အပိုင်း ၅၆၁
Vol. 42 Ch. 561
အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံး
" အဲသည်ကောင်စုတ်လေးရဲ့ဲ အစွမ်းတွေ အကုန်လုံးကို ခြုံငုံပြီး တွက်ချက်လိုက်ရင် သူက အုပ်စိုးသူ ဆရာသခင်အဆင့်တောင် ရောက်နေလောက်ပြီ "
ထုံရှန်းမြို့ကို ပြန်ရောက်တဲ့အထိ မြေကမ္ဘာမီးလျှံ ဘုရင်ရဲ့ စိတ်တွေဟာ လေးလံထိုင်းမှိုင်း နေဆဲပါပဲ ။
သူက မူလပင်လယ်နယ်ပယ် အဆင့်၂ ဘုရင်တစ်ပါး ဖြစ်ပေမယ့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးကြောင့် ထွက်ပြေးလာခဲ့ရပါတယ် ။ တကယ်လို့ သည်သတင်းသာ ပျံ့သွားခဲ့မယ်ဆိုရင် သူဟာ ကျင့်ကြံခြင်း လောကအလယ်မှာ ဘယ်လိုမှ မျက်နှာ ပြဝံ့တော့မှာ မဟုတ်ပါဘူး ။ သူ့ရဲ့ ဂုဏ်သိက္ခာကလည်း လူတကာရဲ့ တံတွေးခွက်အောက်မှာ ရေစုန်မျှောနေလောက်ပါပြီ ။
" ဟမ့်…… တကယ်လို့သာ အစ်ကိုကြီးက ငါ့ရဲ့ လျူဟွာ မီးအိမ်ကို မငှားသွားရင် သည်ကောင်စုတ်လေးကို ဘယ်လိုမှ မသတ်နိုင်စရာ အကြောင်း မရှိဘူး ။ အဲသည်ကောင်စုတ် တော်တော်လေး ကံကောင်းသွားတာပဲ "
မြေကမ္ဘာ မီးလျှံဘုရင်က သူ့ကိုယ်သူ ဖြေသိမ့်လိုက်ပါတယ် ။
လျူဟွာမီးအိမ် ……
သည်မီးအိမ်ကတော့ ကြောက်စရာ ကောင်းလောက်အောင် ပူပြင်းလွန်းတဲ့ မီးတောက်စိမ်းတွေကို ထုတ်လွှတ်နိုင်တဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် မှော်ဝင် ရတနာပစ္စည်းတစ်ခုပါ ။ တကယ်လို့သာ အဲသည် မှော်ဝင် ရတနာ ပစ္စည်းကို သူ့လို မူလပင်လယ်နယ်ပယ် အဆင့်၂ ဘုရင်တစ်ပါးက အသက်သွင်းပြီး အသုံးပြုလိုက်မယ်ဆိုရင် မူလပင်လယ်နယ်ပယ် အဆင့်၃ ဘုရင်တစ်ပါးကိုတောင် အသက်ပျောက်စေတဲ့အထိ လောင်ကျွမ်းစေနိုင်ပါတယ် ။လီဖူချန်းလို တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တစ်ပါးကို ဆိုရင်တော့ စကားထဲ ထည့်ပြောနေစရာတောင် မလိုတော့ပါဘူး ။
" မဖြစ်သေးပါဘူး ။ အစ်ကိုကြီး ပြန်လာရင် ငါ့ရဲ့ လျူဟွာမီးအိမ်ကို ပြန်တောင်းမှကို ရတော့မယ် "
နောက်ဆုံးမှာတော့ မြေကမ္ဘာမီးလျှံဘုရင်က သူ့ရဲ့ လျူဟွာမီးအိမ်ကို သူ့ရဲ့ အစ်ကိုကြီးဆီကနေ ပြန်တောင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။
……*******.………********…………………
နဂိုမူလတုန်းကတော့ လီဖူချန်းဟာ သူ့ရဲ့ ကောင်းကင်ဘုံကျောက်တုံးတွေကို မြေအောက် မှောင်ခိုဈေးမှာ ရောင်းပြီးတာနဲ့ တစ်ပြိုင်နက် ထုံရှန်းမြို့ရဲ့ ကျောက်တုံး လောင်းကစားရုံကို သွားဖို့ စီစဉ်ထားခဲ့တာပါ ။
ဒါပေမဲ့လည်း အခုတော့ သူဟာ မမျှော်လင့်ထားတဲ့ ပြသနာနဲ့ ကြုံလိုက်ရပြီ ဖြစ်တဲ့အတွက် ထုံရှန်းမြို့ ကျောက်တုံးလောင်းကစားရုံကို မသွားရဲတော့ပါဘူး ။ အဲသည်အတွက် သူက နန်အန်းမြို့ကို သွားဖို့သာ ဆုံးဖြတ်လိုက်ပါတော့တယ် ။
နောက်ထပ် ကိုးရက်အကြာမှာတော့ လီဖူချန်းဟာ နန်အန်းမြို့ကြီးရဲ့ ဝင်ပေါက် ဂိတ်တံခါး တစ်ခုရှေ့ကို ရောက်ရှိလာခဲ့ပါပြီ ။
" မြို့တော်ထဲကို ဝင်ချင်တဲ့ သူတိုင်းက တစ်ယောက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်တုံး ပေးရမယ် ။ ခိုးဝင်ဖို့တော့ မကြိုးစားကြနဲ့ ။ တကယ်လို့ မိခဲ့ရင် မင်းတို့ရဲ့ အသက်ကို အာမ မခံဘူး "
