ကောင်းကင်ဘုံမိုးကြိုးနတ်ဘုရား
Vol. 82 Ch. 1142
အန်လင်း ကောင်းကင်အား မော့ကြည့်လိုက်သည်။
မျက်စိကျိန်းရလောက်အောင် တောက်ပသော မိုးကြိုးလျှပ်စီးများ ရှိနေလေသည်။
ကျိုမာ့ထက် သေးငယ်သော လျှပ်စီးနဂါးတစ်ကောင်အား တွေ့လိုက်ရသည်။
၎င်းသည် ပေတစ်သိန်းခန့်ရှိကာ ရွှေရောင်အသားအရေအား ပိုင်ဆိုင်ထားသည်။
ခန္ဓာကိုယ် ပတ်ပတ်လည်တွင်မူ လျှပ်စီးများ ဝန်းရံထားသည်။
“ကျိုမာ့ စည်းမျဥ်းစည်းကမ်းအရဆိုရင် မင်းငါနဲ့တူတူ လိုက်တိုက်ပေးရမယ်။ ဒါပေမယ့် သတ်တာကိုတော့ ငါပဲလုပ်မယ်။”
ဇုစ့် စကားဆိုလာသည်။
“ဒါပေါ့...”
ကျိုမာ့ လက်ခံလိုက်သည်။
တိုက်ပွဲ မစရသေးပါသော်လည်း သတ်ဖြတ်မည့်အကြောင်း ဆွေးနွေးနေလေပြီ။
ထိုသည်မှာ အော့ချင်းယွီအား စော်ကားလိုက်ခြင်းပင်။
“သခင်လေးအန်လင်း ဒါမျိုးကို ငါလက်မခံနိုင်ဘူး။ သူတို့ကို ကူထိန်းထားပေး။ ငါစစ်ကူခေါ်လိုက်မယ်။”
အော့ချင်းယွီ အော်ဟစ်လိုက်သည်။
အန်လင်း မျက်နှာပျက်သွားသည်။
“ငါ့ကို ငတုံးထင်နေလား။”
နဂါးမင်းပိုင်နက်ရဲ့ အကြွားသခင်က ထွက်ပြေးတာတောင် အကြောင်းပြချက်နဲ့လား....
“ဟားဟား.... တစ်ကောင်မှ လွတ်မယ်မထင်နဲ့။”
ကောင်းကင်ထက်မှ ကြောက်မက်ဖွယ် လျှပ်စီးများ ကျဆင်းလာသည်။
ထိုမိုးကြိုးသွားများသည် အံဖွယ်တာအို လှောင်ချိုင့်တစ်ခုအား ဖန်ဆင်းလိုက်၏။
အော့ချင်းယွီ မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေသည်။ ဇုစ့်ရှိနေသောကြောင့် ထွက်ပြေးလွတ်မြောက်ရန်ပင် မလွယ်ကူလှပေ။
“ဒီလိုဆိုရင်ရော မင်းက ဇုစ့်ကိုထိန်းထားပေး.... ငါကျိုမာ့ကိုတိုက်မယ်။”
အော့ချင်းယွီ အကြံပေးလိုက်သည်။
အန်လင်းအနေဖြင့် ဇုစ့်အား ကျိန်းသေပေါက် အချိန်ဆွဲထားနိုင်လိမ့်မည်။
“ထိန်းပေးရမှာလား။ ဟာသပဲ။”
အန်လင်း ရယ်မောလိုက်သည်။
အော့ချင်းယွီ အနည်းငယ် စိတ်တိုလာသည်။
“အဲ့ဒါ အကောင်းဆုံးပဲလေ။ ငါတို့...”
“ငါပြောပြမယ်။”
အန်လင်း စကားဖြတ်လိုက်သည်။
“မင်းကျိုမာ့ကိုထိန်းထား ငါဇုစ့်ကိုသတ်မယ်။”
အော့ချင်းယွီ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ရွှေနဂါးကြီး အူတက်နေလေပြီ။
“ဟားဟားဟား အကြောက်လွန်ပြီး ရူးသွားတာလား။ ငါက နဂါးမျိုးနွယ်စုရဲ့ မိုးကြိုးနတ်ဘုရားပဲ။ ကောင်းကင်ဘုံရဲ့ အစွမ်းကို လာစမ်းရင် ဘာဖြစ်သွားမယ်ထင်လဲ။”
ဝုန်း... ဝုန်း.... ဝုန်း....
ကြက်သီးထဖွယ် မိုးကြိုးလျှပ်စီးများ တဟုန်ထိုး သက်ဆင်းလာသည်။
အော့ချင်းယွီ ခုခံတော့မည့် အချိန်မှာပင် ထိုမိုးကြိုးမှာ တည်ငြိမ်သွားလေသည်။
မျက်စိကျိန်းရလောက်အောင် တောက်ပသော မိုးကြိုးသွားမှာ အေးခဲသွားသယောင် ထင်မှတ်ရသည်။
ဇုစ့်ရော၊ ကျိုမာ့ပါ အံ့အားသင့်သွားရသည်။
အော့ချင်းယွီသည်လည်း ကြောင်တောင်တောင် ဖြစ်နေမိသည်။
“နဂါးမင်းပိုင်နက်ရဲ့ အကြွားသခင် မင်းတကယ် မေ့တတ်တာပဲ။ ငါ့ရဲ့ဘွဲ့ကို မေ့နေပြီလား။”
အန်လင်း မေးမြန်းလိုက်သည်။
“လျှပ်... လျှပ်စီးထိန်းချုပ်ခြယ်လှယ်သူ...”
