ကမ္ဘာကြီး၏ အဆုံးသတ်
Vol. 83 Ch. 1157
အန်လင်းသည် ထိုမျှတောက်ပသော အလင်းတန်းအား မမြင်ခဲ့ဖူးပေ။
ဘိုးဘေးက အရမ်းရင်ထဲထိသွားလို့များလား.....
ရွှမ်းဝူဘိုးဘေးအား အရိုအသေ ပေးမည့်သူ မရှိသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
အလင်းရောင်ကြောင့် နိုးလာသော အော့ရှောင်ဝူမှာ လိပ်ခွံနှင့် အန်လင်းကြောင့် အံ့အားသင့်သွားရသည်။
“ဘာတွေလုပ်နေတာလဲ။”
“ကောင်းချီးခံယူနေတာလား။ ထင်တဲ့အတိုင်း သူကလိပ်ပဲ။ ရွှမ်းဝူနဲ့ ငါ့ကို နှောင့်ယှက်နေတာပေါ့လေ။ ရိုင်းလိုက်တာ။”
သူမ မကျေမနပ်ဖြင့် မျက်လုံးကာ တပ်လိုက်သည်။
အန်လင်းမှာ အလင်းများကြား နစ်မြုပ်နေသည်။
ထိုအလင်းသည် ရွှမ်းဝူ၏ စွမ်းအင်ပင်။
သူသည် ဗာမီလီယမ်ငှက်အား ထိတွေ့ဖူးသောကြောင့် မြင့်မြတ်သားရဲများ၏ စွမ်းအင်သည် မည်သည့်ပုံရှိကြောင်း သိရှိထားသည်။
ခုခံကာကွယ်ရေး တာအိုနှင့် ရေတာအိုတို့အား ရရှိလိုက်ပြီး ရှောင်ရှားခြင်းလိပ်တွင်ပင် ဉာဏ်အလင်းပွင့်သွားသည်။
အချိန်အတော်ကြာပြီးနောက် အလင်းရောင်မှာ ပျောက်ကွယ်သွားသည်။
အန်လင်း၏ လိပ်ခွံမှာ မျက်စိကျိန်းလောက်အောင် တောက်ပနေလေပြီ။
“ဘယ်လိုခံစားရလဲ။”
စုရှောင်လန် ပြုံးကာမေးလိုက်သည်။
“အရမ်းမိုက်တယ်။”
အန်လင်း စိတ်ကျေနပ်နေသည်။
သူလိပ်ခွံအား ပြန်သိမ်းလိုက်သည်။
ဗာမီလီယမ်ငှက်သည် မြင့်မြတ်မောက်မာပြီး သန့်စင်ခြင်းနှင့် လောင်ကျွမ်းခြင်းကို ပိုင်ဆိုင်ထားသည်။
ရွှမ်းဝူသည် ခုခံကာကွယ်ရေးနှင့် အချိန်ဆွဲခြင်းတွင် ထူးချွန်ကာ ၎င်း၏တာအိုမှာ သမုဒ္ဒရာအလား ကျယ်ပြန့်လှပေသည်။
ဤခရီးစဥ်အတွက် ထိုက်တန်သော အသီးအပွင့်များ ရရှိလိုက်သလို ခံစားရသည်။
“ကောင်းကင်ဘုံလိပ်မျိုးနွယ်စု ဘိုးဘေးက ရှေးဟောင်းထိုက်ချူကုန်းမြေထဲ ရှိနေတာ ထူးတော့ထူးဆန်းတယ်။”
