အခန်း (၃၄၈)
Vol. 25 Ch. 348
ဟန်မူယဲ့၏နောက်တွင် ပေတစ်ထောင်ရှိသောဓားအလင်းတစ်ခု စုစည်းလာသည်။
“အစ်ကိုဟန်၊ ကျေးဇူးပြုပြီး ဓားချက်ကိုစစ်ဆေးကြည့်ပါ”
လက်ရွေးစင်တပည့်များအားလုံး အော်ဟစ်လိုက်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များ၏ကိုယ်ပေါ်တွင် ဓားဆန္ဒများချိတ်ဆက်သွားသည်။ ထိုအချိန်တွင် ဓားအလင်းသည် စုစည်းလာသည်။ ဓားပေါ်တွင်ရှိသောအင်းကွက်များသည် လေးနက်မှုရှိပြီး ဓားသွားသည် ထက်မြိနေသည်။
ဟန်မူယဲ့က ရယ်လိုက်ပြီး နောက်တွင်ရှိနေသောနဂါးလှေများကို လှည့်ကြည့်သည်။
“ငါက ပါရမီသိပ်မရှိပေမဲ့ ဓားတာအိုနဲ့ပတ်သတ်ပြီး နည်းနည်းလောက်နားလည်ထားတယ်။ တာအိုရောင်းရင်းတို့ ငါ့ရဲ့ဓားနည်းစနစ်ကို လေ့လာကြည့်ချင်လား”
‘ဟန်မူယဲ့ရဲ့ဓားနည်းစနစ်ကို လေ့လာကြည့်ရမယ်တဲ့လား’
ဓားတာအို၏အင်မော်တယ်သည် ကိုယ်ပိုင်ဓားနည်းစနစ်ကို လေ့လာကြည့်ရန်အတွက် သူတို့ကို ဖိတ်ခေါ်နေသည်။
အလင်းတောင်ကုန်းဓားဂိုဏ်း၏နဂါးလှေပေါ်တွင် ယန်မင်ရွှမ်က တုံ့ဆိုင်းခြင်းမရှိဘဲ တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူ့ကိုယ်ပေါ်တွင်ရှိသောဓားဆန္ဒနှင့် ဝိညာဉ်စွမ်းအားအနည်းငယ်သည် ကွဲထွက်သွားပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဧရာမဓားကြီးနှင့် ဝင်တိုက်သွားသည်။
တခြားဂိုဏ်းများမှ ဓားကျင့်ကြံသူများ၏မျက်လုံးများသည် တောက်ပသွားပြီး ထိုဓားကြီးကို စိုက်ကြည့်နေသည်။
“ဓားအင်မော်တယ်ရဲ့ဉာဏ်အလင်းပြမှုကို လွဲချော်သွားခဲ့ရင် ဝမ်ယွဲ့က တစ်သက်လုံးနောင်တရနေလိမ့်မယ်” လအနှစ်သာရဓားဂိုဏ်း၏လှေဦးထိပ်တွင် သခင်မလေးဝမ်ယွဲ့က ရှေ့သို့တစ်လှမ်းတိုးသည်။ သူမ၏ကိုယ်ပေါ်တွင်ရှိသောဓားဆန္ဒသည် ဓားအလင်းနှင့်ပေါင်းစပ်သွားသည်။
ဓားအလင်းများပေါ်ထွက်လာပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဓားအလင်းနှင့် ပေါင်းစပ်သွားသောကြောင့် ထိုဓားအလင်းသည် ပေသုံးထောင်၊ ပေငါးထောင်၊ ပေတစ်သောင်းအထိ ကြီးထွားလာသည်။
