဆိုရင်တော့  လီဖူချန်းကို သတ်ဖို့ကြံတာက သူ့အတွက် သူ့သေတွင်း သူတူးနေသလိုပါပဲ ။ ဒါကြောင့်လည်းသူက လီဖူချန်းရဲ့ ဇစ်မြစ်ကို မေးလိုက်ရတာပါ ။

" ငါ ဘယ်သူဖြစ်ဖြစ် မင်းနဲ့ ဘာဆိုင်လဲ ။ မင်းလိုကောင် မေးတာကို   ငါက ပြန်ဖြေနေရမှာလား "

လီဖူချန်းကတော့ မိုက်မိုက်ကန်းကန်းပဲ ပြန်ပြောလိုက်ပါတယ် ။

"မိုက်ရိုင်းလိုက်တဲ့ကောင် ……ခွေးမသား ။ ငါက လက်လွန်ခြေလွန် ဖြစ်ကုန်မှာစိုးလို့ မေးတာကွ  ။ ရှုပ်ပါတယ်ကွာ ……မင်းလိုကောင်ကို အသေ သတ်ပစ်တာပဲ အေးမယ် "

လီဖူချန်းရဲ့ မိုက်ကန်းကန်း အပြောအဆိုက မြေကမ္ဘာမီးလျှံ ဘုရင်ကို ဒေါသ အကြီးအကျယ် ထွက်သွားစေခဲ့ပါပြီ ။

စကားဆုံးတဲ့နောက်မှာတော့ သူက ထူးဆန်းတဲ့ လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး အရပ်မျက်နှာ ပေါင်းစုံမှာရှိတဲ့ မီးလျှံတာအို ချီတွေကို စုစည်းလိုက်ပါတော့တယ် ။

ဟူး……ဟူး……ဟူး……

ပတ်ဝန်းကျင် ၂မိုင်ပတ်လည်မှာ ရှိနေတဲ့ မီးလျှံတာအို ချီတွေဟာ မျက်စိတစ်မှိတ် အတွင်းမှာပဲ မြေကမ္ဘာမီးလျှံ ဘုရင် ရှိနေရာ တစ်ဝိုက်ကို စုစည်းလာခဲ့ပါပြီ ။တစ်ချိန်တည်းမှာပဲ  ကောင်းကင်ယံဟာ မီးရှို့ခံလိုက်ရသလို  ရဲတက်လာခဲ့ပါတယ် ။

သဘာဝ စွမ်းအားတွေကို ထိန်းချုပ်ခြင်း……

ဒါက မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ အခြေခံ အကျဆုံး စွမ်းရည်ပါပဲ ။

ယေဘုယျအားဖြင့် ဆိုရင်တော့ မူလပင်လယ်နယ်ပယ် ဘုရင်တွေဟာ သည်အစွမ်းထက်တဲ့ စွမ်းရည်ကို အသုံးပြုပြီး သူတို့ထက် အားနည်းတဲ့ ကျင့်ကြံသူတွေကို ဖိနှိပ်လေ့ ရှိပါတယ် ။

" သေစမ်းကွာ ။ လခွီးပဲ…… ငါအဲဒါကို လုံးဝ မေ့သွားတယ် "

လီဖူချန်းကတော့ ခပ်တိုးတိုး ညည်းတွားလိုက်မိပါတယ် ။ အခုဆိုရက်  သူ့ရဲ့ ခန္ဓာကိုယ်ဟာ အဆပေါင်းများစွာ လေးလံလာပြီး သူ့ရဲ့ ချီအတွင်းအား လှည့်ပတ်မှုဟာ အတော်လေး နှေးကွေးလာခဲ့ပါပြီ ။ အဲဒါက ချီအတွင်းအားတွေ ပျက်ပြားတော့မယ့် အရိပ်အယောင်ပါပဲ ။

အခုလီဖူချန်း ကြုံတွေ့နေရတဲ့ အခြေအနေက စွပ်ပြုတ်ဟင်းရည် ပန်းကန်လုံး တစ်ခုထဲ ပြုတ်ကျနေတဲ့ ခြင်တစ်ကောင်နဲ့ ဘာမှ မခြားနားလှပါဘူး ။ သူက လက်လေးတစ်ချောင်း လှုပ်ရှားဖို့ကိုတောင် အနိုင်နိုင် ဖြစ်နေပါပြီ ။

