အထွတ်အမြတ်သားရဲနှစ်ကောင် တိုက်ခိုက်ခြင်း
Vol. 18 Ch. 352
“ဘာတွေဖြစ်နေတာလဲ ဘာဖြစ်တာလဲ” တောင်ငယ်တစ်လုံးပေါ် တက်ပြီးနောက် ပေထင်းဟွမ်သည် ခြေလှမ်းများကိုရပ်ကာ နေဝင်ရီတရော အလင်းရောင် မှိန်ပျပျအောက်တွင် ကြည့်နေသည်။ အသီးအရွက်များမှာ စိမ်းစိုနေပြီး လေတိုက်သည့်အရိပ်အယောင်ပင် မတွေ့ရပေ။ အရာအားလုံး သည် အေးခဲနေသလိုပင်။
လေထုသည် အလွန်ပင်ထူးဆန်းလှသည်။ ချူဖုန်းသည် စိတ်မအေးသလို ခံစားလိုက်ရသည်။ သူ ဒုက္ခရောက်၍ရသည်။ အသက်ဆုံးရှုံးသည့်တိုင်အောင် ကိစ္စမရှိပေ။ သို့သော် ပေထင်းဟွမ်ကိုတော့ ဘာမှအဖြစ်မခံနိုင်ပေ။
“ရှောင်ကျို့.. ဒါကိုက ဝိညာဉ်ခွဲချောက်ရဲ့ အနက်ဆုံးအပိုင်းကိုရောက်နေ ပြီ.. အန္တရာယ်များတဲ့ ရွှံ့ညွန်အစွန်းပိုင်းနဲ့တောင် နီးနေပြီ.. ယုတ္တိကျကျပြောရ ရင် အဲဒီမှာ မှော်သားရဲတွေ အများကြီးရှိတယ်.. အခုထိ ငါတို့တွေ ဘာမှမတွေ့ရ သေးဘူး.. ဒါက ပုံမှန်မဟုတ်ဘူး… အရင်ဆုံး ဒီကနေသွားရအောင်” ချူဖုန်း သည် ပေထင်းဟွမ်၏လက်ကိုဆွဲကာ သူမ၏ခြေလှမ်းတိုင်းကို ကာကွယ်နေ သည်။ သူ၏ မျက်လုံးများသည် ပတ်ပတ်လည်ကို အကဲခတ်နေကာ စိတ်မအေး နိုင်ပေ။
“ဟုတ်ပြီ” ပေထင်းဟွမ်သည် လှည့်ပြီး ပြန်လျှောက်လာခဲ့သည်။ ၎င်းသည် အထွတ်အမြတ်သားရဲ၏ ပိုင်နက်ဖြစ်သည့်တိုင်အောင် မှော်သားရဲ များအားလုံးကို နှင်ထုတ်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် အချိန်မှာ နွေရာသီဦးပိုင်း ဖြစ်ပြီး တောထဲတွင် လေတစ်ချက်မှ မတိုက်ပေ။ ၎င်းသည် ပုံမှန်မဟုတ်ပေ။
သူတို့နှစ်ယောက်သည် ခြေထောက်ကို စွမ်းအင်ထည့်ကာ ပိုမြန်မြန် ထွက်ခွာနိုင်ရန် ပြင်ဆင်လိုက်သည်။ ဤကဲ့သို့နေရာမျိုးတွင် တစ်မိနစ်ကြာကြာ နေလေ ပိုအန္တရာယ်များလေဖြစ်သည်။ ဖြစ်နိုင်သလောက် မြန်မြန်ထွက်ခွာ လိုက်သည်က ပိုကောင်းမည်။
ဤအခိုက်အတန့်တွင် ပေထင်းဟွမ်၏ အသိစိတ်ပင်လယ်ထဲ၌ အသံတစ် ခုထွက်ပေါ်လာသည် “သခင် သခင် မြန်မြန် မြန်မြန် ဟိုဘက်က တောင်အောက်မှာ အထွတ်အမြတ်သားရဲနှစ်ကောင် တိုက်ခိုက်နေကြတယ်”
“အထွတ်အမြတ်သားရဲနှစ်ကောင်ဟုတ်လား” ပေထင်းဟွမ်သည် ထိတ်လန့်သွားသည်။ ချူဖုန်းမှ သူမကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခြင်းကြောင့် သာမဟုတ်လျှင် သူမသည် ကြောက်လန့်မှုကြောင့် လဲကျသွားနိုင်သည်။ “အထွတ်အမြတ်သားရဲလား.. သူတို့တွေက တကယ်ကြီး အထွတ်အမြတ် သားရဲလား.. ဒီမှာ ဘာလို့အထွတ်အမြတ်သားရဲရှိနေတာလဲ”
