အပိုင်း ၅၇၀
Vol. 42 Ch. 570
ချူးဝူ
" လေပြင်းလက်ဝါး ၁၈ချက် "
လေထဲမှာ လွင့်ပါသွားတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ရင်းနဲ့ လင်းဟုဟာ လီဖူချန်းကို ပြန်လည် တိုက်ခိုက်လိုက်ပါတယ် ။ သူက ဒေါသ အကြီးအကျယ် ထွက်သွားတာ အသိသာကြီးပါပဲ ။ သူက သူ့ရဲ့ အကောင်းဆုံး သိုင်းပညာဖြစ်တဲ့ လေပြင်းလက်ဝါးသိုင်းကိုတောင် ထုတ်သုံးလာခဲ့တာ မဟုတ်ပါလား ။
ဘန်း…ဘန်း…ဘန်း…ဘန်း……
ကောင်းကင်တစ်ခုလုံးဟာ လက်ဝါးရိပ်တွေနဲ့ ပြည့်နှက်သွားခဲ့ပါပြီ ။
ဒါက မြေကမ္ဘာ အထွတ်အထိပ်အဆင့် သိုင်းပညာ ဆိုပေမယ့် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးရဲ့ လက်ထဲမှာတော့ ရက်စက်ကြမ်းကြုတ်ပြီး အစွမ်း ထက်နေဆဲပါပဲ ။ပြီးတော့ လင်းဟုသုံးလိုက်တဲ့ လက်ဝါးရိုက်ချက်တိုင်းဟာ အပိုအလိုမရှိ ကွက်တိ ဖြစ်နေပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားမှုမျိုးကို ပေးစွမ်းနေပါသေးတယ် ။
လင်းဟုက သူ့ရဲ့ လက်ဝါးသိုင်းဟာ လီဖူချန်းကို ဖိနှိပ်နိုင်ဖို့ လုံလောက်ပြီလို့ ယုံကြည်မှု အပြည့် ရှိနေပုံပါပဲ ။
လင်းဟုရဲ့ အားကောင်းလွန်းလှတဲ့ လက်ဝါးသိုင်းနဲ့ အတွေ့မှာတော့ လီဖူချန်းဟာ အညှာအတာမဲ့ မျှောလွင့်မီးလျှံကို အသုံး မပြုတော့ပါဘူး ။ သူက အဲသည်အစား လောင်ကျွမ်းခြင်းဓားကိုသာ အသုံးပြုလိုက်ပါတယ် ။
" လောင်ကျွမ်းခြင်း ဓား "
အသံ နဲ့ တည်ရှိမှု တစ်စိုးတစ်စိမျှ ထွက်ပေါ်လာခြင်း မရှိဘဲ ရာနဲ့ချီတဲ့ ကြက်သွေးရောင် ပူဖောင်းတွေဟာ ကောင်းကင်ယံမှာ ဖြစ်တည်လာခဲ့ပါပြီ ။
ဝုန်း……ဝုန်း……ဝုန်း………
လင်းဟုရဲ့ လေပြင်းလက်ဝါး၁၈ချက်ဟာ လီဖူချန်းဆီကိုတောင် မရာက်နိုင်ဘဲ လမ်းခုလပ်မှာတင် ကြက်သွေးရောင် ပူဖောင်းတွေနဲ့ တွေ့ပြီး ပေါက်ကွဲကုန်ကြပါတယ် ။
တစ်ဆက်တည်းမှာပဲ ဓားချီတစ်ခုဟာ ပေါက်ကွဲသံတွေ ကြားကနေပြီး တိုးထွက်သွားကာ လင်းဟုဆီကို ဦးတည်သွားပါတော့တယ် ။
" ဝေါ့ "
လင်းဟုကတော့ သွေးစိမ်းရှင်ရှင်အန်ပြီး အနောက်ကို ဆုတ်သွားခဲ့ရပါပြီ ။ သေချာ ကြည့်လိုက်မယ် ဆိုရင်တော့ သူ့ရဲ့ ညာဘက်လက်ဟာ အနည်းငယ် တုန်ယင်နေတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ် ။
" လင်းဟု…… မင်းရှုံးပြီ ။ ဆက်မတိုက်နဲ့တော့ "
လင်းရှုက တိုက်ပွဲကို ဆက်ပြီး မတိုက်စေတော့ပါဘူး ။ သူက ချက်ချင်းဆိုသလိုပဲ လင်းဟုကို ရပ်စေလိုက်ပါတယ် ။ သူ့ရဲ့ မျက်နှာကတော့ ပြုံးလို့ ၊ ရွှင်လို့ပါပဲ ။
လင်းရှုက လင်းဟုကို အနိုင်ယူနိုင်တဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေဟာ အနည်းဆုံး ကြယ်၂ပွင့် ဗိုလ်ချုပ်အဆင့်မှာ ရှိတယ်ဆိုတာကို ကောင်းကောင်းကြီး သိထားပါတယ် ။
များပြားလှတဲ့ မှော်ဝင်ပစ္စည်းတွေ ပိုင်ဆိုင်ထားတဲ့ လင်းရှု ကိုယ်တိုင်ကတော့ ကြယ်၃ပွင့် ဗိုလ်ချုပ်အဆင့်နီးပါး ရှိပါတယ် ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူက အစောပိုင်းကတည်းက အစွမ်းထက် ဗိုလ်ချုပ်တွေကို ဖိတ်ခေါ်ထားခဲ့ပြီးပါပြီ ။ အခုတော့ သူဟာ မမျှော်လင့်ဘဲ နောက်ထပ် ကြယ်၂ပွင့်အဆင့် ဗိုလ်ချုပ်တစ်ပါးကို တွေ့လိုက်ရပြန်ပါတယ် ။ သည်အတိုင်း ဆိုရင်တော့ သည်တစ်ခေါက် အရိပ်အသူရာချောက်ကို သွားတဲ့ခရီးဟာ သူ့အတွက် ဘယ်လိုမှ အရှုံး မရှိနိုင်တော့ပါဘူး ။
