အပိုင်း ၅၆၅
Vol. 42 Ch. 565
လေလံပွဲရဲ့ အဆုံးသတ်
" လေးသန်း "
ပထမဆုံး ဈေးစပေးသူကတော့ နန်အန်းစီရင်စုရဲ့ အဓိက ကလန်ကြီး ငါးခုထဲက တစ်ခုဖြစ်တဲ့ ထိုက်ရှီးကလန်ရဲ့ ထိုက်ရှီးရှောင်ပါပဲ ။
ထိုက်ရှီးရှောင်က မူလပင်လယ်နယ်ပယ် အဆင့်၉မှာ ရှိနေပြီး အင်မတန် အစွမ်းထက်တဲ့ ဓားဘုရင်တစ်ပါး ဆိုရင်လည်း မမှားပါဘူး ။ နန်အန်း စီရင်စုထဲမှာ ဆိုရင်တော့ သူ့ရဲ့ ဓားတာအို ကျင့်ကြံမှုဟာ ထိပ်တန်း ၅ယောက် ဒါမှမဟုတ် ထိပ်တန်း ၃ယောက်ထဲမှာ ပါဝင်ပါတယ် ။
တကယ်လို့သာ သူ့အနေနဲ့ ကောင်းကင်သက်တံ ဓားကို ရသွားမယ်ဆိုရင် သူ့ရဲ့ ဓားတာအို အစွမ်းဟာ နန်အန်းစီရင်စုထဲမှာ ပြိုင်ဘက်မရှိ နံပါတ်၁တောင် ဖြစ်သွားနိုင်ပါသေးတယ် ။
" လေးသန်းခွဲ "
ဒါပေမဲ့လည်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး လေးသန်းနဲ့ ကောင်းကင်သက်တံဓားကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။
ထိုက်ရှီးရှောင်ရဲ့ ဈေးပေးမှု နဲ့ မရှေးမနှောင်းမှာပဲ သြဇာအာဏာသံ အပြည့်ပါတဲ့ အသံတစ်သံဟာ ထွက်ပေါ်လာပါတော့တယ် ။
အသံပိုင်ရှင်ကတော့ တောင်ပိုင်းဓားကောင်းကင် ဂိုဏ်းရဲ့ ဂိုဏ်းချုပ် တောင်ပိုင်းဓားကောင်းကင် ဘုရင်ပါပဲ ။
တောင်ပိုင်းဓားကောင်းကင်ဂိုဏ်း……
သည်ဂိုဏ်းကတော့ ဓားကို အထူးပြု သင်ကြားပေးတဲ့ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပြီး သက်တံနီ ဂိုဏ်းထက်တောင်မှ ပိုပြီး ဓားသိုင်းကို အလေးပေးတဲ့ ဂိုဏ်းတစ်ခု ဆိုရင်လည်း မမှားပါဘူး ။
နန်အန်း စီရင်စုထဲမှာဆိုရင် တောင်ပိုင်းဓားကောင်းကင် ဘုရင်ဟာ သက်တံနီ ဓားဘုရင်ကို ဓားတာအို ကျင့်ကြံခြင်းအရာမှာ ယှဉ်နိုင်တဲ့ တစ်ဦးတည်းသောသူ ဆိုရင်လည်း မမှားပါဘူး ။
" ငါ ……အိုးရန်ဟိုထိုင်က အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးသန်း ပေးမယ် "
သြဇာကတ္တိမနဲ့ ပြည့်စုံလှတဲ့ အသံဝါကြီး တစ်ခုဟာ လေလံခန်းမ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ ။
အိုးရန်ဟိုထိုင် ………
သည်လူကတော့ ဟုံးဟူမြို့စားရဲ့ အစ်ကိုကြီး ဖြစ်သူလို့ ဆိုရပါမယ် ။