နန်အန်းမြို့ကြီးဟာ နန်အန်းစီရင်စုရဲ့ မြို့တော် ဆိုရင်လည်း မမှားပါဘူး ။ အဲသည်အတွက် မြို့ထဲကို ဝင်ခွင့်ရဖို့အတွက် ပေးရတဲ့ မြို့ဝင်ကြေးဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးတောင် ရှိပါတယ် ။ တခြားမြို့ကြီးတွေကတော့ မြို့ဝင်ကြေးအဖြစ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်တုံး ၊သုံးတုံးသာ ပေးရတာပါ ။
နန်အန်းစီရင်စုရဲ့ မြို့တော် ဖြစ်တာနဲ့အညီ နန်အန်းမြို့ရဲ့ လူဦးရေကလည်း မနည်းလှပါဘူး ။ နန်အန်းမြို့မှာ အခြေချ နေထိုင်ကြတဲ့ လူဦးရေဟာ သန်း၂၀၀ ကနေ သန်း၃၀၀ ကြားမှာ ရှိတယ်လို့ ဆိုရပါမယ် ။
ပြီးတော့ မြို့ဝင်ကြေး အဖြစ် ပေးရတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးဟာ အစပဲ ရှိပါသေးတယ် ။ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးရဲ့ အဓိက မြို့တော်တွေမှာက လူတွေကို လမ်းဘေးမှာ နေခွင့် မပြုထားပါဘူး ။ တကယ်လို့သာ လမ်းဘေးမှာ နေနေတဲ့ လူတွေကို တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် မြို့စောင့်တပ်သားတွေက သူတို့ကို မြို့ပြင်ရောက်အောင် ဆွဲထုတ်သွားကြမှာ ဖြစ်ပါတယ် ။ အဲသည်အတွက် သည်မြို့ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြသူတွေဟာ တည်းခိုခန်းတွေ ၊ ဧည့်ရိပ်သာတွေမှာ မတည်းခိုဘဲ နေလို့ မရပါဘူး ။တည်းခိုခန်းတွေ ၊ ဧည့်ရိပ်သာတွေမှာ နေရမယ် ဆိုတဲ့ အဓိပါ္ပယ်ဟာ နောက်ထပ် ဝိညာဉ်ကျောက်တုံးတွေ ကုန်ကျရဦးမယ်ဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။
နန်အန်းမြို့တော်ထဲကို ဝင်ခွင့် ရပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ကျောက်တုံး လောင်းကစား ရုံကိုပဲ တန်းပြီး သွားလိုက်ပါတယ် ။သူ့အတွက်က တည်းခိုဖို့ရာဟာ ဘာမှ အရေးမကြီးပါဘူး ။
သည်နန်အန်းမြို့တော်မှာရှိတဲ့ လောင်းကစားရုံကလည်း တခြားမြို့ကြီးတွေမှာ ရှိတဲ့ လောင်းကစားရုံတွေလို အထပ် ဆယ်ထပ်ပါပဲ ။ ဒါပေမဲ့ သည်လောင်းကစားရုံက တခြား လောင်းကစားရုံတွေထက် ပိုခမ်းနားပြီး ပိုလက်ရာမြောက်ပါတယ် ။
လောင်းကစားရုံထဲမှာ လျှောက်ပတ် ကြည့်နေရင်းနဲ့ပဲ လီဖူချန်းဟာ ကျောက်တုံးလောင်းကစားရုံရဲ့ ခုနစ်ထပ်မြောက်ကို ရောက်ရှိလာခဲ့ပါပြီ ။
သည်အထပ်မှာ ရှိနေတဲ့ ကောင်းကင်ဘုံ သတ္တုတုံး တစ်တုံးရဲ့ တန်ဖိုးကတော့ အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃၀၀ ရှိပါတယ် ။ ဒါက တခြားမြို့ကြီးတွေကထက်ကို တန်ဖိုးနှစ်ဆ ပိုများတယ်လို့ ဆိုရပါမယ် ။
' လခွီးတယ် ။ သည်အထပ်မှာလည်း အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံး တစ်တုံးမှ မရှိပါလား '
လီဖူချန်းက စိတ်ထဲကနေ ညည်းတွားလိုက်မိပါတယ် ။
သူက အခုဆိုရင် အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံး ဆယ်တုံးပါတဲ့ သတ္တုတုံး ဆယ်တုံးကိုတောင် ဝယ်ခဲ့ပြီးပါပြီ ။ ဒါပေမဲ့ အခုထက်ထိ သူဟာ အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံးရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရသေးပါဘူး ။
