← Chapters

အပိုင်း ၅၆၇

Vol. 42 Ch. 567

အပိုင်း ၅၆၇

Vol. 42 Ch. 567

သောင်းဟိုင်

" အင်း…… သွားကြတာပေါ့ "

အနည်းငယ် စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သဘောတူလိုက်ပါတယ် ။

သူက  တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၅ကို တက်တော့မယ်လို့ ခံစားနေခဲ့ရတာ ရက်အနည်းငယ်လောက် ရှိနေခဲ့ပါပြီ ။ တကယ်လို့သာ သူ့အနေနဲ့ စိတ်ဝိညာဉ် အခြေတည် ဆေးရည်ကို ရလိုက်မယ်ဆိုရင် နောက်ထပ် တစ်လ ဒါမှမဟုတ် နှစ်လ အတွင်းမှာပဲ မူလပင်လယ်နယ်ပယ် အဆင့်၆ကိုတောင် ရောက်သွားနိုင်ပါသေးတယ် ။တခြားသူတွေအတွက် ဆိုရင်တော့ ကျင့်ကြံခြင်း အဆင့်တစ်ဆင့် တက်သွားတာက ဘာမှ သိပ်ပြီး ထူးထူးခြားခြား သိသာလှမှာ မဟုတ်ပါဘူး ။ ဒါပေမဲ့ လီဖူချန်းအတွက်ကတော့ အဆင့်တစ်ဆင့်ကလည်း တော်တော်လေး အရေးပါတာပါပဲ ။

ကျင့်ကြံခြင်း အဆင့်တစ်ဆင့် တက်သွားတာက သူ့ကို အစွမ်းအနည်းငယ် ထက်သွားစေရုံမက သူ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံ ထိန်းချုပ်မှုကိုလည်း ပိုပြီး အားကောင်းစေနိုင်ပါတယ် ။

လီဖူချန်းရဲ့ လက်ရှိ လိပ်ပြာအသိစိတ်အာရုံက လက်ရွေးစင် မူလပင်လယ်နယ်ပယ် ဘုရင်တွေကို ယှဉ်နိုင်တယ် ဆိုပေမယ့်လည်း ထိန်းချုပ်မှု အပိုင်းမှာတော့ ယှဉ်နိုင်ဖို့ လိုအပ်နေဆဲပါပဲ ။ အဲသည်အတွက် သူဟာ သူ့လိပ်ပြာ အသိစိတ်အာရုံရဲ့ အစွမ်းတွေကို ရာနှုန်းပြည့် အသုံးချနိုင်ခြင်းတော့ မရှိခဲ့သေးပါဘူး ။

" အင်း……တွေ့ဆုံပွဲက သုံးရက်တောင် လိုသေးတာပဲ ။ သည်တော့ လူသားခန္ဓာကိုယ်အကြောင်း အရင် လေ့လာဦးမှ "

တွေ့ဆုံပွဲက နောက်ထပ် သုံးရက်အကြာမှာ ကျင်းပမှာ ဖြစ်တဲ့အတွက် လီဖူချန်းဟာ တည်းခိုခန်းကို ပြန်ရောက်တာနဲ့ တစ်ပြိုင်နက် လူသားခန္ဓာကိုယ် အကြောင်းကို လေ့လာပါတော့တယ် ။

သူဝယ်ခဲ့တဲ့  လူသားခန္ဓာကိုယ်အကြောင်း ရှင်းပြထားတဲ့ စာအုပ်တွေဟာ အခြေခံ ဗဟုသုတတွေပဲ ပါတယ်ဆိုရင် ကျောက်စိမ်းစာလိပ်က ပိုပြီး တစ်ဆင့်မြင့်တဲ့ အကြောင်းအရာတွေ ပါတဲ့ အရာလို့ ဆိုရပါမယ် ။

သည်စာလိပ်ထဲမှာဆိုရင်  ယင်နဲ့ယန် ရဲ့ ဖောက်ပြန်မှု ၊ ဓာတ်ကြီးငါးပါး စီးဆင်းနေမှု ၊ လူသားခန္ဓာကိုယ်ရဲ့ ပင်မ သွေးကြောတွေ အကြောင်း ၊ ချီအတွင်းအား စီးဆင်းမှု နဲ့ သွေးလည်ပတ်မှု အကြောင်း အစရှိသဖြင့် စုံစုံလင်လင် ရှင်းပြထားပါတယ် ။

သည်စာလိပ်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေက အတော်လေး အဆင်မြင့်လှတဲ့အတွက် သာမန်လူ တစ်ယောက်ဆိုရင်တော့ အချိန်တိုအတွင်းမှာ ဘယ်လိုမှ နားလည် သဘောပေါက်စရာ အကြောင်း မရှိပါဘူး။ ဒါပေမဲ့လည်း လီဖူချန်းကတော့ ခြွင်းချက်ပါပဲ ။ ထိုးထွင်းသိမြင်မှု အပိုင်းမှာ ဆိုရင်တော့ သာမန် ဥပဒေသ ပြောင်းလဲခြင်း ဧကရာဇ် တစ်ပါးတောင်မှ သူ့ကို သာလွန်ဖို့ ခဲယဉ်းလွန်းလှပါတယ် ။

လူသားခန္ဓာကိုယ်အကြောင်းကို အချိန် အနည်းငယ် လေ့လာပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သူဟာ ကမ္ဘာသစ် တစ်ခုရဲ့ တံခါးပေါက်ကို ဖွင့်လိုက်မိသလို ခံစားရပြီး အဲသည်အထဲမှာ ဈာန်ဝင်စားသွားခဲ့ပါပြီ ။

