လမိုက်ညခရင်းခွ အသည်းအသန်ထွက်ပြေးခြင်း
Vol. 83 Ch. 1155
အန်လင်း ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။
“မင်းလူမှားပေမယ့် ငါမမှားဘူး။”
“မင်းက လမိုက်ည ခရင်းခွပဲ။”
သူသည် ဂမ်ဒမ်သုံးနှင့် ယောင်ကျီးအား ထုတ်လိုက်သည်။
လမိုက်ည ခရင်းခွမှာ ဘာမှမပြောပဲ အသေပြေးနေလေသည်။
စုရှောင်လန် အန်လင်းအား မေးလိုက်သည်။
“သူ့ကိုသိတာလား။”
အန်လင်း ပြုံးကာခေါင်းညိတ်လိုက်သည်။
“တစ်ချက်ထိုးတာနဲ့ လွင့်ထွက်သွားတာလေ။ အဲ့ဒါနဲ့ ထွက်ပြေးသွားတာပဲ။ အခုတော့ အဲ့လိုအဖြစ်ခံလို့ မရဘူး။”
စုရှောင်လန် ခပ်ဖွဖွ ပြုံးလိုက်သည်။
“အဲ့ဒါဆို ငါနင့်အတွက် ဖမ်းပေးရမှာပေါ့။”
၎င်းတို့၏ ရန်သူသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် မိစ္ဆာနဂါးတစ်ကောင် ဖြစ်သည်။
သို့သော် စုရှောင်လန်သည်လည်း စုတာအိုပေါင်းစည်းခြင်း အဆင့်အောက် ပြိုင်ဘက်ကင်းရှောင်လန် ဖြစ်နေလေပြီ။
အပြာရောင် အလင်းတစ်ချက်နှင့်အတူ စုရှောင်လန်သည် လမိုက်ည ခရင်းခွနား ရောက်ရှိသွားသည်။
သူမထံတွင် အချိန်တိုအတွင်း အရှိန်မြှင့်ပေးနိုင်သော မှော်ကျင့်စဥ်တစ်ခု ရှိနေခြင်းပင်။
“သူမကိုထိန်းထား....”
စုရှောင်လန်ထံတွင် အချိန်အကန့်အသတ် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းမိသောကြောင့် လမိုက်ည ခရင်းခွ အော်ဟစ်လိုက်သည်။
ဆယ်နှင့်ချီသော နဂါးများမှာ စုရှောင်လန်အား တိုက်ခိုက်လာကြသည်။
၎င်းတို့သည် အားပါးတရ တိုက်ခိုက်လာပါသော်လည်း အပြာရောင် လျှပ်စီးတစ်ခုမှာ မျက်စိတမှိတ်အတွင်း ပတ်မွှေသွားလေသည်။
ထိုနဂါးများမှာ ဘာမှပင် မတတ်နိုင်လိုက်ပဲ အသက်မဲ့ကုန်သည်။
“မင်းတို့နှစ်ကောင် သွားချကြ...”
လမိုက်ည ခရင်းခွမှာ အစေခံ နှစ်ဦးအား အော်ဟစ်လိုက်သည်။
အစေခံ နှစ်ဦး ငိုကြွေးရလေပြီ။
“သခင် ကျွန်တော်တို့ကို ပစ်ထားတော့မလို့လား။”
“မင်းတို့မသွားရင် အကုန်သေကုန်လိမ့်မယ်။ ငါတို့ အစီအစဥ်ကို မမေ့နဲ့ဦး။”
လမိုက်ည ခရင်းခွ လေးလေးနက်နက် ပြောလာသည်။
အစေခံနှစ်ဦး အမူအရာ ပြောင်းလဲသွားရသည်။
“မဟူရာအင်မော်တယ် အစစ်အမှန် နဂါးအင်းကွက်...”
၎င်းတို့နှစ်ဦး လက်သင်္ကေတများ ပြောင်းလဲလိုက်သည်နှင့် စက်ဝိုင်းသဏ္ဍာန် နဂါးအင်းကွက်တစ်ခု ပေါ်ထွက်လာသည်။
ဒုန်း....