နွယ်ပင်လေးသည် ဆွံ့အသွားသည်။ သူသာ လူသားဖြစ်လျှင် မျက်မှောင် ကြုတ်သွားမည်ဟု ပေထင်းဟွမ်ခန့်မှန်းမိသည်။ “သခင် ဒီလောက် အနက်ကြီး ထိလာတာ အထွတ်အမြတ်သားရဲလာရှာတာမဟုတ်ဘူးလား.. ဒီအထွတ် အမြတ်သားရဲနှစ်ကောင်က မှော်သားရဲအုပ်ကြီးကို ဦးဆောင်ပြီး တိုက်ခိုက်နေ တာ အသေအပျောက်များနေပြီ”
အပင်အမျိုးအစား မွန်မြတ်သောသားရဲ၏ ထောက်လှမ်းနိုင်စွမ်းမှာ ရိုးရှင်းစွာပင် သန်မာလှသည်။ နွယ်ပင်လေးသည် အဖြူရောင်အမွေးပွလုံး ၃၆ လုံးကို လွှတ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူမသည် တောင်ပေါ်မှ တိုက်ပွဲအကြောင်းကို ပိုသိချင်သည်။
“အသေအပျောက် အရမ်းများလား” ပေထင်းဟွမ်၏ မည်းနက်သော မျက်လုံးများထဲတွင် အရောင်လက်လာသည်။ သူမ၏ လှပသောနှုတ်ခမ်း ထောင့်များသည် အနည်းငယ်တွန့်ကွေးသွားသည်။ သူမသည် ဘာမှမရှိသည့် မေးစေ့ကိုပွတ်ကာ ခေတ္တမျှ စဉ်းစားနေသည် “သွားကြည့်ရအောင်”
ချူဖုန်းသည် အခြေအနေကိုမမေးတော့ပေ။ ပေထင်းဟွမ် သွားကြည့်ချင် သည်ဟု ဆိုရာ သူသည် ငြင်းစရာမရှိပေ။ အကယ်၍ သူသာ အန္တရာယ်နှင့် ကြုံရမည်ဆိုပါက အသက်နှင့်ရင်းပြီး သူမကို ကာကွယ်မည်ဖြစ်သည်။
သူတို့နှစ်ယောက်သည် ရောင်ဝါများကို ရုတ်သိမ်းကာ နွယ်ပင်လေးပြော သည့် တောင်တန်းဆီသို့ ခိုးကြောင်ခိုးဝှက်နှင့်လာခဲ့ကြသည်။ အဝေး တောင်ထိပ်မှ အထွတ်အမြတ်သားရဲ၏ဖိအားကို ခံစား၍ရနေသည်။ လေထဲမှ ထူထဲသောရောင်ဝါကြောင့် သူတို့နှစ်ယောက် ဖြတ်သွားရန်ပင် ခက်ခဲလှသည်။
ဖိအားအောက်တွင် သူတို့နှစ်ယောက်သည် တစ်နာရီကြာအောင် လှည့်ပတ်ပြီးနောက် တောင်တစ်ဝက်ခန့်တွင် ပြူးထွက်နေသော ကျောက်တုံး ကြီးနောက်တွင် ပုန်းအောင်းရန် နေရာတစ်ခုကိုရှာတွေ့လေသည်။ ညနေခင်း နောက်ဆုံးအလင်းရောင်နှင့်အတူ သူတို့နှစ်ယောက်သည် တောင်ခြေမှ တိုက်ပွဲ ကို ရှင်းလင်းစွာမြင်နေရသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် နှလုံးခုန်ရပ်တန့် သွားလောက်အောင် ထိတ်လန့်သွားကြ၏။
ရှည်လျားပြီး ကြီးမားသောတောင်ကြားထဲတွင် မှော်သားရဲများ အပုံလိုက် တန်းစီရှိနေပြီး သွေးများသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေသည်။ ပွက်ပွက်ဆူ နေသော သွေးများသည် မြေပြင်အတိုင်းလိုက်၍ ချိုင့်ဝှမ်းအလယ် နိမ့်သော နေရာတွင် စုရုံးကာ သွေးအိုင်များဖြစ်ပေါ်လာသည်။ သွေးနံ့များသည် လေထဲ တွင် ပြည့်နက်သွားသည်။ အနံ့သည်အလွန်ပြင်းလွန်းကာ ရှူလိုက်သည်နှင့် ခပ်ဖျော့ဖျော့ကို ရနိုင်သည်။
တောင်ကြားအထက်ရှိ လေထဲတွင် ညှို့ယူနိုင်သည့် ချောမောလှသော ယောက်ျားသားနှစ်ယောက်သည် ဘယ်ဘက်တစ်ယောက် ညာဘက်တစ် ယောက်ရပ်နေကြသည်။ မီးအရောင်နှင့် အစိမ်းရင့်ရောင် နှစ်ရောင်တို့သည် မီးတောက်ကဲ့သို့ သူတို့ခန္ဓာကိုယ်ပေါ်တွင် ကခုန်နေသည်။