တစ်ရက်အကြာမှာတော့ သူဟာ ဈာန်ဝင်စားတဲ့ အခြေအနေကနေ ပြန်လည် နိုးထလာခဲ့ပါတယ် ။

" လူသားခန္ဓာကိုယ်က ငါထင်ထားတာထက် ပိုပြီး ရှုပ်ထွေးတာပဲ ။ သည်ထဲမှာ ရေးထားတဲ့အတိုင်း ဆိုရင် လူသားခန္ဓာကိုယ်က အရာအားလုံးကို လက်ခံနိုင်တဲ့ ကမ္ဘာငယ်လေး တစ်ခုလို ဖြစ်နေပြီ "

လူသားခန္ခာကိုယ်နဲ့ ပက်သက်ပြီး လီဖူချန်းတစ်ယောက် ဘယ်လောက်အထိ နားလည်သွားသလဲ ဆိုတာကိုတော့ သူကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ ပိုသိနိုင်မှာ မဟုတ်ပါဘူး ။ ဒါပေမဲ့လည်း သေချာတာ တစ်ခုကတော့ သူဟာ လူသား ခန္ဓာကိုယ်အကြောင်း အတော်လေး နားလည်သွားတယ် ဆိုတာပါပဲ ။

တစ်ချိန်တည်းမှာပဲ လီဖူချန်းက သူဝယ်လာတဲ့ ကျောက်စိမ်းစာလိပ်ဟာ သူ့အတွက် အဖိုးမဖြတ်နိုင်လောက်အောင် တန်ကြေး ရှိတယ် ဆိုတာကို သိလိုက်ပါတယ် ။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်း မပြောပါနဲ့ ။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ကုဋေတစ်ထောင် ဆိုရင်တောင်မှ တန်တယ်လို့ ဆိုရပါမယ် ။

အဲဒါက ကျောက်စိမ်းစာလိပ်ထဲမှာ ပါတဲ့ အကြောင်းအရာတွေဟာ အရမ်း တန်ဖိုး ရှိနေလို့တော့မဟုတ်ပါဘူး ။ အဲဒါက တခြား အကြောင်းအရာ တစ်ခု ကြောင့်ပါပဲ ။

လီဖူချန်းက စာလိပ်ကို လိပ်ပြာ အသိစိတ်အာရုံနဲ့ ဖွင့်ဖတ်လိုက်တဲ့အချိန်မှာပဲ  သူ့ရဲ့ ထိုးထွင်းသိမြင်မှုဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို တခြား ရှုထောင့် တစ်ခုကနေ မြင်နိုင်အောင် အကူအညီ ပေးခဲ့ပါတယ် ။ အဲသည်အတွက် လီဖူချန်းက သူ့ရဲ့ အချိန်အတော်ကြာ ရပ်တန့်နေတဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ဟာ ရှေ့ဆက်တိုးတော့မယ်လို့  ခံစားလာခဲ့ရပါတယ် ။ သူထင်တာသာ မမှားဘူး ဆိုရင်တော့ သူ့ရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ် အဆင့်ထပ်တက်ဖို့ဟာ  အလွန်ဆုံး တစ်လပါပဲ ။

ဒုတိယမြောက်နေ့မှာတော့ လီဖူချန်းဟာ သူသိမြင်လာခဲ့တဲ့ လူသားခန္ဓာကိုယ် ဗဟုသုတကို မီးတာအို ဥပဒေသတွေနဲ့ ပေါင်းစပ်ပြီး သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် အသစ်ကို တီထွင်ပါတော့တယ် ။

သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် အဆင့်၃၄ကို တီထွင်ဖို့အတွက် ဆိုရင်  လူသားခန္ဓာကိုယ်အကြောင်းကို အခြေခံကျကျ နားလည်သဘောပေါက်ပြီး မီးတာအို ဥပဒေသတွေကို နက်ရှိုင်းစွာ သိမြင်ထားရပါမယ် ။ လီဖူချန်းကတော့ အဲသည် လိုအပ်တဲ့ အခြေခံနှစ်ခု ရှိနေခဲ့ပါပြီ ။ အဲသည်အတွက် နှစ်ရက်အကြာမှာပဲ သူ့ရဲ့ ချီအတွင်းအားကျင့်စဉ် တီထွင်မှုဟာ တိုးတက်မှု အရိပ်အယောင်တွေ   ပြလာပါတော့တယ် ။

………xxx………xxxxx………xxxxx………

နန်အန်း ဥယျာဉ်တော်………

သည်ဥယျာဉ်ဟာ နန်အန်းစီရင်စုထဲမှာ ရှိတဲ့ အကြီးဆုံး ဥယျာဉ် ဖြစ်သလို အကျော်ကြားဆုံး ဥယျာဉ်လို့ ဆိုရင်လည်း မမှားပါဘူး ။

သည်ဥယျာဉ်ရဲ့ ဧရိယာ အကျယ်အဝန်းက မိုင်တစ်ရာပတ်လည် ရှိပြီး အထဲမှာ အမျိုးမျိုး ၊ အထွေထွေသော သစ်ပင်ပန်းမန်တွေကို  စိုက်ပျိုးထားပါတယ် ။

အဲသည်ပန်းပင်တွေထဲမှာဆိုရင် တန်ဖိုးကြီးလှတဲ့ မြေကမ္ဘာအဆင့် ပန်းပင်တွေ အများကြီး ရှိနေပါသေးတယ် ။

