အပိုင်း ၅၆၉
Vol. 42 Ch. 569
လင်းဟု နဲ့ တိုက်ခိုက်ခြင်း
နောက်ဆုံး စိတ်ဝိညာဉ် အခြေတည် ဆေးရည် နှစ်ပုလင်း ပိုင်ရှင် ရှာတွေ့သွားတဲ့ အခါမှာတော့ လင်းရှုက ကြေညာလိုက်ပါတယ် ။
" အခုဆိုရင် စိတ်ဝိညာဉ် အခြေတည် ဆေးရည် လေးပုလင်းလုံး ပိုင်ရှင် ရှာတွေ့သွားပြီ ။ အဲသည်တော့ ရွှေရောင် ဧကရာဇ် တာအိုဆေးရည်ပဲ ပိုင်ရှင် ရှာတွေ့ဖို့ ကျန်တယ် ။ ငါ့ရဲ့ သက်တော်စောင့်ကို အနိုင်ယူနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ သူတွေ စပြီး စိမ်ခေါ်လို့ရပြီ ။ တကယ်လို့ မင်းတို့အနေနဲ့ ငါ့ရဲ့ သက်တော်စောင့်ကို သိုင်းကွက်ပိုင်း အသာစီး ရယူနိုင်ရင်တောင်မှ ငါက ရွှေရောင်ဧကရာဇ် တာအိုဆေးရည်ကို ပေးမယ် "
" နယ်စားငယ်…… ကျွန်တော်မျိုး လျိုချိယိက စမ်းသပ်ကြည့်ချင်ပါတယ် "
စကားသံနဲ့အတူ ဆံပင်ရှည်ရှည် ၊ ရုပ်ချောချော လူငယ်တစ်ယောက်ဟာ မြေကွက်လပ်ထဲကို ခုန်ဆင်းလာခဲ့ပါပြီ ။
လျိုချိယိ ……
သူက ခေသူတစ်ဦးတော့ မဟုတ်ပါဘူး ။ သူဟာ ဒုတိယတန်းစား အဓိက ကလန်ကြီး ၅ခုထဲက တစ်ခုဖြစ်တဲ့ လျိုကလန်ရဲ့ နံပါတ်၁ လူငယ်ပါရမီရှင် ဖြစ်ပါတယ် ။ သူက ကြယ်၇ပွင့် ဆေဘာတာအို အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့အပြင် မဟာ ဆရာသခင် အဆင့် တန်ခိုးအစွမ်းကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ပိုင်ဆိုင်ထားခဲ့ ပြီးပါပြီ ။ သူ့ရဲ့ အစွမ်းဟာ ဘယ်ဘက်ကနေ ကြည့်ကြည့် သောင်းဟိုင်တို့ ၊ ဝမ်တချောင်တို့ထက် အများကြီး အစွမ်းထက်ပါတယ် ။
( note - သည်နေရာမှာ ကျွန်တော် ဘဝင်မကျတာလေး တစ်ခု ရှိနေတယ်ဗျာ ။ မူရင်း စာရေးဆရာက ဒုတိယတန်းစား အဓိက ကလန် ငါးခု ရှိတယ်လို့ အရှေ့ပိုင်းမှာ ရေးထားပေမယ့် အခုတော့ စီးမာကလန် ၊ ထိုက်ရှီကလန် ၊ သောင်းကလန် ၊ ယွန်ကလန် ၊ ဝမ်ကလန် နဲ့ လျိုကလန်ဆိုပြီး ခြောက်ကလန် ဖြစ်နေတယ်ဗျ ။ ကြည့်ရတာ မူရင်း စာရေးဆရာက ရေတွက်တာ မှားသွားပုံရတယ် ။ အဲသည်အတွက် နောက်ပိုင်းမှာ ကျွန်တော်က ဒုတိယတန်းစား အဓိက ကလန်ကြီး ငါးခုလို့ သုံးနှုန်းတော့မှာ မဟုတ်ပါဘူး။ )
" ကျေးဇူးပြုပြီး ကျုပ်ကို သင်ပြပေးပါဦး "
လင်းဟုကလည်း မြေကွက်လပ်ထဲကို ဆင်းလာခဲ့ပါပြီ ။
လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရပ်နေတဲ့ လင်းဟုရဲ့ အမူအယာကတော့ လုံးဝ ယုံကြည်မှုအပြည့် ရှိနေတဲ့ ပုံပါပဲ ။