အော့ချင်းယွီ ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။
“ယီးလား။ မိုးကြိုးကပ်ဘေး အရှင်သခင်လေ။”
အန်လင်း အမှန်ပြင်ပေးလိုက်သည်။
သူသည် မိုးကြိုးကပ်ဘေး အရှင်သခင်ဟူသောဘွဲ့အား ပိုမိုနှစ်သက်သည်။
“ငါဇုစ့်ကို သတ်နိုင်တာ ယုံပြီလား။”
အန်လင်း ပြုံးကာပြောလာသည်။
“အင်း...”
အော့ချင်းယွီ မျှော်လင့်ချက်များ ပြန်ရှိလာသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ဇုစ့်မှာ သူ၏လျှပ်စီးအား မထိန်းချုပ်နိုင်တော့ပေ။
ထိုအချိန်မှာပင် အံ့ဖွယ်တာအို အစွမ်းများ ပါဝင်နေသော မိုးကြိုးများ ထပ်မံကျဆင်းလာသည်။
“နေဦး.... သူက ကောင်းကင်ဘုံခုံရုံးက အန်လင်းပဲ။”
ကျိုမာ့ အမူအရာ ပြောင်းလဲသွားသည်။
သို့သော် သတိပေးချက်မှာ နောက်ကျသွားလေပြီ။
ထပ်မံကျဆင်းလာသော မိုးကြိုးများလည်း လေထဲတွင်ပင် ရပ်တန့်နေ၏။
“အနောက်နဂါးတောက မိုးကြိုးနတ်ဘုရား....”
အန်လင်း စကားဆိုလိုက်သည်။
“ငါက တလောကလုံးရဲ့ မိုးကြိုးအရှင်သခင် ကောင်းကင်မိုးကြိုးနတ်ဘုရားဆိုတာ မသိဘူးလား။”
သူလက်ညှိုးထောင်လိုက်သည်နှင့် ရပ်တန့်နေသော မိုးကြိုးများအားလုံး ပိုမိုကြီးမားလာကာ ဇုစ့်ထံသို့ ပြန်လည်ရောက်ရှိလာသည်။
“မဟုတ်ဘူး....”
ဇုစ် အော်ဟစ်လိုက်မိသည်။
ဝုန်း....
မိုးကြိုးများမှာ အညှာအတာ ကင်းမဲ့လွန်းလှသည်။
ဇုစ့်၏ ရွှေရောင်ခန္ဓာကိုယ်မှာ မည်းတူးချိတ်ကာ အရိုးအရေများပါ စုတ်ပြတ်သတ်သွားရသည်။
စွမ်းအင်ပေါက်ကွဲမှုများမှာ လင်းထိန်လွန်းသောကြောင့် နေထွက်လာသလိုပင် ထင်မှတ်ရလေသည်။
“ဇုစ့်...”
ကျိုမာ့ ထိတ်လန့်သွားရသည်။
ထိုအချိန်တွင် ဓားပုံရိပ်များစွာ ရောက်ရှိလာသည်။
“မင်းရဲ့ ပြိုင်ဘက်က ငါပဲ။ အန်လင်းကို သွားမရှုပ်နဲ့။”
အော့ချင်းယွီ အေးစက်ခက်ထန်စွာ ပြောလိုက်သည်။
ကျိုမာ့ အံကြိတ်လိုက်ရသည်။
ဘာလို့ အဲ့လူသားက ဒီရောက်နေတာလဲ....
တကယ်ကံဆိုးတာပဲ....
မည်သို့ပင်ဆိုစေကာမူ ကျိုမာ့အနေဖြင့် အနိုင်ရနိုင်သေးသည်ပင်။
ချကြတာပေါ့....
“အန်လင်းအလောင်းပဲ မင်းရစေရမယ်။”
ကျိုမာ့ ထွက်မပြေးလိုတော့ပေ။
သူသည် ရေခဲဝဲဂယက်တစ်ခုအား ဖန်ဆင်းကာ အော့ချင်းယွီအား တိုက်ခိုက်လိုက်သည်။
အော့ချင်းယွီ ရယ်မောလိုက်လေသည်။
“အခုဘာတွေဖြစ်နေလဲ မင်းမမြင်သေးဘူးလား။”
လျှပ်စီးများ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
ဇုစ့်မှာ မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင် ဖြစ်နေသည်။
“မင်းက အံ့ဖွယ်တာအို လျှပ်စီးကိုတောင် ထိန်းချုပ်နိုင်တယ်ပေါ့လေ။ ဘယ်လိုအစွမ်းကြီးလဲ။”
“ဘယ်လိုအစွမ်းလဲတဲ့လား။”
အန်လင်း အုတ်ခဲနက်ပေါ် တက်လိုက်သည်။
“ပြောပြီးပြီပဲလေ။ ကောင်းကင်မိုးကြိုးနတ်ဘုရားဆိုတာ...”
သူမထီမဲ့မြင် ပြုံးလိုက်သည်။
“မင်းရဲ့ အံ့ဖွယ်တာအို အစွမ်းကို ငါ့အပေါ် သုံးရဲရဲ့လား။”
အန်လင်း လက်တစ်ချက် ဝေ့ယမ်းလိုက်သည်။
လှောင်ချိုင့်ဖြစ်နေသော မိုးကြိုးသွားများ ပြိုကွဲကာ ကျဆင်းလာတော့သည်။