← Chapters

အားနည်းတဲ့သူတွေပဲ ကောက်စားလုပ်တာ

Vol. 82 Ch. 1139

အားနည်းတဲ့သူတွေပဲ ကောက်စားလုပ်တာ

Vol. 82 Ch. 1139

အော့ယွီထန်သည် တိုက်ပွဲနေရာသို့ ဖြည်းညင်းစွာ ချည်းကပ်သွားသည်။

ဖွတ်နဂါးများသည် သွေးဆာလွန်းသလို မိစ္ဆာနဂါးများမှာ ရက်စက်ခက်ထန်လွန်းကြသည်။

ထိုတိုက်ပွဲမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။

အော့ယွီထန်မှာ တိုက်ပွဲနှင့် ပေတစ်သောင်းအကွာတွင် ရပ်နေလိုက်သည်။

“ပွဲပြီးတော့မယ် ထင်တယ်။ ဒါမျိုးပွဲတွေ အရမ်းသဘောကျတာပဲ။ အနိုင်ရတဲ့သူတောင်မှ ဒဏ်ရာအလိန်းလိန်း ဖြစ်တတ်လို့လေ။”

အော့ယွီထန်၏ မျက်ဝန်းများတွင် အန္တရာယ် အငွေ့အသက်များ ခိုအောင်းနေသည်။

ယခုကဲ့သို့ တိုက်ပွဲမျိုးတွင် ရှင်သန်ကျန်ရစ်သူအား ခန့်မှန်းရသည်မှာ အရေးကြီးသည်။

ဖွတ်နဂါးသည် အသာစီး ရနေသလို ထင်မှတ်ရပါသော်လည်း ခွန်အားနည်းပါး ကြမ်းတမ်းသော တိုက်ကွက်များအား ဆက်တိုက်ထုတ်နိုင်တော့မည် မဟုတ်ပေ။

မိစ္ဆာနဂါးမှာမူ ခုခံကာကွယ်သူ ဖြစ်နေပါသော်လည်း လှုပ်ရှားမှု တစ်ခုချင်းစီ တိကျသေချာကာ အခွင့်အရေး ရလာသည်နှင့် အဆုံးသတ်တိုက်ကွက်အား ထုတ်နိုင်ပေလိမ့်မည်။

အနိုင်ရမည့်သူမှာ မိစ္ဆာနဂါးပင် ဖြစ်သည်။

အော့ယွီထန်သည် ကိုယ့်ကိုယ်ကို အသင့်ပြင်ကာ ကြည်လင်နေသော ဓားမြှောင်နှစ်လက်အား ထုတ်ယူလိုက်သည်။

နဂါးနှစ်ကောင်၏ အော်ဟစ်တိုက်ခိုက်သံမှာ ငါးကီလိုမီတာတိုင် ကြားနိုင်ပေသည်။

အော့ယွီထန်မှာ စိတ်ရှည်လက်ရှည် ဆက်လက်စောင့်ဆိုင်းနေသည်။

ငါ နှင်းတောင်ပံအိပ်မက်တိုက်ကွက်နဲ့ အတောင်တွေ ဖြတ်ပစ်ရမယ်... ပြီးရင် နဂါးသွေးဝိဥာဥ်တိုက်ကွက်နဲ့....

ဝုန်း...

ကောင်းကင်ထက်မှ တောက်ပလှသော အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရတ် ကျဆင်းလာသည်။

အော့ယွီထန်မှာ ဓားပုံရိပ် တစ်ခုအား တွေ့လိုက်ရလေသည်။

ဓားစိတ်ဆန္ဒမှာ ဆယ်ကီလိုမီတာတိုင် ပျံ့နှံ့သွားပြီး ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။

“အား....”

