သူတို့က ဘယ်သူတွေလဲ။
Vol. 85 Ch. 1184
လူအိုကြီးက အနည်းငယ် အထင်သေးစွာနှင့် ခေါင်းခါယမ်းလိုက်သည် “အဲဒါက ဂျပန်မှာဆိုတာပဲ ငါ သိတယ်၊ သူတို့က ဘယ်သူတွေလဲဆိုတာ ငါ မသိဘူး။ ဝေးလွန်းတာကြောင့် ဒီတစ်ခုမှာ ဝင်မပါတော့နဲ့။ ပြီးတော့ သူတို့က အရေးမပါတဲ့အသေးအဖွဲ့တွေပဲ။ သူတို့က ကောင်းကင်ကို ဆန့်ကျင့်ဖို့ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ သူတို့က အဟန့်အတားတွေကို ဘယ်တော့မှ ချိုးဖြတ်နိုင်လိမ့်မှာ မဟုတ်ဘူး”
“ဒါပေမယ့်…”ထိုလူက တုံ့ဆိုင်းသွားလျက် ငြင်းခုံလိုက်သည် “ဂျပန်က အဲဒီတိုက်ပွဲက အကြီးစားတိုက်ပွဲတစ်ခုဆိုမှတော့ ငါတို့က အဲကနေ အကျိုးအမြတ်အချို့ ရနိုင်တာပေါ့”
လူအိုကြီးက လက်မြှောက်လိုက်သည်၊ ရုတ်တရက် အနက်ရောင်မြူတိုင်တစ်ခုက ထိုလူအား ထိမှန်သွား၏။ ထို့နောက် သတ်ဖြတ်လိုစိတ်အနည်းငယ်နှင့် သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် “မင်းက ငါ့ကို အာခံရဲတာလား”
“ငါ မလုပ်ရဲပါဘူး…”
ထိုလူက နောက်သို့ မီတာအနည်းငယ် လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွား၏။ သူက ချက်ချင်းထရပ်ကာ လူအိုကြီးအရှေ့၌ ဒူးထောက်လျက် အရိုအသေပေးပြီးနောက် လျင်မြန်စွာ ထွက်ခွာသွား၏။
ထွက်ခွာသွားသောထိုလူ၏နောက်ကျောအား ကြည့်ရင်း လူအိုကြီး၏မျက်နှာပေါ်ရှိအထင်သေးမှုက ပိုထူထဲသွား၏။ သွေးမထွက်ဘဲ အကျိုးအမြတ်ရနိုင်သောကြောင့် ဘယ်လိုအကြီးစားတိုက်ပွဲကိုမဆို သွားရန် သူက အမှန်တကယ်ပင် အမိန့်ထုတ်ခဲ့သည်။
သို့သော် သူက ထိုအတားအဆီးအား ချိုးဖြတ်ခဲ့ပြီး လက်ရှိတွင် ဘယ်လိုကျင့်ကြံသူမဆို စိတ်မကူးနိုင်လောက်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ဘာလို့ ဒီလိုအကျိုးအမြတ်တွေကို သူက ဂရုစိုက်နေတော့မှာလဲ။
****
အိန္ဒိယ၊ တောအုပ်တစ်ခု၏အလယ်ရှိ ပိရမစ်ထဲတွင်။
အပေါ်ပိုင်းဗလာနှင့် အသက်အရွယ်ရလာပုံရသည့် ခြေပြောင်လူအိုကြီးတစ်ယောက်က တုန်ယင်နေသောခြေထောက်များအား လှုပ်ရှားလိုက်သည်၊ ထူးဆန်းသောအမူအရာတစ်ခုက သူ၏အရေတွန့်နေသောမျက်နှာပေါ်တွင် အပြည့်အဝရေးဆွဲသွား၏။
