အပိုင်း ၅၆၄
Vol. 42 Ch. 564
သက်တံကောင်းကင်ဓား
သည်တစ်ကြိမ် ခရမ်းရောင်နေ လေလံပွဲက လေလံပစ္စည်း ၁၂၆မျိုးပဲ ရောင်းချမှာ ဖြစ်ပါတယ် ။ အဲသည်အတွက် လေလံအမှတ်စဉ် ၁၀၀မြောက် ပစ္စည်းကို စီမားကလန်က အောင်အောင်မြင်မြင် လေလံဆွဲပြီးတဲ့ နောက်မှာတော့ လေလံပွဲဟာ လုံးဝ အထွတ်အထိပ်ကို ရောက်သွားခဲ့ပါပြီ ။ လူတွေအားလုံးကလည်း နောက်လာမယ့် ပစ္စည်းဟာ ဘာဖြစ်မလဲ ဆိုတာကိုပဲ မျှော်လင့်တကြီးနဲ့ စောင့်စားနေကြပါတော့တယ် ။.
" လေလံပစ္စည်း အမှတ်စဉ် ၁၀၈ ။ အခု လေလံတင်မယ့် ပစ္စည်းကတော့ အရွယ်အစား နှစ်လက်မပတ်လည် ရှိတဲ့ အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံး ဖြစ်ပါတယ် ။ ကောင်းကင်ဘုံ ကျောက်တုံးတွေရဲ့ အကြောင်းကိုတော့ အားလုံးက ရှင်းရှင်းလင်းလင်း သိထားပြီးသားတွေပါပဲ ။ အဲသည်အတွက် ကျုပ်က ထွေထွေထူးထူး ပြောမနေတော့ပါဘူး ။သည်ကောင်းကင်ဘုံ ကျောက်တုံးရဲ့ ကြမ်းခင်းဈေးကတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၅၀၀၀၀ ဖြစ်ပါတယ် ။ ကဲ…… စတင် လေလံဆွဲလို့ ရပါပြီ "
လျိုကျင်းက ဗန်းငယ်လေးကို ဖုံးအုပ်ထားတဲ့ ကတ္တီပါစကို ဆွဲဖယ်လိုက်ပြီး အားလုံးကို ပြောလိုက်ပါတယ် ။
" အိုး…… အဲဒါက တကယ်ကြီး အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံးပဲဟ "
" မဖြစ်ဘူး ။ သည်ဟာကိုတော့ ငါရမှ ဖြစ်မယ် "
အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံးတွေဟာ မူလပင်လယ်နယ်ပယ် ဘုရင်တွေအတွက်တော့ အင်မတန် အရေးကြီးတဲ့ အရာတွေပါပဲ ။
သည်ကောင်းကင်ဘုံ ကျောက်တုံးတွေက ကျင့်ကြံသူတွေကို သိုင်းပညာကို ပိုပြီး နားလည်စေ ၊ အရိုးတည်တောက်ပုံ အင်းကွက်ကို ပိုပြီးနားလည်စေ ဒါမှမဟုတ် သိုင်းတာအို အခြေခံကို ပိုပြီး တိုးတက်စေတာ မဟုတ်ပါလား ။ အပိုတွေပြောတာတော့ မဟုတ်ပါဘူး ။ကောင်းကင်ဘုံကျောက်တုံးတွေ ဆိုတာက ကျင့်ကြံသူတွေရဲ့ သိုင်းတာအို ခရီးကို ပိုပြီး လွယ်ကူချောမွေ့ စေနိုင်ပါတယ် ။
အဲသည်အတွက် သည်အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံး လုပွဲထဲကို အဆင့်မြင့် မူလနယ်ပယ် ဘုရင်တွေတောင် ဝင်လာကြမှာ မြေကြီးလက်ခတ် မလွဲပါဘဲ ။
" ၁၈၀၀၀၀ "
" ၂၀၀၀၀၀ "
" ၂၅၀၀၀၀ "
လေလံဝင်ဆွဲရာမှာ မောက်မာဝင့်ကြွားလွန်းတဲ့ ရွှေလှံဗိုလ် နဲ့ လေပြင်း ဓားဘုရင်တို့တောင်မှ သည်ကောင်းကင်ဘုံကျောက်တုံးကို ဝင်ပြီး ဈေးမပေးရဲတော့ပါဘူး ။
သူတို့လို မူလပင်လယ်နယ်ပယ် အဆင့်၄ ဘုရင်တွေက အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေနဲ့ လိုက်ပြီး ဈေးပြိုင်ပေးနေမယ် ဆိုရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးနေသလိုသာ ဖြစ်နေပါလိမ့်မယ် ။
" ၃၀၀၀၀၀ "
မျက်လုံးသုံးလုံး ဓားမော့ဘုရင်နဲ့အတူ ရှိနေတဲ့ သက်တံနီ ဘုရင်ကလည်း ကောင်းကင်ဘုံကျောက်တုံး လုပွဲထဲကို ဝင်ရောက်လာခဲ့ပါပြီ ။
