← Chapters

ဇုစ့်၏အထူးစစ်ကူ

Vol. 82 Ch. 1147

ဇုစ့်၏အထူးစစ်ကူ

Vol. 82 Ch. 1147

အော့ချင်းယွီမှာ ကျိုမာ့နောက် လိုက်ခဲ့ပါသော်လည်း ထပ်ပေါ်လာသော စစ်ကူကြောင့် သမိုင်းတစ်ပတ် ပြန်လည်ခဲ့ရသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ စုရှောင်လန်သည် သောက်ကျိုးနည်း မိုးကြိုးကပ်ဘေး ခံယူနေခြင်းပင်။

ဒီခွေးသားက သူ့တူမသူ ဒုက္ခရောက်အောင် လုပ်နေတာပဲ.....

ပုံမှန်အခြေအနေမျိုးတွင် အန်လင်းသည် နှစ်ခါပင် မစဥ်းစားပဲ အော့ချင်းယွီအား ထားပစ်ခဲ့မည် ဖြစ်သည်။

ယခုတွင်မူ ရှောင်လန်မှာ မိုးကြိုးကပ်ဘေး ခံယူနေခြင်းကြောင့် သူ့အနေဖြင့် ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။

အော့ချင်းယွီလည်း ထိုသည်ကို သတိထားမိသည်။

“သခင်လေးအန်လင်းရဲ့ သူငယ်ချင်းက မိုးကြိုးကပ်ဘေး ခံယူနေတာဆိုတော့ ဒီတိုင်းထားလို့ မဖြစ်ဘူး။ ရန်သူတွေ တိုက်ထုတ်ကြရအောင်။”

အန်လင်းမှာ အော့ချင်းယွီအား အစိပ်စိပ်အမြွှာမြွှာ ဆုတ်ဖြဲပစ်ချင်နေသည်။

“နေနတ်ဘုရား အပိုလိုက ဘယ်လောက်ကြမ်းလဲ။”

“ကျိုမာ့ထက် နည်းနည်းသာတယ်။ ခဏလောက် အချိန်ဆွဲထားပေးပါ။ ကျိုမာ့ကို သတ်ပြီးရင် လာကူပါ့မယ်။”

“တခြားကောင်တွေ ရှိသေးလား။”

“မရှိလောက်တော့ပါဘူး။ ရှေးဟောင်းထိုက်ချူကုန်းမြေထဲမှာ အနောက်နဂါးတောက ဟင်းလင်းပြင်သို့အပြန်အဆင့် ခြောက်ယောက်ရှိတာ။ အခုတင် သုံးယောက်ဆိုတော့ တဝက်ကျိုးနေပြီ။ ဒီလောက်ကျယ်တဲ့ ကုန်းမြေမှာ အဲ့လောက်ကံဆိုးပါ့မလား။”

“တော်တော့ မင်းဆက်ပြောမှ ကံဆိုးနေမယ်။”

အန်လင်း ပိတ်ပြောလိုက်သည်။

အော့ချင်းယွီ ကြောင်တောင်တောင် ဖြစ်သွားမိသည်။

ဘာလဲဟ... ငါပြောတာ မှားလို့လား....

ရေခဲနဂါးနှင့် မီးနဂါးမှာ ၎င်းတို့နှင့် နီးကပ်လာသည်။

အန်လင်းမှာ ဇုစ့်အလောင်းအား ရှေ့တွင်ပစ်ထားလိုက်သည်။

“ဟားဟားဟား အော့ချင်းယွီ မင်းပြေးလို့ မလွတ်....”

