နဂါးဧကရီနှင့် လမိုက်ညခရင်းခွ
Vol. 83 Ch. 1166
နဂါးဧကရီသည် အော့ရှန်းယွီအား သတ်ဖြတ်ရန် တန်ကြေးအချို့ ပေးဆပ်လိုက်ရသည်။
သူမ ဒဏ်ရာအချို့ ရရှိလိုက်ကြောင်း သိသာနေသည်။
သူမ၏ တိုက်ခိုက်ပုံမှာ ရက်စက်ခက်ထန်လွန်းသည်။ သူမသည် ရန်သူများအား တတ်နိုင်သမျှ အမြန်ဆုံး ရှင်းထုတ်မည့်ပုံ ရှိသည်။
၎င်းတို့သည် ရန်သူများအား အချိန်ဆွဲထားနိုင်လျှင် ကောင်းနေပြီ ဖြစ်ပါသော်လည်း သတ်ပစ်ရန်သာ ဆုံးဖြတ်ခဲ့ကြသည်။
ထိုသည်မှာ ရန်သူများ စုပေါင်းတိုက်ခိုက်နိုင်မည့် အခွင့်အရေး မရစေရန်လည်း ဖြစ်သည်။
စစ်အေးတိုက်ပွဲသာဆိုပါက ရှုံးနိုင်ခြေ ရှိသောကြောင့် မိစ္ဆာနဂါးများမှာ ရန်သူများအား အမြန်ဆုံး အဆုံးသတ်ရန် ကြိုးစားနေကြခြင်းပင်။
အန်လင်းသည် လက်ရှိအချိန်တွင် အင်အားစုဆောင်းရန် အရေးကြီးသည်ဟု ခံစားမိသည်။
မည်သို့ပင်ဆိုစေကာမူ နဂါးဧကရီအား လျစ်လျူရှုထား၍ မရပေ။
နဂါးဧကရီ၏ ကြောက်မက်ဖွယ ဖိအားကြောင့် အန်လင်းမှာ အသက်ရှူပင် ကြပ်လာရသည်။
သူမသည် အော့ရှန်းယွီကိုပင် လျင်မြန်စွာသတ်ဖြတ်ခဲ့သောကြောင့် ၎င်းတို့ကိုလည်း သတ်နိုင်ပေလိမ့်မည်။
နဂါးဧကရီထံမှ အနီရောင် အံ့ဖွယ်တာအိုများ ဖြာထွက်ကာ သွေးမျက်ရည်များ စီးကျလာသည်။
ကောင်းကင်ထက်မှလည်း သွေးမိုးများ ရွာလာလေသည်။
သတ်ဖြတ်ခြင်းရဲ့ နာကျင်မှု....
ထိုသည်မှာ အော့ရှန်းယွီအား သတ်ပစ်ခဲ့သောအရာ ဖြစ်သည်။
နဂါးဧကရီသည် အဝေးမှ ရောက်လာနေသော အရှိန်အဝါ တစ်ခုကို အာရုံခံမိနေသောကြောင့် အန်လင်းတို့အား အချိန်ဆွဲကာ တိုက်မနေချင်ပေ။
ရန်သူသစ် ရောက်မလာခင် ရန်သူဟောင်းများအား အမြစ်ဖြတ်ရပေလိမ့်မည်။
နဂါးဧကရီမှာ သွေးမျက်ရည်များသာမက ကြေးခွံများအောက်မှပင် သွေးများစီးကျလာသည်။
အဝေးတစ်နေရာ၌....
