ဟင်းလင်းပြင်သို့အပြန်အဆင့် ရောက်ချင်သောအန်လင်း
Vol. 83 Ch. 1153
FAကောင်အား နှိပ်စက်ပြီးမှသာ အန်လင်းနှင့် စုရှောင်လန် စိတ်ကျေနပ်သွားသည်။
လုံအော့ထျန်းသည် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်အကြောင်း အနည်းငယ် မေးမြန်းလာသည်။
သူသည်လည်း မဟာစောင့်ရှောက်သူအဖွဲ့၏ ဗိုလ်ချုပ် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။
မည်သို့ပင်ဆိုစေကာမူ သခင်မ ရှန့်ယင် သေဆုံးသွားပြီးနောက် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်သို့ ပြန်သွားစရာအကြောင်း မရှိတော့ပေ။
“စီနီယာ ကျွန်တော်တို့ စုကျိုးအင်မော်တယ်ဂိုဏ်းကို လာလည်းရတယ်နော်။”
အန်လင်း အကြံပေးလိုက်သည်။
“ငါလွတ်လွတ်လပ်လပ်ပဲ နေချင်သေးတယ်။”
လုံအော့ထျန်း အနည်းငယ် တွေဝေနေသည်။
စုရှောင်လန် စကားဆိုလာသည်။
“စုကျိုးအင်မော်တယ်ဂိုဏ်းက ထူးခြားတယ် စီနီယာရဲ့။ ဂိုဏ်းချုပ် အန်လင်းတောင် ဘာမှလုပ်တာ မဟုတ်ဘူး။ နာမည်ခံ အဖွဲ့ဝင် ဖြစ်နေရုံပဲ။ တစ်ခုခုဆိုရင်တော့ အတူတူ တိုက်ခိုက်ကြတာပေါ့။ မဟုတ်ရင်တော့ စီနီယာ ဘာလုပ်လုပ် ဘာမှကန့်သတ်ထားမှာ မဟုတ်ဘူး။”
“ဘာတာဝန်မှ မရှိဘူးလား။”
လုံအော့ထျန်း အံ့သြသွားရသည်။
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
“တာဝန်က ယူချင်လည်း ရတာပေါ့။ မယူချင်လည်း ကိစ္စမရှိဘူး။ မဖြစ်မနေရယ်လို့ မဟုတ်ပါဘူး။”
“အကြီးအကဲ ဖြစ်လာရင် နေစရာနဲ့ လစာပေးတယ်။ ဂိုဏ်းသိက္ခာကို မချသရွေ့ လုပ်ချင်တာ လုပ်လို့ရတယ်။ ရန်သူတွေ ဘာတွေရှိလည်း တစ်ဂိုဏ်းလုံးကိုခေါ်ပြီး သွားတိုက်လို့ရတယ်။”
လုံအော့ထျန်း အတွေးများသွားသည်။
အန်လင်း၏ ပြောပြချက်များမှာ စွဲမက်ဖွယ်ရာပင်။
သူသည် တာဝန်ဝတ္တရားများအား မုန်းတီးသောကြောင့် အဖွဲ့အစည်းများထဲ မဝင်ခြင်း ဖြစ်သည်။
သို့သော် စုကျိုးအင်မော်တယ်ဂိုဏ်းမှာ လွတ်လပ်လွန်းနေလေသည်။
အန်လင်းနှင့် စုရှောင်လန်သည် မိတ်ဆွေဟောင်းများ ဖြစ်သောကြောင့် ပြောဆိုဆက်ဆံရာတွင်လည်း အခက်အခဲ မရှိလောက်ပေ။
ဂိုဏ်းဝင်ရခြင်းသည် အခွင့်အရေးများစွာအား ရလာစေနိုင်သည်။
“ကောင်းပြီလေ။ ရှေးဟောင်းထိုက်ချူကုန်းမြေကထွက်ရင် ဆုံးဖြတ်ချက်ကို ပြောပြမယ်။”
လုံအော့ထျန်း စကားဆိုလိုက်သည်။
အန်လင်းနှင့် စုရှောင်လန်မှာ ဝမ်းသာသွားရသည်။
ဟင်းလင်းပြင်သို့အပြန်အဆင့်တစ်ဦး ရောက်ရှိလာမည့် အရေးမှာ ကောင်းသောကိစ္စပင်။