မြို့စားစံအိမ် ဆိုတာက လူတိုင်းရဲ့ ခေါင်းပေါ်မှာ မိုးထားတဲ့ ဓားတစ်လက်ပါပဲ ။
ဘုရင်အဆင့် ဂိုဏ်းတွေပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ဒုတိယတန်းစား ကလန်တွေပဲ ဖြစ်ဖြစ်ပါလေ ။ သူတို့အားလုံးက မြို့စားစံအိမ်နဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့မယ် ဆိုရင်တော့ ဘာမှ မဟုတ်ပါဘူး ။
တကယ်လို့သာ သူတို့က မြို့စားစံအိမ်ကို ရန်စမိလိုက်မယ်ဆိုရင် တစ်ညတည်းနဲ့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကနေ ပျောက်ကွယ်သွားနိုင်ပါတယ် ။
ဂိုဏ်းတွေ နဲ့ ကလန်တွေက ဘယ်လောက်ပဲ အစွမ်း ထက်မြက်ပါစေ ။အဆုံးမှာ ကျတော့လည်း မြို့စားစံအိမ်တွေကို နောက်ကွယ်ကနေ ကျောထောက်နောက်ခံ ပေးထားတာက လဝန်းနီ အင်ပိုင်ယာသာ မဟုတ်ပါလား ။
" ငါးသန်းခွဲ "
ဈေးပေးလိုက်သူကတော့ တောင်ပိုင်းဓားကောင်းကင် ဘုရင်ပါပဲ ။သူက စိတ်ထဲကနေပြီး အိုးရန်ဟိုထိုင်ကို သရော်လိုက်ပါသေးတယ် ။
'ဟမ့်…… မင်းက မြို့စားစံအိမ်ဆိုတဲ့ အရှိန်အဝါနဲ့ ငါ့ကို ဖိအားပေးချင်တာလား ။ ဆုတောင်းနေလိုက်လေ '
သည်ကောင်းကင်သက်တံဓားကို လေလံဆွဲလို့ ဟုံးဟူ မြို့စားစံအိမ် အနေနဲ့ သူ့ကို ပြသနာ ရှာလိမ့်မယ်လို့ တောင်ပိုင်းဓားကောင်းကင် ဘုရင်က လုံးဝ မယုံကြည်ပါဘူး ။ တကယ်လို့ ပြသနာ ရှာခဲ့မယ် ဆိုရင်လည်း သူက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကနေ ထွက်သွားပြီး တခြား ကုန်းမြေတိုက်တစ်ခုမှာ အခြေချလိုက်မှာ ဖြစ်ပါတယ် ။
ကမ္ဘာကြီးဆိုတာက အင်မတန် ကျယ်ပြောလှတဲ့ နေရာတစ်ခုပါပဲ ။ အဲသည်အတွက် သူ့အနေနဲ့ ဧကရာဇ် ကုန်းမြေတိုက် တစ်ခုတည်းသာ အခြေချစရာရှိတာ မဟုတ်ပါဘူး ။
" ခြောက်သန်း "
အိုးရန်ဟိုထိုင်ရဲ့ မကျေနပ်မှု အပြည့်နဲ့ အသံက ထွက်ပေါ်လာခဲ့ပါပြန်ပါပြီ ။
" ခြောက်သန်းခွဲ "
ဒါပေမဲ့လည်း တောင်ပိုင်းဓားကောင်းကင် ဘုရင်က လုံးလုံးကို နောက်မဆုတ်ပါဘူး ။
သူက သည်ကောင်းကင်သက်တံဓားကို ရဖို့ဆိုရင် ဟုံးဟူမြို့စားစံအိမ်ကိုလည်း ရန်စဖို့ ဆုံးဖြတ်ထားခဲ့ ပြီးပါပြီ ။
" ခုနစ်သန်း "
အဲသည်အချိန်မှာပဲ သက်တံနီဘုရင်က ကောင်းကင်သက်တံ ဓားလုပွဲထဲကို ဝင်ပါလာပါတော့တယ် ။