လမိုက်ည ခရင်းခွသည် နဂါးဧကရီအားကြည့်ကာ ကူကယ်ရာမဲ့သလို ခံစားလာရသည်။
“ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ။”
သူသည် နဂါးဧကရီအား ပထမဆုံး တွေ့ဆုံခဲ့ပုံကို အမှတ်ရလာမိသည်။
ထိုအချိန်တွင် နဂါးဧကရီသည် အလှတရားရော၊ တိုက်ပွဲစွမ်းရည်တွင်ပါ လောကကြီး၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ကာ မည်သူကမှ မော်ပင်မကြည့်ရဲကြပေ။
“မမ နဂါးဧကရီ ကျွန်တော်တို့က တခြားနဂါးမျိုးနွယ်စုဝင်တွေကို ဘာလို့တိုက်နေရတာလဲ။”
ခုနစ်နှစ်သား လမိုက်ည ခရင်းခွမှာ သတ္တိစုကာ မေးမြန်းကြည့်လိုက်သည်။
ထိုသတ္တိကြောင့် သူ၏တစ်ဘဝလုံး ပြောင်းလဲသွားခဲ့သည်။
နဂါးဧကရီမှာ လမိုက်ည ခရင်းခွအား ခေါင်းပုတ်ကာ ရှင်းပြသည်။
“သူတို့က အပြင်ကမ္ဘာကလေ။ ငါတို့ကိုသတ်ပြီး နဂါးစွမ်းအင် ယူချင်နေကြတာ။ အဲ့ဒါကြောင့် ငါတို့မှာ ရွေးချယ်စရာ မရှိဘူး။”
“ကျွန်တော်တို့ ပုန်းနေလို့ မရဘူးလား။ ဖေဖေနဲ့မေမေကလည်း လွန်ခဲ့တဲ့ နှစ်နှစ်တည်းက ပြန်မလာတော့ဘူး။”
လမိုက်ည ခရင်းခွမှာ မိဘများအား လွမ်းဆွတ်နေခဲ့ရသည်။
နဂါးဧကရီ မျက်လွှာချလိုက်သည်။
ထိုကလေး၏ မိဘများ မည်သို့ဖြစ်ပျက်သွားသည်ကို သူမ သိရှိနေသည်။
“ပုန်းစရာ နေရာမရှိဘူးလေ။ သူများ အနိုင်မကျင့်နိုင်အောင် သန်မာလာမှရမယ်။”
“နင်သာ ပိုသန်မာလာရင် မိဘတွေကို တွေ့နိုင်မှာပါ။ အခု နင့်မိဘတွေက နင့်ကို ကာကွယ်ပေးဖို့ ထွက်သွားကြတာ။”
နဂါးဧကရီမှာ အဖြူရောင်မုသားအား ဆိုခဲ့သည်။
သူမသည် ထင်မှတ်ထားသည်နှင့် မတူပဲ နွေးထွေးနူးညံ့သောကြောင့် လမိုက်ည ခရင်းခွ၏ ကြောက်စိတ်များ ပျောက်ကွယ်သွားရသည်။
“ကျွန်တော်တို့လည်း နဂါးမျိုးနွယ်စုဝင်တွေပဲကို ဘာလို့ မိစ္ဆာနဂါးလို့ ခေါ်ကြတာလဲ။”
“သူတို့ကိုယ်သူတို့ အပြစ်ရှိတယ်လို့ ခံစားစရာ မလိုပဲ သတ်ပစ်နိုင်အောင်လေ။”
နဂါးဧကရီ တုံ့ပြန်လိုက်သည်။
“ဆိုးလိုက်တာ။ အဲ့လိုမဟုတ်ကြောင်း ပြန်ပြောသင့်တယ်မလား။”
လမိုက်ည ခရင်းခွ မကျေမနပ် ဖြစ်သွားသည်။
“မလိုပါဘူး။ ငါတို့က ဘယ်လောက်မိစ္ဆာဆန်လဲ ပြပေးလိုက်ရုံပဲလေ။ မိစ္ဆာနဂါးတွေက ဘယ်လောက်ထိ သွေးဆာတတ်လဲ သိသွားရင် သူတို့ လာရှုပ်ရဲတော့မှာ မဟုတ်ဘူး။”