သည်နေရာမှာ တစ်ခု သိထားရမှာကတော့ နန်အန်းဥယျာဉ်တော်ထဲကို အလကား ဝင်ရောက်လို့ မရဘူး ဆိုတာပါပဲ ။ သည်နန်အန်းဥယျာဉ်တော်ထဲကို အလည်အပတ် ဝင်ရောက်ချင်တဲ့ လူတိုင်းဟာ သတ်မှတ်ထားတဲ့ ဝင်ကြေးကို ပေးကို ပေးရပါတယ် ။

ဒါပေမဲ့လည်း နန်အန်းဥယျာဉ်တော်ရဲ့ အလယ်ဗဟိုမှာရှိတဲ့ ဥယျာဉ်အသေးစားလေးထဲကိုတော့ အဆင့်သတ်မှတ်ချက် ရှိတဲ့ လူအနည်းသာ ဝင်ခွင့်ရှိပါတယ် ။

ဥပမာအားဖြင့် ဆိုရရင်တော့ နန်အန်းနယ်စားငယ်လို ဂုဏ်ထူး အရှိန်အဝါ ကြီးမြတ်တဲ့ လူတွေပေါ့ ။

ချီကျွင်းကျွင်းရဲ့ လမ်းပြမှုနဲ့ လီဖူချန်းဟာ နန်အန်း ဥယျာဉ်တော်ကို ရောက်လာခဲ့ပါတယ် ။

သူက ဥယျာဉ်တော်ထဲမှာ ရှိနေတဲ့ ပန်းပေါင်းစုံ ပင်လယ်ကြီးကို မြင်လိုက်ရတဲ့ အခါမှာတော့ မချီးကျူးဘဲ မနေနိုင်တော့ပါဘူး ။

" အိုး…… လှလိုက်တဲ့ နေရာပါလား ။ ဒါကြောင့်လည်း နန်အန်းစီရင်စုရဲ့ နံပါတ်၁ ဥယျာဉ် ဖြစ်နေတာကိုး "

သည်နန်အန်း ဥယျာဉ်တော်က လီဖူချန်း ချီးကျူးရင်လည်း ချီးကျူးချင်စရာပါပဲ ။ သည်နေရာက လုံးဝကို အမြင်တင့်တယ်လှပြီး နေရာတိုင်းမှာလည်း ကောင်းကင်နဲ့မြေကြီး ချီစွမ်းအင်တွေက သိပ်သည်းစွာ တည်ရှိနေတာ မဟုတ်ပါလား ။ သည်ပန်းပေါင်းစုံ ပင်လယ်ကြီးထဲကို ရောက်လာတဲ့ လူတိုင်းဟာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ နဲ့ စိတ်ပျက်စရာ ကိစ္စတွေကို ခေတ္တခဏ မေ့ပျောက်သွားနိုင်လောက်ပါတယ် ။

ဝုန်း……

ရုတ်တရက်ဆိုသလို လီဖူချန်းဟာ သူ့ရဲ့ စိတ်နယ်ပယ်ထဲမှာ ပေါက်ပွဲမှု တစ်ခု ဖြစ်ပေါ်သွားတာကို ခံစားလိုက်ရပါတယ် ။ လုံးဝ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး ။ သူ့ရဲ့ ကျင့်ကြံခြင်းဟာ နောက်ထပ် အဆင့်တစ်ခုကို ချိုးဖောက် ဝင်ရောက် သွားခဲ့ပါပြီ ။

အံ့သြစရာ ကောင်းတာ တစ်ခုကတော့ သည်တစ်ကြိမ် လီဖူချန်းရဲ့ ကျင့်ကြံခြင်း အဆင့်တက်မှုဟာ ဘာအရိပ်အယောင်မှ မပြဘဲ ရုတ်ချည်း ဖြစ်ပေါ်သွားတာပါပဲ ။

ဒါပေမဲ့လည်း သေသေချာချာ စဉ်းစားကြည့်တဲ့ အခါမှာတော့ ဘာမှ   ထူးထူးခြားခြား အံ့သြစရာ မရှိပါဘူး ။ လီဖူချန်းက သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကို ရောက်ရှိနေတာ အချိန်အတော်လေး ကြာလှပါပြီ ။သူ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၄ကို ချိုးဖောက်ဝင်ရောက်ပြီးကတည်းကဆိုရင် နှစ်ဝက်လောက် ရှိပြီလို့တောင် ဆိုရပါမယ် ။ ပြီးတော့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးပေါ်မှာ ရှိတဲ့ သိပ်သည်းတဲ့ ချီစွမ်းအင်တွေ နဲ့ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုအရ ဆိုရင် သူဟာ အခုအချိန်မှာ အဆင့်မတက်ရင်တောင်မှ သိပ်မကြာခင်မှာ အဆင့်တက်မှာပါပဲ ။

" ဟင်…… သူက သည်လိုပဲ အဆင့်တက်သွားတာလား "

ချီကျွင်းကျွင်းကလည်း လီဖူချန်း အဆင့်တက်သွားတာကို သတိပြုမိ သွားခဲ့ပါတယ် ။ သူမက လီဖူချန်းဟာ ပါရမီ နဲ့ အလားအလာ ထူးကဲသူမှန်း သိပေမယ့် သည်လောက်အထိ ထူးကဲလိမ့်မယ်လို့တော့ မထင်ထားမိတာ အမှန်ပါပဲ ။ ကျင့်ကြံသူတစ်ယောက်က အချိန်မရွေး ၊ နေရာမရွေး အဆင့်တက်နိုင်တယ် ဆိုတာဟာ ဘယ်လိုမှ သာမန်လူ မဟုတ်နိုင်ပါဘူး ။