အဲသည်နောက်မှာတော့ သူဟာ ရှစ်ထပ်မြောက်ကို တက်လာခဲ့ပါတယ် ။
အစတုန်းကတော့ လီဖူချန်းဟာ ကျောက်တုံးလောင်းကစားရုံ ရှစ်ထပ်မြောက်မှာလည်း အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံး ရှိမယ်လို့ မထင်ထားခဲ့ပါဘူး ။ ဒါပေမဲ့ ဆယ့်တစ်တုံးမြောက် သတ္တုတုံးကို ဝယ်ပြီးတဲ့အချိန်မှာတော့ သူ့ရဲ့ အသက်ရှုဖို့ကိုတောင် ခေတ္တခဏ မေ့လျော့သွားခဲ့ပါပြီ ။
ဘာဖြစ်လို့လဲဆိုတော့ သူဟာ လှပလွန်းလှတဲ့ လက်ဖက်ရည်ကြမ်း ပန်းကန်လုံး တစ်ခုအရွယ် စိမ်းပြာရောင် ကျောက်တုံးတစ်ခုကို သတ္တုတုံး တစ်ခုထဲမှာ တွေ့လိုက်ရလို့ပဲ ဖြစ်ပါတယ် ။
သည်ကျောက်တုံးနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ သူအရင်က မြင်ခဲ့ဖူးတဲ့ အဆင့်နိမ့် ကောင်းကင်ဘုံ ကျောက်တုံးတွေ ၊ အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးတွေဟာ လုံးဝ ကျောက်ရိုင်းတွေပါပဲ ။အဲဒါတွေက ကြည့်ဖို့တောင် မထိုက်တန်တော့ပါဘူး ။
အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံး……
ဒါက သေချာပေါက် အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံးပါပဲ ။
လီဖူချန်းက အရူးတစ်ယောက် ဖြစ်နေရင်တောင်မှ သည်ကျောက်တုံးဟာ အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံး ဖြစ်တယ်ဆိုတာကို သိနိုင်ပါသေးတယ် ။
သည်ကောင်းကင်ဘုံကျောက်တုံးက လက်ဖက်ရည်ကြမ်း ပန်းကန်လုံး တစ်ခုအရွယ် ဆိုပေမယ့် တန်ဖိုးအနေနဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သိန်း ဒါမှမဟုတ် သုံးသိန်းထက် လျော့နည်းစရာ အကြောင်း မရှိပါဘူး ။
ဒါတောင်မှ ဒါက အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံးသာ ရှိပါသေးတယ် ။ အကောင်းစား ကောင်းကင်ဘုံကျောက်တုံး ဆိုရင်တော့ ဘယ်လောက်တောင် တန်ဖိုးရှိမယ် မသိပါဘူး ။
သည်နေရာမှာ တစ်ခု သိထားရမှာကတော့ အကောင်းစား ကောင်းကင်ဘုံကျောက်တုံးတွေကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝယ်လို့ မရဘူး ဆိုတာပါပဲ ။ အကောင်းစား ကောင်းကင်ဘုံကျောက်တုံးတွေ ဆိုတာက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ပဲ ဝယ်လို့ ရပါတယ် ။
လက်သီးဆုပ် တစ်လုံးစာလောက်ရှိတဲ့ အကောင်းစား ကောင်းကင်ဘုံကျောက်တုံး ဆိုတာက အနည်းဆုံး အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းပါပဲ ။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်း ဆိုတာက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာနဲ့ မခြားနားလှပါဘူး ။
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ဆိုတာက ချီကလန်လိုမျိုး ကလန် သုံးဆယ်လောက်ကို အသာလေး ဖွဲ့စည်းတည်ထောင်နိုင်ပါတယ် ။
" သည်အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံးနဲ့ ဆိုရင်တော့ ငါ့ရဲ့ အညှာအတာမဲ့ မျှောလွင့်မီးလျှံက တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို မရောက်နိုင်စရာ အကြောင်း မရှိတော့ဘူး "
