← Chapters

အပိုင်း ၅၆၆

Vol. 42 Ch. 566

အပိုင်း ၅၆၆

Vol. 42 Ch. 566

လူငယ်တွေ့ဆုံပွဲ

လီဖူချန်း ထင်ထားခဲ့သလိုပါပဲ ။ လေလံပွဲ ပြီးသွားတဲ့ နောက်မှာတော့ နန်အန်းမြို့တော်ဟာ လုံးဝ အနား မရတော့ပါဘူး ။

လေလံပွဲမှာ အောင်သွားတဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဘုရင်တွေ နဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေဟာ  ရုပ်ဖျက်ပြီး တစ်မျိုး ၊ ပုန်းလျှိုးကွယ်လျှိုးပြီး တစ်ဖုံ နဲ့ သူတို့ရဲ့ နေရပ်ကို ပြန်ဖို့ ကြိုးစားခဲ့ကြ ပေမယ့်လည်း  အောင်မြင်ခဲ့တဲ့သူက အတော်လေး ရှားတယ်လို့ ဆိုရပါမယ်  ။ သူတို့ထဲက အများစုကတော့ ဟန့်တားသူတွေနဲ့ ကြုံခဲ့ရပြီး နန်အန်းမြို့တော် အပြင်မှာ သွေးချောင်းစီး တိုက်ပွဲတွေကို တိုက်ခိုက်ခဲ့ရပါတယ် ။

လူတွေအားလုံးရဲ့ အာရုံကို အဖမ်းစားနိုင်ဆုံး တိုက်ပွဲကတော့ သက်တံနီဘုရင်ရဲ့ တိုက်ပွဲပါပဲ ။

သက်တံနီဘုရင် နဲ့ မျက်လုံးသုံးလုံး ဓားမော့ဘုရင်တို့ နန်အန်းမြို့တော်ကနေ ထွက်ခွာတာနဲ့ တစ်ပြိုင်နက် တစ်ဒါဇင်ကျော်ရှိတဲ့ အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေဟာ သူတို့ကို ဝိုင်းဝန်း တားဆီးကြပါတယ် ။

အစတုန်းကတော့ လူတွေက သည်တိုက်ပွဲဟာ အလွန်တရာ ပြင်းထန်ပြီး နှစ်ဘက်စလုံး ရေကုန်ရေခမ်း တိုက်ခိုက်ကြရမယ့် တိုက်ပွဲလို့ ခန့်မှန်းထားခဲ့ကြတာပါ ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ တိုက်ပွဲရဲ့ ရလဒ်ဟာ သူတို့မှန်းထားတာနဲ့  တခြားစီ ဖြစ်သွားခဲ့တယ်ဆိုလို့ ဆိုရပါမယ် ။

သက်တံနီဘုရင်က ဘုရင်ဆယ်ပါးနဲ့ တိုက်ခိုက်ခဲ့ပြီး ခုနစ်ပါးကို ဒဏ်ရာ ရရှိစေခဲ့ကာ သုံးပါးကို သတ်ပစ်လိုက်နိုင်ပါတယ် ။

မျက်လုံးသုံးလုံး ဓားမော့ဘုရင်ကတော့ ဘုရင်လေးပါးနဲ့ တိုက်ခိုက်ခဲ့ပြီး အဲသည်ဘုရင် လေးပါးစလုံးကို ဒဏ်ရာ ရစေခဲ့ပါတယ် ။

အဲဒါက လုံးဝ တစ်ဖက်သတ် တိုက်ပွဲကြီးပါပဲ ။

ဒါက အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင် ဆယ့်လေးပါးပါ ။ သူတို့တွေက နှယ်နှယ်ရရ ကျင့်ကြံသူတွေ မဟုတ်ပါဘူး ။ အကြိုဧကရာဇ်တွေတောင်မှ သူတို့ကို အနိုင်ယူဖို့အတွက် အတော်လေး ခက်ခက်ခဲခဲ ကြိုးစားရမှာ အသေအချာပါပဲ ။

ဒါပေမဲ့လည်း သက်တံနီ ဘုရင်နဲ့ မျက်လုံးသုံးလုံး ဓားမော့ဘုရင်တို့ကတော့ အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင် ဆယ့်လေးပါးကို တစ်ဖက်စောင်းနင်း တိုက်ခိုက်ပြီး အလွယ်တကူ အနိုင်ယူပစ်လိုက်ပါတယ် ။ အဲသည်အချက်နဲ့တင် သူတို့နှစ်ယောက်ဟာ ဘယ်လောက်အထိ ကြောက်စရာ ကောင်းသလဲ ဆိုတာကို မှန်းဆ သိမြင်နေနိုင်ပါပြီ ။

အဲသည်တိုက်ပွဲ ပြီးတဲ့နောက်မှာတော့ လူတိုင်းဟာ  နန်အန်း စီရင်စုထဲက ဘယ်သူကမှ သူတို့နှစ်ယောက်ကို နေရပ် မပြန်နိုင်အောင် တားဆီးနိုင်မှာ မဟုတ်ဘူး ဆိုတာကို သဘောပေါက်သွားပါတော့တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ နန်အန်းစီရင်စုမှာ လက်ရှိ ရှိနေတဲ့ ကာကွယ်စောင့်ရှောက်သူတောင်မှ အကြို ဧကရာဇ် အဆင့်မှာသာ ရှိနေသေးလို့ပါပဲ ။