" ညီလေးကျန်းရန် …… ကျွင်းကျွင်းရဲ့ ဘေးနားမှာ ရှိနေတာ ဘယ်သူလဲ "

လီဖူချန်းတစ်ယောက် အဆင့် တက်နေစဉ်မှာပဲ လူအုပ်စု တစ်စုဟာ နန်အန်းဥယျာဉ်တော်ကို ရောက်ရှိလာခဲ့ပါတယ် ။ အဲသည်ထဲက တစ်ယောက်ကတော့ တုကူးကျန်းရန်ပါပဲ ။

နန်ရှန်းမြို့ရဲ့ ထိပ်တန်းဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ တုကူကျန်းရန်ဟာ သည်လူငယ်တွေ့ဆုံပွဲကို ဖိတ်ကြား မခံရစရာ အကြောင်း မရှိပါဘူး ။

" အစ်ကိုသောင်းဟိုင် ……သွားမလုပ်နဲ့ ။ အဲသည်လူက လီဖူချန်းလို့ ခေါ်တယ် ။ ပြီးတော့ သူ့ရဲ့ အစွမ်းက မဟာဆရာသခင် အဆင့်မှာ ရှိတယ် ။ သူနဲ့ ပြသနာ  မဖြစ်တာ အကောင်းဆုံးပဲနော်  ။ ကျွန်တော်ထင်တာကတော့ သူနဲ့ ချီကျွင်းကျွင်းက သည်အတိုင်း သာမန်မိတ်ဆွေတွေပဲ နေမှာပါ "

တုကူးကျန်းရန်ရဲ့ အကြောင်းကို မသိတဲ့ သူဆိုရင်တော့ သူဟာ ပြသနာ ရှာဖို့ စိတ်မဝင်စားတဲ့လူလို့ ထင်ချင်စရာပါပဲ ။ ဒါပေမဲ့ သူ့အကြောင်းကို ကောင်းကောင်းသိတဲ့ လူဆိုရင်တော့ အဲသည်လို ထင်မှာ မဟုတ်ပါဘူး ။ သူက သောင်းဟိုင်ကို လီဖူချန်းနဲ့ ပြသနာမဖြစ်ဖို့ ပြောတာဟာ လီဖူချန်းနဲ့ ပြသနာဖြစ်လို့ သွယ်ဝိုက်ပြီး ပြောနေတာပဲ ဖြစ်ပါတယ် ။

နန်ရှန်းမြို့က လူတိုင်းဟာ သောင်းကလန်ရဲ့ နံပါတ်၁ ပါရမီရှင် သောင်းဟိုင် တစ်ယောက် ချီကျွင်းကျွင်းကို ကျိတ်ပိုးနေတာကို မသိဘဲ မရှိပါဘူး ။ ပြီးတော့ သောင်းကလန်ဟာ ဒုတိယတန်းစား ဘုရင်အဆင့် ကလန်တစ်ခု ဖြစ်နေပါသေးတယ် ။

" ဟမ့် ။ မဟာဆရာသခင် အဆင့်က ဘာမို့လို့လဲ "

တုကူးကျန်းရန် ဆင်ထားတဲ့ အကွက်အတိုင်းပါပဲ ။ သောင်းဟိုင်ဟာ ဒေါသတကြီးနဲ့ လီဖူချန်းတို့ ရှိရာဆီကို ထွက်သွားခဲ့ပါပြီ ။

သူက တုကူးကျန်းရန်ရဲ့ အကြံအစည်ကို မသိဘဲနဲ့ မနေပါဘူး ။ သူက တမင်သက်သက်ကို တုကူးကျန်းရန် ဆင်ထားတဲ့ အကွက်ထဲ ဝင်သွားတာ ဖြစ်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူက ချီကျွင်းကျွင်းကို တခြား ယောကျာ်းလေး တစ်ယောက်နဲ့ အတူတွဲပြီး မြင်မနေချင်လို့ပါပဲ ။ ပြီးတော့ သူဟာလည်း မဟာဆရာသခင် တစ်ပါး ဖြစ်တဲ့အတွက် သူ့အနေနဲ့ သူ့လို တခြား မဟာ ဆရာသခင်တစ်ပါးကို  ကြောက်နေစရာ ဘာအကြောင်းမှ မရှိပါဘူး ။

" ကျွင်းကျွင်း …… မတွေ့တာ  ကြာပြီ  ။ အိုး…… သူက ဘယ်သူလဲ ။ ညီမရဲ့ မိတ်ဆွေလား "

သောင်းဟိုင်က ချီကျွင်းကျွင်းကို နှုတ်ဆက်ရင်းနဲ့ လီဖူချန်းဆီကို အားပျော့တဲ့ သိုင်းဆန္ဒတစ်ခု ပို့လွှတ်လိုက်ပါတယ် ။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ လီဖူချန်း အဆင့်တက်နေတာကို နှောင့်ယှက်ဖို့ပါပဲ ။

ကျင့်ကြံသူတစ်ယောက် အဆင့်တက်နေတဲ့ အချိန်မှာဆိုရင် အာရုံအပြည့် စူးစိုက်နိုင်ဖို့က လုံးဝ အရေးကြီးတယ်လို့ ဆိုရပါမယ် ။ တကယ်လို့သာ အဆင့်တက်နေတဲ့ အချိန်မှာ အာရုံ ပြန့်သွားခဲ့မယ်ဆိုရင် အဆင့်တက်နေသူဟာ သွေးလေချောက်ချားပြီး ချီအတွင်းအား လည်ပတ်မှု ကစဉ့်ကလျားဖြစ်ကာ အဆင့်တက်တာ ပျက်သွားနိုင်ပါတယ် ။ ကံဆိုးတဲ့ သူတွေဆိုရင် အတွင်းဒဏ် ရပြီး ရူးတောင် ရူးသွားနိုင်ပါသေးတယ် ။