လုံအော့ထျန်းသည် သခင်မ ရှန့်ယင်၏ လက်အောက်ခံ ဖြစ်နေသောကြောင့် ဆိုးဆိုးရွားရွား မဖြစ်လောက်ပေ။
၎င်းသာ စုကျိုးအင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိလာပါက အမှန်တကယ် ကောင်းမွန်ပေလိမ့်မည်။
အချိန်တစ်ခုမျှ စကားပြောပြီးနောက် လုံအော့ထျန်းမှာ နှုတ်ဆက်ထွက်ခွာသွားသည်။
သူသည် တစ်ဦးတည်း အမဲလိုက်ရသည်ကို ပိုမိုနှစ်သက်သည်။
“ရှောင်လန် ကိုယ်တို့ ရှောင်ဇယ်ကို ရှာကြရအောင်။ ဘာပဲပြောပြော သူလည်း အန္တရာယ် ရှိနိုင်တယ်။”
အန်လင်း စကားဆိုလိုက်သည်။
စုရှောင်လန် ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီလေ။ တူတူရှာကြတာပေါ့။”
အန်လင်း ရှောင်လန်အား ခေါင်းပုတ်ပေးလိုက်သည်။
“မင်းက ဟင်းလင်းပြင်သို့အပြန်အဆင့် ဆရာမကြီးတောင် ဖြစ်နေပြီပဲ။ ဟင်းလင်းပြင်သို့အပြန် အဆင့်အောက်မှာ ပြိုင်ဘက်ကင်းလို့ ပြောလို့ရနေပြီ။”
စုရှောင်လန် နှုတ်ခမ်းစူလိုက်သည်။
“ငါက ဘယ်ဟင်းလင်းပြင်သို့အပြန် အဆင့်ကိုမှ မကြောက်ပါဘူးနော်။”
“ကျိုမာ့ကို သတ်တုန်းက မင်းတော်တော်လေး အားသုံးလိုက်ရတယ်။ အများကြီး တိုးတက်ဖို့ လိုသေးတယ်။ အခု မင်းအခြေအနေက မင်းအဖိုးကိုတောင် နိုင်မှာမဟုတ်ဘူး။”
အန်လင်းမှာ ရက်စက်သော အမှန်တရားအား ပြောပြလိုက်သည်။
စုရှောင်လန် လက်မခံလိုပေ။
“အဲ့တုန်းက ငါက အဆင့်တက်ခါစလေ။ အခု ကျိုမာ့ အစွမ်းကိုရတော့ ဟင်းလင်းပြင်သို့အပြန် စဦးအဆင့် အခြေခိုင်သွားပြီ။ ခုနကထက် ပိုသာနေပါပြီနော်။”
အန်လင်း ဘာမှမပြောနိုင်တော့ပေ။
စုရှောင်လန် ရင်ဘတ်အားပုတ်ကာ ပြောလိုက်သည်။
“အဲ့ဒါကြောင့် စု တာအိုပေါင်းစည်းခြင်း အဆင့်အောက် ပြိုင်ဘက်ကင်း ရှောင်လန်လို့ခေါ်။”
အန်လင်း : “.....”
ရှောင်လန်က ငါ့ထက်သာသွားပြီပဲ....
ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေ ဘယ်မှာလဲ....
အန်လင်း အတွေးများသွားသည်။
၎င်းတို့မှာ အုတ်ခဲနက်အားစီးကာ ပျံသန်းလာခဲ့ကြသည်။
စုရှောင်လန်သည် နဂါးသွေးဆက်ပါသော သန္ဓေပြောင်းသားရဲများအား တောက်လျှောက်ဆိုသလို သုတ်သင်လာခဲ့လေသည်။
သို့သော် နဂါးသွေးဆက်ပါသော သန္ဓေပြောင်းသားရဲ ဆယ်ကောင်အား သတ်ခြင်းထက် အဓိက နဂါးမျိုးနွယ်စု သုံးစုဝင် တစ်ကောင်အား သတ်ဖြတ်ခြင်းမှာ ပို၍အကျိုးကျေးဇူးများသည်။
မည်သို့ပင်ဆိုစေကာမူ စုရှောင်လန်အနေဖြင့် သားကောင်ရွေးနေမည် မဟုတ်ပေ။
သူမသည် ဟင်းလင်းပြင်သို့အပြန် အဆင့်ဖြစ်ကာ ကီလိုမီတာ ငါးဆယ်အထိ အံ့ဖွယ်အာရုံ ဖြန့်ကျက်နိုင်သောကြောင့် အေးအေးဆေးဆေး ဖြစ်နေသည်။