လင်းဟုက တိုက်ပွဲကို ရပ်ဖို့ ဆန္ဒ မရှိပေမယ့်လည်း လင်းရှုရဲ့ စကားကိုတော့ မပယ်ရှားဝံ့ပါဘူး ။ သူက လီဖူချန်းကို လက်နှစ်ဖက်ဆုပ် အရိုအသေပေးကာ လင်းရှုရှိရာ အခြမ်းကို ရိုကျိုးစွာ ပြန်ဆုတ်သွားခဲ့ပါတယ် ။
လင်းရှုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး
" ညီလေးလီ…… ညီလေးရဲ့ ဓားသိုင်းက တကယ် ထူးချွန်လွန်းတာပဲ ။ အစ်ကိုကတော့ အဲလောက်ကောင်းတဲ့ ဓားသိုင်းကို တစ်ခါမှ မမမြင်ဖူးပါဘူးကွာ ။ ရော့……ရော့…… သည်ရွှေရောင်ဧကရာဇ် တာအိုဆေးရည်က မင်းအတွက်ပဲ "
စကားအဆုံးမှာတော့ ကျောက်စိမ်းပုလင်း တစ်လုံးဟာ လင်းရှုရဲ့ လက်ထဲကနေပြီး လီဖူချန်းဆီကို ပျံသန်း ကျရောက် သွားခဲ့ပါပြီ ။
လင်းရှုရဲ့ အမြင်မှာတော့ လီဖူချန်းဟာ သေချာပေါက် ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပါပဲ ။ ပြီးတော့ လီဖူချန်းဟာ ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းက ဧကရာဇ်အဆင့် တပည့်တစ်ယောက် ပဲ ဖြစ်ရပါမယ် ။ လီဖူချန်းဟာ သည်နန်အန်းစီရင်စုထဲကတော့ လုံးဝ မဖြစ်နိုင်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူက သည်နန်အန်းစီရင်စုထဲမှာရှိတဲ့ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ အကြောင်းကို တိတိကျကျ စုံစမ်းထားလို့ပဲ ဖြစ်ပါတယ် ။
လင်းရှုအနေနဲ့ အလုပ်တွဲအလုပ်ချင်ဆုံး လူမျိုးတွေကလည်း ဘုရင်အဆင့် ဂိုဏ်းတွေက ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေပါပဲ ။
သည်ကမ္ဘာကြီး ဆိုတာကလည်း အစွမ်းကြီးသူတွေသာ စိုးမိုးခြယ်လှယ်နိုက်တဲ့ ကမ္ဘာကြီးပင် မဟုတ်ပါလား ။ နယ်စားစံအိမ်တွေ ၊ မြို့စားစံအိမ်တွေကို လဝန်းနီ အင်ပိုင်ယာက ကျောထောက်နောက်ခံ ပြုထားတယ် ဆိုပေမယ့်လည်း ဘုရင်အဆင့် ဂိုဏ်းတွေကတော့ ဘုရင်အဆင့်ဂိုဏ်းတွေ ဖြစ်နေဆဲပါပဲ ။ နယ်စားစံအိမ်တွေ ၊ မြို့စားစံအိမ်တွေအနေနဲ့ ဘုရင်အဆင့် ဂိုဏ်းတွေကို သည်အတိုင်း ရင်မဆိုင်ဝံ့ပါဘူး ။
လီဖူချန်းက ကျောက်စိမ်းပုလင်းကို သိုလှောင်အိတ်ထဲ တစ်ခါတည်း ထိုးထည့်ပစ်လိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ လင်းရှုကို ကျေးဇူးတင်စကား ပြောလိုက်ပါတယ် ။
" ကျေးဇူးအများကြီး တင်ပါတယ် ။ နယ်စားငယ် "
လင်းရှုက ခေါင်းညိတ်ပြလိုက်ပြီး ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ် ။
" သည်နေ့ လက်ရည်စမ်းပွဲကိုတော့ သည်မှာပဲ ရပ်လိုက်ကြရအောင် ။ ဒါပေမဲ့ သူရဲကောင်းတွေအားလုံး ပြန်မသွားကြပါနဲ့ဦး ။ လက်ရည်စမ်းပွဲ ပြီးသွားပေမယ့် လူငယ်သူရဲကောင်း တွေ့ဆုံပွဲက မပြီးသေးပါဘူး ။ကျုပ်က စားစရာ ၊သောက်စရာ အကောင်းစားတွေနဲ့ အားလုံးကို ဧည့်ခံပါ့မယ် ။ အားလုံးပဲ မိတ်ဖြစ် ၊ဆွေဖြစ် အနေနဲ့ ပျော်ပျော်ရွှင်ရွှင် နေသွားကြပါဦး ။ နောင်တစ်ချိန် ကျုပ်တို့တစ်တွေ ပြန်တွေ့ ၊ မတွေ့ ဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူးလေ ။ ဟုတ်တယ်မလား "
ကြည့်ရတာတော့ လင်းရှုက ဥယျာဉ်တော်ထဲမှာ ရစ်သိုင်းနေတဲ့ တိုက်ခိုက်ချင်စိတ်တွေကို ပြန်ပြီး လျော့ကျစေချင်တဲ့ ပုံပါပဲ ။ သူ့ရဲ့ ရည်ရွယ်ချက်က တကယ်လည်း အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ် ။
လင်းရှုရဲ့ စကားအဆုံးမှာတော့ ဥယျာဉ်တော်ထဲမှာ ရှိနေတဲ့ ဖိအားတွေဟာ လျော့ကျသွားပြီး ရယ်ရယ်မောမော စကားသံတွေ ၊စားသောက်သံတွေနဲ့ ပြန်လည် စည်ကားသိုက်မြိုက် လာခဲ့ပါပြီ ။