" ခွေးမသားလေး …… မှတ်ပြီလား ။ ထပ်ပြီး မြည်းကြည့်စမ်း "

မြေကမ္ဘာမီးလျှံ ဘုရင်က မီးလျှံတာအို ချီစွမ်းအင်တွေကို ပိုပြီး စုစည်းလိုက်ပြန်ပါတယ် ။

လီဖူချန်းလို အစွမ်းထက်မြက်တဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးနဲ့ ရင်ဆိုင်ရတဲ့ အခါမှာတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေနဲ့ ဖိနှိပ်တာက အကောင်းဆုံး နည်းလမ်းပါပဲ ။

မဟာဆရာသခင်တွေနဲ့ အုပ်စိုးသူအဆင့် ဆရာသခင်တွေ ဆိုတာက တိုက်ခိုက်တဲ့ နေရာမှာပဲ အစွမ်းထက်တာပါ ။ သူတို့ရဲ့ သဘာဝ စွမ်းအားတွေကို ထိန်းချုပ်နိုင်တဲ့ တန်ခိုးစွမ်းရည်ကတော့ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးထက် ဆယ်ဆလောက် နိမ့်ကျနေပါသေးတယ် ။

" မင်းကော ငါ့ရဲ့ ကိန္နရီဆူးဘုရင်ကို ထပ်ပြီး မြည်းမကြည့်ချင်ဘူးလား "

ပြင်းထန်လွန်းလှတဲ့ မီးလျှံတာအို ချီစွမ်းအင် ဖိအားတွေကြောင့် လီဖူချန်းဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို တစ်စက်ကလေးမှ လှုပ်မရတော့ပါဘူး။ ဒါပေမဲ့လည်း သူက လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို အသုံးပြုနိုင်ပါသေးတယ် ။

ရွှီး……ရွှီး………ရွှီး……

လီဖူချန်းရဲ့ နဖူးကနေ ထွက်လာတဲ့ ကိန္နရီဆူးဘုရင်ဟာ မြေကမ္ဘာမီးလျှံ ဘုရင်ရဲ့ စိတ်နယ်ပယ်ထဲကို တိုးဝင်သွားခဲ့ပြန်ပါပြီ ။

မြေကမ္ဘာမီးလျှံဘုရင်က လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် မီးလျှံတာအို ချီစွမ်းအင်တွေကို အသုံးပြုပြီး ကိုယ်ခွဲတွေ ဖန်ဆင်းထားခဲ့ပေမယ့်လည်း အဆုံးမှာတော့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး ။

လီဖူချန်းက တစ်ချက် ကြည့်လိုက်တာနဲ့ပဲ ကိုယ်ခွဲတွေနဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို ခွဲခြား ကြည့်မြင်နိုင်စွမ်း ရှိနေခဲ့ပါတယ် ။ လီဖူချန်းရဲ့   လိပ်ပြာ အသိစိတ်အာရုံ ဆန်းစစ်မှု အောက်မှာတော့ မြေကမ္ဘာမီးလျှံ ဘုရင်ရဲ့ ကိုယ်ခွဲတွေဟာ ဘာမှ အသုံးမဝင်တဲ့ အမှိုက်သက်သက်ပါပဲ ။

" အား "

မြေကမ္ဘာမီးလျှံ ဘုရင်က အသံနက်ကြီးနဲ့ နောက်ထပ်တစ်ကြိမ် အော်လိုက်ရပြန်ပါပြီ ။

ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ကိန္နရီဆူးဘုရင်က ကိန္နရီဆူးကို အဆင့် ထပ်မြှင့်ထာ့းတဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုပါပဲ ။ အဲဒါက ကိန္နရီဆူးထက် ၃၀ ရာခိုင်နှုန်း ပိုအားပြင်းပါတယ် ။

