← Chapters

အခန်း (၃၄၉)

Vol. 25 Ch. 349

အခန်း (၃၄၉)

Vol. 25 Ch. 349

ဆရာမော့က ဟန်မူယဲ့တစ်ယောက်ကိုပဲ တိုက်ရိုက်တပည့်အဖြစ်လက်ခံခဲ့သည့်အတွက် အံ့အားသင့်နေရန်မလိုတော့ပေ။

ကျန်လူများသည် အဆင့်မမီပေ။

ဟန်မူယဲ့က ပြုံးသည်။

ဤအခြေအနေသည် သူလိုချင်သောအရာဖြစ်သည်။

အလယ်ပိုင်းကုန်းမြေသို့ သွားခဲ့သောခရီးတွင် သူက ကွန်ဖြူးရှပ်တာအိုလမ်းစဉ်ကို နားလည်ခဲ့သည်။ သူ၏ ဓားကျင့်ကြံခြင်းနှင့်ပေါင်းစပ်လိုက်လျှင် သူ့တိုက်ခိုက်နိုင်စွမ်းကိုခန့်မှန်းရန် ခက်ခဲသည်။

ဆက်တိုက်တိုးတက်လာသော ကွန်ဖြူးရှပ်တာအိုစွမ်းအားနှင့် ဟန်မူယဲ့သည် အနောက်ဘက်နယ်စပ်ကုန်းမြေကိုလွှမ်းမိုးနိုင်ရန် ယုံကြည်ချက်ရှိသည်။

သို့သော် အနောက်ဘက်နယ်စပ်ကုန်းမြေကို ကွန်ဖြူးရှပ်တာအိုနှင့်လွှမ်းမိုးရန် မဖြစ်နိုင်ပေ။

အနောက်ဘက်နယ်စပ်ကုန်းမြေကို ကွန်ဖြူးရှပ်တာအိုနှင့်လွှမ်းမိုးနိုင်လျှင် အလယ်ပိုင်းကုန်းမြေသည် ထိုသို့လုပ်ခဲ့လိမ့်မည်။

အကယ်၍ ကောင်းကင်တာအိုက ခွင့်ပြုလျှင်ပင် ဓားဘုရင်ယွမ်ထျန်းသည် ကွန်ဖြူးရှပ်တာအိုကိုဖိနှိပ်ရန်အတွက် အစီအစဉ်တစ်ခု ချန်ထားခဲ့လိမ့်မည်။

သူက အနောက်ဘက်နယ်စပ်ကုန်းမြေကို ထိန်းချုပ်ချင်လျှင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ စည်းကမ်းများအတိုင်း လိုက်နာသင့်သည်။

ယခု ဟန်မူယဲ့ပြုလုပ်နေသောအရာသည် စည်းကမ်းများချိုးဖျက်၍ ကျန်လူများအားလုံးကို ပုံစံပြောင်းပေးနေခြင်းဖြစ်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူများသည် လင်တောက်တာအိုဂိုဏ်း၏ဖိနှိပ်မှုကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ခံစားခဲ့ရသည်။ ဓားကျင့်ကြံသူများသည် သူတို့၏ဓား မည်မျှထက်မြိကြောင်း မေ့လျော့နေခဲ့သည်။

သူက ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့သောကြောင့် လောကတွင်ရှိသောအရာအားလုံးနှင့် တိုက်ခိုက်သင့်သည်။

နှလုံးသားထဲတွင် တာအိုရှိသောကျင့်ကြံသူများသည် အစစ်အမှန်ကျင့်ကြံသူများဖြစ်သည်။

သူက အလျင်မလိုပေ။ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူများသည် အဆုံးတွင် နိုးထလာလိမ့်မည်။

ဟန်မူယဲ့က ရှေ့တွင်ရှိသောရေထုကိုကြည့်သည်။ ရေထဲတွင် စွမ်းအားများလှုပ်ရှားနေသည်။

လျှို့ဝှက်နယ်မြေ

တိမ်တိုက်ကြိုးကြာနန်းတော်၏ လျှို့ဝှက်နယ်မြေသည် သွေးယဇ်ပူဇော်ခြင်းစွမ်းအားကြောင့် အသက်ဝင်လာခဲ့သည်။