ဖန်း……

ပေါက်ကွဲသံ တစ်ခုကတော့ လေထုထဲမှာ တုန်ဟီးသွားခဲ့ပါပြီ ။ သည်ပေါက်ကွဲသံရဲ့ တရားခံကတော့ လီဖူချန်းပါပဲ ။ သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာတဲ့ ဓားဆန္ဒ တစ်ခု သောင်းဟိုင်ရဲ့ သိုင်းဆန္ဒကို ခုတ်ဖြတ် ပစ်လိုက်လို့ ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံ ဆိုရင်လည်း မမှားပါဘူး ။

လီဖူချန်းက မှိတ်ထားတဲ့ သူ့ရဲ့ မျက်လုံးအစုံကို ဖွင့်လိုက်ပြီး သောင်းဟိုင်ကို မေးလိုက်ပါတယ် ။သူ့ရဲ့ မျက်လုံးထဲမှာတော့ ဒေါသ အရိပ်အယောင်တွေ ပေါ်နေခဲ့ပါပြီ ။

" ဟေ့လူ …… ဒါဘာလုပ်တာလဲ "

သောင်းဟိုင်က လီဖူချန်းကို လုံးဝ ဂရုမစိုက်ပါဘူး ။သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြန်ဖြေလိုက်ပါတယ် ။

" ငါဘာလုပ်လဲဆိုတာ မင်း မမြင်ဘူးလား "

ပြောတာ ပြောရတာပါ ။ စိတ်ထဲမှာတော့ သောင်းဟိုင်ဟာ လီဖူချန်းရဲ့ အဆင့်တက်တဲ့ပုံကို အတော်လေး အံ့အားသင့်နေမိပါတယ် ။ လီဖူချန်းရဲ့ အဆင့်တက်တဲ့ပုံစံဟာ လုံးဝ သာမန် မဟုတ်ပါဘူး ။ ပြီးတော့ အဆင့်တက်တက်ပြီးချင်းဖြစ်တဲ့ လီဖူချန်းရဲ့  ချီအရှိန်အဝါတွေဟာ အင်မတန် တည်ငြိမ်နေပါတယ် ။ ဒါက အခုလောလောလတ်လတ်ကလေးကမှ အဆင့်တက်ထားတဲ့ လူလို့ ဘယ်လိုမှ မယုံကြည်ချင်စရာပါပဲ ။

" ဒါဆိုရင် မင်းက ငါ့ကို တမင်ရည်ရွယ်ပြီး နှောင့်ယှက်တာပေါ့ "

လီဖူချန်းရဲ့ လေသံကတော့ ရေခဲတမျှ အေးစက်နေခဲ့ပါပြီ ။

သူ့အနေနဲ့ သောင်းဟိုင်ရဲ့ သိုင်းဆန္ဒကို ကာကွယ်နိုင်ခဲ့တာဟာ သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံ ကောင်းမွန်လွန်းလို့ပဲ ဖြစ်ပါတယ် ။ ပြီးတော့ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံက အင်မတန် ထက်မြက်နေတာကြောင့် ဆိုရင်လည်း မမှားပါဘူး ။ တကယ်လို့ သူ့နေရာမှာသာ     တခြားသူ တစ်ယောက်ဆိုရင် သောင်းဟိုင်ရဲ့ နှောင့်ယှက်မှုကြောင့် သွေးလေချောက်ချားပြီး အတွင်းဒဏ်ဖြစ်ကာ အရူးတစ်ပိုင်း ဖြစ်သွားမှာ အသေအချာပါပဲ ။

" ငါမင်းကို တမင် ရည်ရွယ်ပြီး နှောင့်ယှက်တော့ကော ဘာဖြစ်လဲ "

သောင်းဟိုင်က သူ့ရဲ့ ရည်ရွယ်ချက်ကို ငြင်းဖို့ စိတ်ကူးရှိဟန် မတူပါဘူး ။သူက လီဖူချန်းကို တည့်တည့် စိုက်ကြည့်ပြီး ပြန်ပြောလိုက်ပါသေးတယ် ။

သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အရှင်းသားပါပဲ ။ သူက လီဖူချန်းကို ဒေါသ မထွက်ထွက်အောင် ရန်စမယ် ။ ပြီးတော့ လီဖူချန်းကို အရင်စပြီး တိုက်ခိုက်စေမှာ ဖြစ်ပါတယ် ။

နန်အန်းဥယျာဉ်တော်ဟာ ခိုက်ရန်ဖြစ်ပွားမှုတွေကို ခွင့်ပြုထားခြင်း မရှိပါဘူး ။ တကယ်လို့ လီဖူချန်းကသာ သောင်းဟိုင်ကို အရင်စပြီး တိုက်ခိုက်မယ်ဆိုရင် သူဟာ သေချာပေါက် ပြစ်ဒဏ်ပေးခြင်း ခံရမှာပါ ။ ခိုက်ရန်ဖြစ်ပွားမှု ခွင့်မပြုတဲ့ နန်အန်းဥယျာဉ်တော်ထဲမှာ တခြားသူ တစ်ယောက်ကို တိုက်ခိုက်တယ် ဆိုတာဟာ နန်အန်း နယ်စားကို ရန်စ စော်ကားတာနဲ့ အတူတူပင် မဟုတ်ပါလား ။