လီဖူချန်းက မပြုံးမိဘဲ မနေနိုင်တော့ပါဘူး ။
အဲသည်နောက်မှာတော့ သူဟာ သူတွေ့ထားတဲ့ သတ္တုတုံးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးရာပေးပြီး ဝယ်လိုက်ပါတော့တယ် ။
ကျောက်တုံးလောင်းကစားရုံရဲ့ ကိုးထပ်မြောက်ကို အရောက်မှာတော့ လီဖူချန်းဟာ နောက်ထပ်တစ်ကြိမ် အသက်ရှုဖို့ မေ့လျော့သွားခဲ့ပြန်ပါပြီ ။ ဘာဖြစ်လို့လဲဆိုတော့ သူက နောက်ထပ် အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံး တစ်တုံးကို ထပ်တွေ့လိုက်ရလို့ပါပဲ ။
သည်တစ်ကြိမ် တွေ့ရတဲ့ အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံးကတော့ ဖလားခွက် တစ်လုံးစာလောက်ရှိပြီး သန့်စင်မှု အရည်အသွေးကလည်း ပထမ သူတွေ့ခဲ့တဲ့ အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံးထက် ပိုကောင်းနေသေးတယ်လို့ ဆိုရပါမယ် ။
တစ်ချိန်တည်းမှာပဲ လီဖူချန်းက သည်ကောင်းကင်ဘုံ ကျောက်တုံးကိုသာ လေလံပစ်လိုက်မယ်ဆိုရင် သူ့ရဲ့ ကြွယ်ဝ ချမ်းသာမှုဟာ အလယ်အလတ် ဝိညာဉ်ကျောက်တုံး တစ်သန်း ဒါမှမဟုတ် နှစ်သန်းအထိ ခုန်တက်သွားလောက်တယ်လို့ ခန့်မှန်းလိုက်မိပါတယ် ။
" ကြည့်ရတာတော့ သည်လောင်းကစားရုံမှာ နောက်ထပ် အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံးတွေ မရှိတော့ပုံပဲ ။ အင်း…… ငါသည်ကနေ ထွက်ဖို့ အချိန်တန်ပြီ ထင်ပါရဲ့ "
အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံးတွေ ပါဝင်တဲ့ သတ္တုတုံး အတုံး သုံးဆယ်ကျော်နဲ့ အလယ်အလတ်အဆင့် ကောင်းကင်ကျောက်တုံး နှစ်တုံး ပါဝင်တဲ့ သတ္တုတုံး နှစ်တုံးကို ဝယ်ယူပြီးတဲ့ အချိန်မှာတော့ လီဖူချန်းဟာ ကျောက်တုံးလောင်းကစားရုံ ထဲကနေ ထွက်ခွာသွားခဲ့ပါပြီ ။ အခုအချိန်က သူ့အနေနဲ့ မြို့ထဲမှာ တည်းခိုဖို့ နေရာ ရှာရမယ့် အချိန် မဟုတ်ပါလား ………။
*****------****-----****-------*****-------
နန်ရှန်းမြို့ရဲ့ အဓိက လမ်းမကြီး ထက်မှာတော့ ချီကျွင်းကျွင်း နဲ့ ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပနေတဲ့ လူကြီးဟာ စကား အေးအေးလူလူ ပြောရင်းနဲ့ လျှောက်လှမ်းနေကြပါတယ် ။
" ဦးလေးငါး…… သမီးကြားတာကတော့ ခရမ်းရောင်နေ လေလံပွဲရဲ့ နောက်ဆုံးပိတ် လေလံတင်မယ့် ပစ္စည်းက ကောင်းကင်အဆင့်နိမ့် လက်နက်တစ်ခုဆို ။ အဲဒါက အမှန်ပဲလား "
အဲသည်မေးခွန်းကို မေးလိုက်သူကတော့ ချီကျွင်းကျွင်းပါပဲ ။
ဦးလေးငါးဆိုသူက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်ပါတယ် ။
" ခရမ်းရောင်နေ လေလံပွဲက သုံးနှစ်မှတစ်ကြိမ် ကျင်းပတဲ့ လေလံပွဲ တစ်ခုပဲ ။ လေလံပွဲ ကျင်းပတဲ့ အကြိမ်တိုင်းမှာလည်း နောက်ဆုံးပိတ် လေလံတင်မယ့် ပစ္စည်းက အင်မတန် ရှားပါးတဲ့ ပစ္စည်းတွေ ဖြစ်နေလေ့ရှိတယ် ။ အရင်တစ်ခေါက်တုန်းကဆိုရင် ပေအနည်းငယ် မြင့်တဲ့ အလယ်အလတ်အဆင့် ကောင်းကင်ကျောက်တုံး တစ်တုံးကိုတောင် ရောင်းသွားသေးတယ် ။ အဲသည်တော့ ငါ့တူမ ကြားထားတဲ့ သတင်းက မမှားလောက်ဘူး ။ ဒါပေမဲ့ အဲသည်ပစ္စည်းတွေအကြောင်းကို ငါ့တူမ အနေနဲ့ မေ့ထားလိုက်တာ အကောင်းဆုံးပဲ ။ အဲဒါတွေက ဦးလေးတို့ လက်လှမ်းမီနိုင်တဲ့ ပစ္စည်းတွေ မဟုတ်ဘူးကွဲ့ ။သည်တစ်ခါ လေလံပွဲကို တက်ရောက်ရတဲ့ ဦးလေးတို့ရဲ့ ရည်ရွယ်ချက်က မြေကမ္ဘာ အထွတ်အထိပ်အဆင့် ပစ္စည်းတစ်ခုခု ဒါမှမဟုတ် မှော်ဝင် ရတနာပစ္စည်း တစ်ခုခု ရဖို့ပဲ "