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ ။ အဆင့်၁ မူလပင်လယ်နယ်ပယ် ဘုရင်ဆိုတာကလည်း မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးပင် မဟုတ်ပါလား ။ အဲသည်အတွက် မဟာဆရာသခင်တွေဟာ သူ့ကို ယှဉ်နိုင်ဖို့ အကြောင်း မရှိပါဘူး ။
" မဟူရာ ညဉ့်နက်ဓား"
လျိုချိယိကလည်း သူ့အကြောင်းကို သူသိပြီးသားပါပဲ ။ အဲသည်အတွက် တိုက်ပွဲစတာနဲ့ တစ်ပြိုင်နက် သူက သူ့ရဲ့ ဆေဘာတာအို နတ်ဘုရား စွမ်းရည်ကို နှိုးဆွပြီး တိုက်ခိုက်ပါတော့တယ် ။
ရွှီး……ရွှီး……ရွှီး……
အနက်ရောင် လခြမ်းကွေး ဓားသွားတစ်ခုဟာ လေထုထဲမှာ ဖြစ်တည်လာခဲ့ပါပြီ ။
" သွားတော့ "
သည်ဓားသွားဟာ ကိုယ်ပိုင်အသိစိတ် ရှိနေသလိုပါပဲ ။ သူက လျိုချိယိရဲ့ အမိန့် ဆုံးတာနဲ့ တစ်ပြိုင်နက် ရှစ်မီတာအထိ ပြန့်ကားသွားပြီး လင်းဟုဆီကို တိုးဝင်သွားပါတော့တယ် ။
လင်းဟုကတော့ သူ့ရဲ့ နတ်ဘုရားစွမ်းရည်ကို ထုတ်မသုံးထားပါဘူး ။ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံကိုသာ ပိုင်ဆိုင်ထားတဲ့ သူ့ရဲ့ နတ်ဘုရားစွမ်းရည်ဟာ သူ့ရဲ့ သိုင်းပညာလောက် အစွမ်းမထက်ဘူးဆိုတာကို လင်းဟုတစ်ယောက် ကောင်းကောင်းကြီး သိထားပါတယ် ။
" သွားစမ်း "
လင်းဟုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အနက်ရောင် လခြမ်းကွေး ဓားသွားကို ထိုးပစ်လိုက်ပါတယ် ။
ဘန်း……
လေဟာနယ် တစ်ခုလုံးဟာ တွန့်လိမ် ရှုံ့တွ သွားခဲ့ပါပြီ ။ အနက်ရောင် လခြမ်းကွေး ဓားသွားဟာ အလွန်အမင်း မာကျောပုံ ရပေမယ့် လင်းဟုရဲ့ လက်သီးကိုတော့ ခံနိုင်ခြင်း မရှိခဲ့ပါဘူး ။
ခရက်……ခရက်……ခရက်……
ဝုန်း……
အဲသည်အချိန်မှာပဲ အနက်ရောင် လခြမ်းကွေး ဓားသွားဟာ အက်ကွဲရာတွေ အထပ်ထပ် ပေါ်လာပြီး အနက်ရောင် လခြမ်းကွေး ဓားသွား အသေးလေးတွေအဖြစ် ပြောင်းသွားကာ လင်းဟုဆီကို တိုးဝင်လာကြ ပြန်ပါတယ် ။
" ဟင် "
လင်းဟုက မျက်မှောင်ကြုပ်လိုက်ပြီး နောက်ထပ် လက်သီးချက် တစ်ချက်ကို ထုတ်လိုက်ပါတယ် ။ သည်လက်သီးချက်က ပထမ လက်သီးချက်ထက် ပိုပြီး အားကောင်းတယ် ဆိုတာကိုတော့ ယုံမှားသံသယ ဝင်နေစရာ မလိုတော့ပါဘူး ။
ဝုန်း……
နားကွဲလုမတတ် ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်လာပြီး နောက်မှာတော့ အနက်ရောင် လခြမ်းကွေး ဓားသွားတွေဟာ ပျောက်ကွယ်သွားပါပြီ ။
" ဟင့် "
" မဟူရာ ညဉ့်နက်ဓား …. လာစမ်း "