အဲသည်အတွက် မူလပင်လယ်နယ်ပယ် အဆင့်၂မှာသာ ရှိနေသေးတဲ့  မြေကမ္ဘာမီးလျှံဘုရင်ဟာ သည်ကိန္နရီဆူးဘုရင်ကို ဘယ်လိုမှ ခုခံနိုင်စရာ အကြောင်း မရှိပါဘူး ။

" ခွေးမသား…… မင်း သည်လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ဘယ်နှစ်ကြိမ် ထပ်သုံးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့ကွာ "

မြေကမ္ဘာမီးလျှံဘုရင်က အံကို တင်းတင်း စေ့လိုက်ပြီး လီဖူချန်းကို မီးလျှံတာအို ချီစွမ်းအင်တွေနဲ့ ထပ်မံ ဖိနှိပ်လိုက်ပြန်ပါတယ် ။

မြေကမ္ဘာမီးလျှံဘုရင်ရဲ့ အမြင်မှာတော့ သည်လို အစွမ်းထက်တဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုမျိုးကို လီဖူချန်းအနေနဲ့ အလွန်ဆုံး လုပ်လိုက်မှ သုံးကြိမ်ကနေ ငါးကြိမ်အထိပါပဲ ။ အဲသည်ထက်တော့ ပိုစရာ အကြောင်း မရှိပါဘူး ။

တစ်ဖက်မှာတော့ သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ဆယ်ကြိမ်ကျော်အထိ တောင့်ခံနိုင်ပါသေးတယ် ။ ဒါကြောင့်လည်း သူက အားတင်းပြီး ဆက်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ရတာပါ ။

" မင်းက ကြည့်ချင်တယ် ဆိုတော့လည်း   ပြပေးရသေးတာပေါ့ "

စကားအဆုံးမှာတော့ လီဖူချန်းဟာ ကိန္နရီဆူးဘုရင်တွေကို မရပ်မနားဘဲ တရစပ်   ပစ်လွှတ်လိုက်ပါတော့တယ် ။

တစ်ဒါဇင်ကျော်ရှိတဲ့ လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှုတွေနဲ့  ကြုံလိုက်ရတဲ့ အခါမှာတော့  မြေကမ္ဘာမီးလျှံဘုရင်ရဲ့ မျက်နှာအမူအယာဟာ ပြောင်းလဲသွားခဲ့ပါပြီ ။

လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံက အရည်အသွေး ပိုင်းမှာတင် မူလပင်လယ်နယ်ပယ် ဘုရင်တွေနဲ့ ယှဉ်နိုင်နေတာ မဟုတ်ဘဲ အစွမ်းထက်မြက်မှု အပိုင်းမှာပါ မူလပင်လယ်နယ်ပယ် ဘုရင်တွေကို ယှဉ်နေနိုင်တာ မဟုတ်ပါလား ။

" မဖြစ်နိုင်ဘူး "

မြေကမ္ဘာမီးလျှံဘုရင်က ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ် ။

ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပါပဲ ။

ယုတ္ထိဗေဒရှိရှိ တွေးကြည့်မယ်ဆိုရင် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာမှာ အထုံ ပါလာတဲ့ ပါရမီရှင်တွေတောင်မှ သည်လို အစွမ်းထက်တဲ့ လိပ်ပြာ အသိစိတ်အာရုံကို ပိုင်ဆိုင်နိုင်စရာ အကြောင်း မရှိပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ ပိုင်ဆိုင်ထားခဲ့ပါတယ် ။ ပြီးတော့ အဲသည်ထက် ပိုဆိုးတာက အခု တိုက်ခိုက်လိုက်တဲ့ လီဖူချန်းရဲ့ လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှုဟာ သူ့ရဲ့ အဆုံးစွန်သော ကန့်သတ်ချက် ဖြစ်ပုံ မရသေးတာပါပဲ ။

မြေကမ္ဘာမီးလျှံ ဘုရင်က လီဖူချန်းဟာ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးရဲ့ အစစ်အမှန် စိတ်ဝိညာဉ်နဲ့ မိစ္ဆာဧကရာဇ် တစ်ပါးရဲ့ မိစ္ဆာသားရဲ ဝိညာဉ်ကို စုပ်ယူထားခဲ့တယ် ဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲလေ  ။ တကယ်လို့သာ သူ့အနေနဲ့ အဲသည်အကြောင်းတွေကို သိခဲ့ရင်တော့ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ အစွမ်းထက်နေမှု အပေါ်မှာ ထူးပြီး အံ့သြနေတော့မှာ မဟုတ်ပါဘူး ။