ဦးလေးငါး ဆိုသူ ပြောတာက မမှားလှပါဘူး ။ပေအနည်းငယ်မြင့်တဲ့ အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံး ဒါမှမဟုတ် ကောင်းအဆင့်နိမ့် လက်နက်ပစ္စည်း ။ သည်အရာနှစ်ခုစလုံးက ထိပ်တန်း မူလပင်လယ်နယ်ပယ် ဘုရင်တွေ ဒါမှမဟုတ် အကြို ဧကရာဇ်တွေနဲ့သာ သက်ဆိုင်တဲ့ အရာတွေပါပဲ ။ သာမန် မူလပင်လယ်နယ်ပယ် ဘုရင်တွေကတော့ ဘယ်လိုမှ သည်အရာတွေကို ဝင်ပြီး လေလံဆွဲနိုင်စရာ အကြောင်း မရှိပါဘူး ။
" ဟုတ်ကဲ့ပါ …… ဦးလေးငါး "
ချီကျွင်းကျွင်းက ခေါင်းညိတ်ပြလိုက်ပါတယ် ။သူမကလည်း သူမတို့ ချီကလန်အကြောင်း သိပြီးသားပါပဲ ။ ချီကလန်က နန်ရှန်းမြို့မှာဆိုရင် ပထမတန်းစား ကလန်တစ်ခု ဖြစ်ပေမယ့် လဝန်းနီ အင်ပိုင်ယာ တစ်ခုလုံးနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ တတိယတန်းစား ဘုရင်အဆင့် ကလန်တစ်ခုထက် မပိုပါဘူး ။
သည်ခရမ်းရောင်နေ လေလံပွဲ ဆိုတာက နန်အန်းစီရင်စု တစ်ခုလုံးမှာရှိတဲ့ အင်အားကြီး အဖွဲ့အစည်းတိုင်း လာရောက်လေ့ ရှိကြတဲ့ လေလံပွဲ တစ်ခုပါပဲ ။ အဲသည်အတွက် တတိယတန်းစား ဘုရင်အဆင့် ကလန်တွေအပြင် ဒုတိယတန်းစား ဘုရင်အဆင့် ကလန်တွေ နဲ့ ဘုရင်အဆင့် ဂိုဏ်းတွေဟာလည်း သည်လေလံပွဲကို တက်ရောက်ကြမှာ ဖြစ်ပါတယ် ။
……………
ဆီးနှင်းကကြိုး စားသောက်ဆိုင်…………
သည်စားသောက်ဆိုင်ကတော့ နန်အန်းမြို့တော်ရဲ့ ထိပ်တန်းစားသောက်ဆိုင် ဆယ်ခုထဲက တစ်ခုပါပဲ ။
စားသောက်ဆိုင်ရဲ့ အမြင့်ဆုံးအထပ် သီးသန့်ခန်းတစ်ခု အတွင်းတစ်နေရာမှာတော့ သက်တံနီ ဘုရင် နဲ့ မျက်လုံးသုံးလုံး ဓားမော့ဘုရင်တို့ဟာ သေရည် သောက်သုံးနေကြပါတယ် ။
" ကောင်းလိုက်တဲ့ သေရည်ပါလား ……သည်သေရည်ကို ကျုပ်သောက်လိုက်တိုင်းမှာ ကျုပ်ရဲ့ ငယ်ဘဝကိုတောင် ပြန်သတိရလာသလိုပဲ"
မျက်လုံးသုံးလုံး ဓားမော့ဘုရင်က သူ့ရဲ့ လက်ထဲက သေရည်ခွက်ကို တစ်ရှိန်ထိုးမော့ချလိုက်ပြီး ခံစားချက် အပြည့်နဲ့ ချီးကျုးလိုက်ပါတယ် ။
သက်တံနီ ဘုရင်ကတော့ ခပ်ပေါ့ပေါ့လေး ရယ်သွမ်းလိုက်ပြီး
" ဘဝဆိုတာက ပျော်ရွှင်စရာတွေ နဲ့ ဝမ်းနည်းစရာတွေကို ရောပြွမ်းထားတဲ့ အရာပဲ ။ သည်တော့ သေရည်ကလည်း သည်လိုပဲ နေမယ် "
မျက်လုံးသုံးလုံး ဓားမော့ဘုရင်က ခေါင်းညိတ်လိုက်ပြီး
" မှန်တာပေါ့ဗျာ ။ သေရည်ရဲ့ အရသာကို မြည်းစမ်းကြည့်ရတာက ဘဝရဲ့ အရသာကို မြည်းစမ်းကြည့်နေရသလိုပဲဗျ ။ ဒါပေမဲ့ ဘဝ နဲ့ သေရည်က ထပ်တူတော့ မကျဘူးဗျ "
မျက်လုံးသုံးလုံး ဓားမော့ဘုရင်က သေရည်ကို မျက်လုံးမှိတ် အရသာ ခံလိုက်ပြီး သူ့ရဲ့ စကားကို ထပ်ဆက်ပါတယ် ။ သည်တစ်ခါ သူ့ရဲ့ လေသံကတော့ လေးနက်နေခဲ့ပါပြီ ။
" ခရမ်းရောင်နေ လေလံပွဲကို ဘုရင်တွေ အများကြီး လာကြမှာ အသေအချာပဲ ။ အဲသည်တော့ ကောင်းကင် အဆင့်နိမ့် ရတနာဓားကို လေလံဆွဲနိုင်ဖို့က လွယ်မှာ မဟုတ်ဘူး ။ ဂိုဏ်းချုပ်…… ကျုပ်တို့အနေနဲ့ အစွမ်းထက်တဲ့ အင်အားစုတချို့ကို ရန်စမိသွား နိုင်တယ်နော့ "