“စိတ်ဝင်စားစရာပဲ…ဂျပန်မှာ ဒီလောက်များတဲ့ကျင့်ကြံသူတွေရှိမယ်လို့ ငါ မထင်ထားဘူး။ တိုက်ပွဲရဲ့လမ်းကြောင်းအရ အဲဒီဗုဒ္ဓကျင့်ကြံသူတွေက အနိုင်ရသင့်တယ်။ ဒါပေမယ့်…သူတို့က တရုတ်က ဗုဒ္ဓဂိုဏ်းကမဟုတ်လား။ အဲဒီဗုဒ္ဓကျင့်ကြံသူတွေက နတ်ဆိုးလမ်းကြောင်းထဲကို ကျသွားပြီလို့ ငါ့ကို မပြောဘူးမလား…”
“ဒါပေမယ့် သူတို့က ဘယ်သူတွေပဲဖြစ်ဖြစ်၊ ဒီယင်ကောင်တွေရဲ့တိုက်ပွဲက ငါ့အနေနဲ့ ဘာမှ လုပ်စရာမရှိပါဘူး။ လက်ရှိမှာ ငါ့အတွက် အရေးကြီးအရာက အဲဒီနေရာလပ်ဆက်ကြောင်းကို အစောဆုံး ရှာတွေ့ဖို့ပဲ။ ငါက အသက်ရှင်ဖို့ နှစ်တစ်ရာ့နှစ်ဆယ်ပဲ ကျန်တော့တယ်။ ငါက အဲဒါကို မရှာတွေ့နိုင်ဘူး၊ အဲဒီနတ်ဘုရားတွေနေထိုင်တဲ့ကမ္ဘာကို မတက်လှမ်းနိုင်ဘူးဆိုရင် ဒီကမ္ဘာမှာပဲ ပျောက်ကွယ်သွားရလိမ့်မယ်”
ခြေဗလာအဖိုးအို၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး ပြင်းထန်သောအရှိန်အဝါတစ်ခုက ပေါက်ကွဲထွက်လာသည်။ သူ၏စိတ်ဝိညာဉ်အာရုံက ကောင်းကင်အား လွှမ်းခြုံသွားပြီး အခြားစိတ်ဝိညာဉ်နှစ်ခုနှင့် ရုတ်တရက် ထိပ်တိုက်တွေ့လိုက်၏။
အဟွတ်…
လူအိုကြီးက သွေးတစ်ပွက် အန်လိုက်သည်၊ သို့သော် သူ၏တုန်ယင်နေသောခန္ဓာကိုယ်က ချက်ချင်းတည့်မတ်ကာ အော်လိုက်၏ “မကြာခင် ငါ မင်းတို့နှစ်ယောက်ကို နင်းခြေပစ်မယ်၊ သက်ကြားအိုနှစ်ကောင်…”
****
တရုတ်…
ချင်းဟိုင်စီရင်စု၊ ချီလျန်တောင်တန်းတစ်နေရာတွင် သက်ကယ်အိမ်တစ်ခုထဲရှိ ဝါးကုလားထိုင်တစ်ခုပေါ်တွင် ပိတ်အင်္ကျီ၊ ခေါင်းစည်းပဝါနှင့် အဘွားအိုတစ်ယောက်က လဲလျောင်းနေသည်၊ သူမဘေးနားတစ်ဝိုက်တွင် စွမ်းအင်စီးကြောင်းများက အဆက်မပြတ် အတက်အကျဖြစ်နေ၏။
သက်ကယ်အိမ်အပြင်ဘက်တွင် အဖြူရောင်ဝတ်ရုံနှင့်ဆံရှည်မိန်းမငယ်လေးကိုးယောက်က သက်ကယ်အိမ်ထဲရှိ စွမ်းအင်အတက်အကျအား အာရုံခံမိပုံရကာ အဝေးမှ ပျံသန်းလာလျက် စီတန်းကာ ရပ်နေကြ၏။
ပိတ်ဝတ်ရုံအဘွားအို၏ပုံရိပ်က အနည်းငယ် တုန်ယင်သွားပြီး သူမက ချက်ချင်း ထရပ်လိုက်သည်။ ထို့နောက် အက်ကွဲသံတစ်ခုက သူမပါးစပ်မှ ထွက်ပေါ်လာသည် “ဒီရှေးပုဂ္ဂိုလ်က တရုတ်ကို ကာကွယ်ဖို့အတွက်ပဲ တာဝန်ရှိတယ်၊ ဂျပန်က အဲဒီသတ္တဝါတွေကြား တိုက်ပွဲမှာ ဘာမှ လုပ်စရာမရှိဘူး။ ရှင်တို့ကို စိတ်ဝင်စားစေတဲ့အရာတွေကို မြင်လိုက်ရတယ်ဆိုရင် ရှင်တို့တွေ အဲကို သွားပြီး ဝင်စွက်ဖက်နိုင်တယ်။ ဒါပေမယ့် မှတ်ထားပါ၊ နောက်ဆယ့်သုံးနှစ်ကျရင် ကျွန်မက ရှင်တို့ကို အဲဒီအာတိတ်ရေခဲမြစ်ထဲမှာ စောင့်နေမယ်”