အစတုန်းကတော့ သက်တံနီဘုရင်ဟာ တောင်ပိုင်းဓားကောင်းကင် ဘုရင်နဲ့ အိုးရန်ဟိုထိုင်တို့ ထိပ်တိုက် တွေ့ဆုံမှုအပြီးမှ ကောင်းကင်သက်တံဓား လုပွဲထဲကို ဝင်ဖို့ စဉ်းစားထားခဲ့တာပါ ။
ဒါပေမဲ့လည်း အခုတော့ သူဟာ အဲသည်လို မလုပ်ချင်တော့ပါဘူး ။ တကယ်လို့သာ သူ့အနေနဲ့ အိုးရန်ဟိုထိုင်ကို ထိပ်တိုက် မတွေ့ဘူးဆိုရင် အဲဒါက သူဟာ ဟုံးဟူ မြို့စားစံအိမ်ကို ကြောက်တယ်လို့ ပြောပြနေတာနဲ့ အတူတူပါပဲ ။ အဲဒါက သူ့ရဲ့ ဓားတာအိုကို ထိခိုက်သွားစေပါလိမ့်မယ် ။
" တောက်…… မင်း……မင်းတို့တွေ "
အိုးရန်ဟိုထိုင်ရဲ့ မျက်နှာကတော့ အတော်လေး မကောင်းတော့ပါဘူး ။ တောင်ပိုင်းဓားကောင်းကင် ဘုရင်တစ်ယောက်တည်းက သူ့ကို မျက်နှာသာ မပေးရင် တော်ပါသေးတယ် ။ အခုတော့ သက်တံနီ ဘုရင်ကပါ သူ့ကို မျက်နှာသာ မပေးဘဲ မလေးမစား လုပ်လာခဲ့ပါပြီ ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အိုးရန်ဝမ်းထင်ဟာ တစ်ဖက်လူ နှစ်ယောက်လောက် ချမ်းသာကြွယ်ဝခြင်း မရှိပါဘူး ။ တစ်ဖက်လူ နှစ်ယောက်ကတော့ ဂိုဏ်းချုပ်ကြီးတွေ ဖြစ်တဲ့အတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေကို စိတ်ကြိုက် သုံးနိုင်ပါတယ် ။ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှု အဆင့်က မူလပင်လယ်နယ်ပယ် အဆင့်၆မှာသာ ရှိပါသေးတယ် ။ဒါကြောင့်လည်း သူဟာ အစောပိုင်းကတည်းက သူ့ရဲ့ အဆင့်အတန်းကို ထုတ်ဖော် ပြထားခဲ့တာပါ ။
" ကောင်းတယ် …… အရမ်းကောင်းတယ် ။ မင်းတို့ နှစ်ယောက်က အရမ်းကို ကြွယ်ဝ ချမ်းသာနေမှတော့ ငါ အိုးရန်ဟိုထိုင်က ဘာတတ်နိုင်တော့မှာလဲ ။ ငါ အရှုံးပေးတယ်ဟေ့ "
သေသေချာချာ စဉ်းစားပြီးတဲ့ နောက်မှာတော့ အိုးရန်ဟိုထိုင်ဟာ ကောင်းကင်သက်တံဓားကို လက်လျော့သွားခဲ့ပါပြီ ။
သူ့ရဲ့ ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုက သည်နှစ်ယောက်ကို မီ၊မမီ ဆိုတာ အသာထားပါဦး ။ သူ့ရဲ့ ညီဖြစ်သူ ဟုံးဟူမြို့စားတောင်မှ သည်နှစ်ယောက်ရဲ့ ကြွယ်ဝ ချမ်းသာမှုကို မမီနိုင်ပါဘူး ။