" သက်တံနီဘုရင် …… ခင်ဗျားက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသိန်းလောက်နဲ့ သည်ကောင်းကင်ဘုံ ကျောက်တုံးကို လိုချင်နေတာလား ။ ဟား……ဟား……ဟား…… "
" ၃၅၀၀၀၀ "
သက်တံနီဘုရင်တို့ရဲ့ ဘေးချင်းကပ် အထူး သီးသန့်ခန်းထဲမှာ ရှိနေတဲ့ ထိပ်ပြောင်ကြီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဈေးထပ်ပေးလိုက်ပါတယ် ။
" ၄၀၀၀၀၀ "
သက်တံနီဘုရင်ကလည်း တစ်ဖက်ခန်းမှာ ရှိနေတဲ့လူကို သိပြီးသားပါပဲ ။ အဲသည်လူက နန်အန်းစီရင်မှာ အခြေချထားတဲ့ ကောင်းကင်ဝင်ရိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကောင်းကင်ဝင်ရိုး ဘုရင်ကလွဲပြီး တခြားသူ ဖြစ်စရာ အကြောင်း မရှိပါဘူး ။ ကောင်းကင်ဝင်ရိုး ဘုရင်ရဲ့ တန်ခိုးအစွမ်းက သူနဲ့ သိပ်မကွာလှဘူးလို့ ဆိုရပါမယ် ။
" ၄၅၀၀၀၀ "
ကောင်းကင်ဝင်ရိုး ဘုရင်က နှုတ်ခမ်း တစ်ချက်တွန့်လိုက်ပြီး ဈေးထပ်ပေးပြန်ပါတယ် ။
" ၅၀၀၀၀၀ "
သက်တံနီ ဘုရင်ကလည်း လုံးဝ အလျော့မပေးပါဘူး ။
သည်လိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ တစ်ခါ ဈေးပေးရင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးသောင်းပေးပြီး ပြိုင်နေကြပါတော့တယ် ။သူတို့ရဲ့ ပြိုင်ဆိုင်မှုက အထူးသီးသန့်ခန်းတွေ အတွင်းမှာရှိတဲ့ လူတွေကိုတောင် မျက်ခုံး လှုပ်စေခဲ့ပါပြီ ။
စီးမာကလန်က အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်ကတော့ သက်ပြင်းချလိုက်ပြီး မှတ်ချက် ပေးလာခဲ့ပါတယ် ။
" ဟူး…… သည်ဘုရင်အဆင့် ဂိုဏ်းတွေက အရမ်း ချမ်းသာလွန်းတာပဲ ။ငါ့အမြင်မှာဆိုရင် သည်ကောင်းကင်ဘုံ ကျောက်တုံးက အများဆုံး တန်မှ လေးသိန်းပေါ့ "
" ၅၅၀၀၀၀ "
" ၆၀၀၀၀၀ "
ကောင်းကင်ဝင်ရိုးစွန်း ဘုရင် နဲ့ သက်တံနီ ဘုရင်ကတော့ ဆက်ပြီး ဈေးပြိုင် ပေးနေကြဆဲပါပဲ ။
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ခြောက်သိန်း………
သက်တံနီဘုရင်က နောက်ဆုံး ဈေးပေးမှု အနေနဲ့ ခြောက်သိန်းအထိ ပေးလိုက်ပါတယ် ။ ဒါက သူ့ရဲ့ နောက်ဆုံး ဈေးပေးမှုပါပဲ ။ သူ့ဆီမှာ နောက်ထပ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ ရှိနေသေးပေမယ့် သူက ခြောက်သိန်းထက်တော့ ပိုပြီး မဖြုန်းချင်တော့ပါဘူး ။
" ဟူး…… မင်းက သည်ကောင်းကင်ဘုံကျောက်တုံး အသေးလေးကို ခြောက်သိန်းအထိ ပေးနေတာလား ။ ဟုတ်ပြီလေ ။ ဒါဆိုရင်လည်း ငါလက်လျော့လိုက်တော့မယ် "
ကောင်းကင်ဝင်ရိုးစွန်း ဘုရင်ကတော့ လက်လျော့သွားခဲ့ပါပြီ ။ သူက သိပ်ပြီး ပျော်နေပုံတော့ မရပါဘူး ။
သည်လိုနဲ့ပဲ အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံးဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ခြောက်သိန်းနဲ့ သက်တံနီဘုရင် လက်ထဲကို ကျရောက်သွားပါတော့တယ် ။