မြေကမ္ဘာမီးလျှံ ဘုရင် ကံကောင်းသွားတဲ့ အချက်တစ်ချက်ကတော့ လီဖူချန်းရဲ့ ကျင့်ကြံမှုဟာ အတော်လေး နိမ့်နေလို့ပါပဲ ။ တကယ်လို့သာ လီဖူချန်းရဲ့ ကျင့်ကြံမှုက အတော်လေး နိမ့်မနေဘူး ဆိုရင်တော့ သူဟာ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ အစွမ်းကို အပြည့်အဝ အသုံးပြုနိုင်မှာ ဖြစ်ပြီး တစ်ချက်တည်းနဲ့ မြေကမ္ဘာမီးလျှံ ဘုရင်ကို ဒုက္ခလှလှတွေ့သွားအောင် လုပ်ပစ်နိုင်မှာ ဖြစ်ပါတယ် ။

" မျက်လုံးတစ်ထောင် အတွေးစိတ်ကူး ဖြစ်တည်စမ်း "

မြေကမ္ဘာမီးလျှံဘုရင် တစ်ယောက် အတွေးများနေစဉ်မှာပဲ လီဖူချန်းရဲ့ မျက်လုံးတွေဟာ ရုပ်စုံမှန်ပြောင်းလို လည်သွားပြီး သူ့ကို ညှို့ယူလိုက်ပါတော့တယ် ။

" ဟင်း "

အဲသည်နောက်မှာတော့ မြေကမ္ဘာမီးလျှံဘုရင်ရဲ့ မျက်လံုံးအစုံဟာ မှေးမှိန်ပြီး ဖျော့ကျသွားခဲ့ပါပြီ ။ လီဖူချန်းရဲ့ မျက်လုံးအစုံက သူ့ရဲ့ စိတ်ဝိညာဉ်ကို ပုံရိပ်ယောင် ကမ္ဘာကြီးတစ်ခုထဲ ဆွဲငင်ခေါ်ယူ  သွားခဲ့ပြီဆိုတာ အသိသာကြီးပါပဲ ။

" ဟားဟားဟား…… သာမန် မဟာဆရာသခင်လေး တစ်ပါးက ငါ့ကို လာတိုက်ရဲတယ် ဟုတ်လား ။ အခုတော့ မင်း အသက်ပေးလိုက်ရပြီမလား "

" ပွတာပဲဟေ့ ……သည်မှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ကောင်းကင်ဘုံ ကျောက်တုံးတွေပါလား "

" ဟားဟား…… နောက်ဆုံးတော့ ငါက မူလပင်လယ်နယ်ပယ်ရဲ့ အဆင့်၅ကို ရောက်သွားပြီပဲ "

" အိုး…… ကောင်းကင်ဘုံက ငါ့ကို တကယ် မျက်နှာသာ ပေးလွန်းတာပဲ ။ ငါဆိုတဲ့မြေကမ္ဘာမီးလျှံ ဘုရင်က နောက်ဆုံးတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို တက်လှမ်းဖို့အတွက် အခွင့်အရေး   ရခဲ့ပြီ "

" လဝန်းနီ ဧကရာဇ် …… မင်းက ငါ့ကို အတော် စိတ်ပျက်စေတယ် ။ ကြည့်ရတာ မင်းအုပ်စိုးတဲ့ခေတ်က ပြီးသွားပြီပဲ "

ပုံရိပ်ယောင် ကမ္ဘာထဲမှာတော့ မြေကမ္ဘာမီးလျှံ ဘုရင်ဟာ ကံကောင်းမှုတွေနဲ့ ဆက်တိုက် ကြုံရပြီး သူ့ရဲ့ ကျင့်ကြံမှု အဆင့်ဟာ တရစပ်  မြှင့်တက်နေပါတယ် ။