နဂါးနှစ်ကောင် အော်ဟစ်လိုက်ကြသည်။

အော့ယွီထန်သည်လည်း စွမ်းအင်လှိုင်းဂယက်များကြောင့် အဝေးသို့ လွင့်ထွက်ကာ သွေးအန်သွားရသည်။

ဓားပုံရိပ် ပျောက်ကွယ်သွားလေပြီ။

အော့ယွီထန် ကားယားလေး ဖြစ်နေခဲ့သည်။

ငါဘယ်သူလဲ... ဒါဘယ်မှာလဲ.... ဘာတွေဖြစ်သွားတာလဲ....

သူမ၏ သားကောင်ဖြစ်သော နဂါးနှစ်ကောင်မှာ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။

သူမသည်ပင် ဆိုးဆိုးရွားရွား ထိခိုက်သွားရသည် မဟုတ်လော။

“ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ထိသွားတာပဲ။”

အဖြူရောင်ဝတ်စုံနှင့် အမျိုးသားမှာ နဂါးနှစ်ကောင်၏ သိုလှောင်လက်စွပ်များ ရယူလိုက်သည်။

“အမ်... ငှက်သုံးကောင်လားဟ...”

သူသည် မြေပြင်ပေါ် လဲနေသော အမျိုးသမီးအား မြင်တွေ့သွားသည်။

“အန်... အန်လင်း...”

သူမ မျက်လုံးပြူးကာ သွေးထပ်အန်သွားရသည်။

အန်လင်း အော့ယွီထန်အား ကြည့်ရှုလိုက်သည်။

“မင်းကငါ့ကို သိတာလား။”

အော့ယွီထန် စကားဆိုလာသည်။

“ငါက အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က အော့ယွီထန်ပါ။”

အန်လင်းသည် အစ်မကြီး အော့ရှောင်ဝူ မျက်နှာထောက်ကာ လွှတ်ပေးစေရန် မျှော်လင့်မိသောကြောင့် ထိုသို့ထုတ်ပြောလိုက်ခြင်းပင်။

အန်လင်း အံ့အားသင့်သွားသည်။

“မင်းက အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ကလား။ အရမ်းသာမန်ဆန်နေတော့ သတိတောင် မထားမိဘူး။”

“ဖူး....”

အော့ယွီထန် သွေးထပ်အန်သွားရလေသည်။

အဲ့လောက်ထိ ပြောစရာ လိုလို့လား....

အန်လင်း တောင်းပန်လိုက်သည်။

“မင်းကို တကယ်မသိလိုက်လို့ မတော်တဆ ဖြစ်သွားတာပါ။ တောင်းပန်ပါတယ်။”

အော့ယွီထန် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

အန်လင်းသည် ယုတ်မာရိုင်းစိုင်းလွန်းသည်ဟု ကြားသိထားပါသော်လည်း ယခုတွင်မူ ကျိုးကြောင်းဆီလျော်မှု ရှိနေလေသည်။

သူမ လက်ခါပြလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ငါကလည်း ပုန်းနေမိတာကိုး။ နဂါးနှစ်ကောင်ရဲ့ ရန်ပွဲကို စောင့်ကြည့်နေတာလေ။”

အန်လင်း အမူအရာ ပြောင်းလဲသွားသည်။

“မင်းက ကောက်စားအကွက် သုံးမလို့လား။”

အော့ယွီထန် မေးမြန်းလိုက်သည်။

“ကောက်စားအကွက်က ဘာဖြစ်လို့လဲ။”

အန်လင်းမှာ တရားမျှတမှုရှိသော အမူအရာဖြင့် ရှင်းပြလာသည်။

“ကောက်စားအကွက်က တစ်ဖက်ရန်သူတွေအပေါ် လေးစားမှု မရှိတာပဲ။ တိုက်ပွဲကို အလွယ်တကူ နိုင်သွားပေမယ့် တရားမျှတမှု စံနှုန်းက လုံးဝမမှီတော့ဘူး။”