မြို့တိုင်း၊မြို့တိုင်းရဲ့ မြို့စားတွေက မရေမတွက်နိုင်တဲ့ အခွန်တွေနဲ့ အကျိုးအမြတ်တွေကို နှစ်စဉ် ရတာတော့ ဟုတ်ပါတယ် ။ ဒါပေမဲ့ သူတို့က အဲသည် အခွန်တွေနဲ့ အမြတ်တွေကို အကုန်လုံး ရတာတော့ မဟုတ်ပါဘူး ။ သူတို့က သူတို့ရတဲ့ အခွန်တွေနဲ့ အမြတ် အများစုကို လဝန်းနီ အင်ပိုင်ယာပြည့်ရှင်ကို ပြန်ပြီး ဆက်သရတာ ဖြစ်ပါတယ် ။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ မြို့စားတွေ ဆိုတာက လဝန်းနီ ဧကရာဇ်ရဲ့ လက်အောက်ခံသက်သက်ပါပဲ ။
" ရှစ်သန်း "
အိုးရန်ဟိုထိုင် လက်လျော့သွားတာနဲ့ တစ်ပြိုင်နက် ထိုက်ရှီးရှောင်က တစ်စခန်း ပြန်ထလာပါတော့တယ် ။
တကယ်လို့သာ တစ်ယောက်ယောက်က သူဟာ အိုးရန်ဟိုထိုင်ကို ကြောက်နေတယ်လို့ ပြောရင် အဲဒါက မှားသွားပါလိမ့်မယ် ။ ထိုက်ရှီးရှောင်က အိုးရန်ဟိုထိုင်ကို လုံးလုံးကို မကြောက်ပါဘူး ။ ဒါပေမဲ့ သူ့အနောက်မှာ သူ့ကို မှီတင်းနေထိုင်တဲ့ ထိုက်ရှီးကလန်သားတွေ ရှိနေလို့သာ သူက နောက်ဆုတ်သွားခဲ့တာပါ ။
ထိုက်ရှီးကလန်က မြို့ခံကလန် တစ်ခု ဖြစ်တဲ့အတွက် သူ့အနေနဲ့ မြို့စားစံအိမ်ကို မျက်နှာသာ ပေးလိုက်တာ ဆိုရငိလည်း မမှားပါဘူး ။
" ဆယ်သန်း "
သက်တံနီ ဘုရင်ရဲ့ လေသံကတော့ လုံးဝ ပေါ့ပေါ့ပါးပါးပါပဲ ။ သူက ထိုက်ရှီးရှောင်ပေးတဲ့ ဈေးနှုန်းထက်ကို တစ်ခါတည်း နှစ်သန်း ပိုပေးလိုက်ပါတယ် ။
" ဆယ့်နှစ်သန်း "
တောင်ပိုင်းဓားကောင်းကင် ဘုရင်ကလည်း လုံးဝ တွန့်ဆုတ်မနေပါဘူး ။ သူကလည်း ဈေးကို ထပ်ပြီး မြှင့်လိုက်ပါတယ် ။
" သေလိုက်စမ်းပါလားကွာ ။ သည်လူနှစ်ယောက်က ဘယ်လောက် အထိ ချမ်းသာနေကြတာလဲ "
ထိုက်ရှီးရှောင်ကတော့ သူ့နဖူး သူမရိုက်ရုံ တမယ်ပါပဲ ။ သူက အတော်လေး စိတ်ဓာတ်ကျသွားခဲ့ပါပြီ ။
သည်ဘုရင်အဆင့် ဂိုဏ်းချုပ်တွေနဲ့ ကြွယ်ဝမှုချင်း သွားယှဉ်တာက သူ့အတွက်တော့ ကိုယ့်အရှက် ကိုယ်ခွဲနေတာနဲ့ မခြားနားလှပါဘူး ။
" ဆယ့်ငါးသန်း "
သက်တံနီဘုရင်ရဲ့ မျက်နှာက လေးနက်တည်ကြည်လာခဲ့ပါပြီ ။
" ဆယ့်ခြောက်သန်း "
တောင်ပိုင်းဓားကောင်းကင် ဘုရင်ရဲ့ မျက်နှာကလည်း အလားတူပါပဲ ။ သူကလည်း သူ့ရဲ့ ကန့်သတ်ချက်ကို ရောက်လုနီးပါး ဖြစ်နေခဲ့ပါပြီ ။
