← Chapters

စုရှောင်လန်၏ မိုးကြိုးကပ်ဘေး

Vol. 82 Ch. 1148

စုရှောင်လန်၏ မိုးကြိုးကပ်ဘေး

Vol. 82 Ch. 1148

ခုနစ်ဆယ့်ရှစ်ချက်မြောက် မိုးကြိုးကပ်ဘေး....

ရွှေရောင်ဟာလာပြင်လျှပ်စီးမှာ ကောင်းကင်အားခွဲလျက် ကြောက်မက်ဖွယ်ကောင်းစွာ ကျဆင်းလာသည်။

စုရှောင်လန်သည် နဂါးစာကလေးဓားဖြင့် ထိုမိုးကြိုးကပ်ဘေးအား ခုတ်ချလိုက်သည်။

မိုးကြိုးကပ်ဘေး နှစ်ခြမ်းကွဲသွားရသည်။

ထိုမိုးကြိုးကပ်ဘေး နှစ်ခုမှာ သူမထံ တပြိုက်နက် ရောက်ရှိလာသည်။

မြင့်မြတ်မီးတောက် ငှက်မွှေးခြုံထည်နှင့် အစစ်အမှန် နဂါးနံရံတို့ အတူတကွ ပေါ်ထွက်လာလေသည်။

ဝုန်း....

ကျယ်လောင်လှသော ပေါက်ကွဲသံအား ကြားလိုက်ရသည်။

မိုးကြိုးကပ်ဘေး၏ ကျန်ရှိနေသော စွမ်းအင်ကပင် ထိတ်လန့်စရာ ကောင်းလွန်းနေသည်။

စုရှောင်လန်မှာ ခန္ဓာကိုယ် တစ်ခုလုံး မည်းတူးသွားပါသော်လည်း ခံနိုင်ရည် ရှိခဲ့သောကြောင့် အရှိန်အဝါ ပိုမိုအားကောင်းလာသည်။

“မင်းမကူညီတော့ဘူးလား။”

အော့ချင်းယွီ မနေနိုင်ပဲ မေးမြန်းလိုက်သည်။

အန်လင်းသည် မိုးကြိုးကပ်ဘေး အရှင်သခင် ဖြစ်သည်။

“ခဏစောင့်ဦးမယ်။”

အန်လင်း စကားဆိုလာသည်။

ရှောင်လန်သည် သူ၏အကူအညီအား မလိုအပ်သေးပေ။

ခုနစ်ဆယ့်ကိုးချက်မြောက် မိုးကြိုးကပ်ဘေးမှာ ကောင်းကင်တခွင်ကို တောက်ပသွားစေသည်။

စုရှောင်လန်မှာလည်း ပြင်းပြင်းထန်ထန် အသက်ရှူနေရလေပြီ။

သူမ၏ ဆံနွယ်ရှည်များ ကွေးကောက်ကာ အမူအရာ ဖြော့တော့နေပါသော်လည်း ပိုမိုအားကောင်းသော တစ်စုံတစ်ခု မွေးဖွားလာသယောင် ခံစားရသည်။

အချက်ရှစ်ဆယ်မြောက် မိုးကြိုးကပ်ဘေးမှာ ကီလိုမီတာနှင့်ပင် ချီ၏။

“အမလေး... ဒါက ဟင်းလင်းပြင်သို့အပြန်အဆင့် မိုးကြိုးကပ်ဘေးရော ဟုတ်ရဲ့လား။”