“ငါလည်း ဟင်းလင်းပြင်သို့အပြန်အဆင့် တက်ချင်လိုက်တာ။”
အန်လင်း မိစ္ဆာရှင်းဓားအား ထုတ်လိုက်သည်။
သူသည် မိစ္ဆာရှင်းဓားအား ဝိဥာဥ်ပျိုးထောင်ရန် နေ့ဓဒူဝ ကြိုးစားလေ့ရှိသည်။ အလုပ်ဖြစ်သည်ဟူ၍ မရှိပါသော်လည်း ကြိုးစားမှုကို လက်မလျှော့သေးပေ။
“ရှဲ့လေး ဝိဥာဥ် ပျိုးထောင်ဖို့ အချိန်ရောက်ပြီ။”
မိစ္ဆာရှင်းဓား တုံ့ပြန်လာသည်။
“လစ်စမ်းပါ။”
“ရှောင်လန် ဟင်းလင်းပြင်သို့အပြန် အဆင့်ဖြစ်ရတာ ဘယ်လိုနေလဲ။”
“အရမ်းမိုက်တာပေါ့။”
“ဘယ်လိုမျိုးလဲ။”
“အသိစိတ်ရော၊ သက်ရှိစွမ်းအင်ရော အားကောင်းလာတယ်။ သက်ရှိစွမ်းအင် ပင်လယ်ကလည်း အကန့်အသတ် မဲ့သွားသလိုပဲ။ အံ့ဖွယ်အာရုံလည်း အားကောင်းလာတယ်။ တာအိုစိတ်ဆန္ဒလည်း အားကောင်းလာတယ်။ အမြင်တွေ ကျယ်လာတော့ လောကကြီးကို မြင်တဲ့ပုံတောင် ကွဲပြားသွားသလိုပဲ။”-
ရှောင်လန်၏ စကားများအား နားထောင်ကာ အန်လင်း စိတ်ဓာတ်ကျသွားရသည်။
သူသည် အဆင့်တက်ရန် ပင်ပင်ပန်းပန်း ကြိုးစားနေရပါသော်လည်း ရှောင်လန်မှာ အလွယ်တကူ အဆင့်တက်သွားခဲ့သည်။
“ငါတို့ လေဟာနယ် ခုန်ကျော်ကြည့်မလား။”
စုရှောင်လန် မေးမြန်းလာသည်။
“ကိုယ်တို့မှာ ရှေးဟောင်းထိုက်ချူကုန်းမြေ မြေပုံလည်း မရှိဘူးလေ။ ဘယ်လိုလုပ်မလို့လဲ။”
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားမိသည်။
“ပထမဆုံး ဆိုတော့လေ။”
စုရှောင်လန် ရှက်သွေးဖြာနေသည်။
“နင်ရှိတုန်း စမ်းကြည့်ချင်တာ။”
“သေရင်တောင် တူတူသေမလို့လား။”
အန်လင်းမှာ ရယ်ချင်သွားပါသော်လည်း နှလုံးသားထဲ ကြည်နူးမိသွားရသည်။
စုရှောင်လန် မျက်စောင်းထိုးလာလေသည်။
“နင်ရှိနေတော့ လုံခြုံတယ် ခံစားရတယ်။”
ဟင်းလင်းပြင်သို့အပြန် အဆင့်များအတွက် ပထမဆုံးအကြိမ် လေဟာနယ် ခုန်ကူးခြင်းမှာ အန္တရာယ်များသည်။
ကံဆိုးသူမောင်ရှင်ဖြစ်ပါက သေပင်သေသွားနိုင်သည်။
ထိုသည်မှာ ကားမောင်းသလိုပင် ကျွမ်းကျင်မှသာ အဆင်ပြေပေလိမ့်မည်။
ကျပန်းခုန်ကူးခြင်းနှင့် တည်နေရာ အတိအကျ ခုန်ကူးခြင်းဟူ၍ နှစ်မျိုး ရှိပေသည်။
ကျပန်းခုန်ကူးခြင်းသည် အမည်အတိုင်းပင် ရောက်ချင်ရာရောက် ခုန်ကူးလိုက်ခြင်း ဖြစ်သည်။
တည်နေရာ အတိအကျ ခုန်ကူးခြင်းသည်လည်း အမည်အတိုင်းပင် သွားမည့်နေရာအား ဦးစွာစီစဥ်ရသည်ပင်။
“ဟိုတောင်ထိပ်ကို သွားကြတာပေါ့။”
အန်လင်း လက်ညှိုးထိုးပြလိုက်သည်။
“ကောင်းပြီ။”
စုရှောင်လန် ခေါင်းညိတ်ပြလာသည်။
သူမ အသက်ပြင်းပြင်းရှူကာ လေထုအား ဆုတ်ဖြဲလိုက်တော့သည်။