လျိုချိယိက သူ့ရဲ့ နှုတ်ခမ်းထောင့်ကနေ စီးကျလာတဲ့ သွေးတွေကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်ပြီး နောက်ထပ် လခြမ်းကွေး ဓားတစ်စင်းကို ထုတ်လိုက်ပြန်ပါတယ် ။
သူက လုံးဝ လက်လျော့ဖို့ စိတ်ကူး မရှိသေးပါဘူး ။ သူ့ရဲ့ မဟူရာ ညဉ့်နက်ဓားဟာ အင်မတန် အစွမ်းထက်တဲ့ ဆေဘာ ဓားတာအို နတ်ဘုရား စွမ်းရည် ဖြစ်တဲ့အတွက် လင်းဟုကို ထိလိုက်တာနဲ့ သေချာပေါက် ဒဏ်ရာ ရသွားစေမယ် ဆိုတာကို လျိုချိယိ တစ်ယောက် သေသေချာချာ သိထားပါတယ် ။
" သွားစမ်း "
လင်းဟုက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ညာလက်သီးနဲ့ လေထဲကို တစ်ချက် လှမ်းထိုးလိုက်ပါတယ် ။
ဘန်း……
အဲသည်နောက်မှာတော့ မဟူရာ ညဉ့်နက်ဓားဟာ တစ်စစီ ကွဲထွက်သွားခဲ့ပါပြီ ။
" လေထု သိပ်သည်းစေ '
တစ်ဆက်တည်းမှာပဲ လင်းဟူက ဘယ်ဘက်လက်နဲ့ လေထုကို ဆွဲကုပ်လိုက်ပါသေးတယ် ။
ဟူး……ဟူး……ဟူး……
အမျိုးအမည် မသိရတဲ့ စွမ်းအင်တွေဟာ နန်အန်းဥယျာဉ်တော်ရဲ့ အပေါ်ဘက်မှာ ဖြစ်တည်လာပြီး အုပ်မိုးသွားခဲ့ပါပြီ ။ အဲသည်နောက်မှာတော့ လျိုချိယိက သူ့ရဲ့ လှုပ်ရှားမှုတွေဟာ ရွှွံ့နွံထဲမှာ သွားလာ လှုပ်ရှားနေရသလို ဖြစ်သွားတာကို ခံစားလိုက်ရပါတယ် ။
လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး ။ အဲဒါက သဘာဝ တရားကို ထိန်းချုပ်လိုက်တာပါပဲ ။
အဲသည်အရာက မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ တန်ခိုးအစွမ်းအစကို မှတ်ကျောက်တင်ပေးတဲ့ အမှတ်အသားလည်း ဖြစ်ပါတယ် ။ပြီးတော့ အဆင့်နိမ့် နယ်ပယ်က ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရာမှာ အသုံးပြုတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ ဝှက်ဖဲဆိုရင်လည်း ဒါကိုပဲ ရည်ညွှန်းရမှာပါပဲ ။
ဘန်း……
သည်တစ်ခါ လက်သီးချက် ထိအပြီးမှာတော့ လျိုချိယိဟာ မြေကွက်လပ်ထဲကနေ လွင့်ထွက်သွားပါပြီ ။
" ဟင်း "
လင်းရှုက စိတ်ပျက်သွားတဲ့ပုံနဲ့ သက်ပြင်းတစ်ချက် ချလိုက်ပါတယ် ။ လျိုချိယိက အစွမ်းထက်တာတော့ အမှန်ပါပဲ ။ ဒါပေမဲ့ သူက လင်းဟုကို အနိုင်ယူဖို့တော့ မဖြစ်နိုင်သေးပါဘူး ။
" စီးမာဟန်က အသင်ကြား ခံချင်ပါတယ် ။ ကျေးဇူးပြုပြီး ညွှန်ပြပေးပါဦး "
အသံနဲ့ အတူ မိုးကြိုးတစ်စင်းဟာ လင်းဟု ရှိရာဆီကို တိုးဝင်လာခဲ့ပါတယ် ။
စီးမာဟန် ……