ဒါကလည်း သူ့ရဲ့ စကားဟာ အဓိပ္ပါယ် ရှိနေလို့လည်း ဖြစ်ပါတယ် ။
ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးဟာ အင်မတန် ကျယ်ပြောတဲ့ ကုန်းမြေပြင်ကျယ်ကြီး တစ်ခုပါပဲ ။ အဲသည်အတွက် တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းထားတာက မှားစရာအကြောင်း မရှိပါဘူး ။
သည်လိုနဲ့ပဲ လူငယ်သူရဲကောင်း တွေ့ဆုံပွဲဟာ နောက်ပိုင်းကို တဖြည်းဖြည်း ရောက်လာပြီး ကောင်းကင်ကြီးဟာလည်း တစ်စထက် တစ်စ မှောင်ရီ ပျိုးလာခဲ့ပါပြီ ။
အဲသည်အချိန်မှာပဲ အသံတစ်သံဟာ လီဖူချန်းရဲ့ နားထဲကို တိုးဝင်လာခဲ့ပါတယ် ။
" ညီလေးလီ…… လူငယ်သူရဲကောင်း တွေ့ဆုံပွဲပြီးရင် ကျေးဇူးပြုပြီး ပြန်မသွားပါနဲ့ဦး ။အစ်ကိုက ညီလေးကို ပြောစရာနည်းနည်း ရှိနေလို့ပါ "
လီဖူချန်း ထင်ထားတဲ့အတိုင်းပါပဲ ။နောက်ဆုံးမှာတော့ လင်းရှုက သူ့ရဲ့ ရည်ရွယ်ချက်ကို ထုတ်ပြ လာခဲ့ပါပြီ ။
လီဖူချန်းက ဒါကိုတော့ လုံးဝ မအံ့သြတော့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ လင်းရှုက အကြောင်းမဲ့သက်သက် သည်လူငယ်သူရဲကောင်း တွေ့ဆုံပွဲကို ကမကထလုပ်ပြီး ကျင်းပစရာ အကြောင်း မရှိလို့ပါပဲ ။
ဘယ်သူကမှ နောက်ကွယ်မှာ ရည်ရွယ်ချက် တစ်ခုခု မရှိဘဲ များပြားလှတဲ့ ဝိညာဉ်ကျောက်တုံးတွေ ၊ တန်ဖိုးကြီးလှတဲ့ ဆေးရည်တွေကို တွေ့ဆုံပွဲတစ်ခုမှာ ဆုလာဘ်အဖြစ် ချီးမြှင့်စရာလည်း မရှိပါဘူး ။
" ရပါတယ် ……နယ်စားငယ် "
လီဖူချန်းက မသိမသာ ခေါင်းညိတ်ပြီး လက်ခံလိုက်ပါတယ် ။
ညဉ့်တစ်ချက်ထိုး အချိန်ကို အရောက်မှာတော့ လူငယ်သူရဲကောင်း တွေ့ဆုံပွဲဟာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ ။ လူတွေအားလုံးဟာလည်း နယ်စားငယ် လင်းရှုကို နှုတ်ဆက်ကာ တစ်ယောက်ပြီးတစ်ယောက် နန်အန်းဥယျာဉ်တော်ထဲကနေ ထွက်ခွာကုန်ကြပါတယ် ။
ချီကျွင်းကျွင်းကတော့ အတော်လေးကို ပါးနပ်တဲ့ မိန်းမပျိုလေးပါပဲ ။ သူမက လီဖူချန်း နဲ့ နယ်စားငယ် လင်းရှုဟာ တစ်ခုခု ဆွေးနွေးစရာ ရှိလိမ့်မယ် ဆိုတာကို အကဲခတ်မိတဲ့အတွက် လီဖူချန်း အနားမှာ ပေကပ်မနေဘဲ ထွက်ခွာသွားခဲ့ပါတယ် ။
လူငယ်တွေအားလုံး နန်အန်းဥယျာဉ်တော် ထဲကနေ ထွက်ခွာသွားပြီးတဲ့ နောက်မှာတော့ လင်းရှုဟာ လီဖူချန်းကို ဖိတ်ခေါ်လိုက်ပါတယ် ။
" ညီလေးလီ …… ကျေးဇူးပြုပြီး အစ်ကို့ရဲ့ အဆောင်ကို လာခဲ့ပေးပါဦး "
လီဖူချန်းကလည်း မငြင်းပါဘူး ။
" ဟုတ်ကဲ့ပါ …… နယ်စားငယ် "
လီဖူချန်းတစ်ယောက် လင်းရှုရှိနေတဲ့ အဆောင်ပေါ်ကို အရောက်မှာတော့ လင်းရှုက လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့ပေးလိုက်ပြီး စကားဝိုင်းကို စတင်လိုက်ပါတယ် ။
" ညီလေးလီ …… တကယ်တမ်း ပြောရရင်တော့ သည်သူရဲကောင်း လူငယ်တွေ့ဆုံပွဲကို အစ်ကိုက တခြားရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာ။ အဲဒါကိုတော့ ညီလေးလည်း ရိပ်မိမှာပဲ ။ အဲသည်တော့ အစ်ကိုက တည့်တိုးပဲ ပြောတော့မယ် ။ အရိပ် အသူရာချောက် ဆိုတာကို ညီလေးလီ ကြားဖူးလား "
" မကြားဖူးပါဘူး …… နယ်စားငယ် "
လီဖူချန်းက ခေါင်းခါပြလိုက်ပါတယ် ။ သူက တကယ်လည်း အရိပ် အသူရာချောက်ကို မကြားဖူးပါဘူး ။ သူက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကို သိပ်မကြာခင်ကမှ ရောက်လာခဲ့တာ မဟုတ်ပါလား ။ အဲသည်အတွက် သူ့အနေနဲ့ နေရာတော်တော်များများကို မသိတာက ဓမ္မတာပါပဲ ။
