← Chapters

ပြိုပျက်တော့မည့်ကမ္ဘာ

Vol. 83 Ch. 1159

ပြိုပျက်တော့မည့်ကမ္ဘာ

Vol. 83 Ch. 1159

အနက်ရောင် နဂါးကြီး၏ အရှိန်အဝါမှာ ဖုံးကွယ်မရအောင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

သေတ္တာပေါက်ကွဲသွားပြီးနောက် ထိုနဂါးကြီး ထွက်လာခြင်းပင်။

အန်လင်းသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်မှ ရရှိဖူးသော သတင်းအချက်အလက်များအား ပြန်တွေးလိုက်သည်။

ထိုသည်မှာ ရှောင်တု၏ ကိုးကြိမ်မြောက် ပြန်လည်ရှင်သန်ခြင်း ဝှက်ဖဲ ဖြစ်သည်။ ရှောင်တုသည် ထိုသေတ္တာမှတဆင့် ပြန်လည်ရှင်သန်လာနိုင်သည်။

ဒါဆိုရင်.....

အန်လင်း မျက်လုံးပြူးသွားသည်။

“မင်း... မင်းက ရှောင်တုလား။”

နဂါးနက်ကြီးမှာ အန်လင်းအား လှည့်ကြည့်လာသည်။

“ဟားဟားဟား.. သခင်လေးအန်လင်း ကျုပ်တို့ တွေ့ကြပြန်ပြီနော်။ ကံပါတာပဲ။”

အန်လင်း မျက်နှာပျက်သွားသည်။

ယီးကို ကံပါပါလား.... ငါ့ရတနာထဲက ထွက်လာပြီးတော့.... အင်း ရတနာက ရှောင်တုဟာပါပဲလေ.....

စုရှောင်လန် အံ့အားသင့်သွားသည်။

“သေချင်ပေမယ့် သေမရတဲ့ ရှောင်တုလား။”

“သူပဲလေ။”

အန်လင်း ခေါင်းညိတ်ပြလာသည်။

စုရှောင်လန်မှာ နဂါးကြီးအားကြည့်ကာ မယုံကြည်နိုင် ဖြစ်နေမိသည်။

“တော်တော်ကံဆိုးတာပဲ။ ဒီကိုရောက်ရောက်ချင်း အသတ်ခံလိုက်ရတယ်လို့။”

ရှောင်တု မကျေမနပ်ပင် ဖြစ်နေရသည်။

ထိုအချိန်တွင် ကောင်းကင်နှင့်မြေပြင်မှာ တုန်ခါလာပြန်သည်။

အလင်းတန်း ကိုးဆယ့်ကိုးသွယ်မှာ ပိုမိုတောက်ပလာသည်။

ကြယ်စင်ကောင်းကင်ယံ၏ အပေါက်မှာလည်း ပို၍ပြန့်ကားလာသည်။

လောကနိယာမ တစ်ခုခု ပြိုပျက်သွားပုံရကာ ပြင်းထန်လှသော လေများ တိုက်ခတ်လာတော့သည်။

အန်လင်း ကူကယ်ရာမဲ့စွာ မေးလိုက်သည်။

“မိစ္ဆာနဂါးတွေက ဘာလုပ်နေတာလဲ။”

“ငါ့အသွေးအသားနဲ့ ထိုက်ချူကုန်းမြေဆီ လမ်းဖောက်ဖို့ လုပ်နေတာလေ။”

ရှောင်တုထံမှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ဖြာထွက်လာသည်။

“သူတို့ အောင်မြင်သွားလား။”

စုရှောင်လန် သိချင်မိလာသည်။

“ငါ့ခန္ဓာကို ရရင်တောင် အောင်မြင်ဖို့က ငါ့ခွင့်ပြုချက် တောင်းခံမှရမယ်။”

ရှောင်တု စကားဆိုလိုက်သည်။

“အဲ့မှာ အများကြီး ရှိနေတာကို သွားတိုက်ဦးမလို့လား။”

အန်လင်း မေးမြန်းလိုက်သည်။

“ကောင်းကင်ကိုကြည့်လိုက်။”

ရှောင်တု ညွှန်ပြလာသည်။

“အဲ့အပေါက်သာ ဆက်ကျယ်လာရင် ဒီကမ္ဘာကပျက်လိမ့်မယ်။”

“မင်းတို့ကို ပြန်မခေါ်ခင်မှာ ဒီကမ္ဘာပျက်သွားရင် ထိုက်ချူကုန်းမြေဆီ အသက်ရှင်လျက် ပြန်နိုင်ဦးမယ်လို့ထင်လား။”

အန်လင်းတို့ ထိတ်လန့်သွားရသည်။

“တားသင့်တာ တားရမှာပေါ့။”

အန်လင်း ဆုံးဖြတ်လိုက်သည်။

“ရှေးဟောင်းနဂါးနယ်မြေကို ကာကွယ်ရမယ်။”

စုရှောင်လန်၏ အမူအရာမှာ လေးနက်နေ၏။

ရှောင်တု ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

ဒင်းတို့က သေမှာတော်တော်ကြောက်တာပဲ....

မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ ရှက်စရာ မဟုတ်ပေ။

“မိစ္ဆာနဂါးတွေကို တားမှရမယ်။”

ရှောင်တု အရှေ့မှ ဦးဆောင်လိုက်သည်။

အန်လင်းတို့လည်း နောက်မှလိုက်ပါသွားကြသည်။

အရှေ့ပင်လယ် နဂါးမင်းပိုင်နက်နှင့် အနောက်နဂါးတောတို့လည်း ပြဿနာအား ခန့်မှန်းမိနေပြီ ဖြစ်သည်။

၎င်းတို့သည်လည်း အလင်းတန်း ကိုးဆယ့်ကိုးသွယ်ထံ ဦးတည်လာကြတော့သည်။

“ဟေးဒီးစ် ဖြည်းဖြည်းသာသာသွားပါ။”

“အချိန်မရှိဘူး။ ဒီမှာ စတစ်မြစ်လည်း မရှိဘူး။ သေရင်တကယ်သေရမှာပဲ။”

“မင်းရူးသွားပြီပဲ။”

(စတစ်မြစ်က ဂရိဒဏ္ဍာရီထဲက မြေအောက်ကမ္ဘာမြစ်ပါ။)

........

ထိုသည်မှာ အရေးကြီး ပြဿနာပင်။

ကမ္ဘာ့အဆုံးသတ်တွင် နေထိုင်ကြသူများပင် ထိုကောင်းကင်ပေါက်မှ ပျက်စီးခြင်း အငွေ့အသက်အား ခံစားမိနေကြသည်။

ပြင်းထန်လှသော မရဏ အငွေ့အသက်များကြောင့် သက်ရှိများအားလုံး ကြောက်ရွံ့တုန်လှုပ်ကုန်သည်။

လူငယ်တစ်ဦးမှာ တောင်ထိပ်တွင် ရှိနေလေသည်။

“အချိန်စီးကြောင်းထဲမှာ ငါ့မိသားစု ပါသွားရုံတင် မကဘူး။ ဒီကမ္ဘာပါ ပျက်တော့မှာလား။”

ထိုလူငယ်လေး မျက်ရည်ဝဲလာသည်။

“ငါဘာလုပ်နိုင်မှာလဲ။”

“ငါသေချာပေါက် လွတ်မြောက်မှရမယ်။ အဲ့ဒါမှ အနာဂတ် အခွင့်အရေးတွေ ရှိလာမှာ။”

လူငယ်လေးမှာ ဉာဏ်အလင်းပွင့်သွားသည့်နှယ် မျက်ဝန်းများ တောက်ပလာသည်။

လူငယ်လေးမှာ အပျက်အစီးများကြား တည်တည်ငြိမ်ငြိမ် ဝင်ရောက်သွားလေသည်။

....

တောင် ကိုးဆယ့်ကိုးလုံး အလယ်၌...

လှံမှာ ကမ္ဘာနှစ်ခုအား ထိုးဖောက်နေသည်။

အဖျက်စွမ်းအင်များအား ဝင်္ကပါမှ ကာစီးပေးထားသည်။

ဝင်္ကပါ အတွင်းဘက်သည် အပြင်နှင့် မတူပဲ ငြိမ်းချမ်းနေသည်။

“တစ်ခုခု မှားနေသလိုပဲ။”

နဂါးဧကရီ တစ်နေရာအား လှမ်းကြည့်လိုက်သည်။

“ဘယ်လိုလုပ် ပြန်ရှင်လာတာလဲ။ သွေးယစ်ပူဇော်တာ အောင်မြင်တယ် မဟုတ်ဘူးလား။”

ထိုအချိန်တွင် ခရမ်းကျောက် လင်းလက်လာသည်။

နဂါးဧကရီ မေးမြန်းလိုက်သည်။

“ဘာဖြစ်တာလဲ။”

လမိုက်ည ခရင်းခွ တင်ပြလိုက်သည်။

“ဟင်းလင်းပြင်သို့အပြန်အဆင့် ဆယ့်နှစ်ယောက်နဲ့ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း ငါးဆယ့်တစ်ယောက် ရောက်လာနေပါတယ်။ အဲ့ထဲက ငါးယောက်က ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်ပါ။”

“နင်တို့ ကိုင်တွယ်နိုင်လား။”

“ပစ်မှတ်တွေရဲ့ တည်နေရာကို သိပြီးပါပြီ။”

လမိုက်ည ခရင်းခွ ဖြေကြားလိုက်သည်။

“အကုန်လုံးကိုသတ်ပစ်။”

နဂါးဧကရီ အမိန့်ပေးလာသည်။

အခြားသူများ ရောက်မလာခင် လက်ရှိ ရှိနေသူများအား အပြတ်ရှင်းမှ ရလိမ့်မည်။

အန်လင်းတို့မှာ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာနဂါး နှစ်ကောင်အား တွေ့လိုက်ရတော့သည်။

All Chapters