စီးမာကလန်ရဲ့ နောက်ပိုင်း ရာစုနှစ်တွေမှာ အစွမ်းအထက်ဆုံး ပါရမီရှင်ကို ပြပါဆိုရင် စီးမာဟန်ကလွဲလို့ တခြား ပြစရာလူ မရှိပါဘူး ။ သူက ကြယ်၇ပွင့် လေပြင်းမိုးကြိုး အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ် ။
လေပြင်းမိုးကြိုး အရိုးတည်ဆောက်ပုံက ဆေဘာတာအို အရိုးတည်ဆောက်ပုံလောက်တော့ အစွမ်း မထက်ပါဘူး ။ ဒါပေမဲ့ စီးမာဟန် နှိုးထထားနိုင်တဲ့ လေပြင်းမိုးကြိုး နတ်ဘုရားစွမ်းရည်ကတော့ လျိုချိယိရဲ့ ဆေဘာတာအို နတ်ဘုရားစွမ်းရည်နဲ့ အတူတူလောက် ရှိပါတယ် ။
အဲသည်ထက် ပိုအရေးကြီးတာကတော့ စီးမာဟန်က လျိုချိယိထက် အသက်အများကြီး ပိုကြီးတာပါပဲ ။ အဲသည်အတွက် သူက အရိုးတည်ဆောက်ပုံ အင်းကွက်အကြောင်းကို လျိုချိယိထက် ပိုနားလည် သဘောပေါက်ထားပါတယ် ။
" လေပြင်းမိုးကြိုး မဟာအစီအရင် "
ကျယ်လောင်လှတဲ့ မာန်သွင်း ဟစ်ကြွေးသံ အပြီးမှာတော့ လက်ဝါးရိပ်ကြီး တစ်ခု လင်းဟုရဲ့ အပေါ်ကို ကျရောက်သွားခဲ့ပါပြီ ။
ဝေါ……ဝေါ……ဝေါ……
ဂျိန်း…ဂျိန်း… ဂျိန်း……
ရုတ်တရက် ဆိုသလို လေဝဲကြီးတစ်ခုဟာ မိုးသက်မုန်တိုင်းတွေနဲ့အတူ ကောင်းကင်ထက်မှာ ဖြစ်ပေါ်လာခဲ့ပါတယ် ။
သည်လေဝဲကြီးအတွင်း ထဲမှာတော့ မိုးကြိုးတာအို ဥပဒေသတွေတင် မကပါဘူး ။ လေပြင်းတာအို ဥပဒေသတွေလည်း ခိုဝင်ကိန်းအောင်း နေပါသေးတယ် ။
သည်တာအိုဥပဒေသနှစ်ခု ပေါင်းစပ်လိုက်တဲ့ အခါမှာ ဖြစ်တည်လာတဲ့ စွမ်းအားကတော့ လုံးဝ မယုံကြည်နိုင်စရာပါပဲ ။ အဲသည်ဖျက်ဆီးမှု စွမ်းအားက အလွန်တရာမှကို အားကောင်းလွန်းလှပြီး ကမ္ဘာကြီးရဲ့ အဆုံးသတ်ကို ရောက်နေပြီလားလို့တောင် ကြည့်ရှုနေသူတွေကို ထင်မြင်စေပါတယ် ။
" လာစမ်းပါ "
လင်းဟုရဲ့ မျက်လုံးထဲမှာတော့ စိုးရွံ့နေမှုတွေ တစ်စက်မှ ရှိမနေပါဘူး ။ သူက စီးမာဟန်ရဲ့ လက်ဝါးရိပ်ကို လက်သီးနဲ့ ဆီးကြိုပြီး ထိုးထည့်လိုက်ပါတယ် ။
ဝုန်း……
ဘန်း……ဘန်း……ဘန်း……
ချီစွမ်းအားတွေက ထိပ်တိုက်ရင်ဆိုင်မိကြပြီး လှိုင်းအထပ်ထပ် ထကာ ပေါက်ကွဲကုန်ကြပါပြီ ။
ဖတ်……ဖတ်……ဖတ်……
လင်းဟု နဲ့ စီးမာဟန်တို့ နှစ်ယောက်စလုံးကတော့ ချီစွမ်းအင် ပေါက်ကွဲမှုရဲ့ အရှိန်ကြောင့် အနောက်ကို ဆုတ်လိုက်ကြရပါတယ် ။ ဒါပေမဲ့လည်း သည်ထိပ်တိုက်ရင်ဆိုင်မှုမှာ လင်းဟုတစ်ယောက် အသာစီး ရသွားတယ်ဆိုတာ အသိသာကြီး ဖြစ်နေခဲ့ပါပြီ ။ ဘာဖြစ်လို့လဲဆိုတော့ စီးမာဟန်တစ်ယောက် အနောက်ကို ခြေလှမ်း ၂၀လောက် ဆုတ်လိုက်ရချိန်မှာ လင်းဟုကတော့ ခြေလှမ်း သုံးလှမ်းလောက်သာ ဆုတ်လိုက်ရလို့ပါပဲ ။