" တောက်…… ငါ့ဆီမှာ သည်ကျောက်တုံးနဲ့ အရည်အသွေးတူတဲ့ ကောင်းကင်ဘုံကျောက်တုံး တစ်တုံး ရှိခဲ့တာပဲ ။ အဲဒါကိုသာ ရောင်းလိုက်မယ်ဆိုရင် အနည်းဆုံးတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး လေးသိန်း ရမှာ "
လီဖူချန်းက စိတ်ထဲကနေပြီး မကျေမချမ်း ရေရွတ်လိုက်မိပါတယ် ။ သူက အခု ခရမ်းရောင်နေ လေလံခန်းမက ရောင်းချတဲ့ ကောင်းကင်ဘုံ ကျောက်တုံးနဲ့ သန့်စင်မှု အရည်အသွေးချင်းတူတဲ့ ထမင်းစားပန်းကန်လုံး တစ်လုံး အရွယ်သာသာ ကောင်းကင်ဘုံကျောက်တုံး တစ်တုံးကိုတောင် စုပ်ယူခဲ့ဖူးတာ မဟုတ်ပါလား ။
" ထားလိုက်ပါတော့ကွာ ။ ငါ့ဆီမှာ ဖလားခွက်တစ်လုံးအရွယ်ရှိတဲ့ အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံး တစ်တုံး ကျန်သေးတာပဲ ။အဲဒါကို နောက်မှ လေလံတင် ရောင်းရမယ် "
ဒါပေမဲ့လည်း လီဖူချန်းက အလျင်အမြန်ပဲ သူ့ကိုယ်သူ ပြန်ဖြေသိမ့်လိုက်ပါတယ် ။
" လေလံပစ္စည်း အမှတ်စဉ် ၁၁၅ ။ အကြိုကောင်းကင်အဆင့် ရတနာ ဓားမော့ ။ သည်ဓားမော့ရဲ့ အမည်ကတော့ မီးလျှံစိမ်းလို့ အမည်ရပြီး ကောင်းကင်အဆင့်နိမ့် ပစ္စည်းတွေနဲ့ သွန်းလုပ်ထားတာ ဖြစ်တယ် ။ ဒါပေမဲ့ အားလုံး သိထားသလိုပါပဲ ။ ကောင်းကင်အဆင့်နိမ့် ဓားတစ်လက်ကို သွန်းလောင်းရတာက အင်မတန် ခဲယဉ်းလွန်းလှပါတယ် ။ အဲသည်အတွက် သည်ဓားမော့ဟာ ကောင်းကင်အဆင့်ကို မရောက်ခဲ့ပါဘူး ။ ဒါပေမဲ့ သည်ဓားမော့က အကြိုကောင်းကင် အဆင့်မှာ ရှိနေဆဲပါပဲ ။ သည်ဓားမော့ရဲ့ ကြမ်းခင်းဈေးကတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃၀၀၀၀၀ ရှိပါတယ် ။ ကဲ …… စတင် လေလံဆွဲလို့ ရပါပြီ "
လေလံပစ္စည်း အမှတ်စဉ် ၁၁၅ ပေါ်ထွက်လာတဲ့ အခါမှာတော့ ဓားမော့ဘုရင် အများစုရဲ့ မျက်လုံးတွေဟာ အရောင်တောက်လာခဲ့ပါပြီ ။
ဓားမော့ဘုရင်တွေ မပြောပါနဲ့ ။ ဓားမော့ကို အသုံးမပြုတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေတောင်မှ မီးလျှံစိမ်း ဓားမော့ရဲ့ အကြောင်းကို သိလိုက်ရတဲ့ အခါမှာ အတော်လေး စိတ်ဝင်စားပုံ ပြလာကြပါတယ် ။
မူလပင်လယ်နယ်ပယ် ဘုရင် အများစုဟာ ကောင်းကင်အဆင့် သိုင်းပညာတွေကို လေ့ကျင့်တတ်မြောက်ထားကြသူတွေ မဟုတ်ပါဘူး ။ ဒါပေမဲ့ တကယ်လို့ သူတို့ဟာ အကြိုကောင်းကင်အဆင့် ဓားမော့တစ်လက် ရလိုက်ရင်တော့ အခြေအနေဟာ တစ်မျိုး ပြောင်းသွားပါပြီ ။ သူတို့က မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဆေဘာဓားသိုင်း တစ်ခုကို ရှာဖွေပြီး လေ့ကျင့်လိုက်ရုံနဲ့ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေဟာ ပိုပြီး တိုးတက်သွားမှာပါ ။
( note - ဓားမော့ ၊ တစ်ဖက်သွားဓား ဆိုတာက ဆေဘာ အမျိုးအနွယ်ထဲမှာ ပါပါတယ် ။ )
" ခင်ဗျားမှာ ဝိညာဉ်ကျောက်တုံး မလောက်ရင် ကျုပ်ဆီကနေ ချေးလို့ ရတယ်နော် "
သက်တံနီ ဘုရင်က မျက်လုံးသုံးလုံး ဓားမော့ဘုရင်ကို လှည့်ပြီး ပြောလိုက်ပါတယ် ။
မျက်လုံးသုံးလုံး ဓားမော့ဘုရင်ကတော့ သက်တံနီ ဘုရင်ဆီကနေပြီး ဝိညာဉ်ကျောက်တုံးတွေ ချေးငှားလိုတဲ့ပုံ မရှိပါဘူး ။