ကောင်းကင်ထက်တွင် ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများအားလုံးသည် ထိုဓားအလင်းကို စိုက်ကြည့်နေကြသည်။
ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။ “အင်မော်တယ်ဟန်ရဲ့ဝိညာဉ်က ဒီဓားအလင်းကို တောင့်ခံနိုင်ပါ့မလား”
ဝိညာဉ်
သူတို့အားလုံးက ကြောင်အသွားပြီး မျက်နှာပေါ်တွင် အံ့အားသင့်မှုများဖြတ်ပြေးသွားသည်။
သန့်စင်ရေကန်ကို ပေသုံးသောင်းအထိထိုးခွဲသွားခဲ့သော ဓားအလင်းသည် အဆင့်နိမ့်တပည့်တစ်ယောက် အသက်သွင်းနိုင်သောအရာမျိုးမဟုတ်ပေ။ ဤဓားအလင်းဆိုလျှင် ပိုဆိုးသည်။
ရွှေအမြုတေအထွတ်အထိပ်အဆင့်၏ စွမ်းအားမရှိလျှင် ထိုဓားအလင်းကို အသက်မသွင်းနိုင်ပေ။
“ဓားစံအိမ်ရဲ့အမွေအနှစ်မှာ အရမ်းအားကောင်းတဲ့ဝိညာဉ်စွမ်းအင်ရှိလိမ့်မယ် ....” လူတစ်ယောက်က ရေရွတ်သည်။
သို့သော် မည်သို့ပင်အားကောင်းပါစေ ထိုဓားအလင်းကို မည်သို့ထိန်းချုပ်မည်နည်း။
ယခုအချိန်တွင် ဓားအလင်းသည် ပေတစ်သောင်းအထိရောက်နေသည်။
ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ၏ ဝိညာဉ်ဖြစ်နေလျှင်ပင် ထိုဓားအလင်းကို ချောမွေ့စွာထိန်းချုပ်နိုင်မည်မဟုတ်ပေ။
ကောင်းကင်ဘုံအဆင့်ဝိညာဉ်ဖြစ်နေရန် လိုအပ်သည်။
‘ဟန်မူယဲ့မှာ ကောင်းကင်ဘုံအဆင့်ဝိညာဉ် ရှိနေတာလား’
“ဓားစံအိမ်ရဲ့ ဝိညာဉ်စွမ်းအားကို ဝိညာဉ်လိပ်ပြာဓားအဖြစ် စုစည်းနိုင်တယ်မဟုတ်လား။ ဒါပေမဲ့ နှစ်ခြောက်ဆယ်အထိ ခါးခါးသီးသီးကျင့်ကြံပြီးမှ ဝိညာဉ်လိပ်ပြာဓားကို ပြန်ရလာလိမ့်မယ်”
လူတစ်ယောက်က ထို့ပါ့ချန်ကို တိတ်ဆိတ်စွာကြည့်သည်။
ကံမကောင်းစွာဖြင့် ထို့ပါ့ချန်၏မျက်နှာထားသည် အလွန်တည်ငြိမ်ပြီး ပြောင်းလဲမှုမရှိပေ။
“အင်မော်တယ်ဟန်က ဝိညာဉ်လိပ်ပြာဓားကို ကျင့်ကြံထားရင်တောင် ဒီလိုအချိန်မျိုးမှာတော့ မသုံးလောက်ဘူးမလား”
“တကယ်လို့ သူက ဝိညာဉ်လိပ်ပြာဓားကိုအသုံးပြုလိုက်ရင် နဂါးတက်လှမ်းစင်မြင့်မှာယှဉ်ပြိုင်ဖို့အတွက် ဘာကိုသုံးတော့မှာလဲ”
လူတစ်ယောက်က ခေါင်းခါလိုက်ပြီး စိတ်သက်သာသွားပုံပေါ်သည်။
ထိုအရာသည် ဖြစ်နိုင်သည်။
“ဟင်း၊ ဟန်မူယဲ့က အဲဒီဓားကို လုံးဝအသက်မသွင်းနိုင်ဘူး”