မီးနဂါးကြီးမှာ မြင်လိုက်ရသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။

“ဇု... ဇုစ့်လား။”

အပိုလို တုန်လှုပ်သွားသည်။

အန်လင်း ပြုံးကာပြောလိုက်သည်။

“ဒီနေ့ တကယ်ကံကောင်းတာပဲ။ ဇုစ့်ကိုသတ်ပြီး မတင်းတိမ်ဘူး ဖြစ်နေတာ။ အပိုလိုကိုယ်တိုင် ရောက်လာပြန်ပြီ။”

သူသည် မီးနဂါးအားကြည့်ကာ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

အပိုလိုသည် ဇုစ့်အား သတ်ဖြတ်ခဲ့သော ထိုလူသားအားကြည့်ကာ ကြောက်ရွံ့လာမိသည်။

၎င်း၏အမူအရာ ပြောင်းလဲသွားသည်။

“မင်းက ငါတို့ကိုပါ သတ်မလို့လား။”

အော့ချင်းယွီ အေးစက်ခက်ထန်စွာ ပြောလာသည်။

“မင်းတို့ကို တမင်မျှားခေါ်လာတာလေ။”

“မင်းတို့က ငါတို့ ထောင်ချောက်ထဲ တန်းတန်းမတ်မတ် ဝင်လာတာပဲ။ ဒီနေ့ မင်းနဲ့ ကျိုမာ့ သေကိုသေရမယ်။”

အပိုလို၏ ခန္ဓာကိုယ်မှ မီးတောက်များပင် မှေးမှိန်သွားရသည်။

“မကြောက်နဲ့ အပိုလို။ အန်လင်းက လျှပ်စီးကို ထိန်းချုပ်နိုင်လို့ ဇုစ့်ကိုနိုင်တာ။ မင်းကိုတော့ ဘယ်လိုမှ ယှဥ်မရဘူး။”

ကျိုမာ့ အော်ဟစ်လိုက်သည်။

“ငါမကြောက်ပါဘူး။”

အပိုလို အံကြိတ်ကာ ပြောလာသည်။

“ဒါပေမယ့် ဇုစ့်မှာ လျှပ်စီးကလွဲပြီး ဘာမှမရှိဘူး ထင်နေတာလား။ အန်လင်းက စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်နော်။ တော်ရုံလူ မဟုတ်ဘူး။”

ကျိုမာ့ : “.....”

အပိုလိုမှာ အန်လင်း၏ စိတ်ဓာတ်စစ်ဆင်ရေးတွင် ကျရှုံးသွားလေပြီ။

ကျိုမာ့ စိတ်ဆင်းရဲသွားရသည်။

အပိုလိုမှာ အခြေအနေအား သုံးသပ်နေပြီး ဇုစ့်၏ အလောင်းအား မြင်လိုက်ရစဥ်တည်းက အတော်ပင် စိတ်ကယောက်ကယက် ဖြစ်နေခဲ့သည်။ ဇုစ့်သည် မိုးကြိုးနတ်ဘုရားဖြစ်ကာ သူသည် နေနတ်ဘုရားဖြစ်ပြီး ၎င်းတို့ကြားတွင် ကွာခြားမှု မရှိလှပေ။

အန်လင်းသည် ဇုစ့်အား သတ်နိုင်ပါက သူ့ကိုပါ သတ်နိုင်လောက်သည်။

အပိုလိုသည် နှစ်ပေါင်းများစွာ ရှင်သန်လာသူဖြစ်ကာ ထောင်ချောက်တစ်ခုအတွက် အသက်စွန့်စရာ မရှိပေ။

မည်သို့ပင်ဆိုစေကာမူ စွန့်စားရန် အန္တရာယ် များလွန်းသည်။

“ဒါထောင်ချောက်ပဲ။ အရင်ဆုတ်ကြရအောင်။”

အပိုလို အတောင်ခတ်ကာ မီးတောက်များ ဖြစ်ပေါ်စေလိုက်သည်။

“လွတ်မယ်မထင်နဲ့။”

အော့ချင်းယွီနှင့် အန်လင်း ပြိုင်တူအော်ဟစ်လိုက်ကြသည်။

ကျိုမာ့သည်လည်း မျက်ရည်အရွှဲသားဖြင့် ထွက်ပြေးရလေသည်။

ရေခဲနဂါးကြီး အသက်လုပြေးရသည်မှာ သုံးကြိမ်တိုင် ရှိနေပြီပင်။

အန်လင်းနှင့် အော့ချင်းယွီမှာ ကီလိုမီတာ ငါးရာကျော်ထိ လိုက်ပြီးမှသာ လက်လျှော့လိုက်ကြသည်။