ကောင်းကင်ထက်တွင် ထို့ပါ့ချန်၏ခန္ဓာကိုယ်တွင် ဓားအလင်းများပေါ်လာပြီး တိုက်ခိုက်လိုစိတ်အချို့ စုစည်းလာသည်။

သူက ထိုဓားအလင်းကြောင့် ထိတ်လန့်သွားပြီး တိုက်ခိုက်ချင်နေသည်။

ရွှေအမြုတေအဆင့်ကျင့်ကြံသူများသည် ထိတ်လန့်မှုမှ နိုးထလာခဲ့သည်။

ထိုဓားချက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

“အင်မော်တယ်ဟန်က တကယ် ....” လူတစ်ယောက်က ဟန်မူယဲ့ကိုကြည့်ပြီး ရေရွတ်သည်။ သို့သော် သူက ပြောစရာစကား ရှာမတွေ့ခဲ့ပေ။

‘အဲဒီဓားချက်ကို အသက်တစ်ရာမပြည့်သေးတဲ့ မျိုးဆက်သစ်တပည့်တစ်ယောက်က တကယ်ပဲထိန်းချုပ်ခဲ့တာလား’

“အဲဒီကလေးက ကျင့်ကြံခြင်းမှာ တကယ်ပါရမီရှိတာပဲ” ရှေ့တွင်ရပ်နေသောလီမူပိုင်က ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။

ကျန်လူများကလည်း ခေါင်းညိတ်သည်။

ထိုဓားချက်နှင့်အတူ ထုတ်ပြလိုက်သောပါရမီသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

ဟန်မူယဲ့က နှစ်သုံးရာကျင့်ကြံပြီးသွားလျှင် အနောက်ဘက်နယ်စပ်ကုန်းမြေကို ဖိနှိပ်နိုင်ပြီး နံပတ်တစ်ဓားကျွမ်းကျင်သူ ဖြစ်လာလိမ့်မည်။

“ဟားဟား၊ သူက အရမ်းငယ်ပြီး ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတာ နှမြောစရာပဲ” လင်တောက်တာအိုဂိုဏ်း၏ ရွှေအမြုတေကျင့်ကြံသူတစ်ယောက်က လှောင်ပြောင်လိုက်သည်။ “ဒီဓားချက်သုံးပြီးသွားရင် သူက ဘာဆက်လုပ်နိုင်မှာလဲ”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားစံအိမ်၏အမွေအနှစ်သည် နှစ်ပေါင်းခြောက်ဆယ်ကြာအောင် ကြိုးစားလေ့ကျင့်ပြီး ဓားတစ်ချက်နှင့် လောကကိုလွှမ်းမိုးနိုင်သည်။

‘ဒီဓားချက်သုံးပြီးသွားရင် သူက သာမန်လူသားတစ်ယောက် ဖြစ်သွားမှာမဟုတ်လား’

တိမ်တိုက်များကြားတွင် ကျွမ်းကျင်သူများ၏မျက်နှာထားသည် ရှုပ်ထွေးနေခဲ့သည်။

ထိုဓားချက်နှင့်ဆိုလျှင် သူတို့၏ဘဝတွင် နောင်တများမရှိနိုင်တော့ပေ။

‘ကျင့်ကြံခြင်းက အဲဒီလိုမျိုး စွမ်းအားကြီးတဲ့ဓားချက်ကိုထုတ်ဖို့လား ဒါမှမဟုတ် အသက်ရှည်ရှည်နေဖို့လား’

‘အရေးမပါတဲ့ဘဝမှာ လွတ်လပ်ခွင့်မရှိဘဲ ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ဖိနှိပ်မှုအောက်မှာ ရှိနေရတယ်’

မရေမတွက်နိုင်သောလူများ၏မျက်လုံးထဲတွင် မဖော်ပြနိုင်သောခံစားချက်များ ပေါ်ထွက်လာသည်။

သူတို့က မဟာတာအိုကို သုံးသပ်ကြည့်နေသည်။

သူတို့ကျင့်ကြံနေသောတာအိုနှင့်ပတ်သတ်ပြီး တစ်ခုခုမှားယွင်းနေသလား သူတို့သိချင်လာသည်။

“ဘုန်း”