လင်းရှုက လီဖူချန်းကို အကြမ်းဖျင်း ရှင်းပြလိုက်ပါတယ် ။
" ကောလာဟလတွေ အရ ဆိုရင်တော့ အရိပ် အသူရာချောက်ဟာ သူတော်စင် နှစ်ပါးရဲ့ မဟာတိုက်ပွဲကြီးကြောင့် ဖြစ်ပေါ်လာခဲ့တာပဲ ။ အရိပ်အသူရာချောက် ဖြစ်ပေါ်လာတာကတော့ နှစ်ပရိစ္ဆေဒ မရေမတွက်နိုင်အောင် ကြာခဲ့ပြီ ။ အဲသည်အချိန်တုန်းကဆိုရင် ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးတောင်မှ သူ့ရဲ့ ကုန်းမြေစိတ်တန်ခိုးကို မနိုးထ နိုင်သေးဘူး "
လင်းရှုက စကားကို ခဏရပ်လိုက်ပြီး လီဖူချန်းကို တစ်ချက် အကဲခတ်လိုက်ပါသေးတယ် ။ လီဖူချန်း စိတ်ဝင်တစား နားထောင်နေတာကို မြင်မှ သူက ဆက်ပြီး ထပ်ပြောပါတယ် ။
" တစ်နေ့မှာ သူတော်စင် နှစ်ပါးဟာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကို တစ်ပြိုင်တည်း ရောက်လာကြတယ် ။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ပိုင်ရှင် မရှိတဲ့ မှော်ဝင်ရတနာ ပစ္စည်းတစ်ခုကို ရယူဖို့ပဲ ။ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကို ထက်ခြမ်းကွဲလာမတတ် ဖြစ်စေခဲ့ပြီး ကုန်းမြေတိုက်ကြီးရဲ့ မြေအောက်ထဲမှာ ရှိတဲ့ ဥပဒေသတွေကို ကစဉ့်ကလျား ဖြစ်စေခဲ့တယ် ။ အဲသည်တိုက်ပွဲရဲ့ ရလဒ် အနေနဲ့ကတော့ အလွှာအထပ်ထပ်ရှိတဲ့ အရိပ်အသူရာချောက်ကြီး ဖြစ်ပေါ်လာတာပဲ ။ အခုချိန်အထိ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးက ဘယ်သူကမှ အရိပ်အသူချောက်မှာ အလွှာ ဘယ်နှစ်ထပ် ရှိသလဲ ဆိုတာကို မသိနိုင်သေးဘူး ။ ဒါပေမဲ့လည်း လူတွေအားလုံးကတော့ သည်အရိပ် အသူရာ ချောက်ကြီးဟာ အရမ်း အန္တရာယ် များတယ်ဆိုတာကို သိထားကြတယ် ။ပြီးတော့ သူတော်စင်နှစ်ပါးရဲ့ တိုက်ပွဲကြောင့် အရိပ်အသူရာ ချောက်ထဲမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တွင်းတွေ နဲ့ တခြား အဖိုးတန် ရတနာပစ္စည်းတွေ ဖြစ်ပေါ်လာတယ် ဆိုတာကိုလည်း လူတိုင်း သိထားကြတယ် ။ အစ်ကို့ရဲ့ ရည်ရွယ်ချက်ကတော့ အစွမ်းထက်တဲ့ လူငယ်တစ်စုနဲ့ အဖွဲ့ဖွဲ့ပြီး အရိပ်အသူရာ ချောက်ထဲကို စွန့်စားခန်းခရီး ထွက်ဖို့ပဲ ။ ဘယ်လိုလဲ …… ညီလေးလီ စိတ်ဝင်စားရဲ့လား "
အဆင့်မြင့် ဝိညာဉ်ကျောက်တုံး……
အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေထက် အဆပေါင်း တစ်သောင်းကျော် ပိုတန်ဖိုး ရှိပါတယ် ။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးထဲမှာရှိတဲ့ ဝိညာဉ်ချီစွမ်းအင် ပမာဏကလည်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေထဲမှာရှိတဲ့ ဝိညာဉ်ချီစွမ်းအင် ပမာဏထက် အဆ ရာပေါင်းအနည်းငယ် ပိုများပြီး သန့်စင်မှု အရည်အသွေးပိုင်းမှာလည်း ဆယ်ဆကျော် ပိုကောင်းမွန်ပါတယ် ။
တကယ်လို့ မူလပင်လယ်နယ်ပယ် ဘုရင်တွေအနေနဲ့ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် ကျင့်ကြံချင်တယ် ဆိုရင်တော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူူး ။
ဒါပေမဲ့လည်း ပြသနာက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေဟာ မဟာပထဝီ မြေကြီးရဲ့ ဟိုးအနက်ဆုံး အပိုင်းမှာသာ တည်ရှိနေတတ်တာပါပဲ ။ အဲသည်အနက်အထိ ဆင်းဖို့ကိုတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေအတွက်တောင်မှ ခက်ခဲလွန်းလှပါတယ် ။