လှိုင်းထန်နေသောကန်ရေပြင်တွင် လင်တောက်တာအိုဂိုဏ်း၏နဂါးလှေပေါ်၌ အစိမ်းရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်တစ်ဦးက အေးစက်စွာပြောသည်။
ပတ်ဝန်းကျင်တွင်ရှိသော ဂိုဏ်းအသီးသီး၏လက်ရွေးစင်များကလည်း ခေါင်းညိတ်သည်။
သူတို့အားလုံးသည် တစ်ဆင့်ချင်းစီ ကျင့်ကြံလာခဲ့ရသည်။
အသက်တစ်ရာမပြည့်သေးသော မျိုးဆက်သစ်လူငယ်တစ်ယောက်သည် မည်သို့ပင်ပါရမီကောင်းနေပါစေ ကောင်းကင်ဘုံအဆင့်ဝိညာဉ်စွမ်းအားကိုပိုင်ဆိုင်ရန် မဖြစ်နိုင်ပေ။
ထိုဓားအလင်းသည် သန်မာသော်လည်း ထိန်းချုပ်ရန်မဖြစ်နိုင်ပေ။
ထိုအရာသည် ဟန်ပြသက်သက်သာဖြစ်သည်။
“ငါတို့လင်တောက်တာအိုဂိုဏ်းနဲ့ယှဉ်ပြိုင်ချင်တဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဒီဓားအလင်းကို ဘယ်လိုထိန်းချုပ်မလဲကြည့်ရအောင်”
လင်တောက်တာအိုဂိုဏ်း၏နဂါးလှေပေါ်တွင် လူငယ်တစ်ယောက်သည် လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး ဧရာမဓားပုံရိပ်ကိုကြည့်၍ လှောင်ပြောင်လိုက်သည်။
လင်တောက်တာအိုဂိုဏ်းနှင့် အနီးအနားတွင်ရှိသော နဂါးလှေများသည် တိတ်ဆိတ်စွာနောက်ဆုတ်သွားကြသည်။
အပြောနှင့်အလုပ်သည် မတူညီပေ။
“ဘုန်း”
ရေအောက်တွင် အနက်ရောင်အလင်းများ ပေါက်ကွဲထွက်လာသည်။
ခမ်းနားလှာသောပုံရိပ်နှစ်ခု လှုပ်ရှားလိုက်သည်။
ပေသုံးထောင်ကျော်ရှည်လျားသော ကြေးခွံနက်ငါးနှစ်ကောင်သည် အလင်းစက်ကွင်းများတောက်ပနေသော ခေါင်းများနှင့်အတူ အစိမ်းရောင်ရေနဂါးကို ဝင်တိုက်သည်။
အစိမ်းရောင်ရေနဂါး၏ကိုယ်လုံးသည် တုန်ခါသွားပြီး ကြေးခွံများအက်ကွဲသွားသည်။ သွေးများစိမ့်ထွက်လာသည်။
သွေးများနှင့်စွန်းပေသွားသော ချိန်းကြိုးများသည် သဘာဝစွမ်းအင်အလင်းများဖြင့် အလွန်တောက်ပလာပြီး ရေနဂါးကို တင်းကျပ်စွာချုပ်နှောင်လိုက်သည်။
အစိမ်းရောင်ရေနဂါးသည် နာကျင်စွာအော်ဟစ်လိုက်သည်။ ထို့နောက် ပါးစပ်ဖွင့်၍ ကျောက်စိမ်းဖြူရောင်ဆေးလုံးတစ်လုံးကို မှုတ်ထုတ်သည်။
ထိုဆေးလုံးသည် အစိမ်းရောင်ရေနဂါး၏ပတ်ပတ်လည်တွင် ရစ်ဝဲနေသည်။
အစိမ်းရောင်ရေနဂါးသည် လမ်းဆုံးသို့ရောက်နေပြီဖြစ်သည်။