အော့ချင်းယွီသည် လွှတ်ပေးလိုက်ရသည်ကို အမှန်တကယ် မကျေနပ်နိုင်ပေ။ ကျိုမာ့သည် ဆိုးဆိုးရွားရွား ထိခိုက်ထားသည် မဟုတ်လော။

သို့သော် အပိုလိုသည် ကျိုမာ့ ထွက်ပြေးနိုင်အောင် စစ်ကူထပ်ခေါ်နေသောကြောင့် ဘာမှမတတ်နိုင်ပေ။

ထို့ကြောင့် အဆုံးတွင် လက်လျှော့လိုက်ရသည်။

အန်လင်း စုရှောင်လန်နား ပြန်လာကာ သက်ပြင်းချလိုက်သည်။

“ဇုစ့်က သေတာတောင် အသုံးဝင်တုန်းပဲ။”

အော့ချင်းယွီ မျက်နှာပျက်သွားသည်။

“မင်းက သေတဲ့သူတောင် အသုံးချနေတုန်းပဲ။”

အန်လင်းမှာ ဇုစ်၏အလောင်းအား သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။

အခြားနဂါးတစ်ကောင်နှင့် ရင်ဆိုင်ရပါက ထုတ်ပြရန် ဖြစ်သည်။

ဝုန်း... ဝုန်း... ဝုန်း...

ရွှေရောင်ဟာလာပြင်လျှပ်စီးများ စုရှောင်လန်ပေါ် ကျဆင်းနေလေသည်။

ထိုမှသာ အော့ချင်းယွီ သတိထားမိသွားသည်။

“မိုးကြိုးကပ်ဘေးက အားကောင်းလှချည်လား။”

“မိုးကြိုးကပ်ဘေး တိမ်တိုက်လည်း ကြည့်လိုက်ဦး။”

အန်လင်း ရယ်မောလိုက်သည်။

အော့ချင်းယွီ ကောင်းကင်အားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

စုရှောင်လန်၏ မိုးကြိုးကပ်ဘေး တိမ်တိုက်မှာ အဆုံးအစပင် မရှိပေ။

အန်လင်းသာမက သူ၏ တာအိုလက်တွဲဖော်ကပါ ပါရမီရှင် ဖြစ်နေမည်ဟု ထင်မှတ်မထားခဲ့ပေ။

ရွှေရောင်ဟာလာပြင်လျှပ်စီးများကြောင့် စုရှောင်လန်မှာ အမူအရာ စတင်ပြောင်းလဲလာသည်။

မိုးကြိုးကပ်ဘေးသည် ကြည့်ရုံမျှဖြင့်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းနေသည်။

“ဂမ်ဒမ်သုံး မိုးကြိုးကပ်ဘေး ဘယ်နချက် ရှိပြီလဲ။”

အန်လင်း မေးမြန်းလိုက်သည်။

“ခုနစ်ဆယ့်ခုနစ်ချက်...”

ဂမ်ဒမ်သုံး ဖြေကြားလာသည်။

“အဲ့ဒါပဲ ရှိသေးတာလား။”

အော့ချင်းယွီ မျက်လုံးပြူးသွားသည်။

သူ၏ နောက်ဆုံး မိုးကြိုးကပ်ဘေးသည်ပင် ထိုမျှမကြမ်းတမ်းခဲ့ပေ။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

နောက်ဆုံးသော မိုးကြိုးကပ်ဘေးသည် ကျင့်ကြံသူအား သေစေနိုင်သည်အထိ ပြင်းထန်လေ့ရှိသည်။

ပိုပြီးပြင်းလာတော့မှာပဲ.....

All Chapters