“အဲ့လိုဟန်ဆောင်လိုက်ရင် ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာလား။”
လမိုက်ည ခရင်းခွ မေးမြန်းလိုက်သည်။
“နင်က ဉာဏ်ကောင်းသားပဲ။ ဟန်ဆောင်ရုံနဲ့တော့ မရဘူး။ မိသားစုကို ကာကွယ်ချင်ရင် တကယ်ရက်စက်တတ်ရတယ်။ နင်ငါနဲ့တူတူ ကျင့်ကြံချင်လား။”
လမိုက်ည ခရင်းခွ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“တ... တကယ်လား။ သင်ပေးချင်လို့လားဟင်။”
“နင်က ပါရမီ ကောင်းတယ်လေ။ ငါတို့ မျိုးနွယ်စုရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်။”
နဂါးဧကရီ ပြုံးကာပြောလာသည်။
လမိုက်ည ခရင်းခွမှာ အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။
“သခင်မ ကျွန်တော် ကြိုးစားပါ့မယ်။ မိသားစုတင်မကပဲ သခင်မကိုပါ ကာကွယ်ပေးနိုင်အောင် လုပ်ပါ့မယ်။”
နဂါးဧကရီ ခေါင်းပုတ်ပေးလိုက်သည်။
“အဲ့နေ့ကို စောင့်နေမယ်နော်။”
ထိုနေ့တွင် များပြားလှသော စကားများ ပြောခဲ့ကြသောကြောင့် လမိုက်ည ခရင်းခွမှာ အသေးစိတ် မမှတ်မိတော့ပေ။
ထိုနေ့တွင် နဂါးဧကရီ၏ အပြုံးများ တောက်ပနေခဲ့သည်။
လမိုက်ည ခရင်းခွသည် အမှန်တကယ်ပင် မိစ္ဆာနဂါးများကြား အထူးချွန်ဆုံးသူတစ်ဦး ဖြစ်လာခဲ့သည်။
သို့သော် ကမ္ဘာပျက်ကပ်နှင့်အတူ သွေးချောင်းစီးသော တိုက်ပွဲများ ဖြစ်နေခဲ့လေပြီ။
လမိုက်ည ခရင်းခွသည် နဂါးဧကရီအား ပေးခဲ့သော ကတိသစ္စာကို ယခုထိတိုင် မှတ်မိနေသေးသည်။
“သခင်မ ကျွန်တော် တကယ်အသုံးမကျတာပဲ။”
လမိုက်ည ခရင်းခွ ရေရွတ်လိုက်သည်။ သူသည် နဂါးဧကရီအား နှလုံးသားများ သွေးချောင်းစီးသလို ခံစားနေရသည်။
စစ်မြေပြင်၌....
နဂါးဧကရီမှာ သွေးမျက်ရည်များ စီးကျနေသည်။
အနီရောင် အံ့ဖွယ်တာအိုမှာ အန်လင်းတို့အား လွှမ်းခြုံသွားလေသည်။
စုရှောင်လန်သည် အန်လင်းလက်အားဆွဲကာ လိပ်ခွံအား ဆုပ်ကိုင်လိုက်သည်။
ဝုန်း....
လိပ်ခွံကြီးမှာ ၎င်းတို့အား ဖုံးကာသွားသည်။
လိပ်ခွံအား အံ့ဖွယ်အလင်းမှ ကာရံထားသည့်အပြင် ကုယွီကိုယ်တိုင် ရှိနေသလို တာအိုပေါင်းစည်းခြင်းအဆင့်၏ တာအိုစိတ်ဆန္ဒကပါ ကာကွယ်ပေးနေသည်။
ထိုလိပ်ခွံသည် တာအိုပေါင်းစည်းခြင်း အဆင့်များကိုပင် ခုခံကာကွယ်နိုင်၏။
လိပ်ခွံမှာ နဂါးဧကရီ၏ အနီရောင် အံ့ဖွယ်တာအိုအား ကာကွယ်လိုက်လေသည်။