အပြာရောင် လျှပ်စီးမှာ အင်းကွက်အား ဝင်တိုက်သွားရသည်။
အင်းကွက် အက်ကြောင်းထသွားသလို အပြာရောင် လျှပ်စီးလည်း ရပ်တန့်ကာ စုရှောင်လန်၏ပုံရိပ် ပေါ်ထွက်လာသည်။
လမိုက်ည ခရင်းခွမှာ လက်နှစ်ဖက်အား မြှောက်တင်လိုက်သည်။
“ကင်းထောက်စနစ်.... ကျေးဇူးပြုပြီး စွမ်းအင်ပေးသနားပါ။”
ကောင်းကင်ထက်မှ ကြယ်စင်များ တောက်ပကာ ကြယ်စင်စွမ်းအင်များ လမိုက်ည ခရင်းခွပေါ် ကျဆင်းလာသည်။ ၎င်း၏အရှိန်မှာ မြင့်တက်သွားလေသည်။
“မင်းတို့က သခင်ကြီးနောက် လိုက်ချင်တာလား။”
“အိပ်မက်မက်နေလိုက်။”
အစေခံနှစ်ဦး စိတ်ကျေနပ်နေကြသည်။
စုရှောင်လန် သက်ပြင်းချကာ နဂါးစာကလေးဓားဖြင့် ထိုနှစ်ဦးအား လက်စသတ်ပေးလိုက်သည်။
အန်လင်း စုရှောင်လန်နား ရောက်ရှိလာသည်။
“မင်းသူ့နောက် မလိုက်တော့ဘူးလား။”
“လိုက်မမှီတော့ဘူး။ ငါ့အရှိန်မြှင့်တဲ့ ကျင့်စဥ်ကလည်း လောလောဆယ် သုံးမရတော့ဘူး။ သူကလည်း အသေမြန်နေပြီလေ။ ဘယ်လိုလုပ် ဖြစ်နိုင်တော့မှာလဲ။”
စုရှောင်လန် စိတ်ပျက်နေမိသည်။
သူမသည် တာအိုပေါင်းစည်းခြင်း အဆင့်အောက် ပြိုင်ဘက်ကင်း ဖြစ်သင့်ပါသော်လည်း ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် မိစ္ဆာနဂါးတစ်ကောင်မှာ လွတ်မြောက်သွားခဲ့သည်။
အန်လင်းမှာ လမိုက်ည ခရင်းခွ၏ အံ့အားသင့်စရာ အပြေးတပေါက်အတွက် အမှန်တကယ် လေးစားနေမိသည်။
.......
ကီလိုမီတာ ထောင်နှင့်ချီ အကွာ၌
လမိုက်ည ခရင်းခွမှာ အသက်ကိုပင် လုရှူနေရသည်။
“အဲ့လူနဲ့ပဲ ထပ်တွေ့ရတယ်လို့။ ကံဆိုးလိုက်တာ။”
“ငါ့အစေခံတွေနဲ့ အင်မော်တယ်လက်နက် ကြယ်စင်နဂါးမျက်လုံး ရှိနေလို့ တော်သေးတာပေါ့။”
၎င်းသည် ခရင်းရောင် ကျောက်တစ်လုံးအားထုတ်ကာ စွမ်းအင်ထည့်သွင်းလိုက်သည်။
“နဂါးဧကရီ ကျွန်တော် လမိုက်ည ခရင်းခွပါ။”
......