" လီဖူချန်း…… သူ့ရဲ့ ထောင်ချောက်ထဲ ဝင်မသွားနဲ့ ။ နန်အန်းဥယျာဉ်တော် ထဲမှာက တိုက်ခိုက်တာကို ခွင့်မပြုထားဘူး "

ချီကျွင်းကျွင်းက လီဖူချန်းကို အလျင်အမြန် စိတ်ချင်း ဆက်သွယ်ပြီး  ပြောလိုက်ပါတယ် ။

" အင်း "

လီဖူချန်းကလည်း မသိမသာ ခေါင်းညိတ်ပြလိုက်ပါတယ် ။

သူ့အနေနဲ့ သောင်းဟိုင်ရဲ့ အကြံကို မသိဘဲ ဘယ်နေပါ့မလဲ ။ ဒါပေမဲ့လည်း သူက သည်အတိုင်းတော့ ရန်စ စော်ကားမှုကို ငြိမ်ခံ မနေနိုင်ပါဘူး ။ လီဖူချန်းဆိုတာက ပါးရိုက်ရင် နားပြန်ကိုက်လိုက်ရမှ ကျေနပ်တဲ့ လူမျိုးပါ ။ အဲသည်အတွက် သူက လိပ်ပြာ အသိစိတ်အာရုံကို စုစည်းပြီး သောင်းဟိုင်ဆီ စိတ်ဝိညာဉ်ဆူးတစ်ချောင်း ပစ်လွှတ်လိုက်ပါတယ် ။

" အား "

သောင်းဟိုင်ရဲ့ ပြောင်ချော်ချော် မျက်နှာပေးက ချက်ချင်းကို ပျက်သွားပြီး တွန့်လိမ်ရှုံ့တွသွားခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ သူက အသံနက်ကြီးနဲ့ အော်ဟစ်လိုက်ပါသေးတယ် ။ ကြည့်ရတာတော့ သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ  အတော်လေး အထိနာသွာတဲ့ ပုံပါပဲ ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သောင်းဟိုင်ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က အတော်လေး မာကျောကြံ့ခိုင်သလို သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကလည်း အစွမ်းထက်သင့်သလောက် ထက်ပါတယ် ။ဒါပေမဲ့လည်း အခုလို ရုတ်တရက် အလစ်အငိုက် မိသွားတဲ့ အချိန်မှာတော့ သူဟာ လီဖူချန်းရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးကို ဘယ်လိုမှ မတောင့်ခံနိုင်ပါဘူး ။

တကယ်လို့သာ  သောင်းဟိုင်က သည်လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ခုခံဖို့ ပြင်ဆင်ထားခဲ့မယ်ဆိုရင်တော့ဖြင့်  သူဟာ လီဖူချန်းရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးကြောင့် နည်းနည်းပါးပါး ထိခိုက်ရုံသာ ခံစားရမှာပါ ။ဘာဖြစ်လို့လဲဆိုတော့ သူဟာလည်း မဟာ ဆရာသခင် တစ်ပါးပင် မဟုတ်ပါလား ။ အစစ်အမှန် စိတ်ဝိညာဉ် မာကျော ကြံ့ခိုင်မှု အပိုင်းမှာတော့ သောင်းဟိုင်ဟာ သာမန် အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေထက် နိမ့်ကျစရာ အကြောင်း မရှိပါဘူး ။

ဒါပေမဲ့လည်း  လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုဟာ တကယ် အစွမ်း ထက်မြက်တယ် ဆိုတာကိုတော့ သောင်းဟိုင်အနေနဲ့  ဝန်မခံချင်ရင်လည်း ဝန်ခံရမှာပဲ ဖြစ်ပ့တယ် ။ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တစ်ယောက်ရဲ့ အစွမ်းအစကို ကျော်လွန်ပြီး အနိမ့်ဆုံး မူလပင်လယ်နယ်ပယ် အလယ်အလတ် ဘုရင်တစ်ပါးရဲ့ အဆင့်ကို ရောက်ရှိနေပါပြီ ။ အဲသည်အတွက်  သူ့အနေနဲ့ အလစ်အငိုက် ဖြစ်သွားတာ မဟုတ်ရင်တောင်မှ  အနည်းနဲ့ အများတော့ မူလ စိတ်ဝိညာဉ် ထိခိုက်မှုဒဏ်ကို ခံရမှာပါပဲ ။

" မင်းက ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့လေ "

သောင်းဟိုင်က ဒေါသတကြီးနဲ့ အော်ဟစ်လိုက်ပါတယ် ။

"ငါမင်းကို  ဒဏ်ရာရအောင်လုပ်တယ် ……ဟုတ်လား ။ လာနောက် မနေစမ်းပါနဲ့ ။ ငါက လက်တောင် မြှောက်ရသေးတာ မဟုတ်ဘူး "

ဒါပေမဲ့လည်း လီဖူချန်းကတော့ မထုံတက်သေး အမူအရာနဲ့ ရှိနေဆဲပါပဲ ။

" ခွေးမသား …… မင်းက သေချင်နေပြီပဲ "

" ပင်လယ်ခွဲဖြာ ဓားမော့ "

သောင်းဟိုင်က သူ့ရဲ့ ဒေါသတွေကို မထိန်းထားနိုင်တော့ပါဘူး ။အဲသည်အတွက် သူက သူ့ရဲ့ ဓားမော့ကို ဆွဲထုတ်ပြီး တိုက်ခိုက်ဖို့ ပြင်ပါတော့တယ် ။