ကံကောင်းတာ တစ်ခုကတော့ နှစ်အနည်းငယ်မှာ တစ်ခါ လှုပ်ခတ်လေ့ရှိတဲ့ ငလျင်တွေဟာ အဆင့်မြင့် ကောင်းကင်ဘုံကျောက်တုံးတွေရှိတဲ့ မြေကြောတွေကို အထက်အောက် ရွေ့လျားစေနိုင်တာပါပဲ ။ မဟုတ်လို့ကတော့ ကျင့်ကြံသူတွေဟာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကို ပိုင်ဆိုင်ဖို့အတွက် ယေဘုယျအားဖြင့် လုံးဝ မဖြစ်နိုင်ပါဘူး ။
" အဆင့်မြင့် ကောင်းကင်ဘုံကျောက်တွင်းလား "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ် ။
သူ့အနေနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေဟာ ဘယ်လောက် တန်ဖိုး ရှိသလဲ ဆိုတာကို မသိစရာ အကြောင်း မရှိပါဘူး ။
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းနဲ့ ညီမျှပြီး အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းနဲ့ ညီမျှပါတယ် ။
အဲသည်အဓိပါ္ပယ်က အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာနဲ့ ညီမျှတယ် ဆိုတာပါပဲ ။
ဒါပေမဲ့လည်း လဲလှယ်တဲ့ အခါမှာတော့ အဲသည်လောက် မရိုးရှင်းဘူးလို့ ဆိုရပါမယ် ။
ဝိညာဉ်ကျောက်တုံး ပေါက်ဈေးအရ ပေးခဲ့မယ် ဆိုရင်တောင်မှ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကို ရောင်းချချင်သူက မရှိပါဘူး ။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေက တချို့နေရာတွေမှာ အလကားပါပဲ ။
ဥပမာအားဖြင့် ပြရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ခရမ်းရောင်နေ လေလံပွဲကို ပြရမှာပဲ ဖြစ်ပါတယ် ။ ခရမ်းရောင်နေ လေလံပွဲမှာဆိုရင် လေလံပစ္စည်းတွေကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ရောင်းချခြင်း လုံးဝ မပြုခဲ့ပါဘူး ။
ပြီးတော့ နောက်ထပ် အံ့သြစရာ ကောင်းတာ တစ်ခုက ခရမ်းရောင်နေ လေလံပွဲရဲ့ နောက်ဆုံး အဆုံးသတ်ပစ္စည်းကို ရောက်တဲ့အထိ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးနဲ့ ဝယ်ယူသူ တစ်ဦးတစ်ယောက်မှ မရှိခဲ့တာပါပဲ ။
လီဖူချန်းက သည်ထိပ်တန်း မူလပင်လယ်နယ်ပယ် ဘုရင်တွေဟာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကို မပိုင်ဆိုင်ဘူးဆိုတာကို လုံးဝ မယုံကြည်ပါဘူး ။
သူတို့က သူတို့ပိုင်ဆိုင်ထားတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကို ထုတ်မပြချင်တာပဲ ဖြစ်ရပါမယ် ။
အဆုံးသတ်မှာ ကျတော့လည်း လက်နက်တွေဆိုတာက ယာယီသာဖြစ်ပြီး ကျင့်ကြံခြင်းကသာ ပိုပြီး အရေးကြီးတာ မဟုတ်ပါလား ။
" နယ်စားငယ် ပြောသလို အရိပ်အသူရာချောက်က အန္တရာယ် အရမ်းများတယ်ဆိုရင် ကျွန်တော်တို့လို့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေက ဘာကြောင့် ဝင်ကြရမှာလဲ ။ အဲဒါက ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်မနေဘူးလား "
လီဖူချန်းက လွယ်လွယ်နဲ့တော့ အရိပ်အသူရာချောက်ကို သွားဖို့ သဘောမတူမပါဘူး ။ သူက သူမရှင်းတဲ့ အချက်ကို ပြန်ပြီး မေးလိုက်ပါတယ် ။
လင်းရှုက တစ်ချက် ရယ်လိုက်ပြီး
" ဟား……ဟား…… အရိပ်အသူရာချောက်ထဲမှာ ရှိတဲ့ ဥပဒေသတွေက ကစဉ့်ကလျား ဖြစ်နေတာတော့ အမှန်ပဲ ။ တစ်ချို့နေရာတွေဆိုရင် ဥပဒေသပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေကိုတောင်မှ သေဘေးနဲ့ ကြုံရစေနိုင်တယ် ။ ဒါပေမဲ့ ညီလေးလီ စိတ်မပူပါနဲ့ ။ အစောပိုင်းက အရိပ်အသူရာချောက်မှာ အလွှာအထပ်ထပ် ရှိတယ်လို့ အစ်ကို ပြောခဲ့တယ် မဟုတ်လား ။ အဲသည် အရိပ်အသူရာချောက်ထဲက အလွှာတွေမှာ ကျင့်ကြံမှု ကန့်သတ်ချက်တွေ ရှိတယ် ။ အခု အစ်ကို သွားမယ့် အလွှာက တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေ အတွက်ပဲ ။ တကယ်လို့သာ မူလပင်လယ်နယ်ပယ် ဘုရင်တွေက သည်အလွှာထဲကို ဝင်ရောက်လာမယ်ဆိုရင် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေထက်ကို သေဖို့ အခွင့်အရေး ပိုများတယ် "