လီဖူချန်း………

နန်အန်းမြို့တော်နဲ့ အနီးတစ်ဝိုက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကတော့ လီဖူချန်းနဲ့ လုံးဝကို မဆိုင်ဘူးလို့ ဆိုရပါမယ် ။ ရုပ်ဖျက်ထားသလို ချီအရှိန်အဝါတွေကိုလည်း ဖုံးကွယ်ထားတဲ့ လီဖူချန်းဟာ ခရမ်းရောင်နေ လေလံခန်းမကနေ ထွက်ခွာပြီးတာနဲ့ တစ်ပြိုင်နက် စားသောက်ဆိုင် တစ်ခုထဲကို ဝင်လိုက်ပါတယ် ။ အဲသည်စားသောက်ဆိုင်ကနေ ပြန်ထွက်လာတဲ့ အခါမှာတော့ သူဟာ သူ့ရဲ့ မူလရုပ်သွင်ကို ပြန်ပြောင်းပြီးသွားခဲ့ပါပြီ ။

' ဟမ့်…… မင်းတို့က ငါ့ကို နောက်ယောင်ခံ လိုက်ချင်တာလား ။ နောက်ဆယ်ဘဝအထိ ကြိုးစားလိုက်ဦး '

စားသောက်ဆိုင်ရဲ့အရှေ့ လမ်းမကြီးပေါ်မှာ လမ်းလျှောက်နေရင်းနဲ့ လီဖူချန်းဟာ မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပါတယ် ။

သူတွက်ထားတဲ့ အတိုင်းပါပဲ ။ အစောပိုင်းတုန်းက သူ့ကို ထောက်လှမ်း အကဲခတ်နေတဲ့ လိပ်ပြာ အသိစိတ်အာရုံတွေ အကုန်လုံးဟာ အခုတော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါပြီ ။

" ဘာလဲဟ ။ သည်ကောင်က အခုထက်ထိ စားသောက်ဆိုင် ထဲကနေ ထွက်မလာသေးဘူးလား "

ရွှေလံှဗိုလ်ကလည်း တခြားလူတွေပဲ လီဖူချန်းကို စားသောက်ဆိုင် အပြင်ဘက်မှာ ချောင်းမြောင်း စောင့်ဆိုင်းနေတာ ဖြစ်ပါတယ် ။

ရွှေလံှဗိုလ် ဆီမှာက နာမည် နှစ်ခုရှိတာ ဘယ်သူမှ မသိကြပါဘူး ။ အပေါ်ယံ လူကြားထဲမှာတော့ သူက ရွှေလှံဗိုလ် ဖြစ်ပြီး အခြားတစ်ဖက်မှာတော့ သူဟာ သွေးစွန်းလက် စောရ ဖြစ်ပါတယ် ။

ရွှေလှံဗိုလ် အနေနဲ့ လူကြားထဲမှာ လှုပ်ရှားရင်တော့ သူ့ရဲ့ ကျင့်ကြံမှုဟာ သာမန် မူလပင်လယ်နယ်ပယ် အဆင့်၄ ဖြစ်ပေမယ့် သွေးစွန်းလက် စောရအဖြစ် လှုပ်ရှားတဲ့အခါမှာတော့ သူဟာ အဆင့်၆ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကိုတောင် သတ်ဖြတ်ခဲ့ ပြီးပါပြီ ။

" ငါလောလို့ မဖြစ်သေးဘူး ။သည်ကောင်လေးက ငါ့အိတ်ထဲက ဖားပဲ ။ ဘယ်အချိန် ရိုက်သတ်သတ် ရပါတယ် ။ ငါ  စားသောက်ဆိုင် တစ်ခုထဲကို လိုက်ဝင်ပြီး အဲထဲကနေ သူ့ကို အေးအေးဆေးဆေး စောင့်ကြည့်နေလိုက်မယ် "

ရွှေလှံဗိုလ်က အတော်လေး စိတ်ရှည်တဲ့လူလို့ ဆိုရပါမယ် ။ သူက လီဖူချန်း စားသောက်ဆိုင်ထဲကို ဝင်သွားပြီး အချိန် အတန်ကြာတဲ့အထိ ပြန်မထွက်လာတောင်မှ စိတ်မလောသေးဘဲ မျက်နှာချင်းဆိုင်က စားသောက်ဆိုင် တစ်ခုထဲဝင်ကာ လီဖူချန်းကို စောင့်နေလိုက်ပါသေးတယ် ။

" မဟုတ်သေးဘူး……သည်ကောင် စားသောက်ဆိုင်ထဲမှာ သည်လောက်ကြာကြာ နေနေစရာ အကြောင်း မရှိဘူး ။ သည်ကောင် စားသောက်ဆိုင်ထဲကနေ ငါမသိအောင် ထွက်သွားတာများလား "

ဒါပေမဲ့လည်း နေ့တစ်ဝက်တိတိ ကြာပြီးတဲ့အထိ လီဖူချန်းတစ်ယောက် စားသောက်ဆိုင်ထဲကနေ ထွက်မလာတဲ့ အခါမှာတော့  ရွှေလှံဗိုလ်ရဲ့ စိတ်ထဲမှာ  စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်တည်လာခဲ့ပါပြီ ။

သည်လိုဖြစ်နေတာကတော့ ရွှေလှံဗိုလ် တစ်ဦးတည်းမှ မဟုတ်ပါဘူး ။လီဖူချန်း ပစ်မှတ်ထား စောင့်ကြည့်နေတဲ့ တခြားလူတွေဟာလည်း ရွှေလှံဗိုလ်လိုပဲ ခံစားနေကြရပါတယ် ။

အဲသည်အချိန်မှာတော့ လီဖူချန်းဟာ သူတည်းခိုရာ တည်းခိုခန်းကို  ရောက်လို့ ကြာပန်းနီဓား ၊ ကြာပန်းနီ ချပ်ဝတ်တန်ဆာနဲ့ လေမိုးကြိုး တောင်ပံတို့ကို သန့်စင်ပြီး သူနဲ့ ပေါင်းစည်းဖို့ စတင် လုပ်ဆောင်နေခဲ့ပါပြီ ။