" ခင်ဗျားရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ကောင်းကင်အဆင့်နိမ့် ရတနာဓားအတွက်ပဲ ချန်ထားလိုက်စမ်းပါ ။ ကျုပ်အတွက် မပူစမ်းပါနဲ့ ။ ကျုပ်ဆီမှာ ဝိညာဉ်ကျောက်တုံး အလုံအလောက် ပါလာပါတယ် "
သူတို့နှစ်ယောက် စကား ပြောနေတုန်းမှာပဲ မီးလှံျစိမ်း ဓားမော့ရဲ ဈေးဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး လေးသိန်းအထိ ရောက်သွားခဲ့ပါပြီ ။
" ၅၀၀၀၀၀ "
မျက်လုံးသုံးလုံး ဓားမော့ဘုရင်က အေးအေးသက်သာပဲ ဈေးပေးလိုက်ပါတယ် ။
သက်တံနီဂိုဏ်းရဲ့ ဝါစဉ်အကြီးဆုံး ဖြစ်သလို အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးလည်း ဖြစ်တဲ့အတွက် သူ့ရဲ့ ကိုယ်ပိုင် ချမ်းသာကြွယ်ဝမှုဟာ သက်တံနီ ဘုရင်နဲ့ မကွာလှပါဘူး ။
" ၅၂၀၀၀၀ "
" ၅၅၀၀၀၀ "
လေလံ ဈေးပေးမှုကတော့ ဆက်တိုက် တက်နေခဲ့ပါတယ် ။
သည်မီးလျှံစိမ်း ဓားမော့ကို လေလံဆွဲသူတွေ အားလုံးကတော့ ဘုရင်အဆင့် ဂိုဏ်းတွေရဲ့ ထိပ်ပိုင်းက အကြီးအကဲတွေ ဒါမှမဟုတ် နန်အန်းစီရင်စုရဲ့ ဒုတိယတန်းစား ဘုရင်အဆင့် ကလန်တွေက ထိပ်ပိုင်း အကြီးအကဲတွေချည်းပါပဲ ။
ဒါကလည်း သိပ်တော့ မထူးဆန်းလှပါဘူး ။ သည်လို အင်အားစုကြီးတွေက လူတွေမှသာ အကြိုကောင်းကင်အဆင့် ဓားမော့တစ်လက်ကို ယုံကြည်ချက် အပြည့်နဲ့ လေလံဆွဲရဲကြမှာ မဟုတ်ပါလား ။
" ၆၅၀၀၀၀ ။ အားလုံးပဲ…… ကျုပ်က သောင်းကလန်ရဲ့ သောင်းကျွင်း ဖြစ်ပါတယ် ။ ကျေးဇူးပြုပြီး ကျုပ်ကို မျက်နှာသာ ပေးကြပါဦး "
အထူးသီးသန့်ခန်း တစ်ခုထဲကနေပြီး သြဇာအာဏာနဲ့ ပြည့်ဝတဲ့ အသံတစ်ခုက ထွက်ပေါ်လာခဲ့ပါပြီ ။
သောင်းကလန်………
သောင်းကလန် ဆိုတာကတော့ နန်အန်းစီရင်မြို့မှာ ရှိနေတဲ့ အဓိက ကလန်ကြီး ငါးခု ထဲမှာ ပါဝင်တဲ့ ကလန်တစ်ခု ဖြစ်ပါတယ် ။ သည်ကလန်က ဒုတိယတန်းစား ဘုရင်အဆင့် ကလန်တစ်ခု ဆိုရင်လည်း မမှားပါဘူး ။
သောင်းကလန်ရဲ့ ကလန်ခေါင်းဆောင်ဖြစ်တဲ့ သောင်းကျွင်းကတော့ မူလပင်လယ်နယ်ပယ် အဆင့်၈ကို ရောက်နေပြီး နန်အန်း စီရင်စုရဲ့ ဓားမော့ဘုရင်လို့ နာမည်ကျော်ကြားသူ ဖြစ်ပါတယ် ။
သောင်းကျွင်းရဲ့ စကားကို ကြားအပြီးမှာတော့ မူလပင်လယ်နယ်ပယ် အဆင့်မြင့်ပိုင်းထဲက ဓားမော့ကို အသုံးမပြုတဲ့ ဘုရင်တွေဟာ လေလံဆွဲတာကို ရပ်တန့်လိုက်ကြပါပြီ ။ ဒါပေမဲ့ ဓားမော့ ဘုရင်တွေကတော့ ဆက်လက်ပြီး လေလံ ဆွဲနေကြဆဲပါပဲ ။ သူတို့ကတော့ သောင်းကျွင်းကို မျက်နှာသာပေးဖို့ လုံးဝ စိတ်ကူးရှိပုံ မပေါ်ပါဘူး ။
" ၇၀၀၀၀၀ "
မျက်လုံးသုံးလုံး ဓားမော့ဘုရင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လေလံဈေး ပေးလိုက်ပါတယ် ။
" ဟမ့်…… မင်းကများ ငါ့နဲ့ ဈေးလာပြိုင်ပေးချင်နေတယ် ……ဟုတ်လား ။ ၇၅၀၀၀၀ "
သောင်းကျွင်းကလည်း လုံးဝ နှောင့်နှေးနေခြင်း မရှိပါဘူး ။ သူက မျက်လုံးသံုံးလုံး ဓားမော့ဘုရင်ရှိရာ အထူးသီးသန့်ခန်းကို တစ်ချက်ကြည့်လိုက်ပြီး ငါးသောင်း ပိုပေးလိုက်ပါတယ် ။