သန့်စင်ရေကန်တွင် ချီစွမ်းအင်အလင်းတစ်ခုရုတ်တရက်ပေါက်ကွဲထွက်လာသည်။

ထို့နောက် အဆုံးမရှိသောအစိမ်းရောင်အလင်းများ ပေါ်ထွက်လာပြီး မိုင်ရာချီကျယ်ပြန့်သော ရေဝဲတစ်ခုဖြစ်သွားသည်။ ထိုရေဝဲသည် နဂါးလှေနှင့် လက်ရွေးစင်တပည့်များအားလုံးကို လွှမ်းခြုံလိုက်သည်။

“လျှို့ဝှက်နယ်မြေ” တာအိုတန်ခိုးရှင်ဝမ်ဟွားက ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး အောက်သို့ထိုးဆင်းသွားသည်။

တိမ်တိုက်များကြားတွင်ရှိသောလူများသည် အောက်သို့ဆင်းလာခဲ့သည်။

သို့သော် သန့်စင်ရေကန်သို့ သူတို့ရောက်သွားသောအချိန်တွင် ရေဝဲသည် ပျောက်ကွယ်သွားခဲ့သည်။

ရေထုထဲတွင် အစိမ်းရောင်အလင်းများ အချင်းချင်းသွယ်ယှက်ပြီး လှုပ်ရှားနေသည်။

“ဒါက ရှေးခေတ်ဂိုဏ်းရဲ့ စမ်းသပ်ခြင်းဝင်္ကပါလား” အဖြူရောင်မုတ်ဆိတ်များနှင့် လူအိုကြီးတစ်ယောက်သည် နောင်တရနေသောမျက်နှာထားဖြင့် လက်မြှောက်ပြီး အစိမ်းရောင်အလင်းကို ရိုက်ချသည်။

“ဒီထဲကိုဝင်ဖို့ဆိုရင် တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားကို လိုအပ်တယ်”

ထိုလူအိုကြီးက အံ့အားသင့်သွားပြီး လင်တောက်တာအိုဂိုဏ်း၏ တာအိုတန်ခိုးရှင်ဝမ်ဟွားကို လှည့်ကြည့်သည်။

“တာအိုရောင်းရင်းဝမ်ဟွား၊ ဒါက ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲအတွက် အစီအစဉ်တွေထဲကတစ်ခုလား”

မဟုတ်ပေ။

ဤအကြောင်းကို လင်တောက်တာအိုဂိုဏ်းနှင့် မိစ္ဆာများကြားတွင် ဆွေးနွေးခဲ့သည်။ သူတို့က သွေးယဇ်ပူဇော်ခြင်းစွမ်းအားကိုအသုံးပြု၍ ရှေးခေတ်အကြွင်းအကျန်နယ်မြေကိုဖွင့်လှစ်ပြီး အထဲတွင် ရတနာများရှာဖွေလိမ့်မည်။

ထိုအခွင့်အရေးသည် လင်တောက်တာအိုဂိုဏ်းနှင့် မိစ္ဆာကလန်အတွက် ဖြစ်သင့်သည်။ အများဆုံးအနေဖြင့် ပူးပေါင်းထားသောဂိုဏ်းတချို့ပဲ အထဲကိုဝင်ရောက်နိုင်မည်။

အဆုံးတွင် ဝင်္ကပါသည် သူမျှော်လင့်ထားသည့်အတိုင်း အသက်ဝင်လာသော်လည်း အထဲသို့ဝင်သွားသောလူများသည် ပြိုင်ပွဲဝင်နေသော လက်ရွေးစင်တပည့်များ ဖြစ်သွားခဲ့သည်။

ထိုအခွင့်အရေးမျိုးကို လူတိုင်းရရှိသွားခဲ့သည်။

သူက ထိုသို့မဖြစ်စေချင်ပေ။

“တာအိုရောင်းရင်းဝမ်ဟွားက တကယ့်ကိုရက်ရောတာပဲ။ ဒီလို ရှေးခေတ်လျှို့ဝှက်နယ်မြေကိုတောင် ထုတ်သုံးထားတယ်” ထို့ပါ့ချန်သည် အမူအယာကင်းမဲ့စွာပြောပြီး တိမ်တိုက်များကြားသို့ ပြန်သွားလိုက်သည်။