ကြာပန်းနီဓား ထဲမှာက မီးတောက် ဓားဆန္ဒတစ်ခု ပါဝင်နေတဲ့အတွက် အဲဒါက မီးဓား တာအို တစ်မျိုးလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး ။ လီဖူချန်းတစ်ယောက် ကြာပန်းနီဓားကို သန့်စင်ပြီး သူနဲ့ ပေါင်းစည်းလိုက်ပြီးတာနဲ့ တစ်ပြိုင်နက် ဓားဟာ ကြက်သွေးရောင်သမျှ တောက်ပနေတဲ့ ကြာပန်းတွေကို ပွင့်စေကာ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို ထုတ်လွှတ်လာပါတော့တယ် ။

" အိုး…ဟိုး……ဟိုး…… ဒါက ကြယ်၂ပွင့် မြေကမ္ဘာ အထွတ်အထိပ်အဆင့် ရတနာဓားဆိုတဲ့ သတ်မှတ်ချက်နဲ့ တကယ်ပဲ ကိုက်ညီလှပါလား "

လီဖူချန်းရဲ့ မျက်နှာကတော့  မှိုရတဲ့ မျက်နှာလို အပြုံးကြီး ပြုံးနေခဲ့ပါပြီ ။

" အညှာအတာမဲ့ မျှောလွင့်မီးလျှံ "

လီဖူချန်းက သက်တံနီဓားကို ဆွဲကိုင်ပြီး ရုတ်တရက်  ဓားကွက်တစ်ကွက် ထုတ်လိုက်ပါတယ် ။

ရွှီး……

ခရက်……

ဓားချက်ကတော့ တကယ့် ကြောက်စရာပါပဲ ။ ဓားချက်က လေဟာနယ်ကို ဖြတ်ပိုင်းပြီး ခြံဝင်းရဲ့ အကာအကွယ် ဝင်္ကပါကိုတောင်မှ အက်ကွဲသံတစ်ခု ထွက်ပေါ်သွားစေပါတယ် ။ ဒါတောင်မှ လီဖူချန်းက ဓားချီတွေကို ထုတ်မလွှတ်ရသေးပါဘူး ။ သူက သည်အတိုင်း ဓားကွက်ကို အဖြစ်သဘော ထုတ်လိုက်တာပါ ။

အဲသည်နောက်မှာတော့ လီဖူချန်းဟာ ကြာပန်းနီ ချပ်ဝတ်တန်ဆာ နဲ့ လေမိုးကြိုး တောင်ပံကို သန့်စင်ပြီး သူနဲ့ ပေါင်းစည်းဖို့ ထပ်မံ လုပ်ဆောင်ပြန်ပါတယ် ။

ကြာပန်းနီ ချပ်ဝတ်တန်ဆာကို ပေါင်းစည်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ တစ်စုံတစ်ခုကို သတိပြုမိ လိုက်ပါတယ် ။ အဲဒါကတော့ ကြာပန်းနီ ဓား နဲ့ ကြာပန်းနီ ချပ်ဝတ်တန်ဆာ အတူ ရှိနေတာက သူ့ရဲ့ ခံစစ် နဲ့ တိုက်စစ်ကို ပိုပြီး အားကောင်းသွားစေတယ် ဆိုတာပါပဲ ။ သူ့အနေနဲ့  ဓားချက် ထုတ်လိုက်တိုင်းမှာ ကြာပန်းနီ ချပ်ဝတ်တန်ဆာက ကြာပန်းနီ ဓားကို ဓားချီတွေ စုစည်းနိုင်ဖို့အတွက် အထောက်အကူ ပေးပါတယ် ။

လီဖူချန်းရဲ့ ခန့်မှန်း တွက်ချက်မှုအရ ဆိုရင်တော့ သည်အရာနှစ်ခု အတူတကွ ရှိနေတာက သူ့ကို ကျင့်ကြံမှု အဆင့်တစ်ခု တိုးစေသလိုပါပဲ ။

ဒါက သိပ်မများလှဘူး ဆိုပေမယ့်လည်း လီဖူချန်းအတွက်တော့ အတော်လေး သိသာလှပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ်ပါလေ ။ အဲဒါက သူ့ရဲ့ အစွမ်းကို ထပ်ပေါင်းလောင်းထည့်ပေးနေတာ မဟုတ်ပါလား ။

နောက်ထပ် အချိန်အနည်းငယ် ထပ်အကြာမှာတော့ လီဖူချန်းဟာ လေမိုးကြိုး တောင်ပံကိုလည်း သူနဲ့ ပေါင်းစည်းလိုက်နိုင် ပြန်ပါတယ် ။

လေမိုးကြိုး တောင်ပံကတော့ လေမိုးကြိုး ဥပဒေသ နဲ့ ဆန္ဒ ခိုဝင်ကိန်းအောင်းနေတဲ့ မှော်ဝင်ရတနာ တစ်ပါးလို့ ဆိုရပါမယ် ။ သည်ရတနာထဲကို ချီစွမ်းအင်တွေ ပို့ဆောင်လိုက်မယ်ဆိုရင် အဲဒါက လေမိုးကြိုး ဆန္ဒကို နိုးဆွလိုက်သလို ဖြစ်သွားပြီး အသုံးပြုသူရဲ့ အမြန်နှုန်းကို ရုတ်ချည်း မြှင့်တင်ပေးနိုင်ပါတယ် ။