" တစ်သန်း "
မျက်လုံးသုံးလုံး ဆေဘာဘုရင်က အေးအေးဆေးဆေးပဲ ဈေးထပ်ပေးလိုက်ပါတယ် ။
ဒါပေမဲ့လည်း သူ့ရဲ့ လေလံ ဈေးပေးမှုကတော့ လေလံခန်းမ အတွင်းမှာ ရှိနေတဲ့ လူတိုင်းကို မျက်လုံး ပြူးသွားစေခဲ့ပါပြီ ။
တစ်ခါတည်းနဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းခွဲ ဈေးတင်လိုက်တယ် ။ ဒါက တကယ်ကို မျက်လုံးပြူးချင်စရာပါပဲ ။ သည်လူက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေလို့ ထင်နေတာများလား ။
" တစ်သန်းနဲ့ ငါးသောင်း "
သောင်းကျွင်းက သည်လောက်နဲ့တော့ လက်မလျော့ချင်သေးပါဘူး ။ တကယ်လို့ ကောင်းကင်အဆင့်နိမ့် ဓားမော့ ပေါ်လာခဲ့ရင် သူ့အနေနဲ့ လေလံရအောင် ဆွဲနိုင်ဖို့ မဖြစ်နိုင်သလောက်ပဲ ဆိုတာကို သူက ကောင်းကောင်းကြီး သဘောပေါက်ထားပါတယ် ။ အဲသည်အတွက် သူ့အနေနဲ့ သည်မီးလျှံစိမ်း ဓားမော့ကို ရအောင် ယူထားမှ တော်ကာ ကျပါလိမ့်မယ် ။
" တစ်သန်းနဲ့ နှစ်သိန်း "
မျက်လုံးသုံးလုံး ဓားမော့ဘုရင်ရဲ့ လေသံကတော့ လုံးဝ အနိမ့်အမြင့် ၊ အတက်အကျ မရှိပါဘူး ။ သူက သည်ပမာဏကို လုံးဝ စိတ်ထဲမှာ မရှိတဲ့ ပုံပါပဲ ။
" ဟေ့လူ…… ခင်ဗျားက ကျုပ်ကို တကယ်ကြီး မျက်နှာသာ မပေးတော့ဘူးလား "
သောင်းကျွင်းကတော့ အတော်လေး ဒေါသ ထွက်နေခဲ့ပါပြီ ။
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းနဲ့ နှစ်သိန်း ……
သည်ပမာဏက တတိယတန်းစား ဘုရင်အဆင့် ကလန်တစ်ခုရဲ့ ကြွယ်ဝချမ်းသာမှု တစ်ဝက်လောက်ကို ရှိနေတာပါ ။
သူ့ရဲ့ သောင်းကလန်က ဒုတိယတန်းစား ဘုရင်အဆင့် ကလန်တစ်ခု ဖြစ်ရင် ဖြစ်ပါလိမ့်မယ် ။ ဒါပေမဲ့ ကလန်ရဲ့ ကြွယ်ဝချမ်းသာမှုကတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဆယ်သန်း ကနေ သန်း၂၀ ထက် မကျော်ပါဘူး ။ အဲသည်အချက်နဲ့တင် သောင်းကျွင်းအနေနဲ့ ကလန်ရဲ့ ကြွယ်ဝချမ်းသာမှု ဆယ်ပုံတစ်ပုံလောက်ရှိတဲ့ သည်ဓားမော့ကို ဝယ်ဖို့အတွက် ဘယ်လောက် ဖိအားများမလဲ ဆိုတာကို ခန့်မှန်း သိရှိနေနိုင်ပါပြီ ။
အဲသည်ထက် ပိုဆိုးတာက တစ်ဖက်လူက သူနဲ့ဆက်ပြီး ဈေးအပြိုင် ပေးဖို့ နောက်တွန့်နေမယ့်ပုံ မပေါ်တာပါဘဲ ။
" ကျုပ်က ဘာဖြစ်လို့ ခင်ဗျားကို မျက်နှာသာ ပေးရမှာလဲ"
မျက်လုံးသုံးလုံး ဓားမော့ဘုရင်က အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်ပါတယ် ။
" ကောင်းတယ် ……ကောင်းတယ် ။ အရမ်း ကောင်းတယ် "
သောင်းကျွင်းက ဘာမှဆက်ပြီး မပြောတော့ပါဘူး ။ ဒါပေမဲ့လည်း သူက မျက်လုံးသုံးလုံး ဘုရင်ကို ကောင်းကောင်းကြီး အငြိုးအတေး ထားသွားတာ အသိသာကြီးပါပဲ ။
အဲသည်နောက်မှာတော့ မီးလျှံစိမ်း ဓားမော့ဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းနှစ်သိန်းနဲ့ မျက်လုံးသုံးလုံး ဓားမော့ဘုရင်ရဲ့ လက်ထဲကို ကျရောက်သွားပါတော့တယ် ။