သူက အခုဆိုရင် သာမန် မူလနယ်ပယ် ဘုရင်လေး တစ်ပါးကနေ အလွန် အစွမ်းထက်တဲ့ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တစ်ပါးတောင် ဖြစ်နေခဲ့ပါပြီ ။ သူ့ရဲ့ တန်ခိုးအစွမ်းက လဝန်းနီ ဧကရာဇ်ကိုတောင် မျက်လုံးထဲ ထည့်စရာ မလိုတော့ပါဘူး ။

အပြင်ဘက် လောကမှာတော့ လီဖူချန်းကို ဖိနှိပ်ထားတဲ့ မီးတာအို ချီစွမ်းအင်တွေဟာ ပြိုကွဲသွားခဲ့ပါပြီ ။

" သေစမ်း "

မီးတာအို ချီစွမ်းအင်တွေ ပြိုကွဲသွားတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက    မြေကမ္ဘာမီးလျှံ ဘုရင်ရှေ့ကို လျှပ်တစ်ပြက် ရောက်လာပြီး ဓားနဲ့ ခုတ်ချလိုက်ပါတော့တယ် ။

ရွှမ်း……

့ကြက်သွေးရာင် ဓားအလင်းတန်း တစ်ခုက မြေကမ္ဘာမီးလျှံ ဘုရင်ဆီကို တိုးဝင်သွားခဲ့ပါပြီ ။

ထန်……

လက်ညှိုးတစ်ချောင်းက ကြက်သွေးရောင် ဓားအလင်းတန်းကို ခုခံလိုက်ပါတယ် ။

မြေကမ္ဘာမီးလျှံဘုရင်ဟာ အတော်လေး ကံကောင်းတယ်လို့ ဆိုရပါမယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူက တကယ့်ကို သေရေးရှင်ရေး အခိုက်အတန့်မှာ ပုံရိပ်ယောင် ကမ္ဘာထဲကနေ ပြန်ပြီး နိုးထလာနိုင်လို့ပါပဲ ။

' ဟူး…… ကံကောင်းလို့ ငါ မသေတယ် '

သူ့ရဲ့ နဖူးကနေတော့ ချွေးစေးတွေ စီးကျနေပြီး မြေကမ္ဘာမီးလျှံ ဘုရင်ဟာ အကြောက်တရားကလွဲလို့ ဘာကိုမှ မခံစားရတော့ပါဘူး ။

သူဟာ တကယ်ကို ကံကောင်းလို့သာ သေတွင်းကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ် ။ တကယ်လို့သာ သူ့ရဲ့ ခန္ဓာကိုယ်က သေဘေးအန္တရာယ်ကို မခံစားခဲ့ရဘူးဆိုရင် မြေကမ္ဘာမီးလျှံ ဘုရင်ဟာ လီဖူချန်းရဲ့ ပုံရိပ်ယောင် ကမ္ဘာထဲကနေ ဘယ်လိုမှ နိုးထနိုင်မှာ မဟုတ်ပါဘူး ။ တကယ်လို့သာ သူ့အနေနဲ့ ပုံရိပ်ယောင် ကမ္ဘာထဲကနေ မနိုးထနိုင်ရင်တော့ သူဟာ လီဖူချန်း လက်ချက်နဲ့ အပိုင်းပိုင်း အစစဖြစ်ပြီး သေနေလောက်ပါပြီ ။

လီဖူချန်းက ကြောက်စရာ ကောင်းလွန်းတဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ပိုင်ဆိုင်ထားရုံတင် မကပါဘူး ။ သူ့ရဲ့ ပုံရိပ်ယောင် တိုက်ခိုက်မှု အတတ်ပညာကလည်း ကြောက်စရာ ကောင်းလောက်အောင် ထက်မြက်လွန်းပါတယ် ။ ဒါက ကိုယ်တိုင်သာ မကြုံတွေ့ခဲ့ရရင် ဘယ်လိုမှ မယုံချင်စရာပါပဲ ။

" တောက်…… နှမြောစရာ ကောင်းလိုက်တာကွာ "