သွေးရောင်အလင်းတန်းများသည် ပိုက်ကွန်တစ်ခုအဖြစ်ပြောင်း၍ သူ့ကိုဖမ်းချုပ်ရန် ကြိုးစားလာသည်။
သွေးယဇ်ပူဇော်ခြင်းစွမ်းအား အသက်ဝင်လာသည်။
တိမ်တိုက်များကြားတွင် ရုတ်တရက်ပြန်ပေါ်လာသော မျက်နှာတစ်ထောင်သူတော်စင်ဝမ်ဟွားသည် မျှော်လင့်နေသောမျက်လုံးများ၊ တည်ငြိမ်နေသောမျက်နှာထားနှင့်အတူ စောင့်ကြည့်နေသည်။
“ဝီ”
ဟန်မူယဲ့၏ခေါင်းထက်တွင် ဓားအလင်းသည်တုန်ခါသွား၏။
သူ့မျက်လုံးများထဲတွင် ရွှေအလင်းတစ်ခုဖြတ်ပြေးသွားသည်။
သမာဓိစွမ်းအားများသည် ဝိညာဉ်စွမ်းအားနှင့်ပေါင်းစပ်သွားပြီး ဓားတစ်လက်အနေဖြင့် အသုံးချလိုက်သည်။
သမာဓိစွမ်းအား၊ ဝိညာဉ်စွမ်းအားဖြင့်ပေါင်းစပ်ထားသောဓားအလင်းသည် သူ့ခေါင်းပေါ်တွင်ရှိသောဓားနှင့် ပေါင်းစပ်လိုက်သည်။ သန့်စင်ရေကန်၏ မိုင်ထောင်ချီပတ်ပတ်လည်တွင် အလင်းရောင်များဖြာကျလာသည်။
ထိုအရာသည် လူတစ်ယောက်၏နှလုံးသားကိုအလင်းပေးသော မဖော်ပြနိုင်သည့် အလင်းရောင်ဖြစ်သည်။
“ငါတို့ဓားကျင့်ကြံသူတွေရဲ့နှလုံးသားထဲမှာ ဓားတစ်လက်ရှိတယ်။ ငါတို့တိုက်ခိုက်လိုက်တဲ့အခါမှာ ငါတို့ရဲ့နှလုံးသားနဲ့ တိုက်ခိုက်တယ်”
“ဒါက ဉာဏ်အလင်းဓားနှလုံးသားပဲ”
“ဓားတာအိုနဲ့ပတ်သတ်တဲ့ ငါ့ကျင့်ကြံခြင်းက ရောထွေးနေတယ်။ ငါ့နားလည်နိုင်စွမ်းကို အကောင်းဆုံးပြပေးနိုင်တဲ့နည်းစနစ်က ဓားတစ်သောင်းတို့အိမ်အပြန်ပဲ”
ဟန်မူယဲ့ဆီမှ အသံထွက်လာသည်။ ထိုအသံသည် ဘုံကိုးပါးမှဆင်းသက်လာသကဲ့သို့ အစစ်အမှန်နှင့်မတူပေ။
“ဒါပေမဲ့ ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်အတွက် ဖြည်းဖြည်းချင်းနားလည်သဘောပေါက်ဖို့လိုအပ်တယ်။ ဒီနေ့မှာ ငါက မင်းတို့ကို ဓားကွက်တစ်ကွက်ပြမယ်”
ဟန်မူယဲ့က ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး လေထုထဲတွင် သုံးပေအကွာ၌ ရပ်နေသည်။
“ငါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ဝင်ရောက်ခဲ့ပြီး အပြင်စည်းတပည့်တွေလေ့ကျင့်နေတာကို မြင်ခဲ့ရတယ်”
“အဲဒီအချိန်မှာ လေ့ကျင့်ရေးမှူးလင်းက ဓားနဲ့ခုတ်ချခဲ့တယ်။ ပေါင်တစ်သောင်းခွန်အားရှိတဲ့ဓားချက်က ကျောက်ပြားကို ကွဲကြေသွားစေတယ်”
