အကြွားဘုရင်နှစ်ဦးတွေ့ဆုံခန်း
Vol. 82 Ch. 1150
အန်လင်းနှင့် စုရှောင်လန်မှာ အော့ချင်းယွီ၏ ဟန်ကိုယ်ဖို့ပုံစံအား ငေးမောသွားရသည်။
ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်မှ ကာကွယ်ပေးထားသောကြောင့် ၎င်းတို့ အသက်ရှင်နိုင်ခြေလည်း မြင့်တက်သွားလေပြီ။
“မင်းလုပ်ရပ်မင်း နောင်တရလိမ့်မယ်။”
အပိုလိုထံမှ ရွှေရောင်မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာသည်။
“ကျိုမာ့ မင်းသူ့ကိုထိန်းထား ငါအန်လင်းကို သမလိုက်မယ်။”
ကျိုမာ့ တုန်လှုပ်သွားသည်။
“အခု အခြေအနေနဲ့ မဖြစ်ဘူး။ ငါသတ်ခံရလိမ့်မယ်။”
အပိုလို စကားဆိုလာသည်။
“အဲ့ဒါဆို အော့ချင်းယွီကို ငါထိန်းထားလိုက်မယ်။ စိတ်မပျက်ရစေနဲ့။”
အပိုလိုမှာ အော့ချင်းယွီထံ ပြေးဝင်သွားသည်။
“နေသူရိန်ရဲ့ အမိန့်တော်...”
အပိုလို၏ အတောင်များမှာ အဆမတန် ကြီးမားလာသည်။
“မင်းရဲ့ဓားက အမတနေသူရိန် အံ့ဖွယ်တာအိုကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။”
ထိုအချိန်တွင် ကျိုမာ့မှာ အန်လင်းနှင့် စုရှောင်လန်ထံ ဦးတည်လာသည်။
အဖြူရောင် ဗာမီလီယမ်ငှက်မှာလည်း သက်ဆင်းလာလေပြီ။
အန်လင်း စိုးထိတ်သွားရသည်။
ယခုအချိန်တွင် ခုခံတိုက်ခိုက်ပါက သောက်ကျိုးနည်း ကောင်းကင်ဘုံသည် မိုးကြိုးကပ်ဘေးအား ခုခံသည်ထင်ကာ မသေမချင်း သမပေလိမ့်မည်။
လေဒင်၏ သေဆုံးခြင်းသည် အကောင်းဆုံး ဥပမာပင်။
မခုခံပါကလည်း ကျိုမာ့နှင့် မိုးကြိုးကပ်ဘေးတို့အား စစ်နတ်ဘုရား ခန္ဓာနှင့်ပင် ခံနိုင်ရည် မရှိလောက်ပေ။
ထို့အပြင် သူ၏ဘေးတွင် ရှောင်လန် ရှိနေသည်။
ယခုအခြေအနေမှာ အမှန်တကယ်ပင် ကမောက်ကမ နိုင်လွန်းလှသည်။
စုရှောင်လန်သည်လည်း ထိုသည်ကို သတိပြုမိသောကြောင့် အန်လင်းလက်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
“သေလိုက်တော့။”
ကျိုမာ့ အံ့ဖွယ်တာအို အစွမ်းများ မှုတ်ထုတ်လိုက်သည်။
ထိုအချိန်တွင် အဖြူရောင် အလင်းတစခုမှာ ထိုအံ့ဖွယ်တာအိုအား ပျက်စီးသွားစေသည်။
အဖြူနှင့်အနီ နဂါးတစ်ကောင်မှာ ကျိုမာ့၏ ဝမ်းဗိုက်အား တိုက်ခိုက်လာလေသည်။
ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ စွမ်းအင်လှိုင်းဂယက်များ ပြန့်ကားကုန်သည်။
ကျိုမာ့ မျက်လုံးအပြူးသားဖြစ်ကာ သွေးအန်သွားရသည်။
ရေခဲနဂါးကြီးမှာ အမြှောက်ဆံတစ်ခုအလား လွင့်ထွက်သွားလေပြီ။
အဖြူနှင့်အနီ နဂါးကြီး ခပ်ဖွဖွ ပြုံးလိုက်သည်။
“အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က မဆိုးသေးဘူးပဲ။ အနည်းဆုံးတော့ အော့ချင်းယွီက ယောက်ျားပီပီသသ ကြီးပြင်းလာတာပဲ။”
အန်လင်းနှင့် စုရှောင်လန် ကြောင်တောင်တောင် ဖြစ်သွားမိသည်။
သူကဘယ်သူလဲ....