ဒါပေမဲ့လည်း ဒါက အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ ပြိုင်ဆိုင်မှု အစသာ ရှိသေးတယ်လို့ ဆိုရပါမယ် ။ နောက်ပိုင်း လေလံတင် ရောင်းချတဲ့ ပစ္စည်းတွေမှာ ဆိုရင်တော့ ပြိုင်ဆိုင်မှုဟာ သည်ထက်တောင်မှ ပိုပြီး ပြင်းထန်ပါသေးတယ် ။
အကြို ကောင်းကင်အဆင့် ပင်လယ်လှိုင်းတံပိုး ဆေးရည် တစ်ပုလင်းကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်း ။
အကြို ကောင်းကင်အဆင့် ရတနာ ချပ်ဝတ်တန်ဆာ တစ်ထည်ကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်း နဲ့ ရှစ်သိန်း ။
အကြိုကောင်းကင်အဆင့် မှော်ဝင်ရတနာ ပစ္စည်းတစ်ခုကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သန်း နဲ့ ကိုးသိန်း ။
အစရှိသဖြင့် နောက်ပိုင်းရောင်းချတဲ့ လေလံပစ္စည်းတွေဟာ တစ်ခုမှ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းအောက် လုံးဝ မလျော့ကျခဲ့ပါဘူး ။
" လေလံပစ္စည်း အမှတ်စဉ် ၁၂၅ ။ အဆင့်မြင့် မိစ္ဆာသားရဲဘုရင် တစ်ပါးရဲ့ မိစ္ဆာသားရဲ အမြုတေ ။ အဆင့်မြင့် မိစ္ဆာသားရဲ ဘုရင်တစ်ပါးကို ဘယ်လောက်အထိ သတ်ရ ခက်သလဲ ဆိုတာကိုတော့ သည်နေ့ သည်ကို ကြွရောက်လာကြတဲ့ လူတွေအားလုံး သိကြမှာပါပဲ ။ ဒါပေမဲ့လည်း ကျုပ်က နည်းနည်းပါးပါး ပြောပြပါဦးမယ် ။ အဆင့်မြင့် မိစ္ဆာသားရဲ ဘုရင်တစ်ပါးကို သတ်နိုင်တယ်လို့ အကြို ဧကရာဇ် ဘုရင်တစ်ပါးတောင်မှ ကြွေးကြော်ရဲတာ မဟုတ်ပါဘူး ။ အဲသည်ထက် ပိုဆိုးတာက အခု သည်မိစ္ဆာသားရဲ ဘုရင်ဟာ ရိုးရိုးသာမန် မိစ္ဆာသားရဲ ဘုရင် မဟုတ်တာပါဘဲ ။ သည်မိစ္ဆာသားရဲ ဘုရင်က တိမ်မျို စပါးအုံး ဧကရာဇ်ရဲ့ မျိုးဆက်သွေးကို ဆက်ခံထားတဲ့ မျက်လုံးတစ်လုံး တိမ်စပါးအုံး ဖြစ်ပါတယ် ။ သူ့ရဲ့ တန်ခိုးအစွမ်းကတော့ အကြို ဧကရာဇ် အဆင့်မှာရှိပြီး အကြို ဧကရာဇ်အဆင့် လူသားကျင့်ကြံသူလ သုံးဦးကနေ ငါးဦးအထိ ပေါင်းပြီး တိုက်ခိုက်မှသာ သတ်ဖြတ်နိုင်မှာပါ ။ သည်မိစ္ဆာသားရဲ အမြုတေရဲ့ ကြမ်းခင်းဈေးကတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းခွဲ ဖြစ်ပါတယ် ။ကဲ…… အားလုံးပဲ စပြီး ဈေးပေးလို့ ရပါပြီ "
မိစ္ဆာသားရဲ အမြုတေရဲ့ အဆင့်အတန်း မြင့်လေလေ ၊ တန်ဖိုးက ပိုမြင့်လေလေပါပဲ ။ အခု သည်မိစ္ဆာသားရဲ အမြုတေကတော့ မိစ္ဆာသားရဲ ဧကရာဇ်ရဲ့ စွမ်းအား အဆီအနှစ်တွေပါ ပါကောင်း ပါနိုင်ပါတယ် ။ အဲသည်အတွက် သည်မိစ္ဆာသားရဲ အမြုတေဟာ မူလပင်လယ်နယ်ပယ် ဘုရင်တွေအတွက် အင်မတန် အကျိုးရှိစေမယ်ဆိုတာ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး ။
သည်မျက်လုံးတစ်ဖက် တိမ်စပါးအုံးရဲ့ မိစ္ဆာသားရဲ အမြုတေက သာမန် အဆင့်မြင့် မိစ္ဆာသားရဲ အမြုတေတွေထက် အဆပေါင်း များစွာကို တန်ဖိုး ရှိတယ်လို့ ဆိုရပါမယ် ။ အဲသည်အတွက် တိမ်မျို စပါးအုံး ဧကရာဇ်ရဲ့ စွမ်းအားအဆီအနှစ် အနည်းအကျဉ်းကို စုပ်ယူချင်သူတိုင်းဟာ သည်မိစ္ဆာသားရဲ အမြုတေ လုပွဲကို ပါဝင်ကြမှာ မြေကြီးလက်ခတ် မလွဲ ဖြစ်ပါတယ် ။