“အဲဒီဓားချက်ကို ကျောက်တုံးခွဲဓားချက်လို့ခေါ်တယ်။ အဲဒါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အခြေခံအကျဆုံးဓားနည်းစနစ်တွေထဲက တစ်ခုပဲ”
ဟန်မူယဲ့က ဖြည်းဖြည်းချင်းလက်မြှောက်ပြီး လက်သီးဆုပ်ထားသည်။
သူ့လက်ထဲတွင် ဓားတစ်လက်ရှိနေပုံပေါ်သည်။
“ငါတို့ရဲ့နှလုံးသားထဲမှာ ဓားတစ်လက်ရှိလာရင် အဲဒီဓားကိုမှီခိုပြီး အရာအားလုံးကို ရင်ဆိုင်ရတယ်”
“လောကမှာ မတရားမှုတွေရှိလာရင် ဓားနဲ့ သတ်ဖြတ်လိုက်ပါ”
ဟန်မူယဲ့၏အသံသည် မိုးခြိမ်းသံနှင့်တူသည်။
“မင်းမှာ မယိုင်လဲနိုင်တဲ့နှလုံးသားရှိရင် ဓားနဲ့အတူ ခုတ်ချလိုက်ပါ”
ဟန်မူယဲ့စကားပြောပြီးသွားသောအခါတွင် မရေမတွက်နိုင်လောက်သောလူများ တီးတိုးရေရွတ်လိုက်သည်။
“တာအိုမှာ မတရားမှုတွေရှိလာရင် ဓားနဲ့ခုတ်ဖြတ်လိုက်ပါ”
ဟန်မူယဲ့၏အသံက မကျယ်သော်လည်း သူ့နောက်တွင်ရှိသော ဓားကျင့်ကြံသူများအားလုံးသည် ဟိန်းဟောက်လိုက်သည်။
“လောကနဲ့သက်ဆိုင်တဲ့ကိစ္စမှာ ဆုံးဖြတ်ချက်မရှိရင် ....”
ဟန်မူယဲ့၏အသံက မကျယ်သော်လည်း မျက်လုံးများတောက်ပနေသည်။
ယခုအချိန်တွင် ဓားကျင့်ကြံသူများသည် နှလုံးသားထဲတွင် တင်းကျပ်နေကြောင်း ခံစားမိသည်။ မဖော်ပြနိုင်သောဖိအားတစ်ခုသည် လျော့နည်းမသွားခဲ့ပေ။
ထိုဖိအားသည် နှလုံးသား၏အောက်ခြေမှထွက်ပေါ်လာပြီး သူတို့၏ခန္ဓာကိုယ်အပြင်ဘက်သို့ ရောက်လာသည်။ ထိုဖိအားသည် သူတို့မွေးဖွားလာခဲ့သော အချုပ်အနှောင်များနှင့်အတူ ပေါ်ထွက်လာသည်။
တစ်စုံတစ်ခုဖြစ်လာသောအခါတွင် ရပ်တန့်ရန်ခက်ခဲသည်။
ထိုအချိန်တွင် ဓားကျင့်ကြံသူများအားလုံးသည် မျက်လုံးမှိတ်ထားပြီး လက်များဆန့်ထုတ်သည်။ သူတို့က လက်သီးဆုပ်ပြီး လက်မြှောက်သည်။
ထိုပုံစံသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အပြင်စည်းတွင် လေ့ကျင့်ရေးမှူးလင်း၏ဓားကို ဟန်မူယဲ့ယူလိုက်သောပုံစံနှင့် တူညီသည်။
“ဆုံးဖြတ်ချက်မရှိရင် ဓားတစ်ချက်နဲ့ ဖြတ်တောက်ပစ်လိုက် ....”
“ဓားတစ်ချက် ....”
“ဓားတစ်ချက် ....”