" လေထု သိပ်သည်းစေ "
အဲသည်အချိန်မှာပဲ လင်းဟုက သူ့ရဲ့ အားသာချက်ဖြစ်တဲ့ သဘာဝစွမ်းအားကို ထိန်းချုပ်ပြီး လေတာအို ချီစွမ်းအင်တွေကို သိပ်သည်းစေကာ စီးမာဟန်ကို ဖိနှိပ်လိုက်ပါတယ် ။
" အား…… ပြင်းလိုက်တဲ့ ဖိအား "
စီးမာဟန်ရဲ့ မျက်နှာ အမူအယာကတော့ သိပ်ပြီး မကောင်းလှတော့ပါဘူး ။ သူက လင်းဟုရဲ့ လေတာအို ဖိအားထဲကနေ ရုန်းမထွက်နိုင်တာ အသိသာကြီးပါပဲ ။
သူက သူ့ရဲ့ သာလွန်ထူးကဲ တန်ခိုးအစွမ်းဟာ လျိုချိယိထက် ပိုသိပ်သည်း ကျစ်လစ်တဲ့အတွက် လင်းဟုရဲ့ သဘာဝစွမ်းအင် ထိန်းချုပ်မှုကို တောင့်ခံနိုင်မယ်လို့ ယုံကြည်ထားခဲ့တာပါ ။ ဒါပေမဲ့လည်း တကယ့်လက်တွေ့မှာတော့ သူဟာ လင်းဟုရဲ့ လေတာအို ဖိအားကို ဘယ်လိုမှ တောင့်မခံနိုင်ခဲ့ပါဘူး ။ အခုဆိုရင် သူဟာ စိတ်တိုင်းကျ မရွေ့လျားနိုင်တဲ့ အခြေအနေနဲ့ကို ကြုံနေရပါပြီ ။
" သွားတော့ "
ဘန်း……
အဲသည်အချိန်မှာပဲ လင်းဟုရဲ့ လက်သီးက ထွက်ပေါ်လာပြီး စီးမာဟန်ကို လွင့်ထွက်သွားစေပါတော့တယ် ။
" ဟူး…… သူတို့က လင်းဟုကိုတောင် အနိုင်မယူနိုင်မှတော့ အရိပ် အသူရာ ချောက်ထဲမှာဆိုရင် သာမန်လူသာသာ ဖြစ်နေမှာပဲ "
လင်းရှုကတော့ သက်ပြင်းတွေကိုသာ ကျိတ်ပြီး ချနေပါတော့တယ် ။
" ဟင်…… ဒါနဲ့ နေစမ်းပါဦး ။ ဟိုတစ်ယောက် လင်းဟုကို စိမ်မခေါ်ဘူးလား "
လူငယ်တွေကို ကြည့်နေရင်းနဲ့ အတန်ကြာ အတွေးနယ်ချ့ဲနေတဲ့ လင်းရှုဟာ ရုတ်တရက် ဆိုသလို လီဖူချန်းကို သတိပြုမိသွားခဲ့ပါတယ် ။
သောင်းဟိုင်ကို ဓားချက်တစ်ချက်တည်းနဲ့ အနိုင်ယူသွားတဲ့ လူငယ် ။ အဲသည်လူငယ်ဟာ အခုထက်ထိ လင်းဟုကို စိမ်မခေါ်သေးပါဘူး ။
" အဲသည်လူငယ် ဘယ်ရောက် နေတာလဲ "
လင်းရှုက မျက်လုံးတစ်ချက် ဝှေ့ကြည့်လိုက်တဲ့ အခါမှာတော့ လီဖူချန်းကို ရှာတွေ့သွားခဲ့ပါပြီ ။ ဒါပေမဲ့လည်း လီဖူချန်းကို ကြည့်ရတာက လင်းဟုကို စိမ်ခေါ်ဖို့ စိတ်မဝင်စားတဲ့ပုံပါပဲ ။ သူက လက်ဖက်ရည်ကြမ်းလေး သောက်လိုက် ၊ သဘာဝ ပတ်ဝန်းကျင် အလှအပတွေကို ခံစားလိုက်နဲ့ အတော်လေး ဇိမ်ကျနေပါတယ် ။
" ဟိုနားက ညီအစ်ကို …… ညီအစ်ကိုက ဘယ်သူများလဲ ။ ညီအစ်ကိုက ကျုပ်ရဲ့ သက်တော်စောင့်ကို စိမ်ခေါ်တိုက်ခိုက်ဖို့ စိတ်မဝင်စားဘူးလား "
လင်းရှုက လီဖူချန်းရဲ့ အပြုအမူကို မြင်ပြီးနောက်မှာတော့ မမေးမြန်းဘဲ မနေနိုင်တော့ပါဘူး ။