အမေရိကရှိ အနက်ရောင်မြူလွှမ်းခြုံထားသည့်လူအိုကြီးဖြစ်စေ၊ ပိရမစ်ထဲရှိအဖိုးအိုဖြစ်စေ၊ သူတို့က သူမအသံအား ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
ချက်ချင်းလျှင်ပင် အခြားစိတ်ဝိညာဉ်အာရုံနှစ်ခုက ဒီရေလှိုင်းတစ်ခုအလား ပြန်ဆုတ်သွားခဲ့သည်။
ပိတ်ဝတ်ရုံအဖွားအိုက သက်ကယ်အိမ်မှ ထွက်ကာ ဂျပန်ဘက်သို့ ကြည့်လိုက်သည်။ အပြုံးတစ်ခုက သူမပါးစပ်ထောင့်တွင် ထွက်ပေါ်လာပြီး သူမက ရေရွတ်လိုက်၏ “မင်းတို့အားလုံး ငယ်သေးတာ ကံမကောင်းတာပဲ။ မင်းတို့အားလုံးက ပါရမီရှိပြီး မင်းတို့ရဲ့ကျင့်ကြံခြင်းအရှိန်က သာမန်လူတွေအထက်မှာ ရှိပေမယ့် နောက်ဆယ့်သုံးနှစ်မှာ မင်းတို့အနေနဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်ဖို့က အတော်လေးခက်ခဲလိမ့်မယ်။ ဒါပေမယ့် မင်းတို့က အမြဲတမ်းလှည့်လည်သွားလာချင်နေကြတာမလား၊ ဒါကြောင့် အခု သွားလို့ရနိုင်ပြီ”
နောက်အခိုက်အတန့်တွင် သူမက သူမ၏စိတ်ဝိညာဉ်အာရုံအား ပြန်ရုပ်သိမ်းကာ သူမအရှေ့တွင် ရပ်နေသော မိန်းကလေးကိုးယောက်ထံ ပြောင်းကာ ပြောလိုက်သည် “ကလေးတွေ၊ မင်းတို့ မွေးဖွားလာကတည်းက မင်းတို့ရဲကံကြမ္မာကို ငါ ခိုးကြည့်ပြီးပြီ။ မင်းတို့ရဲ့အတိတ်ဘဝမှာ ဘာဖြစ်ခဲ့သလဲဆိုတာ အပြည့်အဝနားမလည်နိုင်ပေမယ့် ကံကြမ္မာက မင်းတို့ကို သူ့ဆီ ခေါ်လာတာလို့ ငါ ထင်တယ်။ ဒါကြောင့် မင်းတို့အနေနဲ့ ထွက်ခွာသွားဖို့ အချိန်ရောက်ပြီ”
“အဘွား…”
မျက်လုံးက တွန့်ဆုတ်လျက် မိန်းကလေးကိုးယောက်က ဒူးထောက်ချလိုက်သည်၊ မျက်ရည်များက သူတို့၏လှပသောမျက်နှာပေါ်တွင် စီးကျလာနေ၏။
အဘွားအိုက တည်ငြိမ်စွာ ဆက်ပြောသည် “မင်းတို့ရဲ့ကံကြမ္မာနဲ့ ပတ်သက်ပြီး ငါ ရှင်းရှင်းလင်းလင်းမသိဘူး၊ မင်းတို့ရဲ့စိတ်ပင်လယ်နဲ့အမှောင်ထုဖုံးလွှမ်းနေတဲ့အဲဒီကမ္ဘာကိုလဲ ငါ လှမ်းမမြင်နိုင်ဘူး။ ဒါကြောင့် လက်ရှိအချိန်မှာ မင်းတို့အနေနဲ့ ထွက်သွားပြီး မင်းတို့ကိုယ်တိုင် ရှာဖွေဖို့ လိုအပ်တယ်။ သွားကြတော့၊ ကလေးတို့…”