" လတ်စသတ်တော့ အဲသည်လိုကိုး "
လီဖူချန်းက အခုမှ ကျေနပ်သွားပါတော့တယ် ။
" သည်လိုဆိုရင် နယ်စားငယ်က ကျွန်တော့်ကို အရိပ်အသူရာချောက်ထဲသွားဖို့ ဖိတ်ခေါ်ချင်တာလား "
လီဖူချန်းက လင်းရှုရဲ့ ရည်ရွယ်ချက်ကို ရိပ်စားမိပြီးပေမယ့်လည်း မသိချင်ယောင်ဆောင်ပြီး မေးလိုက်ပါတယ် ။
လင်းရှုက မငြင်းပါဘူး ။ သူက ခေါင်းညိတ်လိုက်ပြီး
" အမှန်ပဲ ညီလေးလီ ။ အရိပ်အသူရာချောက်က အင်မတန် အန္တရာယ် များလွန်းတယ် ။ အဲသည်အတွက် ကြယ်၂ပွင့် ဗိုလ်ချုပ် အဆင့် ရှိတဲ့ ဆရာသခင် တစ်ပါး မဟုတ်ဘဲ အဲသည်ချောက်ထဲကို ဝင်ဖို့ မလွယ်ဘူး ။ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေ အများကြီး ပါဝင်တဲ့ တိုက်ခိုက်နည်းဗျူဟာတွေကို အသုံးပြုတာတောင်မှ အရိပ်အသူရာချောက်ထဲမှာ အသက်ဆုံးရှုံးဖို့ အခွင့်အလမ်း များနေသေးတယ် ။ ညီလေးလီလည်း သိတာပဲလေ ။ တိုက်ခိုက်နည်းဗျူတွေက အချိန်မရွေး ၊ နေရာမရွေး အသုံးပြုလို့ ရတာမှ မဟုတ်တာ ။ ဒါကြောင့်လည်း အစ်ကိုက ညီလေးလီတို့လို အစွမ်းထက်တဲ့ ဆရာသခင်တွေကို ဖိတ်ခေါ်နေရတာ "
လင်းရှုရဲ့ စကားက အရှင်းကြီးပါပဲ ။ တကယ်လို့သာ အရိပ်အသူရာချောက်ထဲမှာ တိုက်ခိုက်နည်းဗျူတွေကို အသုံးပြုလို့ ရမယ်ဆိုရင် သူဟာ လီဖူချန်းတို့လို တစ်ကိုယ်တော် အစွမ်းထက်သူတွေကို ဖိတ်ခေါ်နေတော့မှာ မဟုတ်ပါဘူး ။
လဝန်းနီ အင်ပိုင်ယာက ပိုင်ဆိုင်ထားတဲ့ တိုက်ခိုက်နည်း ဗျူဟာတွေဟာ ကြယ်၃ပွင့် ဗိုလ်ချုပ်တွေကိုတောင် ယှဉ်တိုက်နိုင်ပါတယ် ။ ကြယ်၂ပွင့် ဗိုလ်ချုပ်တွေကို ဆိုရင်တော့ စကားထဲတောင် ထည့်ပြောဖို့ မလိုပါဘူး ။
ဒါကြောင့်လည်း မြို့စားစံအိမ်တွေ နဲ့ နယ်စားစံအိမ်တို့ရဲ့ ဝှက်ဖဲဟာ တိုက်ပွဲဝင် နည်းဗျူဟာတွေလို့ လူတွေက ဆိုကြတာလည်း ဖြစ်ပါတယ် ။
" အရိပ်အသူရာချောက်ထဲမှာ ရတဲ့ ရတနာတွေကိုကျတော့ကော ဘယ်လို ခွဲတမ်းချကြမှာလဲ နယ်စားငယ် "
တကယ်လို့ သူ့အနေနဲ့ ဘာခွဲတမ်းမှ မရဘူး ဆိုရင်တော့ လီဖူချန်းဟာ အရိပ်အသူရာချောက်ထဲကို ဝင်မှာ မဟုတ်ပါဘူး ။ ဒါပေမဲ့လည်း သူ့အနေနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကို ခွဲတမ်းရမယ်ဆိုရင်တော့ တစ်မျိုး စဉ်းစားမှာ ဖြစ်ပါတယ် ။
ဘာဖြစ်လို့လဲဆိုတော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ဆိုရင် သူဟာ မူလပင်လယ်နယ်ပယ်ကို ပိုပြီး လျင်လျင်မြန်မြန် ချိုးဖောက်ဝင်ရောက်နိုင်မှာ ဖြစ်နေလို့ပါပဲ ။
လင်းရှုက တစ်ချက် ပြုံးလိုက်ပြီး
" ရလာတဲ့ ရတနာပစ္စည်းတွေကို အစ်ကိုက ၃၀ ရာခိုင်နှုန်း ယူမယ် ။ ကျန်တာကိုတော့ ညီလေးတို့တစ်တွေပဲ ခွဲဝေယူကြပေါ့ "
လင်းရှုအနေနဲ့ ရလာတဲ့ ရတနာ ပစ္စည်းတွေကို အချိုးကျ ညီတူမျှတူ ယူဖို့ကတော့ လုံးဝ မဖြစ်နိုင်ပါဘူး ။
ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံးအနေနဲ့ သူဟာ အဖွဲ့ကို စဖွဲ့တဲ့သူ ဖြစ်သလို နန်အန်းစီရင်စု နယ်စားရဲ့ သားလည်း ဖြစ်နေလို့ပါပဲ ။ ဒုတိယ အနေနဲ့ကတော့ သူပိုင်ဆိုင်ထားတဲ့ မြောက်များလှစွာသော မှော်ဝင်ရတနာ ပစ္စည်းတွေဟာ သူ့ကို ကြယ်၃ပွင့် ဗိုလ်ချုပ်တစ်ပါးရဲ့ အစွမ်းနဲ့ ညီမျှစေလို့ပါပဲ ။
" ဟုတ်ပြီလေ ။အဲသည်လို ဆိုရင်တော့ ကျွန်တော့ဘက်က အဆင်ပြေပါတယ် "
လီဖူချန်း ဘာမှ ဆက်ပြီး မေးစရာ မရှိတော့ပါဘူး ။ သူက လင်းရှုအနေနဲ့ ၃၀ ရာခိုင်နှုန်းယူချင်တာကိုလည်း နားလည် လက်ခံပါတယ် ။ သူကိုယ်တိုင် လင်းရှုနေရာမှာ ဆိုရင်လည်း ၃၀ ရာခိုင်နှုန်းတော့ ယူမှာပါပဲ ။ ကျင့်ကြံခြင်း လောက ဆိုတာက အစွမ်းထက်သူကသာ ပိုအသာရလေ့ ရှိတာ မဟုတ်ပါလား ။
" ညီလေးလီက အဆင်ပြေတယ်ဆိုတော့ အစ်ကိုတို့ တစ်ပတ်အတွင်း သွားကြတာပေါ့ "
လင်းရှုက အခုမှပဲ သက်ပြင်း ချနိုင်ပါတော့တယ် ။
အရိပ်အသူရာချောက်ထဲမှာ ရှိတဲ့ ရတနာပစ္စည်းတွေ ဆိုတာက ရယူဖို့ရာ မလွယ်ကူပါဘူး ။ အဲသည်အတွက် သူက လီဖူချန်း သဘောမတူမှာကို စိုးရွံ့နေခဲ့မိတာပါ ။
………
တစ်ပတ်အကြာ ……
- နန်အန်းဥယျာဉ်တော် -
လင်းရှု နဲ့ လီဖူချန်းတို့ကတော့ နန်အန်းဥယျာဉ်တော်ရဲ့ ဗဟိုမှာရှိတဲ့ ဥယျာဉ်ငယ်လေးထဲကို ရောက်နှင့်နေကြပါပြီ ။ သူတို့နှစ်ယောက်စလုံးက အဆောင်ငယ်လေး တစ်ခုအတွင်းမှာ လက်ဖက်ရည်ကြမ်း သောက်သုံးနေရင်းနဲ့ အေးအေးလူလူ ရှိနေကြပါတယ် ။သူတို့ကို ကြည့်ရတာက အရိပ်အသူရာချောက်နဲ့ ပက်သက်ပြီး ဘာအပူအပင်မှ ရှိမနေတဲ့ ပုံပါပဲ ။
သိပ်မကြာခင်မှာပဲ အရှိန်အဝါ အားကောင်းလွန်းလှတဲ့ လူငယ်တစ်ယောက်ဟာ နန်အန်းဥယျာဉ်တော်ရဲ့ အလယ်ဗဟိုထဲကို လှမ်းဝင်လာခဲ့ပါပြီ ။
အဲသည်လူငယ်ကတော့ ကျားတစ်ကောင်ရဲ့ နောက်ကျောမျိုး နဲ့ ဝက်ဝံတစ်ကောင်ရဲ့ ခါးကို ပိုင်ဆိုင်ထားပါတယ် ။ သူ့ရဲ့ လက်မောင်းတွေက သာမန်လူတစ်ယောက်ရဲ့ ပေါင်လုံးလောက်ရှိပြီး သူ့ရဲ့ မျက်တွင်းတွေက အထဲကို ချိုင့်ဝင်နေပါတယ် ။တကယ်လို့သာ သေသေချာချာ မကြည့်ဖြစ်ရင် အဲသည်လူငယ်ကို သားရဲတစ်ကောင်လို့ ထင်မိမှာ အသေအချာပါပဲ ။
လင်းရှုက လီဖူချန်းကို လှည့်လိုက်ပြီး
" လီဖူချန်း…… အစ်ကို မင်းကို သူနဲ့ မိတ်ဆက်ပေးရဦးမယ် ။ သူက ကောင်းကင်ပင်လယ် အစည်းအရုံးက ဧကရာဇ်အဆင့် တပည့် ရှန်းတုံပဲ ။ သူရဲ့ အစွမ်းကတော့ ကြယ်၂ပွင့် ဗိုလ်ချုပ်အဆင့်မှာ ရှိတယ် ။ သူ့ရဲ့ တုတ်သိုင်းက အားကောင်းပြီး ပြင်းထန်လွန်းတယ် ။ အဲသည်အတွက် သာမန်ကျင့်ကြံသူတွေက သူ့ရဲ့ တုတ်ချက်ကို ဘယ်လိုမှ တောင့်မခံနိုင်ဘူး "
လီဖူချန်းက ရှန်းတုံကိုကြည့်ပြီး ခေါင်းတစ်ချက် ညိတ်မိလိုက်ပါတယ် ။
ဧကရာဇ်အဆင့် တပည့်တွေကတော့ ဘယ်တပည့်မဆို မရိုးရှင်းပါဘူး ။ သူတို့အားလုံးဟာ သူ့ဟာနဲ့သူ အစွမ်း ထက်ကြတာ ချည်းပါပဲ ။
ဥပမာအားဖြင့် ပြရမယ်ဆိုရင် မှော်ဝင်ရတနာ ပစ္စည်း အမြောက်အများကို ပိုင်ဆိုင်ထားတဲ့ လင်းရှုဟာ ကြယ်၃ပွင့် ဗိုလ်ချုပ်တွေနဲ့ ယှဉ်နိုင်တယ် ဆိုပေမယ့် ကြယ်၂ပွင့် ဗိုလ်ချုပ်တွေကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး ။ အငှား ရယူထားတဲ့ စွမ်းအား နဲ့ တကယ့်ကိုယ်ပိုင် စွမ်းအားဆိုတာက အနည်းနဲ့အများတော့ ကွာခြားမှု ရှိနေတတ်တာ မဟုတ်ပါလား ။
" မင်္ဂလာပါ နယ်စားငယ် "
ရှန်းတုံက လက်နှစ်ဖက်ဆုပ်ပြီး လင်းရှုကို အရိုအသေ ပေးလိုက်ပါတယ် ။
လင်းရှုက အသာအယာ ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်ပါတယ် ။
" ရှန်းတုံ ခုံတစ်ခုံ ယူပြီး ထိုင်လေ "