ကျန်ရှိနေသော ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။ သူတို့က အခြေအနေအတိအကျကို မသိနိုင်သော်လည်း လင်တောက်တာအိုဂိုဏ်း၏တပည့်များလည်း ဝင်သွားသောကြောင့် အန္တရာယ်သိပ်မရှိနိုင်ပေ။

သူတို့၏အတွေးသည် အမှန်ဖြစ်သည်။ အန္တရာယ်သိပ်မရှိပေ။

ဟန်မူယဲ့က ကျယ်ပြန့်သောတောအုပ်ထဲသို့ ရောက်လာသောအခါတွင် ထူးဆန်းသောခံစားချက်ကို ခံစားမိသည်။

ဓားချီနှင့် ချီစွမ်းအင်သည် ဖိနှိပ်ခံထားရသည်။

ဤနေရာတွင် ရုပ်ခန္ဓာစွမ်းအားမှလွဲ၍ တခြားစွမ်းအားများကို ထုတ်မသုံးနိုင်ပေ။

သူက ဒန်ထျန်၊ ချီပင်လယ်နှင့် စိတ်နယ်ပယ်ကို အာရုံခံနိုင်သော်လည်း အထဲတွင်ရှိသောစွမ်းအားများကို အသက်မသွင်းနိုင်ပေ။

သူက ထိုစွမ်းအားများကို အတင်းအကျပ်အသုံးပြုမည်ဆိုလျှင် ဤနယ်မြေအတွင်း၌ရှိသော စွမ်းအားများအားလုံးကို ခုခံရလိမ့်မည်။

ရုပ်ခန္ဓာစွမ်းအင်ပဲအသုံးပြုနိုင်သော ဤနယ်မြေမျိုးသည် ဟန်မူယဲ့အတွက် အန္တရာယ်သိပ်မရှိပေ။

သူက ဤနယ်မြေမျိုး၏အကြောင်းကို အလယ်ပိုင်းကုန်းမြေမှ တော်ဝင်မိသားစု၏စာအုပ်များထဲတွင် ဖတ်ဖူးခဲ့သည်။

ဂိုဏ်းများက တပည့်များ၏ခန္ဓာကိုယ်ကို သန့်စင်ပေးရန်အတွက် ဤနယ်မြေမျိုးကို တည်ဆောက်လေ့ရှိသည်။

အမျိုးမျိုးသော စမ်းသပ်ချက်များလည်းပါဝင်သည်။

သို့သော် သာမန်ဂိုဏ်းများ တည်ဆောက်ထားသောနယ်မြေသည် ထိုသို့ မကျယ်ပြန့်နိုင်ပေ။

ဟန်မူယဲ့က မိုင်တစ်ရာခန့်အထိ ပျံသန်းခဲ့သော်လည်း အဆုံးသတ်ကို မမြင်ရပေ။ တခြားကျင့်ကြံသူများကိုလည်း မတွေ့ရပေ။

‘ဒါက တောင်ပိုင်းကုန်းမြေရဲ့မိစ္ဆာတွေ အမွေဆက်ခံထားတဲ့ တိမ်တိုက်ကြိုးကြာနန်းတော်ဟောင်းလား’ သူတွေးမိသည်။

‘တိမ်တိုက်ကြိုးကြားနန်းတော်က ဒီလိုမျိုးကျယ်ပြန့်တဲ့လျှို့ဝှက်နယ်မြေကို ပိုင်ဆိုင်ဖို့မဖြစ်နိုင်ဘူး’

“ဝေါင်း”

ကျားဟိန်းသံကိုကြားလိုက်ရပြီး တောအုပ်တစ်ခုလုံး တုန်ခါသွားသည်။

ဟန်မူယဲ့က တောအုပ်ထဲသို့ ပြေးဝင်သွားသည်။

အဖြူရောင်နဖူးနှင့် ကြမ်းတမ်းသောကျားတစ်ကောင်သည် ပုံရိပ်တချို့ကို လိုက်ဖမ်းနေသည်။

ထိုပုံရိပ်များသည် ငှက်မွေးဝတ်စုံဝတ်ထားသော လူများနှင့်တူသည်။

“ဦးလေးငါး၊ မြန်မြန်ထွက်သွားတော့ .....”