အော့ချင်းယွီ ထိတ်လန့်သွားမိသည်။

သူသည် ထွက်မသွားမီ မိုးကြိုးကပ်ဘေးအား သည်အတိုင်း ကြည့်နေမိခြင်း ဖြစ်သည်။

ယခုတွင်မူ ရာဇဝင်တွင်မည့် သမိုင်းမှတ်တမ်းတစ်ခုအား ကြည့်နေရသလိုပင်။

အန်လင်းသည် စုရှောင်လန်အား ကြည့်ရုံသာ ကြည့်နေသည်။

သူသည်လည်း ဝင်ပါသင့်သည်လော၊ မပါသင့်သည်လော ဆုံးဖြတ်ရခက်နေ၏။

ရှောင်လန်သည် မိုးကြိုးကပ်ဘေးအား ကိုယ်တိုင်သာ ခံယူလိုကြောင်း ထင်ရှားနေသည်။

သို့သော် အန်လင်း စိတ်မပူပဲ မနေနိုင်ပေ။

မိုးကြိုးကပ်ဘေးသည် အန်လင်းတို့ အတွက်ပင် အန္တရာယ် အငွေ့အသက်အား ပေးစွမ်းနေသည်။

စုရှောင်လန်အတွက်လည်း စွန့်စားလွန်းရာ ကျပေလိမ့်မည်။

ရွှေရောင်ဟာလာပြင်လျှပ်စီးမှာ ကောင်းကင်ထက်မှ ကျဆင်းလာသည်။

အန်လင်းသည် ထိုမြင်ကွင်းအား တိတ်တဆိတ်သာ ရပ်ကြည့်နေခဲ့သည်။

မိုးကြိုးကပ်ဘေးအား ရင်ဆိုင်သော စုရှောင်လန်၏ မျက်ဝန်းများထဲတွင် အကြောက်တရား တစ်စက်ကလေးမျှပင် ရှိမနေပေ။

ဝုန်း....

ရွှေရောင်ဟာလာပြင်လျှပ်စီးကြောင့် ငါးကီလိုမီတာ မြေပြင်မှာ ပျက်စီးသွားရသည်။

အချက်ရှစ်ဆယ်မြောက် မိုးကြိုးကပ်ဘေးမှာ ပြီးဆုံးသွားလေပြီ။

စုရှောင်လန်မှာ သူမခွန်အားဖြင့် မိုးကြိုးကပ်ဘေးအား အောင်မြင်ခဲ့သည်။

“ဒီလို မိုးကြိုးကပ်ဘေးကိုတောင် ခံနိုင်ရည် ရှိတာလား။ တကယ်အံ့သြစရာပဲ။”

အော့ချင်းယွီသည်ပင် ဂုဏ်ယူသွားမိသည်။

“ဒါပေါ့။ သူမက ငါ့ရဲ့ တာအိုလက်တွဲဖော်လေ။”

အန်လင်း ဂုဏ်ယူစွာ ပြောလာသည်။

“အခု မိုးကြိုးကပ်ဘေး နောက်ဆုံးတစ်ချက်ပဲ လိုတော့တယ်။”

ထိုအချိန်တွင် နဂါးဟိန်းသံတစ်သံ ပဲ့တင်ထပ်သွားသည်။

“ဝေါင်း....”

ကျယ်လောင်လှသော နဂါးဟိန်းသံကြောင့် အန်လင်းရော၊ အော့ချင်းယွီပါ ထိတ်လန့်သွားမိသည်။

ထို့နောက် ရွှေရောင်လျှပ်စီး နဂါးကြီးမှာ ကောင်းကင်ထက်မှ ဆင်းသက်လာတော့သည်။

ထိုနဂါး၏ ကြီးကျယ်ခမ်းနားမှုကြောင့် အစစ်အမှန် နဂါးတစ်ကောင်အလား ထင်မှတ်ရသည်။

ကြောက်မက်ဖွယ် စွမ်းအင်ဖိအားများမှာ ကြည့်မိသူများကိုပင် တုန်လှုပ်စေနိုင်သည်။

ရွှေရောင်ဟာလာပြင်နဂါးမှာ ကြက်သီးထဖွယ်ရာပင်။

အန်လင်းနှင့် အော့ချင်းယွီတို့ ပါးစပ်အဟောင်းသား ဖြစ်သွားစဥ်မှာပင် ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာပြန်သည်။

အဖြူရောင် ဗာမီလီယမ်ငှက်မှာ ရွှေရောင်နဂါးအား ငုံ့ကြည့်လာလေသည်။

ဗာမီလီယမ်ငှက်နှင့် နဂါးတို့မှာ စက်ဝိုင်းပုံစံ လည်ပတ်နေကြသည်။

“ဘာကြီးလဲဟ...”

အော့ချင်းယွီ မယုံကြည်နိုင် ဖြစ်နေမိသည်။

အန်လင်း : “.....”