" ဆယ့်ရှစ်သန်း "
သက်တံနီ ဘုရင်က စိတ်လှုပ်ရှားစွာနဲ့ ဈေးထပ်ပေးလိုက်ပါတယ် ။
ရွှီး……
သူ့ရဲ့ အသံနဲ့အတူ ဓားဆန္ဒဖျော့ဖျော့တစ်ခုက ထွက်ပေါ်လာခဲ့ပါပြီ ။ သူက တမင် ရည်ရွယ်ပြီး ထုတ်လိုက်တာတော့ မဟုတ်ပါဘူး ။ သူက စိတ်လှုပ်ရှားလာတဲ့အတွက် မရည်ရွယ်ဘဲ မသိစိတ်ကနေ ဓားဆန္ဒကို ထုတ်လိုက်မိတာပါ ။
" ဆယ့်ကိုးသန်း "
ခရက်…… ခရက် ……
တောင်ပိုင်းဓားကောင်းကင် ဘုရင်ရဲ့ အထူးသီးသန့်ခန်းမှာ စီရင်ခင်းကျင်းထားတဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ကတော့ အက်ကွဲသံတွေ ထွက်ပေါ်လာခဲ့ပါပြီ ။ အဲဒါက အစီအရင် ပျက်စီးတော့မယ့် အရိပ်အယောင်ပါပဲ ။
သည်လေလံခန်းမရဲ့ အထူးသီးသန့်ခန်းတွေကို အကာအကွယ်ပေးထားတဲ့ ဝင်္ကပါ အစီအရင်တွေက လိပ်ပြာ အသိစိတ်အာရုံကိုသာ ကာကွယ်ပေးနိုင်တဲ့အတွက် အဲသည်လို ဖြစ်သွားတာကလည်း သိပ်တော့ မထူးဆန်းလှဘူးလို့ ဆိုရပါမယ် ။
" ဆယ့်ကိုးသန်း …… ဆယ့်ကိုးသန်းတဲ့လား "
လေလံခန်းမထဲမှာ ရှိနေတဲ့ လူတွေအားလုံးကတော့ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြပါပြီ ။
သည်နေရာကို ရောက်နေတဲ့ လူအများစုဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်း အနည်းငယ်ကိုတောင် ထုတ်မသုံးစွဲနိုင်ကြပါဘူး ။ ဒါပေမဲ့လည်း သည်ဂိုဏ်းချုပ် နှစ်ယောက်ကတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဆယ်သန်းကနေ သန်းနှစ်ဆယ်ကို မတွန့်ဆုတ်ဘဲ သုံးနိုင်ကြပါတယ် ။ ဒါက သူတို့ရဲ့ အခြေအနေနဲ့ ယှဉ်လိုက်ရင် အတော်လေးကို ဒေါသ ထွက်ချင်စရာလို့ ဆိုရပါမယ် ။
" ဆ…ဆယ့်ကိုးသန်းလား "
လီဖူချန်းကလည်း တခြားလူတွေလို ပါးစပ်အဟောင်းသား ဖြစ်သွားတာပါပဲ ။
နဂိုမူလတုန်းကတော့ သူက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးသိန်းနဲ့ဆိုရင် မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ ချမ်းသာကြွယ်ဝမှုကို ယှဉ်လို့ရပြီလို့ ထင်နေခဲ့တာပါ ။