“ညီအစ်ကိုကျင်း၊ ငါ့ကိုထားခဲ့ပါတော့”

“ပြန်သွားတော့။ မင်းက ခံတပ်မှာ မရှိလို့မဖြစ်ဘူး” နောက်ဆုံးလူက အော်ဟစ်လိုက်ပြီး နောက်သို့လှည့်၍ လက်ထဲတွင်ရှိသော ကျိုးပဲ့နေသည့်လှံဖြင့် ဆယ်ပေခန့်ရှိသောကျားကို တိုက်ခိုက်လိုက်သည်။

“ဂျွတ် ....”

လှံသည် ကျား၏ရှေ့လက်သည်းနှင့် ထိတွေ့ပြီး ထပ်မံကျိုးပဲ့သွားသည်။

လှံကျိုးကိုကိုင်ထားသောလူသည် လွင့်ထွက်သွားသည်။

ကျားက ရပ်တန့်လိုက်ပြီး ဟိန်းဟောက်သည်။ ထို့နောက် ခုန်အုပ်လိုက်ပြီး လွင့်ထွက်သွားသောလူကို လက်ဖြင့်ပုတ်သည်။

ကျား၏လက်သည်း ကျဆင်းလာလျှင် ထိုလူသည် သေချာပေါက်သေသွားလိမ့်မည်။

ရှေ့တွင်ပြေးနေသောလူများသည် နောက်သို့ပြန်လှည့်လာပြီး ကျားကိုရပ်တန့်စေချင်သောဆန္ဒဖြင့် အော်ဟစ်လိုက်သည်။

သို့သော် ကျားက ရပ်တန့်မသွားဘဲလက်ဖြင့် ပိုမိုလျင်မြန်စွာ ရိုက်ချသည်။

“ဘမ်း ....”

ကျောက်တုံးများ နေရာအနှံ့သို့လွင့်စင်လာသည်။

ကျား၏လက်သည် မြေပြင်ပေါ်တွင်ရှိနေသောလူနှင့် သုံးပေအကွာသို့ ကျရောက်သွားသည်။

ကျားက ပစ်မှတ်ကို လွဲချော်သွားခြင်းမဟုတ်ပေ။ ကျား၏အမြီးကို လူတစ်ယောက်က ဆွဲထားခဲ့သည်။

“ဝေါင်း ....”

ကျားသည် နောက်သို့လှည့်ပြီး အမြီးအားဆွဲထားသောလူကို ခုန်အုပ်သည်။

“သတိထား”

“ပြေး”

ငှက်မွေးဝတ်စုံများနှင့်လူအချို့က အော်ဟစ်လိုက်သည်။

သို့သော် ကျားရှေ့တွင်ရပ်နေသောဟန်မူယဲ့သည် ဂရုမစိုက်ခဲ့ပေ။

သူက လက်မြှောက်ပြီး လက်သီးဆုပ်သည်။

သူက မြေကြီးပေါ်တွင်ရှိနေလျှင် မိုင်တစ်သောင်းအတွင်း၌ရှိသော တောင်တန်းနှင့်မြစ်များ၏စွမ်းအားကို အသုံးချနိုင်သည်။

ထိုအရာသည် ကောင်းကင်တာအိုလိုက်ဖက်ညီမှု၏ လက်ဆောင်ဖြစ်သည်။

ဤနေရာရှိကောင်းကင်တာအိုသည် အနည်းငယ်ထူးဆန်းနေပုံပေါ်သော်လည်း အနောက်ဘက်နယ်စပ်ကုန်းမြေမှာပဲ ရှိနေဆဲဖြစ်ကြောင်း ဟန်မူယဲ့က အာရုံခံနိုင်သည်။

အလယ်ပိုင်းကုန်းမြေတွင် ကောင်းကင်တာအိုသည် မတူညီသောကြောင့် ကောင်းကင်တာအို၏စွမ်းအားကို အသုံးပြုလိုသော သူ့အားထုတ်မှုအများစုသည် ပျက်စီးသွားခဲ့ရသည်။ သူက ကောင်းကင်တာအို၏စွမ်းအားကို အသုံးပြုနိုင်လျှင်ပင် လိုချင်သောရလဒ်ကို ရလာမည်မဟုတ်ပေ။