“လောကမှာရှိတဲ့ အချုပ်အနှောင်တွေအားလုံးကို ဖြတ်တောက်လိုက်”
“မင်းရဲ့နှလုံးသားထဲမှာရှိတဲ့ မလိုလားမှုတွေအားလုံးကို ဖြတ်တောက်လိုက်”
“ရှေးခေတ်ကတည်းကရှိခဲ့တဲ့ တွန့်ဆုတ်မှုနဲ့ စိတ်ရှုပ်ထွေးမှုတွေကို ဖြတ်တောက်လိုက်”
“မင်းရဲ့နှလုံးသားထဲမှာ ဓားတစ်လက်ရှိရင် ဓားတစ်ချက်နဲ့ ဖြတ်တောက်လိုက်”
“ရွှပ်”
“ရွှပ်”
“ရွှပ်”
သူက မဟာတာအိုကို ဖြတ်တောက်ခဲ့သည်။
သူက ဓားတာအိုကို ဖြတ်တောက်ခဲ့သည်။
သူက သေဆုံးခြင်းအားကြောက်ရွံ့မှုကို ဖြတ်တောက်ခဲ့သည်။
‘ငါက ဒီဓားချက်ကိုဆုပ်ကိုင်နိုင်ရင် ရန်သူတွေအားလုံးကို သတ်ဖြတ်နိုင်လိမ့်မယ်’
လူတိုင်း၏စိတ်ထဲတွင် အလွန်အားကောင်းသောဓားတစ်လက် ရှိနေပုံပေါ်သည်။
ထိုဓားသည် သူတို့၏ဆန္ဒအလျောက် ကောင်းကင်ဘုံကိုးပါးသို့တက်သွားပြီး လေပြင်း၊ လျှပ်စီးနှင့် ကြယ်အလင်းများကို ယူဆောင်လာသည်။
ထိုဓားသည် ကျယ်ပြန့်သောအပြာရောင်ရေလှိုင်းများကို ခုတ်ချလိုက်သည်။
ထိုဓားချက်၏အောက်တွင် ရှင်သန်နိုင်မည့်လူမရှိချေ။
ကောင်းကင်ထက်တွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူများ တုန်ခါသွားကြသည်။
ရေကန်ထဲတွင် နဂါးလှေပေါ်ရှိလက်ရွေးစင်တပည့်များသည် မလှုပ်ရှားနိုင်တော့ပေ။ သူတို့၏ဝိညာဉ်ကလည်း အေးခဲသွားပုံရသည်။
လင်တောက်တာအိုဂိုဏ်း၏နဂါးလှေပေါ်တွင် မတ်တပ်ရပ်နေသော လူတချို့က ကောင်းကင်ပေါ်မှဆင်းသက်လာသောဓားကို မယုံကြည်နိုင်စွာကြည့်နေသည်။
ထိုဓားသည် အမှန်တကယ်ဆင်းသက်လာခဲ့သည်။
“ဘုန်း”
ဓားသည် အပြာရောင်ရေလှိုင်းများနှင့် ထိတွေ့သွားသည်။
တုံ့ပြန်မှုတစ်စုံတစ်ရာမရှိခဲ့ပေ။
ဓားအလင်းသည် ရေနှင့်တူသည်။
ဓားအလင်းသည် ဓားချီများကိုဖြန့်ထုတ်၍ မိုင်ထောင်ချီအကွာအထိ ပေါက်ကွဲမှုမဖြစ်စေခဲ့ပေ။
ထိုဓားသည် ရေထဲသို့တိုးဝင်သွားပြီး ကြေးခွံနက်ငါးများကို ခုတ်ပိုင်းလိုက်သည်။
ပေတစ်ရာရှည်သော ကြေးခွံနက်ငါးမိစ္ဆာ
ပေတစ်ထောင်ရှည်သော ကြေးခွံနက်ငါးမိစ္ဆာ
ပေသုံးထောင်ကျော်ရှည်သော ကြေးခွံနက်ငါးမိစ္ဆာ
ထိုငါးမိစ္ဆာများအားလုံး တစ်ဝက်အပိုင်းခံလိုက်ရသည်။
ဓားအလင်းသည် ဆက်လက်ကျဆင်းသွားပြီး အစိမ်းရောင်ရေနဂါးကို ရှပ်ထိသွားသည်။ ထိုဓားသည် ရေနဂါးကိုထိခိုက်မသွားစေဘဲ ချုပ်နှောင်ထားသောချိန်းကြိုးကို ဖြတ်တောက်ခဲ့သည်။