အလယ်ရှိအမျိုးသမီးက လက်မြှောက်ကာ သူမမျက်နှာပေါ်ရှိ မျက်ရည်များအား သုတ်လိုက်ပြီး ရိုသေလေးစားစွာ မေး၏ “ငါတို့ သူ့ကို ဘယ်နေရာမှာ သွားရှာရမှာလဲ၊ အဘွား”
“ငါ သူ့ကို ဘယ်တော့မှ အာရုံခံကြည့်လို့မရဘူး၊ သူ့ကံကြမ္မာလမ်းကြောင်းကိုလဲ မထိန်းချုပ်နိုင်ဘူး။ သူက အခု ဂျပန်မှာ ရှိတယ်၊ ဒါပေမယ့် ငါထင်တာ မှန်ရင် နောက်ရက်အနည်းငယ်ကျရင် သူက အဲနေရာက ထွက်သွားလိမ့်မယ်၊ ဒါကြောင့် မင်းတို့ကိုယ်တိုင် သူ့ကို ရှာဖွေဖို့ လိုအပ်တယ်”လူအိုကြီးက ခေါင်းခါယမ်းလိုက်သည်။
ထို့နောက် အမျိုးသမီးက ထပ်မေးလိုက်သည် “ငါတို့ကို အကွာအဝေးအတိအကျ လမ်းညွှန်ပေးနိုင်မလား၊ အဘွား”
“မင်းက အမြဲတမ်း ဉာဏ်အကောင်းဆုံးပဲ၊ ကျုံးလင်”အဘွားအိုက တခစ်ခစ်ရယ်ကာ ပြောလိုက်သည် “မင်းတို့က ငါ့နောက် လိုက်တာ ဆယ်စုနှစ်ချီရှိပြီ၊ ငါ့ရဲ့စိတ်ကို ရှင်းရှင်းလင်းလင်း သိကြမှာပေါ့။ ကောင်းပြီလေ။ ပန်းတိုင်အတိအကျမရှိရင် မင်းတို့အနေနဲ့ သူ့ကို ရှာတွေ့ဖို့က အတော်လေးခက်ခဲလိမ့်မယ်၊ ဒါကြောင့် ကြယ်တာရာမြို့ကို သွားပါ။ အဲနေရာက သူမွေးဖွားကြီးပြင်းလာတဲ့နေရာပဲ”
ကြယ်တာရာမြို့လား။
မိန်းကလေးကိုးယောက်က နာမည်အား မှတ်ထားလိုက်သည်၊ တစ်ချိန်တည်းတွင် သူတို့က အဘွားအိုအား အရိုအသေပေးလိုက်ကြ၏။
“ငါတို့ သွားတော့မယ်၊ အဘွား”
မိန်းကလေးကိုးယောက်က တွန့်ဆုတ်သောမျက်နှာနှင့် ပြန်ဖြေသည်။ ခံစားချက်များအား မျိုသိပ်ရင်း သူတို့က အရှေ့တောင်ဘက်ခြမ်းသို့ ပျံသန်းသွားလေတော့၏။
****
ဂျပန်တွင်။
တောင်ထိပ်တွင် ထန်ရှုက ထင်းရှုပင်ထိပ်တွင် ရပ်နေသည်၊ သူ့ခံစားချက်များက ပြင်းထန်နေသည်။ ထိုအားကောင်းသောစိတ်ဝိညာဉ်သုံးခုအား သူက အာရုံခံနိုင်သည်။ သူတို့၏နေရာကိုပင် သူ ပြောနိုင်သည်။ သူတို့က သေချာပေါက် ဂျပန်မှ မဟုတ်ကြပေ၊ သူတို့က ဝေးလံသောတိုင်းပြည်များမှ ဖြစ်ရမည်။
ဒီစိတ်ဝိညာဉ်အာရုံတွေက ကျီချီမိန်ဆီရောယန်အာဆီကရော မဟုတ်ကြဘူး။
သူက သူတို့၏စိတ်ဝိညာဉ်အာရုံအား အလွန်ရင်းနှီးသည်၊ ထို့ကြောင့် ကမ္ဘာမြေပေါ်တွင် ကျီချီမိန်နှင့်ကူယန်အာတို့အပြင် အခြားအားကောင်းသောကျွမ်းကျင်သူသုံးယောက်ရှိသည်ကို ယခု သူက သေချာသွား၏။ သူတို့၏ကျင့်ကြံခြင်းအဆင့်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ထက် အများကြီးကျော်လွန်နေဖို့ များသည်။