ယခု သူ့လိုက်ဖက်ညီမှုစွမ်းအားသည် ကောင်းကင်တာအိုနှင့် တန်းတူအလဲအလှယ်ပြုလုပ်နိုင်သောအဆင့်သို့ ရောက်လာသည်။ သူက မည်သည့်နေရာတွင်ရှိနေပါစေ ကောင်းကင်တာအို၏ တုံ့ပြန်မှုကို ချက်ချင်းရနိုင်သည်။

အဘယ်ကြောင့်ဆိုသော် နှစ်ဦးနှစ်ဖက်ဆယ်သွယ်ချက်၊ အလဲအလှယ်ကြောင့် ဖြစ်သည်။

ကျားက ခုန်အုပ်လိုက်သည်။ ဟန်မူယဲ့၏လက်သီးချက်က မြင့်တက်လာသည်။

“ဘုန်း”

လက်သီးတစ်ချက်ကြောင့် ကျားသည် မြေပြင်ပေါ်သို့ လွင့်စင်သွားပြီး အချိန်ခဏကြာသည်အထိ မထနိုင်ခဲ့ပေ။

ဟန်မူယဲ့က ခေါင်းခါသည်။

ထိုကျားသည် သာမန်ကျားတစ်ကောင်ပင်ဖြစ်သည်။ သူက ခွန်အားအများအပြားသုံးမထားသော်လည်း ထိုကျားသည် မူးဝေသွားခဲ့သည်။

ကျားက သွားဖြဲပြလိုက်ပြီး ကြောက်ရွံ့စွာနောက်ဆုတ်သည်။

ကျားက ထိုလက်သီးချက်၏စွမ်းအားကို ကြောက်ရွံ့သွားခဲ့သည်။

“ဝေါင်း ....”

ကျားက ဟိန်းဟောက်လိုက်ပြီး လှည့်ထွက်သွားခဲ့သည်။

ဟန်မူယဲ့က ကျားကို လိုက်မဖမ်းခဲ့ပေ။

သူက ပတ်ဝန်းကျင်တွင်ရှိနေသော သတိထားနေသည့်လူအချို့ကိုကြည့်သည်။

သူတို့၏ခန္ဓာကိုယ်သည် သန်မာသော်လည်း ကျင့်ကြံခြင်းနည်းစနစ်များကို မကျင့်ကြံခဲ့ပေ။ သူတို့က သိုင်းနည်းစနစ်များကိုတောင် လေ့ကျင့်မထားပေ။

သူတို့က ရုပ်ခန္ဓာနည်းစနစ်တချို့ကို လေ့ကျင့်ထားခဲ့လျှင် ကျား၏တိုက်ခိုက်မှုကြောင့် လမ်းဆုံးသို့ရောက်နေမည်မဟုတ်ပေ။

“သ ... သခင်က ကောင်းကင်ကြိုးကြာနယ်မြေရဲ့ အပြင်ဘက်ကမဟုတ်လား”

ပျက်စီးနေသောလေးတစ်လက်ကို ကိုင်ထားသည့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်သည် ရှေ့တက်လာပြီး ဟန်မူယဲ့၏အဝတ်အစားများကို သေချာကြည့်သည်။ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားသည်။

‘ကောင်းကင်ကြိုးကြားနယ်မြေ’ ဟန်မူယဲ့က တွေးမိသည်။

‘ဒီနေရာကို ကောင်းကင်ကြိုးကြားနယ်မြေလို့ ခေါ်တာလား’

သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။ “ငါက အပြင်ကမ္ဘာကနေ ရောက်လာတာ။ ဒီနေရာအကြောင်းကို ပြောပြလို့ရမလား”

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် သက်လတ်ပိုင်းအရွယ်လူကြီးနှင့် နောက်တွင်ရှိနေသောလူများက ပျော်ရွှင်သွားသည်။

သူတို့က ဤနယ်မြေ၏အကြောင်းကို အားလုံးရှင်းပြခဲ့သည်။

သူတို့၏လေယူလေသိမ်းသည် အနည်းငယ်ထူးဆန်းသော်လည်း ဟန်မူယဲ့က နားလည်နိုင်သည်။

ဤနေရာသည် ကောင်းကင်ကြိုးကြာနယ်မြေဖြစ်ပြီး တိမ်တိုက်ကြိုးကြာနန်းတော်နှင့် သက်ဆိုင်သည်။

All Chapters