ဒါပေမဲ့လည်း အခုတော့ ထိပ်သီး မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ ကြွယ်ဝချမ်းသာမှုဟာ သူ မခန့်မှန်းနိုင်လောက်တဲ့အထိ ရှိနေတယ်ဆိုတာကို လီဖူချန်းတစ်ယောက် ကောင်းကောင်းကြီး သိနားလည်သွားခဲ့ပါပြီ ။ သူ့အနေနဲ့ သူ့ဆီမှာ ရှိနေတဲ့ ကောင်းကင်ဘုံကျောက်တုံး မှန်သမျှကို ထုတ်ရောင်းလိုက်ရင်တောင်မှ ထိပ်သီး မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ ချမ်းသာကြွယ်ဝမှုကို မီနိုင်မှာ မဟုတ်ပါဘူး ။
" ဂိုဏ်းချုပ် …… ကြည့်ရတာ ဟိုဘက်က ကန့်သတ်ချက် ရောက်နေပြီနဲ့တူတယ် "
မျက်လုံးသုံးလုံး ဓားမော့ဘုရင်က သက်တံနီ ဘုရင်ကို ခပ်တိုးတိုး ဆိုလိုက်ပါတယ် ။
သက်တံနီဘုရင်က ခေါင်းညိတ်လိုက်ပြီး
" နှစ်ဆယ့်တစ်သန်း "
သူ့အနေနဲ့ အဲသည်အချက်ကို သတိမမှုမိစရာ အကြောင်း မရှိပါဘူး ။
ခရက်……ခရက်……ချွမ်း……
ဝုန်း……
တောင်ပိုင်းဓားကောင်းကင် ဘုရင် ရှိနေတဲ့ အထူးသီးသန့်ခန်းဟာ ပေါက်ကွဲသွားပြီး အထဲကနေ တောင်ပိုင်းဓားကောင်းကင် ဘုရင် ထွက်ပေါ်လာခဲ့ပါတယ် ။
' ကောင်းတယ် "
စကားတစ်ခွန်း ပြောပြီးသွားတဲ့နောက်မှာတော့ တောင်ပိုင်းဓားကောင်းကင်ဘုရင်ဟာ ခရမ်းရောင်နေ လေလံခန်းမကနေ ထွက်ခွာသွားခဲ့ပါပြီ ။
သူက ကောင်းကင်သက်တံဓားကို အတင်းအဓမ္မလုပြီး ထွက်ပြေးသွားချင်ပေမယ့်လည်း သူ့ရဲ့ အသိစိတ်က အဲသည်လို မလုပ်ဖို့ တားမြစ်နေခဲ့ပါတယ် ။
ဘာဖြစ်လို့လဲဆိုတော့ အကြောင်းအရင်း နှစ်ချက် ရှိနေလို့ပါပဲ ။
ပထမ အကြောင်းအရင်းက ခရမ်းရောင်နေ ကုန်သည်အစည်းအရုံးဟာ သာမန် ကုန်သည်အစည်းအရုံး မဟုတ်ပါဘူး ။ သည်ခရမ်းရောင်နေ ကုန်သည်အစည်းအရုံးရဲ့ ခေါင်းဆောင်ဟာ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်က ဧကရာဇ်တစ်ပါး ဖြစ်ပါတယ် ။ အခုလက်ရှိ လေလံခန်းမမှာတော့ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တစ်ပါးမှ မရှိဘူး ဆိုပေမယ့် အနည်းဆုံးတော့ ထိပ်သီး လက်ရွေးစင် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးတော့ ရှိနေမှာပါပဲ ။ ဒါမှမဟုတ် အကြို ဧကရာဇ် တစ်ပါးတောင် ရှိရင် ရှိနေဦးမှာပါ ။ ထိပ်သီး လက်ရွေးစင် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ဒါမှမဟုတ် အကြို ဧကရာဇ်တစ်ပါး ရှိနေမှတော့ သူ့ရဲ့ ဓားလုပြေးမယ့် အကြံအစည်ဟာ ဘယ်လိုမှ အောင်မြင်နိုင်စရာ အကြောင်း မရှိပါဘူး ။ ဒါကြောင့်လည်း သူက ကောင်းကင်သက်တံဓားကို ဝင်မလု ရဲတာ ဖြစ်ပါတယ် ။