စုရှောင်လန် ရေရွတ်လိုက်သည်။
“ကောင်းကင်ဘုံလိပ်မျိုးနွယ်စုက မသိတာ ဒါမှမဟုတ် ရွှေ့မရတာများလား။”
အန်လင်း သုံးသပ်လိုက်သည်။
သူကြိုးစားကြည့်ပါသော်လည်း ရုပ်ထုသည် ကမ္ဘာမြေနှင့် ဆက်နွယ်နေပြီး တစ်လက်မပင် မရွေ့ပေ။
မည်သို့ပင်ဆိုစေကာမူ အန်လင်းနှင့် စုရှောင်လန်မှာ ခန့်မှန်းရသည်ကို စိတ်မဝင်စားပေ။
ဟိုဟိုသည်သည် လျှောက်ကြည့်ပြီးနောက် ဤနေရာမှထွက်ကာ ရှောင်ဇယ်အား ဆက်ရှာရန် ဆုံးဖြတ်လိုက်သည်။
အော့ရှောင်ဝူမှာ ဆက်အိပ်နေလေသည်။
အန်လင်းတို့မှာ အုတ်ခဲနက်အားစီးကာ ပျံသန်းခဲ့ကြသည်။
မကြာမီတွင် လောင်ကျွမ်းနေသော ကုန်းမြေတစ်ခုအား တွေ့လိုက်ရ၏။
မြို့တစ်မြို့နှင့် ဆင်တူပြီး လူသားအသွင်နှင့် သေဆုံးနေသော မိစ္ဆာနဂါးများစွာ ရှိနေသည်။
သွေးနီရောင် မီးတောက်များမှာ နဂါးမီးတောက်များ ဖြစ်သည်။
“နဂါးမျိုးနွယ်စုဝင်တစ်ယောက် သတ်သွားတာဖြစ်မယ်။”
စုရှောင်လန် မျက်မှောင်ကျုံ့လိုက်သည်။
“ဘယ်သူမှတောင် အသက်မရှင်ပါလား။”
အန်လင်း ခေါင်းခါလိုက်သည်။
မိစ္ဆာနဂါးများသည် ၎င်းတို့အတွက် ရန်သူဖြစ်ပါသော်လည်း အလောင်းပုံကြီး တွေ့ရသည်မှာ စိတ်သက်ရာစရာ မရှိပေ။
ထို့အပြင် ၎င်းတို့သည် ကျင့်ကြံသူများ မဟုတ်ကြပေ။
ခြေရာလက်ရာများ ကြည့်ရသည်မှာ အနောက်နဂါးတောမှ ဖွတ်နဂါးလက်ချက် ဖြစ်ပုံရသည်။
အရှေ့ပင်လယ် နဂါးမင်းပိုင်နက်သည် သိုသိုသိပ်သိပ် နေတတ်ကြသောကြောင့် ယခုကဲ့သို့ အပြုအမူမျိုး လုပ်လေ့မရှိကြပေ။
အန်လင်းတို့ ဆက်လက်ပျံသန်းလာခဲ့ကြသည်။
တောတောင်မြစ်ချောင်းများ ကျော်ဖြတ်ကာ တစ်ခါတရံတွင် ဖွတ်နဂါးများနှင့် တွေ့ဆုံပါသော်လည်း မိစ္ဆာနဂါး တစ်ကောင်မှပင် မတွေ့ခဲ့ရပေ။
တစ်နာရီခန့် ကြာပြီးနောက်....