ဓားအလင်းသည် ချိန်းကြိုးကိုဖြတ်တောက်ပြီး ရေအောက်ကြမ်းပြင်သို့ရောက်သွားသည်။ ထို့နောက် အစိမ်းရောင်ကျောက်နံရံကိုထိမှန်၍ တိတ်ဆိတ်စွာကွဲကြေသွားသည်။
ဓားအလင်းများသည် လျင်မြန်စွာနောက်ပြန်လှည့်လာပြီး ရေထဲမှထွက်လာသည်။ ထို့နောက် ပိုင်ရှင်များ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားခဲ့သည်။
ထိုဓားချီသည် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကို တစ်ချက်တည်းဖြင့်သတ်ဖြတ်ခြင်း၊ ကောင်းကင်အဆင့်မိစ္ဆာအား ချုပ်နှောင်ထားနိုင်သော ချိန်းကြိုးများကို တစ်ချက်တည်းဖြင့်ဖြတ်တောက်ခြင်း စသည့်နားလည်မှုများကို သယ်ဆောင်ထားပြီး ပိုင်ရှင်၏ကိုယ်ထဲသို့ ပြန်ဝင်လာသည်။
ဓားချီသည် ဆက်တိုက်ပဲ့တင်ထပ်နေသည်။
အားလုံး တိတ်ဆိတ်နေသည်။
ဟန်မူယဲ့က နဂါးလှေဦးပေါ်သို့ ဖြည်းဖြည်းချင်းပြန်ဆင်းလာသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဓားချီမရှိသလို ချီစွမ်းအင်လှိုင်းများလည်း မရှိပေ။
အံ့ဖွယ်ကိုးပါးဂိုဏ်း၏တောင်ခြေ၊ တိမ်မြုံကမ်းပါးနှင့် ပျက်စီးဝိညာဉ်စွန့်ပစ်မြေတွင် သူ့ကျင့်ကြံခြင်းကိုစတေးပြီး ဓားချက်ထုတ်သုံးခဲ့စဉ်ကအတိုင်း ဖြစ်သည်။
“ကျေးဇူးပါဆရာဟန်”
သူ့နောက်တွင် လှေဦးထိပ်၌ရပ်နေသော ဓားကျင့်ကြံသူတစ်ဦးက ဦးညွှတ်သည်။
ဆရာဟန်
ဓားတစ်လက်၏ဆရာ
ထိုဓားချက်သည် နှလုံးသား၏အောက်ခြေမှ ရိုးရှင်းသောဓားချက်ဖြစ်သည်။
အကယ်၍ ဓားကျင့်ကြံသူတစ်ယောက်က ကြောက်ရွံ့နေလျှင် လက်ထဲတွင်ရှိသောဓားသည် ထက်မြိနေသော်လည်း တခြားလူများကို ထိခိုက်အောင်မလုပ်နိုင်ပေ။
အကယ်၍ နှလုံးသားသည် ခိုင်မာလျှင် လက်ထဲတွင်ဓားမရှိသော်လည်း အရာအားလုံးသည် ဓားဖြစ်လာနိုင်သည်။
“ကျေးဇူးပါဆရာဟန်”
ဓားကျင့်ကြံသူက ဦးညွှတ်သည်။
ယနေ့ဓားချက်ကို သုံးသပ်နိုင်ခဲ့လျှင် အနာဂတ်တွင် သူ၏ကျင့်ကြံခြင်းလမ်းကြောင်းသည် အဆတစ်ရာခန့် ပိုမိုချောမွေ့နေလိမ့်မည်။
ယနေ့တွင် ဓားတစ်လက်ကိုရရှိခဲ့သောကြောင့် အနာဂတ်တွင် သူ့ဓားတာအိုကျင့်ကြံခြင်းသည် မြင့်တက်လာလိမ့်မည်။
ကူယွမ်လုံသည် ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို လက်သီးဆုပ်အရိုအသေပေးပြီး ဦးညွှတ်ထားသည်။
သူက ဝန်မခံချင်သော်လည်း အရှေ့ပင်လယ်မှ အဓိကဂိုဏ်းကြီးတစ်ဂိုဏ်း၏ နံပတ်တစ်အတွင်းစည်းတပည့်ဖြစ်သော သူသည် ဟန်မူယဲ့၏ဖိနပ်ကို ကိုင်ပေးရန်ပင် အဆင့်မမီပေ။