သူတို့က အတိအကျဘယ်သူတွေလဲ။
အစက ကမ္ဘာတစ်ဝှမ်းမှ ကျင့်ကြံခြင်းအရင်းအမြစ်များအား စုဆောင်းရန် ထန်ရှုက ဆုံးဖြတ်ထားသည်။ သူ့ကိုယ်သူခွန်အားမြှင့်တင်ရန်သာမက သူ့လက်အောက်ရှိလူများအတွက်လည်း ပါသည်။ သို့သော် ထိုစိတ်ဝိညာဉ်အာရုံသုံးခုပေါ်ထွက်လာခြင်းကြောင့် သူ့ဆုံးဖြတ်ချက်အား ချက်ချင်း ပြောင်းလဲခဲ့သည်။
ထိုစိတ်ဝိညာဉ်အာရုံသုံးခု၏ပိုင်ရှင်များအား ရှာမတွေ့ခင် သူက သိုသိုသိပ်သိပ်နေရမည်။ သူ့ကိုယ်သူအား အလွယ်တကူ ထုတ်ဖော်လို့မရပေ၊ သို့မဟုတ်လျှင် ပြဿနာများအား ဖိတ်ခေါ်မိပေလိမ့်မည်။
ထို့နောက် သူ့အာရုံက တိုက်ပွဲရှိရာသို့ ပြောင်းသွား၏။ ထိုနတ်ဘုရားစိတ်ဝိညာဉ်သုံးခု၏ပိုင်ရှင်နှင့်တည်နေရာအား ရှာရန် စိတ်အားထက်နေသောကြောင့် ယခုကိစ္စအား သူက သိပ်စိတ်မဝင်စားတော့ပ။ ထို့ကြောင့် တိုက်ပွဲကို ကြည့်ရှုပြီးနောက် သူက လွင့်မျောကာ သူ့ဓားနှင့် ခုတ်ချက်တစ်ခု ထုတ်ဖော်လိုက်သည်။ ဓားရောင်ခြည်တန်းက လျှပ်စီးမိုးကြိုးအလား ခုတ်ပိုင်းချပြီး ထင်းရှုပင်အား နှစ်ခြမ်းခွဲလိုက်၏၊ သစ်ပင်က ၎င်း၏ပင်စည်ဘေးနား၌ ပြိုလဲကျသွားလေသည်။
အချိန်က ကုန်ဆုံးလာသည်၊ ဤတောင်ထိပ်ပေါ်ရှိ ပျော်ရွှင်ခြင်းနန်းတော်နှင့်မျိုးရိုးဗီဇစခန်းကြား ပြင်းထန်သောတိုက်ပွဲက သုံးနာရီကြာ ရှိလာလေပြီ၊ ရလဒ်အားဖြင့် ပတ်ဝန်းကျင်က အဖျက်အဆီးများနှင့် ကြောက်စရာကောင်းနေလေတော့သည်။ တောင်ထိပ်တစ်ခုလုံးက သွေးများနှင့် ရဲရဲနီနေလေ၏။
“သူတို့ကို ဆက်သတ်ဖြတ်ကြ…”
သတ်ဖြတ်ခြင်းကြောင့် နဂါးနှိမ်နင်းပညာရှိ၏မျက်လုံးများက သွေးနီရောင်သို့ ပြောင်းလဲလာသည်။ သုံးနာရီအတွင်း သူက အနည်းဆုံးမျိုးရိုးဗီဇစစ်သည်တော်ငါးရာကျော်အား သတ်ဖြတ်ခဲ့ပြီး ကျင့်ကြံသူဆယ်ချီအား ဒဏ်ရာအပြင်းအထန်ရစေခဲ့သည်၊ ဗိုလ်ချုပ်ဖူခူဒါနှင့်ပင် အကြိမ်အနည်းငယ် ထိပ်တိုက်တွေ့ခဲ့သည်။ အကြိမ်တိုင်း သူက အပေါ်စီးရခဲ့ပြီး ဗိုလ်ချုပ်ဖူခူဒါအား သတ်ဖြတ်နိုင်ခဲ့သော်လည်း သတ်ဖြတ်ရန်နည်းလမ်းမရှိခဲ့ပေ။
ရုတ်တရက် ဗိုလ်ချုပ်ဖူခူဒါက သူ့ထံ ထပ်ပြေးဝင်လာလာပြီး လှံရှည်အား ဝှေ့ယမ်းလိုက်သည်ကို သူက သတိပြုမိလိုက်သည်။ ထိုလူက သူ့ရှေ့မှောက်တွင် ထွက်ပေါ်လာရန် မျက်စိတစ်မှိတ်သာ ကြာ၏။