လင်းရှုရဲ့ အမေးကြောင့် လူတွေအားလုံးရဲ့ အကြည့်ဟာ လီဖူချန်းဆီကို ကျရောက်လာခဲ့ပါပြီ ။ လီဖူချန်းတစ်ယောက် လင်းရှုရဲ့ အမေးကို ဘယ်လိုပြန် တုံ့ပြန်မလဲ ဆိုပြီးတော့ပေါ့ ။
တစ်ချိန်တည်းမှာပဲ သူတို့ဟာ လီဖူချန်း တစ်ယောက် ဘာဖြစ်လို့ လင်းရှုကို စိမ်မခေါ်သလဲ ဆိုတာကို တွေးနေကြပါတယ် ။
အစောပိုင်းတုန်းက လီဖူချန်း ပြသသွားတဲ့ စွမ်းရည်အရ ဆိုရင်တော့ သူဟာ လျိုကျိယိ နဲ့ စီးမာဟန်ထက် ပိုအစွမ်းထက်တာ အသိသာကြီးပါပဲ ။ သူ့အနေနဲ့ လင်းဟုကို အနိုင်ယူဖို့အတွက်တောင်မှ ဖြစ်ကောင်း ဖြစ်နိုင်ပါသေးတယ် ။ ဖြစ်နိုင်တာကတော့ လီဖူချန်းက ရွှေရောင်ဧကရာဇ် တာအိုဆေးရည်ကို စိတ်မဝင်စားတာများလား ။
ဒါပေမဲ့လည်း အဲဒါက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ လူတွေအားလုံးဟာ ရွှေရောင်ဧကရာဇ် တာအိုဆေးရည်ကို လိုချင်ကြသူတွေချည်းပါပဲ ။ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ သည်ဆေးရည်ကို လျစ်လျူရှုနိုင်မှာ မဟုတ်ပါဘူး ။
အမှန်တကယ်အတိုင်း ပြောရမယ်ဆိုရင်တော့ လီဖူချန်းကလည်း ရွှေရောင်ဧကရာဇ် တာအိုဆေးရည်ကို ရယူဖို့ စိတ်ဝင်စားတာပါပဲ ။လီဖူချန်းက သူ့အနေနဲ့ မူလပင်လယ်နယ်ပယ်ကို အလွန် လျင်မြန်စွာ ချိူးဖောက်ဝင်ရောက်နိုင်မယ်လို့ ယုံကြည်ချက် ရှိပေမယ့်လည်း ရွှေရောင်ဧကရာဇ် တာအိုဆေးရည်နဲ့ဆိုရင် ပိုပြီး လျင်မြန်နိုင်တယ် ဆိုတာကိုလည်း ကောင်းကောင်းကြီး သိထားပါတယ် ။
ဒါပေမဲ့လည်း သူက မသိစိတ်ကနေပြီး လင်းရှုဟာ ရွှေရောင်ဧကရာဇ် တာအိုဆေးရည်ကို သည်အတိုင်းသက်သက် ဆုချီးမြှင့်တာ မဟုတ်ဘူးလို့ ယုံကြည်နေမိပါတယ် ။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ လီဖူချန်းက လင်းဟုကို အနိုင်မယူနိုင်လို့ စိမ်မခေါ်တာ မဟုတ်ပါဘူး ။ သူက လင်းဟုကို အနိုင်ယူပြီးရင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ရလဒ်ကို မသဲကွဲသေးလို့ စိမ်မခေါ်သေးတာ ဖြစ်ပါတယ် ။
တကယ်လို့သာ နယ်စားငယ် လင်းရှုက သူ့ကို တစ်ခုခု အကူအညီ တောင်းလာခဲ့မယ်ဆိုရင် လီဖူချန်းအနေနဲ့ ဘာပြန်ဖြေလို့ ဖြေရမှန်းကိုလည်း မသိပါဘူး ။
ဒါပေမဲ့လည်း အခုတော့ လင်းရှုက သူ့ကို သတိပြုမိ သွားခဲ့ပါပြီ ။ အဲသည်အတွက် လီဖူချန်းအနေနဲ့ လင်းဟုကို စိမ်ခေါ်ဖို့ရာ မသိကျိုးကျွံ လုပ်နေလို့ မရတော့ပါဘူး ။