သက်တံနီဘုရင်က သူ့ရဲ့ ခွက်ထဲကို သေရည်အနည်းငယ် ထပ်ပြီး လောင်းထည့်လိုက်ပါတယ် ။ ဒါပေမဲ့ သူက သောက်သုံးခြင်းတော့ မရှိခဲ့ပါဘူး ။ အဲသည်အစား သူက လေသံ တိုးတိုးနဲ့
" ကောင်းကင်အဆင့် လက်နက်ပစ္စည်း ဆိုတာက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာတောင်မှ အတော်ရှားတဲ့ အရာပဲ ။သည်လက်နက် ပစ္စည်းတွေ ပေါ်လာတိုင်းမှာလည်း သွေးချောင်းစီး တိုက်ပွဲတွေ ဖြစ်လေ့ရှိတယ် ။ ကျုပ်လည်း ခင်ဗျားပြောတဲ့ အချက်ကို သတိပြုမိပါတယ် ။ ဒါပေမဲ့ ဘာမှ မတတ်နိုင်ဘူးလေဗျာ ။ ကျုပ်က ကောင်းကင်အဆင့် ဓားတစ်လက် ရမှကို ဖြစ်မှာ ။ တကယ်လို့ ကျုပ်လက်ထဲမှာ ကောင်းကင်အဆင့် ဓားတစ်လက် ရှိနေပြီဆိုရင် အကြိုဧကရာဇ် တစ်ပါးနဲ့ ရင်ဆိုင်တွေ့ရင်တောင်မှ ကြောက်စရာမလိုတော့ဘူးဗျ "
တကယ်တမ်း အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင်တော့ သက်တံနီဘုရင်ဟာ ကောင်းကင်အဆင့်နိမ့် ဓားတစ်လက်ကို မပိုင်ဆိုင်ထားရင်တောင်မှ အကြိုဧကရာဇ်တွေကို ကြောက်နေစရာ မလိုပါဘူး ။ သူက အကြိုဧကရာဇ်တွေကို အနိုင်မယူနိုင်ရင်တောင်မှ အေးအေးဆေးဆေး ထွက်ပြေး လွတ်မြောက်နိုင်ပါတယ် ။ဒါပေမဲ့ သူ့လက်ထဲမှာ ကောင်းကင်အဆင့်နိမ့် ဓားတစ်လက် ရှိနေရင်တော့ အခြေအနေတွေက ကွဲပြား ခြားနားသွားပါပြီ ။ ကောင်းကင်ဘုံ အဆင့်နိမ့် ဓားနဲ့ ဆိုရင်တော့ သူဟာ အကြိုဧကရာဇ်တွေ အေးအေးဆေးဆေး အနိုင်ယူနိုင်လောက်ပါတယ် ။
………
လီဖူချန်းကတော့ ခရမ်းရောင်နေ လေလံပွဲနဲ့ ပက်သက်ပြီး ဘာဆို ဘာမှ မသိသေးပါဘူး ။
သူက ဧည့်ရိပ်သာ တစ်ခုရဲ့ သီးသန့်ခြံဝင်းတစ်ခုထဲမှာ တံခါးပိတ် ကျင့်ကြံနေပြီး အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံးကို နားလည်သဘောပေါက်နိုင်ဖို့ ကြိုးစားနေပါတယ် ။
သူ့အတွက်ကတော့ သည်အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံးကို နားလည်သဘောပေါက်အောင် လုပ်ရတာက လုံးဝ မလွယ်ကူပါဘူး ။ သည်ကျောက်တုံးထဲမှာ ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသတွေက အလွန်အမင်းကို သိပ်သည်းလွန်းနေပါတယ် ။ လီဖူချန်းရဲ့ အဖြစ်ကတော့ မွေးကင်းစ ကလေးငယ် တစ်ဦးက အစာ တောင်းနေသလိုပါပဲ ။
မီးတာအို ဥပဒေသတွေ ……
ဓားတာအို ဥပဒေသတွေ ……
လေတာအို ဥပဒေသတွေ ……
သည်ဥပဒေသ သုံးခုကိုတော့ လီဖူချန်းဟာ အများဆုံး နားလည်သဘောပေါက် ခဲ့ပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ဓားသိုင်းတွေက သည်ဥပဒေသ သုံးမျိုးအပေါ်မှာ အခြေခံထားလို့ပါပဲ။
ကျန်တဲ့ ဥပဒေသတွေကိုတော့ လီဖူချန်းက သာမန်လောက်သာ နားလည် သဘောပေါက်ခဲ့ပါတယ် ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ သာမန် သဘောပေါက်မှုက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင်တွေထက်တော့ သာလွန်နေဆဲပါပဲ ။
မီးတာအို ဥပဒေသတွေ နဲ့ ဓားတာအို ဥပဒေသတွေကို လုံလောက်တဲ့ အဆင့်တစ်ခုအထိ နားလည်သဘောပေါက်ခဲ့ အပြီးမှာတော့ လီဖူချန်းဟာ ဓားသိုင်းအရာမှာ ပိုပြီး ဉာဏ်ကွန့်မြူးလာခဲ့ပါတယ် ။
" အညှာအတာမဲ့ မျောလွင့် မီးလျှံ "