လူတိုင်း ထင်ထားခဲ့သလိုပါပဲ ။ မိစ္ဆာသားရဲ အမြုတေရဲ့ တန်ဖိုးဟာ လေလံစတင်တာပြီး သိပ်မကြာခင်မှာပဲ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းကို ကျော်ကာ သုံးသိန်းနား ကပ်သွားခဲ့ပါပြီ ။
သည်လိုနဲ့ပဲ အဆုံးမှာတော့ မျက်လုံးတစ်လုံး တိမ်စပါးအုံး အမြုတေဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသန်း နှစ်သိန်းနဲ့ နန်အန်းစီရင်စုရဲ့ အဓိက ကလန်ကြီး ငါးခုထဲက တစ်ခုဖြစ်တဲ့ ယွန်ကလန်ရဲ့ဲ လက်ထဲကို ကျရောက်သွားပါတော့တယ် ။
ယွန်ကလန်ရဲ့ လက်ထဲကို မိစ္ဆာသားရဲ အမြုတေ ကျရောက်သွားပြီးတဲ့ နောက်မှာတော့ လေလံခန်းမ တစ်ခုလုံးဟာ တိတ်ဆိတ် သွားခဲ့ပါပြီ ။
ဘာဖြစ်လို့လဲဆိုတော့ လေလံပွဲရဲ့ နောက်ဆုံး လေလံပစ္စည်းဟာ မကြာခင်မှာ ထွက်လာတော့မယ်ဆိုတာ အားလုံး သိထားလို့ပါပဲ ။
" အဟမ်း……အဟမ်း "
လေလံပွဲ တာဝန်ခံ လျိုကျင်းက နောက်ဆုံး လေလံပစ္စည်းကို မကြေညာခင်မှာ ချောင်းတစ်ချက်ဟန့်ပြီး လည်ချောင်း တစ်ချက် ရှင်းလိုက်ပါတယ် ။ သူ့ရဲ့ မျက်လုံးတွေကတော့ တလက်လက် တောက်ပနေခဲ့ပါပြီ ။
" အားလုံးပဲ …… အခုဆိုရင် လေလံပွဲဟာ အဆုံးသတ်ကို ရောက်တော့မှာပါ ။ လေလံပွဲရဲ့ နောက်ဆုံး လေလံပစ္စည်းကတော့ အားလုံး သိထားသလိုပဲ ကောင်းကင်အဆင့်နိမ့် လက်နက်ပစ္စည်း ဖြစ်ပါတယ် ။ကျုပ်တို့ ခရမ်းရောင်နေ လေလံခန်းမကနေ ကောင်းကင်အဆင့်နိမ့် လက်နက်ပစ္စည်းကို နောက်ဆုံးတစ်ခေါက် ရောင်းချခဲ့တာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က ဖြစ်ပါတယ် ။ သည်တစ်ကြိမ် ကျုပ်တို့ ရောင်းချပြီးရင် နောက်အချိန် ဘယ်လောက်ကြာမှ ကျုပ်တို့ လေလံခန်းမ အနေနဲ့ ကောင်းကင်အဆင့်နိမ့် လက်နက်ပစ္စည်းကို ရောင်းချနိုင်မယ် မသိဘူး ။ အဲသည်အတွက် အားလုံးပဲ သည်အခွင့်အရေးကို လက်လွှတ် မခံကြပါနဲ့လို့ ကျုပ် အကြံပေးချင်ပါတယ် "
" ကဲဟေ့.… လေလံပစ္စည်းကို ယူခဲ့ကြတော့ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် လျိုကျင်းဟာ စင်မြင့်ရဲ့ အနောက်ကို အချက် လှမ်းပြလိုက်ပါတော့တယ် ။
လျိုကျင်းရဲ့ အချက်ပြမှုကို ရအပြီးမှာတော့ လူသန်ကြီး နှစ်ယောက်ဟာ ကြီးမားလှတဲ့ သေတ္တာကြီးတစ်လုံးကို သယ်ဆောင်ကာ စင်မြင့်ပေါ် တက်လာခဲ့ကြပါပြီ ။
လျိုကျင်းက ရုတ်တရက် ဆိုသလို လေသံကို မြှင့်လိုက်ပြီး ပြောလိုက်ပါတယ် ။
" ကောင်းကင်အဆင့်နိမ့် ရတနာဓားဖြစ်တဲ့ ကောင်းကင်သက်တံ ဓား ။ သည်ဓားက အလေးချိန် ၄၉၅၀၀ ကီလိုဂရမ် ရှိပြီး တိမ်နန်းတော်ရဲ့ နံပါတ်တစ် ပန်းပဲဆရာသခင် မဟူရာမီးလျှံရဲ့ အပြောင်မြောက်ဆုံး လက်ရာ ဖြစ်တယ် ။ လူတွေကတော့ ဆရာသခင် မဟူရာမီးလျှံဟာ သည်ဓားကို သွန်းလုပ်ဖို့အတွက် နှစ်ပေါင်း၂၀ အချိန် ယူခဲ့ရတယ်လို့ ဆိုပါတယ် ။သည်ကောင်းကင်သက်တံဓားကို သွန်းလုပ်ပြီးစီးတဲ့နေ့မှာ ကောင်းကင်ကနေ မိုးကြိုးတစ်အုပ် ဆင်းသက်လာခဲ့တယ်လို့လည်း ဆိုကြပါသေးတယ် ။ သည်ဓားက တောင်တစ်လုံးကို နှစ်ခြမ်းခွဲဖို့အတွက်လည်း မခက်ပါဘူး ။ ကဲ……ကျွန်တော် လိုရင်းကိုပဲ သွားပါတော့မယ် ။ သည်ကောင်းကင်သက်တံ ရတနာဓားကို ကြမ်းခင်းဈေး အဖြစ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသန်း သတ်မှတ်ထားပါတယ် ။ ကောင်းကင်အဆင်မြင့် ကျောက်တုံးနဲ့ ပေးချေမယ် ဆိုရင်တော့ ၁၀ ရာခိုင်နှုန်း လျော့ဈေး ပေးပါမယ် ။ အားလုံးပဲ …… စတင်ပြီး ဈေးပေးလို့ ရပါပြီ "