" ကျွန်တော့်ရဲ့ နာမည်ကတော့ လီဖူချန်းလို့ ခေါ်ပါတယ် ။ နယ်စားငယ်က ကျွန်တော့်ကို မေးနေမှတော့ ကျွန်တော့်အနေနဲ့ သည်အတိုင်း မနေဝံ့တော့ပါဘူး ။ ဖူချန်းက စိမ်ခေါ်မှုကို လုပ်ပါ့မယ် "
စကားဆုံးသွားတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ မြေကွက်လပ်ထဲကို ခုန်ဆင်းသွားပါတော့တယ် ။
တစ်ဖက်လူက သူ့ကို ရွှေရောင်ဧကရာဇ် တာအိုဆေးရည်ကို အတင်း ထိုးပေးနေမှတော့ သူ့အနေနဲ့ မငြင်းလိုတော့ပါဘူး ။ သူက လက်သင့် ခံရတော့မှာပါပဲ ။
သူ့အနေနဲ့ လင်းဟုကို ရှုံးဖို့အတွက်ဆိုတာကတော့ နေအနောက်ဘက်က ထွက်လာမှပဲ ဖြစ်နိုင်ပါလိမ့်မယ် ။ လင်းဟုလို မူလပင်လယ်နယ်ပယ် အဆင့်၁ ဘုရင်တစ်ပါးက သူ့အတွက်တော့ ဘာမှ စာဖွဲ့နေစရာ မလိုပါဘူး ။
" ဟမ့် ……သည်ငနဲက အတော်လေးတော့ ကြီးကျယ်တာပဲ "
သောင်းဟိုင်က လီဖူချန်းကို ပြက်ရယ် ပြုလိုက်ပါတယ် ။
သူက လီဖူချန်းဟာ လင်းဟုကို အနိုင်တိုက်နိုင်လိမ့်မယ်လို့ လုံးဝ မယုံကြည်ပါဘူး ။
မဟာဆရာသခင် တစ်ပါးဖြစ်တဲ့ သောင်းဟိုင်ဟာ လင်းဟုအနေနဲ့ လျိုချိယိ ၊ စီးမာဟန်တို့နဲ့ တိုက်ခိုက်တဲ့နေရာမှာ အားကုန် မတိုက်ခိုက်သေးဘူး ဆိုတာကို ကောင်းကောင်းကြီး ကြည့်မြင်နိုင်ပါတယ် ။
" ကောင်းတယ် ။ ကောင်းတယ်ဟေ့ ။ တကယ်လို့ မင်းက လင်းဟုကို လက်ရည်တူ တိုက်ခိုက်နိုင်ရင် သည်ရွှေရောင်ဧကရာဇ် တာအိုဆေးရည်က မင်းအတွက်ပဲ "
လင်းဟုက သူသတ်မှတ်ထားတဲ့ ကန့်သတ်ချက်ကို အနည်းငယ် လျော့ချပေးလိုက်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေ အနေနဲ့ လင်းဟုကို အနိုင်ယူနိုင်ဖို့ရာဟာ အတော်လေး ခက်ခဲနေလို့ပါပဲ ။ အဲသည်အတွက် သူက လင်းဟုနဲ့ လက်ရည်တူ ယှဉ်နိုင်ရင်ကို ရပြီဆိုပြီး သူ့ရဲ့ ကန့်သတ်ချက်က်ု ဖြေလျော့ ပေးလိုက်တာပါ ။
ပြီးတော့ လင်းရှုဟာ သည်ကို မလာခင်ကတည်းက သူ့ရဲ့ အဖွဲ့ထဲကို အစွမ်းထက် မဟာဆရာသခင် အချို့ကို ဖိတ်ခေါ်ပြီးထား ခဲ့ပါပြီ ။ အဲသည်ထဲမှာဆိုရင် ကြယ်၂ပွင့်အဆင့် ဗိုလ်ချုပ်တွေတောင် ပါနေပါသေးတယ် ။
' ဟမ့်…… သည်ကောင်က အတော် ဉာဏ်များတာပဲ '
လီဖူချန်းကို ကြည့်နေရင်းနဲ့ လင်းဟုဟာ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ရပါပြီ ။
သူ့ရဲ့ အမြင်မှာတော့ လီဖူချန်းဟာ သူ့ကို စိမ်ခေါ်ဖို့ စိတ်ကူးမရှိတာ မဟုတ်လောက်ပါဘူး ။ သူက နယ်စားငယ်ရဲ့ အာရုံစိုက်မှုကို လိုချင်တဲ့အတွက် အချိန် အတိုင်းအတာ တစ်ခုအထိ အောင့်အည်း သည်းခံပြီး နေခဲ့တာပဲ ဖြစ်ရပါမယ် ။