ဟူး……ဟူး……ဟူး………

ခြံဝင်းငယ်လေး တစ်ခု အတွင်းမှာတော့ လေပြင်းတိုက်ခိုက်သံနဲ့အတူ လူရိပ်တစ်ရိပ်ဟာ လျင်မြန်စွာ လှုပ်ရှားသွားလာနေပါတယ် ။ အဲသည်လူရိပ်ကတော့ လီဖူချန်းပါပဲ ။

လေမိုးကြိုး တောင်ပံနဲ့ ပေါင်းစည်းထားတဲ့ လီဖူချန်းဟာ အခုဆိုရင် အတွေးတစ်ချက်နဲ့တင် မီတာ ဒါဇင်နဲ့ ချီတဲ့ အကွာအဝေးကို ချက်ချင်း သွားလာ လှုပ်ရှား နိုင်နေပါပြီ ။

" ဟား…ဟား…ဟား…… သည်လေမိုးကြိုး တောင်ပံနဲ့ဆိုရင် ငါ့ရဲ့ အမြန်နှုန်းက သာမန် အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေနဲ့ ယှဉ်လို့ ရနေပြီကွ "

မူလပင်လယ်နယ်ပယ် ဘုရင်တွေဆိုတာက အမည်ခံသက်သက် မဟုတ်ပါဘူး ။ သူတို့ရဲ့ ချီစွမ်းအင်တွေက တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေ အများကြီး ပိုသန့်စင်ပါတယ် ။ပြီးတော့ မူလပင်လယ်နယ်ပယ် ဘုရင်တွေက သဘာဝ စွမ်းအားတွေကို ထိန်းချုပ်ပြီး သူတို့ရဲ့ အမြန်နှုန်းကို မြှင့်တင်နိုင်ပါသေးတယ် ။

" အင်း…… အခုဆိုရင် ငါက လျှို့ဝှက်နည်းစနစ်တွေရဲ့ ဆန်းကြယ်မှုကို နားလည် သဘောပေါက်နေပြီ ။ ပြီးတော့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်းတွေကနေပြီး ကောင်းကင်အဆင့် ဓားကွက်တွေလည်း တီထွင်ထားနိုင်ပြီ ။ ဒါဆိုရင် ငါက ငါ့ရဲ့ ချီအတွင်းအား ကျင့်စဉ်ကို နောက်တစ်ဆင့်ရောက်အောင် ဘာဖြစ်လို့ မတီထွင်နိုင်ရမှာလဲ "

သူ့ရဲ့ ဓားသိုင်း ၊ လျှို့ဝှက်နည်းစနစ်တွေက ကန့်သတ်ချက်ကို ရောက်သွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဘာမှ ထွေထွေထူးထူး  လုပ်စရာ မရှိတော့ပါဘူး ။ ပြီးတော့ သူ့အနေနဲ့  ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ဒုတိယ ချိပ်ပိတ်စည်းတံဆိပ်ကို အပြည့်အဝ နားလည်ဖို့ကလည်း  မဆိုစလောက်လေးသာ လိုတော့တယ်လို့ ဆိုရမယ့် အနေအထားကို ရောက်ရှိနေခဲ့ပါပြီ ။ အဲသည်အတွက် လီဖူချန်းဟာ သက်တံနီ နတ်ဘုရားမီးတောက်  အတွင်းအားကျင့်စဉ်ကို နောက်ထပ်တစ်ဆင့် တီထွင်ဖို့ ကြံဆောင်ပါတော့တယ် ။

သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်က စုစုပေါင်းအဆင့် ၃၃ ဆင့် ရှိတဲ့ မြေကမ္ဘာအထွတ်အထိပ်အဆင့် ကျင့်စဉ်တစ်ခုပါပဲ ။ အဲသည်အတွက် ယေဘုယျအားဖြင့် အဆင့် ၃၃ ဟာ အမြင့်ဆုံး အဆင့်လို့ ဆိုရပါမယ် ။

ဒါပေမဲ့လည်း လီဖူချန်းကတော့ အဆင့်မြင့် ချီအတွင်းအား ကျင့်စဉ်တွေဟာ အဆင့်နိမ့် ချီအတွင်းအား ကျင့်စဉ်တွေကို အခြေခံပြီး တီထွင်ထားတယ် ဆိုတဲ့အချက်ကို ကောင်းကောင်းကြီး သိထားပါတယ် ။

ကျင့်ကြံခြင်းလောကရဲ့ အစောပိုင်း အချိန်တွေတုန်းကဆိုရင် လူသားတွေမှာ ရှိတဲ့ ချီအတွင်းအား ကျင့်စဉ်ဟာ အဝါရောင် အဆင့်နိမ့် ကျင့်စဉ်ထက် မပိုပါဘူး ။ အချိန်တွေ တဖြည်းဖြည်း ကြာလာတဲ့ အခါမှသာ ကျင့်ကြံသူတွေဟာ   အဝါရောင် အဆင့်နိမ့် ကျင့်စဉ်တွေကို အခြေခံပြီး အဆင့်မြင့် ကျင့်စဉ်တွေ တီထွင် ဖန်တီးနိုင်ခဲ့ကြတာပါ ။

လူသားတွေရဲ့ ကျင့်ကြံမှုနယ်ပယ် အဆင့် လိုအပ်မှုကြောင့် ကျင့်စဉ်တွေဟာ အဆင့်တက်လာခဲ့တယ်လို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး ။