ကုန်းမြေအဆုံးသတ်သို့ ရောက်ရှိလာကြသည်။
အရှေ့တွင် မည်သည့်လမ်းမှ ရှိမနေပေ။
အကန့်အသတ်မဲ့သော ကြယ်စင်ကောင်းကင်ယံကိုသာ တွေ့နိုင်သည်။
“ဒါ ကမ္ဘာကြီးရဲ့ အဆုံးသတ်လား။”
အန်လင်း ရေရွတ်လိုက်သည်။
စုရှောင်လန်သည် မီးလျှံဗာမီလီယမ်ငှက်တစ်ကောင်အား စေလွှတ်လိုက်သည်။ ငါးဆယ်ကီလိုမီတာခန့် ပျံသန်းပြီးနောက် အကာအရံ တစ်ခုအား တိုက်မိကာ ပေါက်ကွဲသွားရသည်။
“ပြင်ပကမ္ဘာနဲ့ ခြားထားတဲ့ပုံပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအကာအရံကို မဖောက်နိုင်လောက်ဘူး။”
စုရှောင်လန် အန်လင်းအားကြည့်ကာ ပြုံးလိုက်သည်။
“ကြည့်ရတာ တကယ်ပဲ ကမ္ဘာ့အဆုံးသတ် ထင်တယ်။”
အန်လင်း ပြုံးကာပြောလာသည်။
“ဒီကမ္ဘာရဲ့ အဆုံးသတ်ပဲ ရှိပါသေးတယ်။ တခြားကမ္ဘာတွေက ကိုယ်တို့ကို စောင့်နေမှာပဲ။”
စုရှောင်လန် အန်လင်းလက်အား ကိုင်လိုက်သည်။
“ကမ္ဘာတိုင်းရဲ့ အဆုံးသတ်ကို နင်နဲ့အတူ ကြည့်ချင်တယ်။”
အန်လင်း ရင်ခုန်သွားရသည်။
သူမသည် ကြယ်စင်အလင်းအောက်တွင် လှပလွန်းသော ကောင်းကင်နတ်မိမယ် တစ်ပါးလိုပင်။
“ကြယ်တွေက အရမ်းလှတာပဲ။”
“တခြားစကား မရှိတော့ဘူးလား။”
၎င်းတို့မှာ ကလူ၏ မြှူ၏ ကြည်နူးနေကြသည်။
......
ရှေးဟောင်းထိုက်ချူကုန်းမြေ၏ နဂါးနယ်မြေ အလယ်ဗဟို၌
ကြီးမားလှသော ရွှေလက်ဝါးကြီးမှာ အနက်ရောင် ဖွတ်နဂါးအား ဖိနှိပ်ပစ်နေသည်။
နဂါးကြီး၏ အော်ဟစ်သံမှာ ပဲ့တင်ထပ်နေလေသည်။
ထို့နောက် ၎င်းအသက်မဲ့သွားတော့သည်။
သတ်ဖြတ်လိုက်သော နဂါးမှာ ခရမ်းရောင်ကျောက်အား ထုတ်လိုက်သည်။
“နဂါးဧကရီ ဧရိယာ နှစ်နဲ့သုံးကို ရှင်းပြီးပါပြီ။”
“ကောင်းတယ်။ ပြန်လာခဲ့လိုက်တော့ ပေါင်းဖော်လုံ...”
ပေါင်းဖော်လုံမှာ တစ်နေရာသို့ ပျံသန်းထွက်ခွာသွားသည်။
နဂါးနယ်မြေ၏ အလယ်ဗဟိုတွင် အခြားသူများလည်း စုဝေးနေသည်။
ထိုနေရာသည် တောင်ကိုးဆယ့်ကိုးလုံး ပါဝင်သော စက်ဝိုင်းသဏ္ဍာန် နေရာတစ်ခုပင်။
အလင်းရောင် ကလေးပင် မရှိသော ထိုနေရာမှာ မှောင်မိုက်လွန်းလှသည်။
လက်ရှိအချိန်တွင် သက်ရှိပေါင်း တစ်သောင်းကျော် ရောက်ရှိနေလေသည်။
ထိုသည်မှာ ရှေးဟောင်းထိုက်ချူကုန်းမြေမှ မိစ္ဆာနဂါးများ ဖြစ်ကြသည်။
လမိုက်ည ခရင်းခွလည်း ၎င်းတို့ထဲတွင် ရှိနေသည်။
အမျိုးသမီး နဂါးမျိုးနွယ်စုဝင်တစ်ဦး ရောက်ရှိလာသည်။
သူမ၏ သွေးနီရောင် မျက်ဝန်းများမှာ ကြည်လင်တောက်ပနေလေသည်။
“ဒါငါတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ကီလိုမီတာ ငါးထောင်အတွင်း ဝင်လာတဲ့သူမှန်သမျှ သေရမယ်။”
“တာဝန်အတွက် အသက်ပေးချင်ပါတယ်။”
အားလုံးမှာ ပဲ့တင်ထပ်အောင် အော်ဟစ်လိုက်ကြတော့သည်။