ရွှမ်း……

ရှည်လျားပြီး သေးသွယ်တဲ့ ဓားမော့တစ်စင်းက လီဖူချန်း အပေါ်ကို အုပ်မိုး ကျလာခဲ့ပါပြီ ။

အစတုန်းကတော့ လီဖူချန်းက ဓားမော့ကို ရှောင်တိမ်းဦးမလို့ပါပဲ ။ ဒါပေမဲ့လည်း ချီကျွင်းကျွင်းက သူ့ရဲ့ ဘေးနားမှာ ရှိနေခဲ့ပါတယ် ။ တကယ်လို့သာသူက သည်ဓားမော့ကို ရှောင်တိမ်းလိုက်မယ်ဆိုရင် ချီကျွင်းကျွင်းဟာ သေချာပေါက် ဒဏ်ရာ အပြင်းအထန် ရသွားပါလိမ့်မယ် ။

အဲသည်အတွက် လီဖူချန်းအနေနဲ့ သောင်းဟိုင်ရဲ့ ဓားမော့ကို ထိပ်တိုက် ရင်ဆိုင်ရုံကလွဲပြီး တခြားနည်းလမ်း ရွေးစရာ မရှိတော့ပါဘူး ။

ထန်……

လီဖူချန်းက မီးလျှံမြွေဓားကို ဆွဲထုတ်ပြီး သောင်းဟိုင်ရဲ့ ဓားမော့ကို ပက်ထုတ် ပစ်လိုက်ပါတယ် ။

ဖတ်……ဖတ်……ဖတ်……

လီဖူချန်းရဲ့ ပက်ထုတ်မှုကြောင့် သောင်းဟိုင်ဟာ အနောက်ကို ခြေလှမ်းသုံးလှမ်း ဆုတ်ပေးလိုက်ရပါတယ် ။

ဒါတောင်မှ လီဖူချန်းက နန်အန်းဥယျာဉ်တော်ထဲမှာ ပြသနာ မဖြစ်ချင်တဲ့အတွက် သူ့ရဲ့အားကို တစ်ဝက်သာ ထုတ်သုံးလိုက်တာပါ ။ တကယ်လို့သာ သူ့အနေနဲ့ အားအပြည့် သုံးလိုက်မယ်ဆိုရင် သောင်းဟိုင်တစ်ယောက် သူ့ကိုယ်သူ  ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး ။

" မဟာခွဲဖြာ ဓားချက် "

သောင်းဟိုင်တစ်ယောက်ကတော့ တစ်ဖက်လူက သူ့ကို ညှာလိုက်တယ် ဆိုတာကို သတိ မပြုမိပုံပါပဲ ။ သူက နောက်ထပ် ဓားချက် တစ်ချက်ကိုတောင် ထပ်ပြီး ထုတ်လိုက်ပါသေးတယ် ။

" ဟမ့် "

လီဖူချန်းရဲ့ မျက်လုံးအစုံကတော့ အေးစက်သွားခဲ့ပါပြီ ။ တစ်ဆက်တည်းမှာပဲ သူက သူ့ရဲ့  မီးလျှံမြွေဓားကို ဝှေ့ယမ်းလိုက်ပါတော့တယ် ။

" ရပ်ကြစမ်း "

အဲသည်အချိန်မှာပဲ အသံ တစ်သံက ထွက်ပေါ်လာခဲ့ပါတယ် ။

ဟူး……ဟူး……ဟူး……

အသံနဲ့ မရှေးမနှောင်းမှာပဲ နဂါးတစ်ကောင်လို အရှိန်အဝါကို ပိုင်ဆိုင်ထားတဲ့ လူရိပ်တစ်ရိပ်ဟာ  လှံတစ်စင်းနဲ့အတူ လီဖူချန်း အပေါ်ကို ထိုးဆင်းလာခဲ့ပါပြီ ။

လှံကိုင်ထားတဲ့သူဟာ ဘယ်သူပဲ ဖြစ်နေပါစေ ။ အဲသည်လူဟာ တရားမျှတမှု မရှိတာတော့ လုံးဝ အသိသာကြီးပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ အဲသည်လူက ရန်ပွဲကို စတင်တဲ့ သောင်းဟိုင်ကို မတားဆီးဘဲ လီဖူချန်းကိုသာ တားဆီးနေခဲ့တာ မဟုတ်ပါလား ။

" ဟမ့် …… လာစမ်းပါ ။ နှစ်ယောက်တစ်ယောက် ဖြစ်တော့လည်း ဘာအရေးလဲ "

" သွားစမ်း "

အုပ်စိုးသူ ဆရာသခင်အဆင့် အစွမ်းကို ပိုင်ဆိုင်ထားတဲ့ လီဖူချန်းကတော့ မဟာဆရာသခင်အဆင့် ပြိုင်ဘက် နှစ်ယောက်နဲ့ ရင်ဆိုင်နေရတဲ့ အပေါ်မှာ ဘာမှ ထူးထူးကဲကဲ မခံစားရပါဘူး  ။ သူက ဓားကို ဝှေ့ယမ်းပြီး လှံရှည်ကိုင်ထားတဲ့ သူကိုကော သောင်းဟိုင်ကိုပါ ပြန်လည် တိုက်ခိုက်ပစ်လိုက်ပါတယ် ။

" အစွမ်းထက်လှချည်လား "