ချီအတွင်းအား ကျင့်စဉ်တွေနဲ့ ကျင့်ကြံသူတွေဟာ တိုက်ရိုက် အချိုးကျနေတဲ့ အရာနှစ်ခုပါပဲ ။ အဆင့်မြင့်တဲ့ ချီအတွင်းအား ကျင့်စဉ်တွေကို ကျင့်ကြံရင်းနဲ့ ကျင့်ကြံသူတွေဟာ နယ်ပယ်အမြင့်တွေကို တက်လှမ်း နိုင်ပါတယ် ။

တကယ်လို့ ကျင့်ကြံသူ တစ်ဦးက မြေကမ္ဘာ အဆင့်နိမ့် ချီအတွင်းအား ကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် အဲသည်သူဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကနေ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းနိုင်တဲ့ အခွင့်အရေး ရှိပါတယ် ။

တကယ်လို့ ကျင့်ကြံသူ တစ်ဦးက မြေကမ္ဘာ အဆင့်မြင့် ချီအတွင်းအား ကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့မယ် ဆိုရင်တော့ အဲသည်သူဟာ တိုက်ပွဲဝိညာဉ် နယ်ပယ်ကနေ မူလပင်လယ်နယ်ပယ်ကို တက်လှမ်းနိုင်တဲ့ အခွင့်အရေး ရှိပါတယ် ။

တကယ်လို့  ကျင့်ကြံသူ တစ်ဦးက မူလပင်လယ်နယ်ပယ်ကနေ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို တက်လှမ်းချင်တယ် ဆိုရင်တော့ အဲသည်သူဟာ ကောင်းကင်အဆင့်နိမ့် ချီအတွင်းအား ကျင့်စဉ်ကို ကျင့်ကြံထားမှကို ရပါမယ် ။ အဲလိုမှ မဟုတ်ရင်တော့ လုံးဝ မလွယ်လောက်ပါဘူး ။

လီဖူချန်းက ကောင်းကင်အဆင့်နိမ့် ချီအတွင်းအား ကျင့်စဉ်တွေဟာ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေ လက်ထဲမှာသာ ရှိတယ်ဆိုတာကို ကောင်းကောင်းကြီး သိထားပါတယ် ။ ဒါပေမဲ့လည်း ဘယ်သူက ဥပဒေသ ပြောင်းလဲခြင်း ဧကရာဇ်တွေဆီ သွားပြီး ကောင်းကင်အဆင့်နိမ့် ချီအတွင်းအား ကျင့်စဉ်ကို သင်ကြားပေးဖို့ မေးရဲမှာတဲ့လဲ ။

အဲသည်အတွက် လီဖူချန်းက ကောင်းကင်အဆင့်နိမ့် ချီအတွင်းအား ကျင့်စဉ်ကို လုံးဝ မမျှော်လင့်ပါဘူး ။ သူက သူနဲ့ကိုက်ညီတဲ့ ကောင်းကင်အဆင့်နိမ့် ချီအတွင်းအား ကျင့်စဉ်ကို သူကိုယ်တိုင် ဖန်တီးဖို့သာ စဉ်းစားထားပါတယ် ။

သူက ကောင်းကင် အဆင့်နိမ့် ဓားကွက်တွေကိုတောင် တီထွင် ဖန်တီးနိုင်မှတော့ ကောင်းကင်အဆင့်နိမ့် ချီအတွင်းအား ကျင့်စဉ်ကိုလည်း မတီထွင် ၊ မဖန်တီးနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး ။ အဲဒါက ကောင်းကင်အဆင့်နိမ့် ဓားကွက်တွေကို တီထွင်ဖန်တီးတုန်းကထက် ပိုခဲယဉ်းတာပဲ ရှိပါလိမ့်မယ် ။

" အင်း…… ချီအတွင်းအားကျင့်စဉ်တစ်ခု တီထွင်တာက နေ့ချင်း ၊ ညချင်းတော့ ပြီးမှာမဟုတ်ဘူး ။ ငါ့ရဲ့ ထိုးထွင်းသိမြင်မှုက လုံလောက်တယ် ဆိုပေမယ့် လူသား ခန္ဓာဗေဒအကြောင်း နားလည်မှုက လိုအပ်နေသေးတာပဲ ။ မဖြစ်သေးပါဘူး ။ ရှေးဟောင်းပစ္စည်း လမ်းကြားကို တစ်ခေါက်လောက် သွားကြည့်ဦးမှ "

လူသား ခန္ဓာဗေဒအကြောင်း နားလည်ဖို့ ဆိုတာက လိပ်ပြာ အသိစိတ်အာရုံနဲ့ ခန္ဓာကိုယ်ကို ဆန်းစစ်ကြည့်နိုင်ရုံတင် မရပါဘူး ။လူသား ခန္ဓာကိုယ်ထဲမှာ  သွေးကြောဆုံမှတ်တွေက ဘယ်လို အလုပ် လုပ်သလဲ ဆိုတာရယ် ၊ အဲသည်သွေးကြောဆုံမှတ်တွေက သွေးကြောတွေနဲ့ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာရယ်ကို ကောင်းကောင်းကြီး သိထားရပါမယ် ။

အဲသည်နောက်မှာတော့ လီဖူချန်းဟာ ရှေးဟောင်းပစ္စည်း လမ်းကြားကို ထွက်လာခဲ့ပါတော့တယ် ။

ရှေးဟောင်းပစ္စည်း လမ်းကြား………

မြို့တိုင်း၊ မြို့တိုင်းမှာဆိုရင် သူတို့ရဲ့ ကိုယ်ပိုင် ရှေးဟောင်းပစ္စည်း လမ်းကြားတွေ ရှိတတ်တာက ဓမ္မတာပါပဲ ။ အဲသည်လမ်းကြားတွေထဲမှာ ဆိုရင် အမျိုးမျိုး ၊ အထွေထွေသော ပစ္စည်းတွေ စုံစီနဖာ ရောင်းချလေ့ရှိပြီး အဲသည်အရာတွေက လူတချို့အတွက် အတော်လေး အသုံးဝင်တဲ့ အရာတွေ ဖြစ်နေလေ့ ရှိတတ်ပါတယ် ။