လျိုကျင်းရဲ့ စကား အဆုံးမှာတော့ လေလံခန်းမထဲမှာ ရှိနေတဲ့ လူအားလုံးဟာ အသက် ရှုဖို့တောင် မေ့လျော့သွားခဲ့ကြပါပြီ ။
သူတို့ရဲ့ မျက်လုံးတွေကတော့ စိန်ပွင့်တွေအလား တလက်လက် တောက်ပနေကြပါတယ် ။
ကောင်းကင်အဆင့်နိမ့် ရတနာဓား……
လူတချို့ဟာ သူတို့ရဲ့ ဘဝသက်တမ်း တစ်လျှောက်လုံး မှာတောင်မှ သည်လို ဓားကို မမြင်ခဲ့ဖူးကြပါဘူး ။
တကယ်လို့သာ မူလပင်လယ်နယ်ပယ် အဆင့်မြင့်ပိုင်း ဘုရင်တစ်ပါးက သည်ဓားကို ကိုင်စွဲပြီး တိုက်ခိုက်လိုက်မယ်ဆိုရင် အကြို ဧကရာဇ် တစ်ပါးကိုတောင် အလွယ်တကူ သတ်ဖြတ်နိုင်လောက်ပါတယ် ။
" လှလိုက်တဲ့ဓား…… ကောင်းလိုက်တဲ့ဓား ။ သည်ဓားက ကောင်းကင် အဆင့်နိမ့် ရတနာဓား ဖြစ်နေတာလည်း ဘာမှ မထူးဆန်းတော့ဘူး "
လီဖူချန်းရဲ့ မျက်လုံးကလည်း တောက်ပနေတာပါပဲ ။
သူ့ရဲ့ ထက်မြက်လွန်းလှတဲ့ လိပ်ပြာ အသိစိတ် အာရုံက ကောင်းကင်သက်တံဓားကနေ ထွက်ပေါ်နေတဲ့ ကြောက်မက်ဖွယ် ဓားတာအိုနဲ့ မီးတာအိုတွေကို ကောင်းကောင်းကြီး ခံစားနေရတာ မဟုတ်ပါလား။
" ငါ့ရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကလည်း ဒုတိယ ချိပ်ပိတ်စည်း အလွှာကို ဖွင့်နိုင်ဖို့အတွက် ၂ ရာခိုင်နှုန်းလောက်ပဲ လိုတော့တယ် ။ တကယ်လို့ ငါသာ ဒုတိယ ချိပ်ပိတ်စည်း အလွှာကို ၁၀၀ ရာခိုင်နှုန်းအထိ နားလည် သဘောပေါက်သွားမယ်ဆိုရင် ဘုံခုနစ်ဆင့် ကောင်းကင်ဓားက ဘယ်အဆင့်အထိ ရောက်သွားမလဲ မသိဘူး "
လီဖူချန်းက ကောင်းကင်သက်တံဓားကို ကြည့်နေရင်းနဲ့ သူ့ရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဘုံ ဓားအကြောင်း တွေးမိလိုက်ပါသေးတယ် ။
သူ့ရဲ့ အမြင်မှာတော့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ အရည်အသွေးဟာ ကောင်းကင်သက်တံဓားထက် အများကြီး ပိုအစွမ်း ထက်ပါတယ် ။
ဘာဖြစ်လို့လဲဆိုတော့ ဓားဝိညာဉ်က ချိပ်ပိတ်ခြင်း မခံထားရတဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာ မရေမတွက်နိုင်တဲ့ သူတော်စင်တွေကိုတောင် သတ်ဖြတ်ခဲ့တာယ်လို့ ပြောခဲ့ဖူးတာ မဟုတ်ပါလား ။
သူတော်စင်တွေ ဆိုတာက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အထက်မှာ ရှိနေတဲ့ တည်ရှိမှုတွေ ဖြစ်ပါတယ် ။ သာမန် ကောင်းကင်အဆင့် ဓားတွေက သူတော်စင်တွေကို ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ပါဘူး ။ အဲသည် အချက်နဲ့တင် ချိပ်ပိတ်ခြင်း မခံထားရတဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ဆိုတာကို သိနေနိုင်ပါပြီ ။
***