“မင်းက သေချင်နေတာပဲ၊ ဖူခူဒါသက်ကြားအို…”
နဂါးနှိမ်နင်းပညာရှိက ဒေါသတကြီး အော်ကာ သူ့လက်ထဲရှိ တောင်ဝှေးအား ချက်ချင်းလွှဲယမ်းလိုက်သည်။ တစ်ခဏအတွင်း တောင်ဝှေးက လှံရှည်နှင့် အကြိမ်ရာချီ ထိပ်တိုက်တွေ့သွား၏။ သူက ဗိုလ်ချုပ်ဖူခူဒါအား ဖိနှိပ်နိုင်မည့်ဆဲဆဲတွင် အလင်းတန်းတစ်ခုက ရုတ်တရက် ကြီးမားလာပြီး တစ်စက္ကန့်၏တစ်ရာပုံတစ်ပုံအတွင်း ဓားထိပ်ဖျားတစ်ခုဖြစ်လာသည်ကို သူ့မျက်လုံးက ရုတ်တရက် ဖမ်းမိသွား၏။
“တောက်…”
နဂါးနှိမ်နင်းပညာရှိ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး ဓားတိုက်ကွက်အား ရုတ်ချည်း ရှောင်တိမ်းလိုက်သည်။ သို့သော် နောက်အခိုက်အတန့်တွင် ဗိုလ်ချုပ်ဖူခူဒါ၏လှံရှည်က သူ့နောက်ကျောအား ထိမှန်သွားပြီး ဒဏ်ရာမှ သွေးထွက်လာ၏။ သူက စွမ်းအားပေါက်ကွဲထွက်မည်ပြင်စဉ် ထိုဓားပိုင်ရှင်က အရိပ်တစ်ခုအလား သူ့အနောက်ဘယ်ဘက်၌ ထွက်ပေါ်လာသည်။
ဝှစ်…
ဓားက ဘုန်းကြီး၏ဘယ်လက်အား ထိုးဖောက်သွားသည်၊ သို့သော် အနက်ဝတ်လူသက်လတ်ပိုင်းလူကိုလည်း နဂါးနှိမ်နင်းပညာရှိပစ်လွှတ်သောငွေအပ်များက ထိမှန်သွား၏။
ထိုလူက အမြင်အာရုံဆုံးရှုံးသွားပြီး နောက်ထပ်ငွေအပ်တစ်ချောင်းက သူ့လည်ချောင်းအား ထိုးဖောက်သွား၏။
နဂါးနှိမ်နင်းပညာရှိက ဒဏ်ရာမှ နာကျင်မှုအား ဖိနှိပ်ကာ တောင်ဝှေးအား ထိုလူ၏ရင်ဘက်သို့ ရိုက်ချလိုက်သည်။ ထိုလူက သွေးတစ်ပွက်အန်ထွက်ရင်း နောက်သို့ လွင့်ထွက်သွားကာ မြေပြင်ပေါ် လဲကျလျက် သေဆုံးသွား၏။
“တောက်…မင်း…”
ဗိုလ်ချုပ်ဖူခူဒါက ဒေါသထွက်သွားသည်။ သူက နက်ပြာရောင်မျိုးရိုးဗီဇပစ္စည်းပြွန်အား ရုတ်ချည်း ယူထုတ်ကာ အဖုံးဖွင့်လျက် သောက်လိုက်၏။
ဝူး…
စက္ကန့်အနည်းငယ်အတွင်း ဗိုလ်ချုပ်ဖူခူဒါ၏ခန္ဓာကိုယ်က ရုတ်တရက် ကြီးမားပြောင်းလဲသွား၏။ သူ၏မူလအရပ်၁.၈၅မီတာမှ ၁.၉မီတာသို့ ပြောင်းလဲသွား၏၊ အထူးသဖြင့် သူ့ကြွက်သွားများက အနည်းငယ်ပိုထူထဲလာပြီး သူ့အား အလွန်တရာသန်မာတောင့်တင်းမာကျောပုံပေါက်သွားစေသည်။
“အရူးနတ်ဆိုးလှံ…”
သူ့လက်ထဲရှိ လှံရှည်က ရုတ်ချည်း အဝေးသို့ ပြေးသွားကာ လှံအရိပ်အလွှာများအား ဖန်တီးပြီး ပတ်ဝန်းကျင်ဧရိယာအား တင်းကျပ်စွာ ချိတ်ပိတ်လိုက်သည်။