ဒုတိယ အကြောင်းအရင်း……
ဒုတိယအကြောင်းအရင်းကတော့ သက်တံနီဘုရင်ကြောင့်လို့ ဆိုရပါမယ် ။ သူနဲ့ သက်တံနီဘုရင်ဟာ တန်ခိုး အစွမ်းချင်း သူမသာ ၊ ကိုယ်မသာ ပါပဲ ။ တကယ်လို့သာ သူ့အနေနဲ့ ကောင်းကင်သက်တံဓားကို ဝင်လုမယ် ဆိုရင် သက်တံနီဘုရင်က သည်အတိုင်း ကြည့်နေမှာ မဟုတ်ပါဘူး ။သက်တံနီဘုရင် ဝင်ပါလာမယ်ဆိုရင် သူ့ရဲ့ ကောင်းကင်သက်တံဓား လုပြေးမယ့် လုပ်ရပ်ဟာ သေချာပေါက် ကျရှုံးမှာ ဖြစ်ပါတယ် ။
တောင်ပိုင်းဓားကောင်းကင် ဘုရင် ထွက်သွားပြီးတဲ့နောက်မှာတော့ သက်တံနီဘုရင်နဲ့ ယှဉ်ပြီး လေလံဆွဲမယ့်သူဟာ ကင်းမဲ့သွားခဲ့ပါပြီ ။ အဲသည်အတွက် ကောင်းကင်သက်တံဓားဟာ သက်တံနီဘုရင်လက်ထဲကို ကျရောက်သွားပါတော့တယ် ။
" နှစ်ဆယ့်တစ်သန်း တစ်ကြိမ် …… နှစ်ဆယ့်တစ်သန်း နှစ်ကြိမ် …… နှစ်ဆယ့်တစ်သန်း သုံးကြိမ် ။ ကဲ…… ရောင်းထွက်သွားပါပြီ ။ ဂုဏ်ယူပါတယ်…… သက်တံနီဘုရင် "
လျိုကျင်းက အားရပါးရ ဟစ်အော်ပြီး ကြေညာလိုက်ပါတော့တယ် ။ သူ့ရဲ့ မျက်နှာကတော့ ပြုံးဖြီးလို့ နေခဲ့ပါပြီ ။
သည်လေလံပွဲ မစခင်တုန်းကတော့ သူက သည်ကောင်းကင်သက်တံဓားဟာ အများဆုံးရမှ အလယ်အလတ် ဝိညာဉ်ကျောက်တုံး ဆယ်သန်းလို့ ခန့်မှန်းထားခဲ့တာပါ ။ ဒါပေမဲ့လည်း အခုတော့ ကောင်းကင်သက်တံဓားဟာ အလယ်အလတ် ဝိညာဉ်ကျောက်တုံး နှစ်ဆယ့်တစ်သန်းတောင် ရခဲ့ပါတယ် ။ ကြည့်ရတာတော့ သူဟာ ဘုရင်အဆင့် ဂိုဏ်းတွေရဲ့ ကြွယ်ဝချမ်းသာမှုကို လျော့တွက်လိုက်မိတဲ့ ပုံပါပဲ ။
" ရော့…… သည်မှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ့်တစ်သန်း ။ ကျုပ်ကို ကောင်းကင်သက်တံဓား ပေးတော့ "
လျိုကျင်းရဲ့ ကြေညာချက် ပြီးတာနဲ့ တစ်ပြိုင်နက် သက်တံနီ ဘုရင်ဟာ အထူးသီးသန့်ခန်းထဲကနေ ထွက်လာပြီး လျိုကျင်းကို သိုလှောင်အိတ် တစ်အိတ် ပစ်ပေးလိုက်ကာ ကောင်းကင်သက်တံဓားကို တောင်းပါတော့တယ် ။
" ခင်ဗျားပေးတဲ့ ဝိညာဉ်ကျောက်တုံးက အတိအကျပဲ ။ ရော့…… သည်ဓားက ခင်ဗျားအပိုင် ဖြစ်သွားပြီ "