ဒါကြောင့်လည်း ကျင့်ကြံခြင်း လောကမှာ

" တကယ်လို့ သင်ဟာ ထူးဆန်းတဲ့ ပစ္စည်း တစ်ခုခုကို လိုအပ်ရင် ရှေးဟောင်းပစ္စည်း လမ်းကြားတွေမှာ သွားရောက် ရှာဖွေ စနည်းနာ သင့်တယ် " လို့ ပြောစမှတ် ပြုကြတာပါ ။

သည်လိုနဲ့ပဲ လီဖူချန်းဟာ နန်အန်းမြို့တော်ရဲ့ အနောက်ဘက် အခြမ်းမှာ ရှိတဲ့ ရှေးဟောင်းပစ္စည်း လမ်းကြားထဲကို ရောက်ရှိလာခဲ့ပါပြီ ။

သည်ရှေးဟောင်းပစ္စည်း လမ်းကြားကတော့ လီဖူချန်း ရောက်ဖူးသမျှ ထဲမှာ အရှည်ဆုံး လမ်းကြားလို့ ဆိုရပါမယ် ။ အဲဒါက မိုင်ဒါဇင် အနည်းငယ်မျှ ရှည်ပြီး ဈေးဆိုင်တွေကလည်း တစ်ထောင်နီးပါး ရှိနေပါတယ် ။ ပြီးတော့ သည်လမ်းကြားထဲမှာ မူလပင်လယ်နယ်ပယ် ဘုရင် တော်တော်များများ လှုပ်ရှား သွားလာနေကြပါသေးတယ် ။သည်မြင်ကွင်းကတော့ လီဖူချန်း လုံးဝ မထင်မှတ်ထားတဲ့ မြင်ကွင်းပါပဲ ။

အတော်လေး ရှေးဆန်ပုံ ရပြီး အနည်းငယ် အိုမင်းနေတဲ့ ဈေးဆိုင်တစ်ခု အရှေ့ကို အရောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး လှမ်းမေးလိုက်ပါတယ် ။

" ဆိုင်ရှင် …… သည်ဆိုင်မှာ လူသားခန္ဓာကိုယ်အကြောင်း ရှင်းပြထားတဲ့ စာအုပ်တွေ မရှိဘူးလား "

ဆိုင်ရှင်ဖြစ်သူ အဘိုးအိုက ခေါင်းညိတ်လိုက်ပြီး

" သိပ်ရှိတာပေါ့ ……မောင်ရင်လေးရယ် ။ သည်ဆိုင်မှာ လူသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပက်သက်ပြီး ရှင်းပြထားတဲ့ စာအုပ် နည်းနည်းပါးပါး ရှိတယ် ။ ဒါပေမဲ့ တစ်အုပ်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀ ကျမယ်  "

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀ ……

ဒါက ပြန်လည်ဝင်စားခြင်းနယ်ပယ်က ပညာရှင်တွေအတွက် ဆိုရင်တော့ အတော်လေး များတဲ့ ပမာဏပါပဲ ။ ဒါပေမဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေအတွက် ဆိုရင်တော့ သည်ပမာဏက ဘာမှ မဟုတ်ပါဘူး ။ အထူးသဖြင့် လီဖူချန်းလို ချမ်းသာကြွယ်ဝတဲ့ ဆရာသခင် တစ်ပါးအတွက် ဆိုရင်တော့ သည်ပမာဏဟာ စကားထဲတောင် ထည့်ပြောစရာလိုတဲ့ ပမာဏ မဟုတ်ပါဘူး ။

" ကိစ္စမရှိဘူး ။ ကျွန်တော် အဲသည်စာအုပ် အားလုံး ယူမယ် "

အဲသည်အတွက် လီဖူချန်းဟာ ဈေးဆိုင်ထဲမှာ ရှိသမျှ လူသားခန္ဓာကိုယ်နဲ့ ပက်သက်တဲ့ စာအုပ်တွေကို ဝယ်ယူလိုက်ပါတော့တယ် ။

" ဟိုး……ဟိုး…… သည်နေ့ကတော့ မနက်စောစောစီးစီး လာဘ်ပွင့်သွားပြီဟေ့ ။ သည်လို ဝယ်သူမျိုး နေ့တိုင်းရှိနေရင် ဘယ်လောက် ကောင်းလိုက်မလဲကွာ "

လီဖူချန်း ထွက်သွားပြီးတဲ့ နောက်မှာတော့ ဆိုင်ရှင်အဘိုးအိုဟာ လီဖူချန်းရဲ့ ကျောပြင်ကို ကြည့်ရင်းနဲ့ တီးတိုး ရေရွတ်လိုက်ပါတယ် ။ တစ်ချိန်တည်းမှာပဲ သူဟာ လူသား ခန္ဓာကိုယ်နဲ့ ပက်သက်တဲ့ စာအုပ်တွေကို ထပ်ထုတ်လိုက်ပြီး ဆိုင်က စာအုပ်စင်အပေါ် ပြန်တင်လိုက်ပါသေးတယ် ။