လှံရှည်ကိုင်ထားတဲ့ သူရဲ့ မျက်လုံးတွေကတော့ လေးနက်သွားခဲ့ပါပြီ ။

သူက လီဖူချန်းရဲ့ ဓားကနေ ထွက်ပေါ်လာတဲ့ အားကို လွှဲပြောင်းယူကာ အနောက်ကို ခုန်ဆုတ်ပြီး အော်လိုက်ပါတယ် ။

" ဒါက နန်အန်း ဥယျာဉ်တော်ကွ ။ မင်းက နန်အန်းဥယျာဉ်တော် ထဲမှာတောင် တိုက်ခိုက်ရဲတာလား ။ အစ်ကို သောင်းဟိုင် …… သည်ကောင့်ကို ကျွန်တော်တို့နှစ်ယောက် ပေါင်းဖမ်းပြီး နယ်စားငယ်လေးဆီ ပို့ကြရအောင် "

လှံကိုင်ထားတဲ့သူက အရပ် ရှစ်ပေနီးပါး ရှိပြီး သောင်းဟိုင်နဲ့ အတော်လေး ရင်းနှီးကျွမ်းဝင်ပုံပါပဲ ။ မဟုတ်လို့ကတော့ သူဟာ သောင်းဟိုင်ဘက်ကနေ ဝင်တိုက်ခိုက်မှာ မဟုတ်ပါဘူး ။

အဲသည်အချိန်မှာပဲ ချီကျွင်းကျွင်းက ဝင်ပါလာခဲ့ပါတယ် ။

" ဝမ်တချောင် …… သောင်းဟိုင်က ရန်ပွဲကို အရင်စခဲ့တာ အားလုံး အမြင်ပဲ ။ ဒါကို နင်က ဘာလို့ ပြောင်းပြန်တွေ ပြောနေတာလဲ ။ နင် အရှက် မရှိဘူးလား "

ချီကျွင်းကျွင်းက လှံရှည်ကိုင်ထားတဲ့သူကို မသိဘဲ မနေပါဘူး ။ အဲသည်လူက နန်ရှန်းမြို့  ဝမ်ကလန်ရဲ့ လူငယ် ထိပ်သီး တစ်ယောက်ဖြစ်ပြီး ဝမ်ကလန်ကတော့ နန်ရှန်းမြို့ရဲ့ ဒုတိယတန်းစား ဘုရင်အဆင့် အဓိက ကလန် ငါးခုထဲက ဖြစ်ပါတယ် ။

ဝမ်ကလန် နဲ့ သောင်းကလန်ဟာ မိတ်ဖက်တွေဖြစ်ကြပြီး စီးပွားရေး ကိစ္စတွေမှာ စပ်တူ လုပ်လေ့ ရှိကြသူတွေပါ ။ ပြီးတော့ ဝမ်ကလန် နဲ့ သောင်းကလန်ရဲ့ မျိုးဆက်သစ်တွေဟာ အချင်းချင်း စေ့စပ် လမ်းကြောင်းထားကျ သူတွေလည်း ဖြစ်ပါတယ် ။ အဲသည်အတွက် သောင်းဟိုင် နဲ့ ဝမ်တချောင်တို့ နှစ်ယောက် အချင်းချင်း ခင်မင် ရင်းနှီးနေတာကလည်း ဘာမှ မထူးဆန်းလှပါဘူး ။

ဝမ်တချောင်က နှာခေါင်းရှုံ့လိုက်ပြီး ချီကျွင်းကျွင်းကို ပြန်လည် ပြောဆိုလိုက်ပါတယ် ။

" ငါမြင်တာကတော့ အစ်ကိုသောင်းဟိုင်ကို သည်လူက အရင် စတ်ုက်တာပဲ ။ ချီကျွင်းကျွင်း…… သည်ကိစ္စက နင်နဲ့ ဘာမှ မဆိုင်ဘူး ။ နင်ဝင်မပါဘဲ ဘေးကနေ ကြည့်နေရင် ပိုကောင်းလိမ့်မယ် "

ချီကလန်က တတိယတန်းစား ဘုရင်အဆင့် ကလန်တစ်ခု ဆိုပေမယ့် ဖန့်ဖူမြို့စား စံအိမ်နဲ့ သားသမီးချင်း လက်ထပ် ထိမ်းမြားမှုတွေ ရှိတဲ့အတွက် ဝမ်တချောင်က ချီကျွင်းကျွင်းကို ရင့်ရင့်သီးသီး မပြောရဲပါဘူး ။သူက ချီကလန် မျက်နှာ မထောက်ဘူး ဆိုရင်တောင်မှ ဖန့်ဖူ မြို့စားစံအိမ် မျက်နှာကို ထောက်ရပါဦးမယ် ။ ပြီးတော့ ချီကျွင်းကျွင်းကလည်း  အလွန်လှပတဲ့ မိန်းမပျိုလေးတစ်ယောက် ဖြစ်နေသေးတာ မဟုတ်ပါလား ။

သည်လိုနဲ့ နှစ်ဘက်စလုံး တိုက်ခိုက်ကြဖို့ တာစူနေစဉ်မှာပဲ  အသံစူးစူး တစ်ခုက ထွက်ပေါ်လာပါတော့တယ် ။

" နယ်စားငယ် ကြွရောက်လာပါပြီ "

နန်အန်းဥယျာဉ်တော်ထဲကို ရောက်ရှိနေပြီး ရန်ပွဲကို စိတ်ဝင်စားနေတဲ့ လူငယ်တွေ အားလုံးရဲ့ အာရုံဟာ အသံထွက်ပေါ်လာရာဆီကို ရောက်ရှိသွားခဲ့ကြပါပြီ ။

***

All Chapters