အော့ယွီထန် ကြောင်တောင်တောင် ဖြစ်သွားမိသည်။

အန်လင်း လက်နှစ်ဖက်အား ကျောဘက်တွင် ယှက်သန်းကာ ဆရာ့ဆရာကြီးပုံံ ဖမ်းလိုက်သည်။

“အဲ့ဒါက မင်းရဲ့ တာအိုနှလုံးသားကို ထိခိုက်စေနိုင်တယ်။”

“အားနည်းတဲ့ သူတွေပဲ ကောက်စားအကွက်ကိုသုံးတာ။”

“စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှ ကျင့်ကြံရေး တိုးတက်ပြီး မတုန်လှုပ်တဲ့ စိတ်အစဥ်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်။”

“ပြောရရင် ခုနက ငါ့အကွက်လိုပေါ့။ နှစ်ကောင်လုံး သေတဲ့အပြင် မင်းပါထိသွားသေးတယ်။ အဲ့ဒါကမှ အစစ်အမှန် ခွန်အားပဲ။ နားလည်ရဲ့လား။”

“နား... နားလည်ပါတယ်။”

အော့ယွီထန် တုံ့ပြန်လာသည်။

အန်လင်း ခေါင်းညိတ်ပြကာ ကြယ်စင်ကောင်းကင်အား ငေးမောကြည့်ရှုလိုက်သည်။

ထို့နောက် အုတ်ခဲနက်အားစီးကာ ထွက်ခွာသွားလေသည်။

အတော်ကြာမှသာ အော့ယွီထန် အသိစိတ် ဝင်လာသည်။

“သူက ရူးနေတာလား။”

........

အန်လင်းသည် ကြွားလုံးထုတ်လိုက်ရသောကြောင့် စိတ်အခြေအနေ ကောင်းမွန်နေသည်။

အော့ယွီထန်သည် အတိတ်တစ်ချိန်က သူကိုယ်တိုင်နှင့် အတော်ဆင်တူသည်။

ထို့ကြောင့်ပင် လေးလေးနက်နက် သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

ယနေ့မှစ၍ အကြွားဘုရင် အန်လင်းသည် လောကကြီးအား ယီးနှင့်ထိုးတော့မည်ပင်။

မိုးကြိုးကပ်ဘေး အရှင်သခင်၊ လျှပ်စီးခြယ်လှယ်သူ၊ ကောင်းကင်ဘုံ မိုးကြိုးနတ်ဘုရား....

ငါ့ဘွဲ့တွေကိုက ဆရာကျနေတာ....

တစ်နာရီခန့် ပျံသန်းလာပြီးနောက် တိုက်ခိုက်နေသံများ ကြားလိုက်ရသည်။

တိုက်ပွဲလား....

အန်လင်း မျက်ဝန်းများ တောက်ပသွားသည်။

သူသည် ရှောင်လန်အား ရှာမတွေ့ခင် တွေ့သမျှ နဂါးများအား သမပစ်မည်ပင်။

ရှေးဟောင်းထိုက်ချူကုန်းမြေထဲမှ ရန်သူများအား ရှင်းထုတ်ပေးလျှင် ရှောင်လန်၏ လုံခြုံရေးလည်း ပိုမိုစိတ်ချရပေလိမ့်မည်။

ဖွတ်နဂါးများသည် လူသားမျိုးနွယ်၏ ရန်သူများဖြစ်ပြီး မိစ္ဆာနဂါးများဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

အန်လင်းမှာ ၎င်းတို့အပေါ် သနားစိတ်ပင် မဖြစ်မိပေ။

သူအတွေးများနေစဥ်မှာပင် ကြောက်မက်ဖွယ် အံ့ဖွယ်တာအိုတစ်ခု ဖြတ်သန်းသွားသည်။

ဟင်းလင်းပြင်သို့အပြန် အဆင့်တွေလား....

အန်လင်း အံ့အားသင့်ကာ ကိုယ့်ကိုယ်ကို ဖုံးကွယ်လိုက်သည်။

ကောက်စားရမှာပေါ့.....

All Chapters