သည်လိုဈေးဆိုင်တွေမှာက သူတို့ရောင်းချလိုက်တဲ့ စာအုပ်တွေကို ပွားထားလေ့ရှိတာ သဘာဝပါပဲ ။ အဲသည်ကိစ္စအတွက် ဝယ်သူတွေကလည်း မကျေမနပ် ဖြစ်တာမျိုး ဖြစ်လေ့ မရှိပါဘူး ။ ပြီးတော့ သည်လို စာအုပ်မျိုးတွေ ဆိုတာကလည်း ရှေးဟောင်းပစ္စည်း လမ်းကြားထဲမှာ ရှိတဲ့ ဆိုင်တိုင်းလိုလိုမှာ တင်ရောင်းချလေ့ ရှိတတ်တဲ့  စာအုပ် အမျိုးအစား မဟုတ်ပါလား ။

လီဖူချန်း……

ဒါဇင်နဲ့ ချီတဲ့ ဈေးဆိုင်တွေကို ပတ်ကြည့်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အတော်လေး စိတ်ဓာတ် ကျနေခဲ့ပါပြီ ။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်တိုင်းမှာ ရောင်းတဲ့ လူသားခန္ဓာကိုယ်အကြောင်း စာအုပ်တွေဟာ ထပ်တူနီးပါး ဖြစ်နေလို့ပါပဲ ။ တချို့စာအုပ်တွေက အခေါ်အဝေါ် အနည်းငယ် ကွဲပြားနေပေမယ့် သေသေချာချာ ဖတ်ကြည့်လိုက်ရင်တော့ အဲသည်စာအုပ်တွေဟာ ဘာမှ မကွာခြားလှပါဘူး ။

သည်လိုနဲ့ပဲ လီဖူချန်းဟာ နောက်ထပ် ဈေးဆိုင်တစ်ခုကို ရောက်ရှိလာပါတော့တယ် ။ သည်ဈေးဆိုင်ကတော့ ရှေးဟောင်းပစ္စည်း လမ်းကြားထဲမှာရှိတဲ့ ဈေးဆိုင်တွေထဲမှာ အကြီးဆုံးလို့ ဆိုရပါမယ် ။သည်ဈေးဆိုင်က အထပ်၅ထပ် ရှိပြီး အုတ်မာခဲ ၊ ကျောက်ပြားတွေနဲ့ အခိုင်အမာကို ဆောက်လုပ်ထားတာလည်း ဖြစ်ပါတယ် ။

သည်ဆိုင်ရဲ့ ပထမထပ်မှာဆိုရင် ကောင်းကင်အဆင့် လက်နက်အကျိုးအပဲ့တွေ ပြသထားတာကိုတောင် တွေ့နေရပါသေးတယ် ။ ကြည့်ရတာတော့ သည်ဆိုင်ပိုင်ရှင်က ဝယ်သူတွေကို ဆွဲဆောင်ဖို့အတွက် တမင် ရည်ရွယ်ချက် ရှိရှိနဲ့ ကောင်းကင်အဆင့် လက်နက် အကျိုးအပဲ့တွေကို ပြသထားပုံပါပဲ ။

" ဆိုင်ရှင်…… လူသားခန္ဓာကိုယ်နဲ့ ပက်သက်တဲ့ စာအုပ်တွေ ကျုပ်လိုချင်တယ် ။ အဲဒါတွေက တခြားဈေးဆိုင်တွေမှာ ရှိတဲ့ စာအုပ်တွေနဲ့ မတူရင် အကောင်းဆုံးပဲ "

လီဖူချန်းက ဆိုင်ထဲကို ဝင်သွားပြီး သူလိုချင်တာကို တန်းပြီးမေးလိုက်ပါတယ် ။

" ကျုပ်နောက်လိုက်ခဲ့ပါ…… သခင်လေး "

ဆိုင်ရှင်ကလည်း အချိန် ဖြုန်းမနေပါဘူး ။ သူက လီဖူချန်းကို မဆိုင်းမတွဘဲ စတုတ္ထထပ်ကို ခေါ်ဆောင်သွားခဲ့ပါတယ် ။

လုံးဝ သံသယ ဝင်နေစရာ မလွန်ပါဘူး ။ သည်အထပ်မှာ ရှိတဲ့ ပစ္စည်းတွေကတော့ အတော်လေး တန်ဖိုးကြီးတဲ့ ပစ္စည်းတွေပဲ ဖြစ်ရပါမယ် ။

စတုတ္ထထပ် တစ်နေရာကို အရောက်မှာတော့ ဆိုင်ရှင်က ကျောက်စိမ်းစာလိပ် တစ်ခုကို ထုတ်ယူပြီး လီဖူချန်းဘက်ကို လှည့်ကာ ပြောလိုက်ပါတယ် ။

" သည်စာလိပ်ထဲမှာက လူသား ခန္ဓာကိုယ်အကြောင်း တိတိကျကျ ရှင်းပြထားတယ် ။ ဒါပေမဲ့ အဲသည်အကြောင်းတွေကို သိချင်ရင်တော့ သခင်လေး အနေနဲ့ သခင်လေးရဲ့ လိပ်ပြာအသိစိတ်အာရုံနဲ့ သည်စာလိပ်ကို သန့်စင်ရမယ် ။ ပြီးတော့ သည်စာလိပ်ရဲ့ တန်ဖိုးက     အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်း ကျသင့်တယ် ။ ဘယ်လိုလဲ ။ သခင်လေး ဝယ်ယူဖို့ စိတ်ဝင်စားပါသလား "

" ပြသနာ မရှိဘူး ။ ကျုပ် ဝယ်မယ် "

လီဖူချန်းက တစ်ဖက်လူ သူ့အပေါ် လိမ်သွားမှာကို လုံးဝ မစိုးရိမ်ပါဘူး ။ တကယ်လို့ တစ်ဖက်လူက သူ့အပေါ် လိမ်သွားရင်လည်း အဲဒါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းလေးပါပဲ ။ သည်လောက် ပမာဏကိုတော့ သူက စာရင်းထဲမှာတောင် မထည့်ပါဘူး ။