အန်လင်းနှင့် စုရှောင်လန်မှာ ရှောင်ဇယ်အား ဆက်ရှာခဲ့ကြသည်။
အဓိက နဂါးမျိုးနွယ်စု သုံးခုဝင် ကျင့်ကြံသူများအား မတွေ့ရပါသော်လည်း စိတ်ဝင်စားစရာ သန္ဓေပြောင်းသားရဲများ တွေ့ခဲ့ရသည်။
ဥပမာအားဖြင့် တောင်တစ်တောင်တွင် မြေဆီစားသားရဲအား တွေ့ခဲ့ရသည်။
၎င်းသည် အတောင်ပံများပါပြီး ခြေပုလေးချောင်းနှင့်ဖြစ်ကာ ခန္ဓာကိုယ်မှာ ဝေလငါးများနှင့် ဆင်တူသည်။
၎င်းတို့သည် မြေဆီများစားကာ တစ်ကောင်နှင့်တစ်ကောင် မြေဆီများနှင့်ထွေး၍ ပျော်ရွှင်ကြသည်။
အန်လင်းသည် ထိုကဲ့သို့ နဂါးသွေးဆက်ပါသော သန္ဓေပြောင်းသားရဲအား မတွေ့ခဲ့ဖူးပေ။
စုရှောင်လန်သည် ၎င်းတို့အား သနားစိတ် ဝင်မိသောကြောင့် မသတ်ရန် ဆုံးဖြတ်ခဲ့သည်။
“အန်လင်း ဟိုမှာကြည့်...”
စုရှောင်လန် လက်ညှိုးထိုးပြလိုက်သည်။
“အဲ့တောင်က နင်နဲ့မတူဘူးလား။”
“လိပ်ကြီး မဟုတ်ဘူးလား။”
အန်လင်း စကားဆိုလိုက်သည်။
“ဟုတ်တယ်လေ။”
စုရှောင်လန် အန်လင်းလက်အား တွဲလိုက်သည်။
“နင်က အဲ့နေရာနဲ့ ပက်သတ်နေနိုင်တယ်။ ငါတို့ သွားကြည့်ကြရအောင်။”
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“ဘာပြောတာလဲ။ ကိုယ်က လိပ်တွေနဲ့ ဘာမှမဆိုင်ပါဘူး။”
မည်သို့ပင်ဆိုစေကာမူ သူသည် စုရှောင်လန်နှင့်အတူ ထိုတောင်သို့ သွားခဲ့သည်။
လက်မခံလိုပါသော်လည်း သူသည်လိပ်များနှင့် ပက်သတ်မှုမှာ ငြင်းမရနိုင်တော့ပေ။
မကြာမီပင် တောင်တစ်တောင်အား တွေ့လိုက်ကြရသည်။
“အဆင့်မြင့် ပုံရိပ်ယောင် ဝင်္ကပါပဲ။ ငါမချိုးဖျက်နိုင်ဘူး။”
စုရှောင်လန် ရေရွတ်လိုက်သည်။
“ကိုယ်လုပ်မယ်။”
အန်လင်း စကားဆိုလာသည်။
နတ်ဘုရားစစ်ဆေးမှုနည်းစနစ်.....
ဝင်္ကပါသည် နှစ်ထပ်ဖြစ်ကာ ဒုတိယ အလွှာတွင် ရှုပ်ထွေးသော ဖွဲ့စည်းပုံများ ပါဝင်နေသည်။
“အထင်ကြီးစရာပဲ။ သေချာပေါက် ပစ္စည်းကောင်းတွေ ရှိနေလောက်တယ်။”
အန်လင်း စိတ်လှုပ်ရှားကာ ဝင်္ကပါ အားနည်းချက်အား လက်ဖြင့်ထောက်လိုက်သည်။
၎င်းတို့နှစ်ဦး ထိုအပေါက်မှတဆင့် ဝင်ခဲ့ကြလေသည်။
ကျဥ်းမြောင်းသော လမ်းအဆုံးတွင် အဖြူရောင် အလင်းတစ်ခုအား တွေ့လိုက်ရသည်။
ကြည်လင်သော ကောင်းကင်ပြာတစ်ခုပင်။
အသံလှိုင်းများမှာလည်း သာယာနေလေသည်။
အန်လင်းနှင့် စုရှောင်လန် ကြောင်တောင်တောင် ဖြစ်သွားမိသည်။
အကန့်အသတ်မဲ့သော သမုဒ္ဒရာတစ်ခု ၎င်းတို့ရှေ့တွင် ပေါ်ထွက်လာသည်။
အနီရောင်ဝတ်စုံနှင့် အိပ်ပျော်နေသော အမျိုးသမီးမှာလည်း မျက်ဝန်းများ ပွင့်လာတော့သည်။