ရွှပ်……
သူက သူ့ရဲ့ ညာဘက်လက်ညှိုး နဲ့ လက်ခလယ်ကို ပူးပြီး ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ကြက်သွေးရောင် တောက်ပနေတဲ့ ဓားအလင်းတန်း တစ်ခုဟာ လေထုထဲမှာ နူးညံ့သိမ်မွေ့စွာ ဖြစ်တည်လာခဲ့ပါပြီ ။
အဲသည် ဓားအလင်းတန်းဟာ အချိန် အတော်ကြာတဲ့အထိ မပျက်စီးသွားခဲ့ပါဘူး ။
တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်……
နောက်ဆုံးမှာတော့ လီဖူချန်းရဲ့ အညှာအတာမဲ့ မျောလွင့်မီးလျှံဟာ တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ ။ ပြီးတော့ ဓားဆန္ဒဟာလည်း လုံးဝ အပြစ်အနာအဆာ မရှိတော့ပါဘူး ။
တစ်ချိန်တည်းမှာပဲ လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ အုပ်စိုးသူ ဆရာသခင် အဆင့်ကို ရောက်သွားခဲ့ပါတယ် ။ သူက အခုဆိုရင် သာမန် အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေကိုတောင် ရင်ဆိုင်နိုင်စွမ်း ရှိလာခဲ့ပါပြီ ။
တကယ်လို့သာ လီဖူချန်းက သူ့ရဲ့ ဓားသိုင်းကို သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှု ၊ ပုံရိပ်ယောင် တိုက်ခိုက်မှု အတတ်ပညာတို့နဲ့ ပေါင်းလိုက်မယ်ဆိုရင် သူ့အနေနဲ့ အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေကိုတောင် သတ်ကောင်း သတ်နိုင်လောက်ပါတယ် ။
" လောင်ကျွမ်းခြင်းဓား "
နောက်ထပ် အလှည့်ကျတာကတော့ လောင်ကျွမ်းခြင်း ဓားပါပဲ ။ လီဖူချန်းက သူ့ရဲ့ ဓားလက်ချောင်းကို နောက်ထပ်တစ်ကြိမ် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ လေထုဟာ ရုတ်ချည်း သိပ်သည်းသွားပြီး ကြက်သွေးရောင် ပူဖောင်းလေး တစ်လုံးကို ဖြစ်တည်စေခဲ့ပါပြီ ။
သည်တစ်ကြိမ်မှာတော့ ကြက်သွေးရောင် ပူဖောင်းလေးဟာ အခါတိုင်းလို တန်းပြီး မပေါက်ကွဲသွားခဲ့ပါဘူး ။
တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်……
လောင်ကျွမ်းခြင်းဓားကလည်း တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို ရောက်သွားပြီဆိုတာ အသိသာကြီးပါပဲ ။ သည်ဓားကွက်ကတော့ တတ်သိနားလည်ခြင်း အဆင့်ကနေ အဆင့်နှစ်ဆင့် တစ်ခါတည်း ခုန်တက်သွားပြီး တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို ရောက်သွားခဲ့တာပါ ။
" ကောင်းကင်စက်ကွင်း ဓားအကာအကွယ် "
အဲသည်နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ လက်ကို နောက်ထပ်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်ပါတယ် ။
ချွမ်……
ဓားစက်ကွင်း အကာအကွယ် တစ်ခုက လီဖူချန်းကို လွှမ်းခြုံသွားခဲ့ ပြန်ပါပြီ ။ သည်ဓားကွက်ကလည်း တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်မှာပါပဲ ။
ကောင်းကင်အဆင့် ဓားကွက် သုံးကွက်စလုံး တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို ရောက်သွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ မယုံနိုင်စရာ ကောင်းတဲ့ အဆင့်တစ်ခုကို ရောက်သွားခဲ့ပြီလို့ ဆိုရပါမယ် ။