လီဖူချန်းကတော့ မချိတင်ကဲ ရေရွတ်ရင်း အနောက်ကို ပြန်ဆုတ်သွားခဲ့ပါပြီ ။

သူက မူလပင်လယ်နယ်ပယ် ဘုရင်တွေကို သတ်ဖြတ်ရတာဟာ အတော်လေး ခက်ခဲတယ် ဆိုတာကို သိထားပြီးသားပါပဲ ။ ဒါပေမဲ့ သူက သည်လောက်အထိ သတ်ဖြတ်ရ ခက်ခဲမယ်လို့တော့ မထင်ထားခဲ့ မိပါဘူး ။

" ကောင်စုတ်လေး…… ငါမင်းရဲ့ မျက်နှာကို ဘယ်တော့မှ မမေ့ဘူး ။ သည်နေ့တော့ ငါသွားစရာတစ်ခု ရှိနေသေးလို့ မင်းကို အသက်ချ်းသာ ပေးလိုက်မယ် ။ နောက်တစ်ခါ တွေ့ရင်တော့ အခုလို အသက်ချမ်းသာ ပေးခံရမယ် မထင်နဲ့ ။ မင်းကို အလောင်းမြုပ်စရာ မကျန်အောင်ကို ငါလုပ်ပစ်မယ် "

စကားဆုံးတဲ့နောက်မှာတော့ မြေကမ္ဘာမီးလျှံ ဘုရင်ဟာ အလင်းတန်းတစ်ခုအသွင် ပြောင်းသွားပြီး လီဖူချန်းရဲ့ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့ပါပြီ ။

" ဟမ် "

လီဖူချန်းကတော့ ရုတ်တရက် ထွက်ခွာသွားတဲ့ မြေကမ္ဘာမီးလျှံ ဘုရင်ကို ကြည့်ပြီး အနည်းငယ်  ကြောင်အမ်းအမ်း ဖြစ်နေခဲ့ပါတယ် ။သူက မြေကမ္ဘာမီးလျှံဘုရင် ထွက်ခွာသွားတာကို ၁၀၀ ရာခိုင်နှုန်း မယုံကြည်ရဲသေးပါဘူး ။

' သည်မြေကမ္ဘာမီးလျှံဘုရင်က ဘာဖြစ်လို့ ရုတ်တရက်ကြီး နောက်ဆုတ်သွားရတာလဲ ။ သူက ငါ့ကို အလစ်ချောင်းတိုက်ဖို့ ကြံရွယ်နေတာများလား '

လီဖူချန်း မသိတာကတော့ မြေကမ္ဘာမီးလျှံ ဘုရင်ဟာ သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှုနဲ့ ပုံရိပ်ယောင် တိုက်ခိုက်မှု အတတ်ပညာကို ကြောက်ပြီး နောက်ဆုတ်သွားတယ် ဆိုတာပါပဲ ။ မဟုတ်လို့ကတော့ မြေကမ္ဘာမီးလျှံဘုရင်ဟာ ဘယ်လိုမှ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး ။

" ဟူး "

အချိန်အတန်ကြာ စောင့်ကြည့်ပြီးတဲ့အထိ မြေကမ္ဘာမီးလျှံဘုရင်ရဲ့ အရိပ်အယောင် ပေါ်မလာတော့မှ လီဖူချန်းတစ်ယောက် သက်ပြင်း ချနိုင်ပါတော့တယ် ။

နောက်ဆုံးတော့လည်း သူက မူလပင်လယ်နယ်ပယ် အဆင့်၂ ဘုရင်တစ်ပါးကို အောင်မြင်စွာ ခုခံနိုင်ခဲ့ပြီ မဟုတ်ပါလား ။

သည်မူလပင်လယ်နယ်ပယ် ဘုရင်က ဘယ်လောက်ပဲ အားနည်းတယ် ဆိုပေမယ့် သူဟာ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ဖြစ်နေဆဲပါပဲ ။ မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါးရဲ့ သဘာဝ စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ဟာ လုံးဝ နောက်စရာ မဟုတ်ပါဘူး ။ လီဖူချန်းက အတော်လေး ကံကောင်းလို့သာ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကို နောက်ဆုတ်သွားအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုရပါမယ် ။

***

All Chapters