လင်းဟုက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး လီဖူချန်းကို သတိပေးလိုက်ပါတယ် ။
" သတိထားတော့ ။ ငါ စတိုက်ပြီ "
ဒါက သူ့အနေနဲ့ စတိုက်တာ ပထမဆုံး အကြိမ်ပါပဲ ။
လီဖူချန်းကို သတိပေးပြီးတဲ့ နောက်မှာတော့ လင်းဟုဟာ လေတာအို ချီစွမ်းအင် အမြောက်အများကို သိပ်သည်းစေလိုက်ပြီး သူ့ရဲ့ စက်ကွင်းစွမ်းအားနဲ့ လီဖူချန်းကို ဖိနှိပ်ပစ်လိုက်ပါတယ် ။
" သွားစမ်း "
ထန်……
သည်လို တိုက်ခိုက်မှုမျိုးကိုတော့ လီဖူချန်းက လုံးဝ မမှုပါဘူး ။ သူက မီးလျှံမြွေ ဓားကို ထုတ်လိုက်ပြီး စလွယ်သိုင်း ဓားချက်နဲ့ ပြန်တိုက်ခိုက်လိုက်ပါတယ် ။
ရုတ်တရက် ဆိုသလို လေထုထဲမှာ အနီရောင် ပိုးကြိုးမျှင်လေးတစ်ခု ဖြစ်တည်လာခဲ့ပါပြီ ။ အဲသည် ပိုးကြိုးမျှင်ဟာ အလွန်အမင်း ထက်မြက်ပြီး မာကျောဟန်လည်း ရပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ အဲသည် အနီရောင် ပိုးကြိုးမျှင်လေးက လေတာအို ချီစွမ်းအင်ထုကြီးကို အလွန်လွယ်ကူစွာနဲ့ နှစ်ပိုင်း ဖြတ်ပစ်လိုက်လို့ပါပဲ ။
တစ်ဆက်တည်းမှာပဲ အနီရောင် ပိုးကြိုးမျှင်ဟာ လင်းဟုရဲ့ ရှေ့မှောက်ဆီကို တိုးဝင်သွားပါသေးတယ် ။
" အမယ် …… မင်းကလည်း အလာကြီးပဲ "
လင်းဟုက မျက်မှောင်ကြုပ်လိုက်ပြီး လက်သီးနဲ့ ပိုးကြိုးမျှင်ကို ထုချေလိုက်ပါတယ် ။
ဝုန်း……
နားကွဲလုမတတ် ပေါက်ကွဲသံတစ်ခု အပြီးမှာတော့ လူရိပ်တစ်ရိပ် လွင့်ထွက်သွားခဲ့ပါပြီ ။
လူတွေအားလုံးက လွင့်ထွက်သွားတဲ့ လူရိပ်ကို အာရုံစိုက်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ အဲသည်လူရိပ်ဟာ လင်းဟု ဖြစ်နေတာကို အံ့အားသင့်ဖွယ် မြင်လိုက်ကြရပါတယ် ။
ရှုး……
ပတ်ဝန်းကျင် တစ်ခုလုံးဟာ လူတစ်ယောက်မှ ရှိမနေတဲ့အလား တိတ်ဆိတ် ငြိမ်သက် သွားခဲ့ပါပြီ ။ လူအားလုံးရဲ့ ပါးစပ်တွေဟာလည်း အဟောင်းသားနဲ့ပါပဲ ။
လင်းရှုကတော့ အများနဲ့ ဆန့်ကျင်ဘက်လို့ပဲ ဆိုရပါမယ် ။ သူရဲ့ မျက်လုံးတွေက အရောင်တောက်ပလာပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါသေးတယ် ။
" ကောင်းလိုက်တာကွာ ။ နောက်ထပ် ကြယ်၂ပွင့် ဗိုလ်ချုပ်တစ်ပါးကို ရပြန်ပြီ ။ သည်အတိုင်းဆိုရင်တော့ အရိပ်အသူရာချောက်ကို သွားမယ့် ခရီးမှာ သေချာပေါက် အကျိုးအမြတ်တွေ ရတော့မှာပဲ "
***