လျိုကျင်းက သိုလှောင်အိတ်ထဲမှာ ရှိနေတဲ့ ဝိညာဉ်ကျောက်တုံးတွေကို တစ်ချက် စစ်ကြည့်လိုက်ပြီးနောက်မှာတော့ ကောင်းကင်သက်တံဓားကို သက်တံနီ ဘုရင်ဆီ ပစ်ပေးလိုက်ပါတယ် ။
သည်လိုနဲ့ပဲ လေလံပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ ။ သည်လေလံပွဲမှာ အကျိုးအမြတ် အရသွားဆုံး သူကတော့ သေချာပေါက် သက်တံနီ ဘုရင်ပါပဲ ။
ဒါပေမဲ့လည်း လူတချို့ကတော့ သည်လေလံပွဲမှာ အကျိုးအမြတ် အရသွားဆုံးသူက ခရမ်းရောင်နေ ကုန်သည်အစည်းအရုံး ကိုယ်တိုင်ပဲလို့ ယုံကြည်နေကြပါတယ် ။
ဒါကိုတော့ လုံးဝ သံသယ ရှိနေစရာ မလိုပါဘူး ။ သည်လေလံပွဲမှာ ရောင်းချခဲ့တဲ့ ပစ္စည်းအားလုံးဟာ ထိုက်သင့်တဲ့တန်ဖိုးထက် အများကြီး ပိုနေခဲ့တာ မဟုတ်ပါလား ။နောက်ဆုံး လေလံပစ္စည်းဖြစ်တဲ့ ကောင်းကင်သက်တံ ဓားဆိုရင် ထိုက်သင့်တဲ့ တန်ဖိုးထက် အလယ်အလတ် ဝိညာဉ်ကျောက်တုံး ဆယ်သန်းနီးပါး ပိုနေခဲ့ပါသေးတယ် ။
' အင်း…… လေလံပွဲကတော့ ပြီးသွားပြီ ။ ဒါပေမဲ့ လေလံပွဲရဲ့ ရိုက်ခတ်မှုကတော့ ပြီးမှာ မဟုတ်ဘူး '
လီဖူချန်းက သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို ဖြန့်ကြက်ပြီး လူတွေရဲ့ အမူအယာတွေကို အကဲခတ်ရင်းနဲ့ တွေးလိုက်မိပါတယ် ။
သည်လေလံပစ္စည်း ၁၂၆ မျိုးလုံးဟာ အင်မတန် ရှားပါးပြီး တန်ဖိုးကြီးတဲ့ အရာတွေလို့ ဆိုရပါမယ် ။ အဲသည်အတွက် လေလံ ဆွဲဖို့အတွက် လုံလောက်တဲ့ ကြွယ်ဝချမ်းသာမှု မရှိသူတွေနဲ့ လေလံပွဲရဲ့ ရလဒ်ကို မကျေနပ်တဲ့ သူတွေဟာ သည်အတိုင်း ကြည့်နေကြမှာ မဟုတ်ပါဘူး ။ သူတို့က လေလံအောင်သွားတဲ့ သူတွေဆီကနေ သူတို့ လိုချင်တဲ့ ပစ္စည်းကို သေချာပေါက် မရရအောင် နည်းလမ်းမျိုးစုံနဲ့ လုယူကြမှာပါပဲ ။ အခုချိန်ကစပြီးတော့ နန်အန်း မြို့တော်နဲ့ အနီးပတ်ဝန်းကျင်မှာ သွေးမြေကျမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်တော့မှာ ဖြစ်ပါတယ် ။
" ကဲ…… ငါလည်း အမြန် သည်နေရာကနေ ထွက်မှ ဖြစ်မယ် "
အဲသည်နောက်မှာတော့ ရုပ်ဖျက်ထားတဲ့ လီဖူချန်းဟာ သီးသန့်ခန်းထဲကနေ လှစ်ခနဲ ထွက်ပြီး လေလံခန်းမ အပြင်ဘက်ကို ထွက်သွားခဲ့ပါပြီ ။
***