တကယ်လို့ အခုချိန်မှာသာ လီဖူချန်းဟာ မြေကမ္ဘာမီးလျှံဘုရင်နဲ့ ပြန်ပြီး တွေ့ရမယ်ဆိုရင် သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှု နဲ့ ပုံရိပ်ယောင် တိုက်ခိုက်မှု အတတ်ပညာကိုတောင် ထုတ်သုံးစရာ လိုတော့မှာ မဟုတ်ပါဘူး ။သူက ဓားသိုင်း သက်သက်နဲ့တင် မြေကမ္ဘာမီးလျှံ ဘုရင်ကို ဖိနှိပ်နိုင်စွမ်း ရှိနေခဲ့ပါပြီ ။
" ကြယ်ကြွေ "
ကောင်းကင်အဆင့် ဓားကွက် သုံးကွက်ကို တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ရောက်အောင် လေ့ကျင့်နိုင်ခဲ့တာက လီဖူချန်းရဲ့ ကန့်သတ်ချက် မဟုတ်သေးပါဘူး ။ သူက ကြယ်ပျံဓားဆန္ဒကိုလည်း ကောင်းကင်အဆင့် ရောက်သွားအောင် အဆင့်မြှင့်တင် နိုင်ခဲ့ပါသေးတယ် ။
ရွှီး……
လီဖူချန်းက သူ့ရဲ့ ဓားကို ဆန့်တန်းလိုက်တဲ့အခါမှာတော့ တောက်ပလွန်းလှတဲ့ ဓားချီတစ်ခုဟာ ခြံဝင်းရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်စီကို တိုးဝင်သွားခဲ့ပါပြီ ။
ဖောက်……
အဲသည်နောက်မှာတော့ ဓားချီဟာ မယုံနိုင်စရာ ကောင်းလောက်အောင် လျင်မြန်တဲ့ အရှိန်နဲ့ ခြံဝင်းရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်စီကို အပေါက်ငယ်လေး တစ်ခုဖြစ်အောင် ထိုးဖောက်သွားပါတော့တယ် ။ ခြံဝင်းရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်စီဟာ ဓားချီကြောင့် ပျက်စီးသွားလု နီးပါးပါပဲ ။
" ဟင်…… အချိန်က နှေးသွားတာလား "
လီဖူချန်းက မျက်ခုံး ပင့်လိုက်မိပါပြီ ။
ဘာဖြစ်လို့လဲ ဆိုတော့ သူက ကြယ်ကြွေဓားကွက်ကို ထုတ်လိုက်တဲ့ အချိန်မှာ အချိန်စီးဆင်းမှုဟာ အနည်းငယ် နှေးကွေးသွားသလို ခံစားလိုက်ရလို့ပါပဲ ။
အချိန်ကတော့ ပုံမှန်အတိုင်း စီးဆင်းနေတဲ့အတွက် ဘယ်လိုမှ နှေးသွားစရာ အကြောင်း မရှိပါဘူး။ ဖြစ်နိုင်တာကတော့ ဓားချီက လျင်မြန်လွန်းလှတဲ့အတွက် သူ့ရဲ့စိတ်ဟာ အချိန်နှေးသွားတယ်လို့ ထင်ယောင်ထင်မှား ဖြစ်သွားတာပဲ ဖြစ်ရပါမယ် ။
နောက်ထပ် သုံးရက်အကြာမှာတော့ လီဖူချန်းဟာ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပါတော့တယ် ။
" ခရမ်းရောင်နေ လေလံပွဲ ဟုတ်လား ။ ကောင်းကင်အဆင့်နိမ့် ဓားကို လေလံပစ်မှာ ဟုတ်လား "
တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီးပြီးချင်းမှာပဲ သူဟာ ခရမ်းရောင်နေ လေလံပွဲအကြောင်းကို ကြားသိသွားခဲ့ပါပြီ ။
" အင်း.…… ကောင်းကင်အဆင့်နိမ့်ဓားကတော့ ငါနဲ့ ဘာမှ မဆိုင်ဘူး ။ ဒါပေမဲ့ လေလံပွဲမှာ တခြား ပစ္စည်းကောင်းလေးတွေ လေလံပစ်လိုပစ်ငြား သွားကြည့်မှပဲ "
ခရမ်းရောင်နေ လေလံပွဲအကြောင်းကို ကြားသိပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းဟာ လေလံပွဲကို တက်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။
အခု သူ့ဆီမှာက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးသိန်းနီးပါး ရှိနေတာပါ ။ သည်လောက်များတဲ့ ဝိညာဉ်ကျောက်တုံးပမာဏက သိုလှောင်အိတ်ထဲမှာ နေရာယူထားရုံကလွဲပြီး သူ့အတွက် အကျိုးကျေးဇူး သိပ်မရှိပါဘူး ။
အဲသည်အတွက် လေလံပွဲကို တက်ရောက်ပြီး ဝိညာဉ်ကျောက်တုံးတွေကို သုံးပစ်တာက မှန်ကန်တဲ့ နည်းလမ်း တစ်ခုလို့ ဆိုရပါမယ် ။
***