ကျောက်စိမ်းစာလိပ်ကို ဝယ်ဝယ်ပြီးချင်းမှာပဲ လီဖူချန်းက သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံနဲ့ ကျောက်စိမ်းစာလိပ်ကို သန့်စင်လိုက်ပါတယ် ။

' တန်တယ် ။ သည်စာလိပ်ကို တစ်သောင်း ပေးဝယ်ရတာ တကယ်တန်တယ် '

မြောက်များလှတဲ့ အချက်အလက်တွေ သူ့ရဲ့ စိတ်နယ်ပယ်ထဲ စီးဝင်လာခဲ့တာကို သိရှိလိုက်ရပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အကျေနပ်ကြီး ကျေနပ်သွားခဲ့ပါပြီ ။

" လီဖူချန်း……ရှင်ကော သည်မြို့ကို ရောက်နေတာလား "

အဲသည်အချိန်မှာပဲ သူနဲ့ ရင်းနှီးနေတဲ့ အသံတစ်ခုက သူ့ရဲ့ နားထဲကို တိုးဝင်လာခဲ့ပါတယ် ။ အဲဒါကတော့ ချီကျွင်းကျွင်းရဲ့ အသံပါပဲ ။

" အိုး…… ဒါက တကယ်ပဲ ချီသခင်မလေး ဖြစ်နေပါလား "

အဲသည်အတွက် လီဖူချန်းက အနောက်ကို လှည့်လိုက်ပြီး  ပြန်နှုတ်ဆက်လိုက်ပါတယ် ။ သည်တစ်ကြိမ်မှာတော့ အမြဲလိုလို သူမဘေးနားမှာ ရှိနေတတ်တဲ့ လူကြီးက ပါမလာပါဘူး ။

" ရှင်က သည်မြို့မှာ ကျင်းပတဲ့ လေလံပွဲကို တက်ရောက်ခဲ့သေးတယ်မလား ။ အင်း……စိတ်မကောင်းစရာပဲ ။ အဲသည်တုန်းက ရှင်နဲ့ကျွန်မ မတွေ့လိုက်ရဘူး "

ခရမ်းရောင်နေ လေလံပွဲက လူပေါင်းများစွာ တက်ရောက်ကြတဲ့ ပွဲတစ်ခု ဖြစ်ပါတယ် ။ အဲသည်အတွက် ချီကျွင်းကျွင်း နဲ့ လီဖူချန်းတို့ မတွေ့တာက သိပ်မထူးဆန်းလှပါဘူး ။

" အင်း "

လီဖူချန်းက သူ ခရမ်းရောင်နေ လေလံပွဲကို တက်ရောက်ခဲ့တဲ့အကြောင်း လျှိုဝှက်ထားဖို့ စိတ်ကူး မရှိပါဘူး ။ အဲသည်အတွက် သူက အမှန်အတိုင်းပဲ ပြောလိုက်ပါတယ် ။

အဲသည်နောက်မှာတော့ သူတို့နှစ်ယောက်က ခေတ္တခဏ စကားလက်ဆုံ ကျလိုက်ကြပါသေးတယ် ။ စကားပြောနေရင်းနဲ့ ရုတ်တရက် ဆိုသလို ချီကျွင်းကျွင်းက

" ဒါနဲ့ လီဖူချန်း ။ နန်အန်းစီရင်စု နယ်စားရဲ့ သားတော်က နောက်သုံးရက်ကြာရင် နန်အန်း ဥယျာဉ်မှာ ပွဲတော်တစ်ခု ကျင်းပဖို့ ရှိတယ် ။ အဲသည်ပွဲတော်မှာ အနယ်နယ်အရပ်ရပ်က လူငယ်တွေ စုစည်းနေလိမ့်မယ် ။ ပြီးတော့ နယ်စားသားတော်က စိတ်ဝိညာဉ်  အခြေတည် ဆေးရည်တွေကိုလည်း ဆုအဖြစ် ချီးမြှင့်ဦးမယ့်တဲ့ဲ ။ ဘယ်လိုလဲ …… ရှင် စိတ်မဝင်စားဘူးလား ။ တကယ်လို့ ရှင်စိတ်ဝင်စားတယ်ဆိုရင် ကျွန်မနဲ့ အတူတူ သွားကြရအောင်လေ "

" စိတ်ဝိညာဉ် အခြေတည် ဆေးရည်လား "

လီဖူချန်းက အနည်းငယ် စိတ်ဝင်စားသွားမိသလိုပါပဲ ။

စိတ်ဝိညာဉ် အခြေတည် ဆေးရည် ဆိုတာက မြေကမ္ဘာ အဆင့်မြင့်  ဆေးရည် ဖြစ်ပြီး မြေကမ္ဘာ အဆင့်မြင့် ဆေးရည် အမျိုးအစားထဲမှာ ဖော်စပ်ရတာ လက်အဝင်ဆုံးလို့ ဆိုရပါမယ်  ။ သည်ဆေးရည်က တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေရဲ့ ကျင့်ကြံမှုကို ဘေးထွက်ဆိုးကျိုး မရှိသလောက်နီးပါး တိုးတက်စေနိုင်တဲ့ ဆေးရည်ဆိုရင်လည်း မမှားပါဘူး ။ ယေဘုယျအားဖြင့် ဆိုရင်တော့ သည်ဆေးရည်ကို အစွမ်းအထက်ဆုံး   ဆရာ့ဆရာသခင်တွေသာ ဖော်စပ်နိုင်လေ့ ရှိပါတယ် ။

***

All Chapters