သူက ရှန်းတုံကိုတော့ လီဖူချန်းနဲ့ မိတ်မဆက်ပေးခဲ့ပါဘူး ။ ကြည့်ရတာတော့ လင်းရှုက လူတွေအားလုံး ရောက်လာမှ လီဖူချန်းကို တစ်ခါတည်း မိတ်ဆက်ပေးဖို့ စဉ်းစားထားပုံပါပဲ ။
ရှန်းတုံကလည်း လီဖူချန်းကို တစ်ချက်ကလေးတောင် မကြည့်ပါဘူး ။ သူက စားပွဲပေါ်မှာ တည်ခင်းဧည့်ခံထားတဲ့ အစားအသောက်တွေကို စားသောက်နေရင်းနဲ့သာ အလုပ်များနေပါတော့တယ် ။
နောက်ထပ် မကြာခင်မှာပဲ လူငယ်နှစ်ယောက်ဟာ ထပ်ပြီး ရောက်ရှိလာခဲ့ကြ ပြန်ပါပြီ ။
သူတို့ကတော့ ယောကျာ်းတစ်ယောက် နဲ့ မိန်းမတစ်ယောက်ဖြစ်ပြီး ချစ်သူတွေ ဖြစ်ပုံပါပဲ ။
ယောကျာ်းလေး ဖြစ်သူကတော့ ခန့်ညားတည်ကြည်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး လက်ထဲမှာ သံယပ်တောင် တစ်ချောင်းကို ဟန်ပါပါ ကိုင်ထားပါတယ် ။
မိန်းကလေး ဖြစ်သူကလည်း လှပပြီး ဆွဲဆောင်မှု အပြည့်ပါပဲ ။ သူမကတော့ အစိမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပါတယ် ။
" အခုလာတဲ့ စုံတွဲကတော့ ချီယု နဲ့ လန်ရှီးပဲ ။ သူတို့နှစ်ယောက်စလုံးက ကြယ်၁ပွင့် ဗိုလ်ချုပ်တွေ ဖြစ်တယ် ။ သူတို့က ကောင်းကင်နဂါးဂိုဏ်းက ဖြစ်ပြီး ဘုရင်အဆင့် တိုက်ရိုက်တပည့် ရှစ်ယောက်ထဲက ဆိုရင်လည်း မမှားဘူး "
လင်းရှုက မိတ်ဆက်ပေးလိုက် ပြန်ပါတယ် ။
ရှန်းတုံက လူငယ်စုံတွဲကို တစ်ချက်သာ ကြည့်လိုက်ပြီး ထပ်မကြည့်တော့ပါဘူး ။ ကြယ်၁ပွင့် ဗိုလ်ချုပ်တွေ ဆိုတာက သူ့အတွက်တော့ အမှိုက်သာသာပါပဲ ။
လီဖူချန်းကတော့ လူငယ်စုံတွဲကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပါတယ် ။
သူက အကြိုဧကရာဇ်အဆင့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ ကောင်းကင်နဂါးဂိုဏ်း အကြောင်းကို ကြားဖူးပြီးသားပါပဲ ။ဒါပေမဲ့ သူတို့က နန်အန်း စီရင်စုထဲကတော့ မဟုတ်ပါဘူး ။
အဲသည်နောက်မှာတော့ သူတို့တစ်တွေဟာ ထပ်ပြီး စောင့်ဆိုင်းကြရ ပြန်ပါတယ် ။
ရှန်းတုံကတော့ စောင့်ဆိုင်းရတဲ့ အတွက် အတော်လေး သည်းမခံနိုင် ဖြစ်နေခဲ့ပါပြီ ။ ရှန်းတုံတစ်ယောက် သူ့ရဲ့ စိတ်ရှည်သည်းခံမှုတွေ ကုန်ခမ်းခါနီး အချိန်လေးမှာပဲ လူရိပ်တစ်ရိပ်ဟာ နန်းအန်းဥယျာဉ်တော် အလယ်ဗဟိုထဲကို ဖြည်းညင်းစွာ ဝင်လာခဲ့ပါတယ် ။
သည်လူငယ်က အတော်လေး ကြောက်စရာ ကောင်းသူဆိုတာကိုတော့ လုံးဝ သံသယ ဝင်စရာ မရှိပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ အဲသည်လူငယ် ရောက်လာတာနဲ့ တစ်ပြိုင်နက် နန်အန်းဥယျာဉ်တော် အသေးစားလေးရဲ့ လေထုပတ်ဝန်းကျင်ဟာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာလို့ပါပဲ ။
အစားအသောက်ကလွဲပြီး ဘာမှ စိတ်ဝင်စားပုံ မရတဲ့ ရှန်းတုံရဲ့ မျက်နှာပေါ်မှာတောင်မှ လေးနက်တည်ကြည်မှုတွေ ဖြစ်တည်လာခဲ့ပါပြီ ။
အဲသည်အချိန်မှာပဲ လင်းရှုက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ပါတယ် ။
" ချူးဝူ …… မင်းရောက်လာပြီလား "
" ချူးဝူ "
Qဖူချန်းရဲ့ မျက်နှာပေါ်မှာကတော့ အံ့အားသင့်မှု အရိပ်အယောင်တွေ ယှက်သန်း လာခဲ့ပါပြီ ။
ချူးဝူ……
ဒါက သက်တံနီဂိုဏ်းရဲ့ ဧကရာဇ်အဆင့် တပည့် နှစ်ယောက်ထဲက တစ်ယောက်ရဲ့ နာမည်ပါပဲ ။ လီဖူချန်းက ချူးဝူကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူး ပေမယ့်လည်း အခုရောက်လာတဲ့ ချူးဝူဆိုတဲ့ လူငယ်ဟာ သူတို့ သက်တံနီဂိုဏ်းရဲ့ ချူးဝူဆိုတာကို သေချာနေခဲ့ပါတယ် ။
***