၎င်းတို့မတွေးနိုင်ခင်မှာပင် ဗာမီလီယမ်ငှက်ထံမှ အဖြူရောင် လျှပ်စီး ရောက်ရှိလာသည်။
ရွှေရောင်ဟာလာပြင်လျှပ်စီးမှာ ပတ်ဝန်းကျင် တခွင်လုံးအား တောက်ပသွားစေသည်။
အန်လင်းသည် မိုးကြိုးကပ်ဘေးအား တတ်နိုင်သမျှ နှေးကွေးနေစေသည်။
စစ်ကူ ရောက်ရှိလာသောကြောင့် ၎င်းတို့အနေဖြင့် မိုးကြိုးကပ်ဘေးကိုသာ အာရုံစိုက်ထားသင့်သည်။
အဖြူရောင် ဗာမီလီယမ်ငှက်၏ လျှပ်စီးသည် သာမန် ရွှေရောင်ဟာလာပြင်လျှပ်စီးနှင့် မတူပဲ ကမ္ဘာကြီးနှင့် မထိုက်တန်လောက်အောင် သန့်စင်သော ဓာတ်သဘောများ ပါဝင်နေသည်။
သို့သော် သန့်စင်ခြင်းသည် မနှစ်သက်သော အရာအားလုံးကို အတင်းအကြပ် ရှင်းလင်းခြင်းလည်း ဖြစ်နိုင်သောကြောင့် အန္တရာယ်ကင်းသည်ဟု မဆိုနိုင်ပေ။
စုရှောင်လန်မှာ နာကျင်စွာ အော်ဟစ်ရင်း သူမ၏ ဗာမီလီယမ်ငှက် စွမ်းအင်အား နိုးထနေစေသည်။
စွမ်းအင်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းနေဆဲပင်။
ဗာမီလီယမ်ငှက် သွေးဆက်အတွက်ပင် ထိုမိုးကြိုးကပ်ဘေးမှာ မြစ်တစ်စင်းလို ဖြစ်နေပြီး မစုပ်ယူနိုင်လောက်အောင် များပြားနေသည်။
ထိုစွမ်းအင်မှာ စုရှောင်လန်၏ ခန္ဓာကိုယ် တစ်ခုလုံးအား ဖျက်စီးပစ်နေသည်။
အန်ကီရင်သည် အသည်းအသန် စုပ်ယူနေပါသော်လည်း လုံလောက်အောင် မမြန်ဆန်သေးပေ။
အန်လင်းမှာ အကြော်ဒယ်အိုးပေါ် ရောက်နေသော ပုရွက်ဆိတ် တစ်ကောင်လိုပင် ခံစားမိလာသည်။
သူ၏ သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် တစ်ချိန်လုံး ငြိမ်သက်နေခဲ့သော ဗာမီလီယမ်ငှက်မှာ ရုတ်ချည်းဆိုသလို မော့ကြည့်လာသည်။
စူးရှရှအော်သံနှင့်အတူ အန်လင်း၏ မျက်ဝန်းထဲတွင် ဗာမီလီယမ်ငှက် ပုံရိပ်များ ထင်ဟပ်လာသည်။
ဆေးလုံးသန့်စင်စဥ်ကလည်း ထိုကဲ့သို့ ဖြစ်ခဲ့ဖူးသည်။
အန်လင်းမှာ ငြင်းပယ်ခြင်း မရှိပဲ အလုံးစုံ လက်ခံပေးလိုက်သည်။
ပြင်းထန်လှသော ဆွဲငင်အားများမှာ စုရှောင်လန်ထံမှ ဗာမီလီယမ် လျှပ်စီးများအား တပြိုင်တည်း စုပ်ယူသွားသည်။
အန်လင်း၏ သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် ရှိနေသော ဗာမီလီယမ်ငှက်မှာ လျှပ်စီးငှက်မွှေးများ ထွက်ပေါ်လာသည်။
၎င်းသည် လျှပ်စီးများ အားလုံးကို ယူဆောင်သွားသောကြောင့် အန်ကီရင် မကျေမနပ် ဖြစ်သွားရသည်။
မိုးကြိုးကပ်ဘေး ပျောက်ကွယ်သွားလေပြီ။
စုရှောင်လန်မှာ ဒူးထောက်လျက်သား ဖြစ်နေသည်။
အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“မင်းက ဘယ်သူလဲ။ ဘာလို့ လာရှုပ်တာလဲ။”
ကျိုမာ့ အော်ဟစ်လိုက်သည်။
အဖြူနှင့်အနီ နဂါးကြီး ပြုံးကာပြောလာသည်။
“မင်းက တကယ်မေ့တတ်တာပဲ။ ငါတို့ ရှေးဟောင်းထိုက်ချူကုန်းမြေမှာ တိုက်ခိုက်ဖူးတယ်လေ။”
ကျိုမာ့ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“မင်းက..... သခင်မ ရှန့်ယင်ရဲ့ ဗိုလ်ချုပ် လုံအော့ပဲ။”
“အတိတ်မေ့နေတာတော့ မဟုတ်ဘူးပဲ။”
အဖြူနှင့်အနီ နဂါးကြီး ရယ်မောလိုက်သည်။
“ဒါပေမယ့် ငါ့နာမည် လုံအော့ မဟုတ်တော့ဘူး။”
နဂါးကြီး ကောင်းကင်အား မော့ကြည့်လာသည်။
“လုံအော့ထျန်းပဲ။”
အန်လင်း အံ့အားသင့်သွားသည်။
ကယ်တင်ခံလိုက်ရသော အကြောင်းပြချက်ကိုလည်း သိရှိသွားပြီပင်။
ရှန့်ယင်၏ အုတ်ဂူမှ နဂါးအား အန်လင်းကိုယ်တိုင် လုံအော့ထျန်းဟု အမည်ပေးခဲ့သည်။
“ငါက အခြေအနေ လာကြည့်ရုံပဲ။ ဒါပေမယ့် သခင်မ ရှန့်ယင်ရဲ့အမွေကို ရထားတဲ့သူက ဟင်းလင်းပြင်သို့အပြန် အဆင့်တက်နေတာကို တွေ့လိုက်ရတယ်လေ။ အဲ့ဒါကို မင်းက ဝင်ရှုပ်ရဲတယ်ပေါ့။”
“အဲ့လိုဆိုလည်း တန်ကြေးပေးဖို့သာ ပြင်ထားတော့။”
”သောက်ကျိုးနည်း အကြံကောင်း မဟုတ်တာ သိသားပဲ။”
အပိုလိုမှာ ထွက်ပြေးရန် ကြံနေလေပြီ။
လုံအော့ထျန်း ရောက်လာခြင်းမှာ အခြေအနေများ ပြောင်းသွားစေသည်။
အော့ချင်းယွီ စကားဆိုလာသည်။
“မင်းပဲ။”
“ဟုတ်တယ် ငါပဲ။”
လုံအော့ထျန်း ခေါင်းညိတ်ပြလိုက်သည်။
“မင်းလာစရာ မလိုပါဘူး။ ငါနဲ့တင် လုံလောက်ပြီ။”
အော့ချင်းယွီ အေးစက်ခက်ထန်နေသည်။
“ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် တစ်ယောက်လောက်နဲ့ လက်ရည်စမ်းချင်နေတာ။”
လုံအော့ထျန်း တည်ငြိမ်စွာ ပြောလာသည်။
အန်လင်း စကားဆိုလိုက်သည်။
“ကြာရင် ဟိုနှစ်ကောင် ပြေးသွားတော့မယ်။”
“သူတို့ မလွတ်ပါဘူး။”
အော့ချင်းယွီ၏ဓားမှာ တောက်ပနေသည်။
“အားလုံးက ထိန်းချုပ်မှု အောက်မှာပဲ။”
လုံအော့ထျန်း၏ မျက်ဝန်းများ နီရဲလာသည်။
အန်လင်း : “.....”
စကားပြောရတာတောင် ပင်ပန်းလိုက်တာ....
နှစ်ကောင်လုံးက ဟန်ကိုယ်ဖို့ သောက်ကြွားထူတွေပဲ....
ဘယ်လိုဖြစ်လို့ သောက်ကြွားပြိုင်နေရတာလဲ....
လုံအော့ထျန်းနှင့် အော့ချင်းယွီမှာ ဖွတ်နဂါး နှစ်ကောင်အား အသည်းအသန် လိုက်ချကြတော့သည်။
ထိုအချိန်မှာပင် မိုးကြိုးကပ်ဘေး တိမ်တိုက်များ ပျောက်ကွယ်သွားလေသည်။
စုရှောင်လန်မှာလည်း မျက်ဝန်းများ ပွင့်ဟလာတော့သည်။