ယုံကြည်ချက် ရှိနေခဲ့သော စုရှောင်လန်မှာ ဖြူရော်သော အမူအရာဖြင့် အန်လင်းအား ကြည့်ရှုလာသည်။

သူမသည် ထိုမိုးကြိုးကပ်ဘေးအား အကူအညီ မပါပဲ ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။

“စိတ်မပူနဲ့ ရှောင်လန် ကိုယ်ရှိတယ်။”

အန်လင်း စုရှောင်လန်နားသို့ သွားလိုက်သည်။

“မိုးကြိုးကပ်ဘေးက ရှစ်ဆယ့်တစ်ချက် မဟုတ်ဘူးလား။ နဂါးနဲ့ ဗာမီလီယမ်က သေချာပေါက် မိုးကြိုးနှစ်ခုကို.... သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ။”

အန်လင်း ကောင်းကင်အားကြည့်ကာ ပြောလိုက်သည်။

စုရှောင်လန် ရှင်းပြလာသည်။

“မိုးကြိုးကပ်ဘေးက တာအိုစိတ်ဆန္ဒနဲ့ ဆိုင်တာလေ။ ငါ့ရဲ့ မိုးကြိုးကပ်ဘေးက သွေးဆက်နှစ်ခုလုံးရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတာ ဖြစ်မယ်။”

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

လျှိုချင်းဟွမ် မိုးကြိုးကပ်ဘေး ခံယူစဥ်ကလည်း သူမ၏ ဓားစိတ်ဆန္ဒ ပြင်းထန်လွန်းသောကြောင့် လျှပ်စီးဓားတစ်လက် ဖြစ်လာခဲ့ဖူးသည်။

ပါရမီရှင်များတွင်သာ ထိုသို့အခြေအနေမျိုး ဖြစ်လာနိုင်သည်။

“ကောင်းကင်ဘုံက ငါ့ရဲ့သွေးဆက်နှောကို လက်ခံချင်ပုံ မရဘူး။”

စုရှောင်လန် တိုးညင်းစွာ ရေရွတ်လိုက်သည်။

အန်လင်း ညင်သာစွာ ပြောလာသည်။

“ကိုယ်ရှိနေတာပဲ။ မင်းဘာမှ မဖြစ်စေရဘူး။”

စုရှောင်လန် မေးမြန်းလိုက်သည်။

“နင်ပါ မိုးကြိုးပစ်ခံမလို့လား။”

“မိုးကြိုးကပ်ဘေးက စွမ်းအင်ထိန်းသိမ်းခြင်း နိယာမကို လိုက်နာတယ်လေ။ လျှပ်စီးကို မင်းရဲ့ ခန္ဓာကိုယ်ကနေ ကိုယ့်ဆီကို စီးစေလိုက်ရင် ကိုယ်တို့အတူတူ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်လို့ရပြီ။ မိုးကြိုးကပ်ဘေး တဝက်ကို ကိုယ်ခွဲယူပေးမယ်။”

အန်လင်း စကားဆိုလာသည်။

စုရှောင်လန် အံ့အားသင့်သွားသည်။

“နင်အရူးလုပ်နေတာတော့ မဟုတ်ပါဘူးနော်။”

“ကိုယ်က မိုးကြိုးကပ်ဘေး အရှင်သခင်လေကွာ။”

အန်လင်း ပြုံးကာပြောလိုက်သည်။

စုရှောင်လန်မှာ ယုံတဝက်၊ မယုံတဝက်နှင့် အန်လင်းလက်အား ဆွဲကိုင်လိုက်သည်။

ထိုအချိန်တွင် ရွှေနဂါးကြီးမှာ ကောင်းကင်ထက်မှ ဆင်းသက်လာတော့သည်။

အန်လင်း လက်ညှိုးထောင်လိုက်သည်။

လျှပ်စီးခြယ်လှယ်နည်းစနစ်....

ရွှေနဂါးကြီး၏ အရှိန်မှာ ရုတ်ချည်းရပ်တန့်သွားသည်။

အန်လင်းသည် စုရှောင်လန်၏ မိုးကြိုးကပ်ဘေးကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။

ရွှေနဂါးကြီးမှာ စုရှောင်လန်ရှေ့သို့ ရောက်ရှိနေပြီပင် ဖြစ်တော့သည်။

All Chapters