← Chapters

စစ်နတ်ဘုရားကျန်းရီ

Vol. 107 Ch. 1482

စစ်နတ်ဘုရားကျန်းရီ

Vol. 107 Ch. 1482

သိမ်းငှက်စိမ်းဘုရင်သည် ကျန်းရှောင်နူကိုခေါ်၍ ပြန်သွား၏။ ကျန်းရီသည် သူတို့ထွက်သွားသည်ကို မည်သို့မှမတတ်နိုင်ဘဲ ရပ်ကြည့်၍သာ နေခဲ့ရသည်။ သူ့တွင် သူတို့ကိုတားရန် စွမ်းရည်မရှိသေးပေ။ တားစရာအကြောင်းလည်း မရှိချေ။ သိမ်းငှက်စိမ်းဘုရင်က ကျန်းရှောင်နူ၏ အဖေအရင်း မဟုတ်လော။

ကောင်းကင်ထဲမှ မျက်နှာနှစ်ခုက ဖြည်းဖြည်းချင်း ပျောက်ကွယ်လာ၏။ ကျန်းရီ ဆက်တောင့်မခံနိုင်‌တော့ပေ။ နောက်ဆုံးတွင် သူ ဒူးတစ်ဘက် ထောက်လိုက်သည်။ မီးနဂါးဓားကြောင့်သာ မဟုတ်လျှင် သူ အစောကတည်းက လဲပြိုကျသွားလောက်ပေပြီ။ သိမ်းငှက်စိမ်းဘုရင်၏ စွမ်းအားများက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သူက ကျန်းရီကို တိုက်ရိုက်မတိုက်ခိုက်ခဲ့သော်လည်း သူ၏အရှိန်အဝါနှင့်ပင် ကျန်းရီ၏ ကိုယ်တွင်းအင်္ဂါများ ပွင့်ထွက်သွားပြီး အရိုးများ ကျိုးသွားခဲ့သည်။

ကျန်းရီ၏ခန္ဓာကိုယ်တွင် အနာကျင်နေဆုံးရာမှာ နှလုံးသားဖြစ်သည်။

ကျန်းရီ၏နှလုံးသားသည် သူတော်စင်ဝိညာဉ်တောင်မှာကတည်းက အလွန်နာကျင်နေခဲ့ရပြီးဖြစ်၏။ သူသည် ရီဖျောင်ဖျောင်ကို မကယ်တင်နိုင်ခဲ့ပေ။ ဤတစ်ခေါက်တွင်လည်း တူညီသောအရာတစ်ခု ဖြစ်လာပြန်သည်။ ကျန်းရှောင်နူကို ခေါ်ထားနိုင်ရန် သူ့တွင် လုံလောက်သောအစွမ်းအစ မရှိခဲ့ချေ။ ကျန်းရှောင်နူ ခေါ်သွားခံရသည်ကို သူ ရပ်ကြည့်၍သာ နေခဲ့ရသည်။

ကျန်းရီ ခေါင်းငုံ့ကာ မျက်လုံးမှိတ်လိုက်၏။ သူ့ရင်ထဲတွင် ဒေါသများ ဗလောင်ဆူနေသည်။ သူ၏ စွမ်းအားကြီးလိုစိတ်က ပိုပြင်းပြလာသည်။ ကောင်းကင်ပင် သူ့မျက်လုံးများကို ထပ်မပိတ်နိုင်စေရဟု သူ စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။ သူ၏ကံကြမ္မာကို တခြားသူများက ထိန်းချုပ်မည်ကို သူမလိုလားပေ။ သူ အထက်ဘုံတွင် စွမ်းအားအကြီးဆုံးသူ ဖြစ်လာလိုသည်။ ဤနာကျင်မှုများကို သူ ထပ်မခံလိုတော့ချေ။

ဝှစ်...ဝှစ်...ဝှစ်...

စွမ်းအားကြီး သိုင်းသမားများက လျင်မြန်စွာ ပျံသန်းလာပြီး တိမင်နှင့် ကျိုးထျန်းဝူတို့ကို ကယ်တင်ရန် လုပ်လိုက်ကြ၏။ သိမ်းငှက်စိမ်းဘုရင်က သူတို့ကို သေလောက်အောင် မတိုက်ခိုက်ခဲ့ပေ။ သူတို့အားလုံး အပြင်းအထန် ဒဏ်ရာရသွားခဲ့သော်လည်း မည်သူမှ မသေခဲ့ချေ။ မိုလင်းချိုးသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ရွေးချယ်စရာမရှိတော့သဖြင့် အဖွဲ့ကို မြို့အရှင်စံအိမ်ထဲ ပြန်ခေါ်လိုက်ရသည်။ သူသည် သူတို့ကို တမလွန်ဘုံစစ်တပ်အား သွားရှင်းမပစ်ခင် တစ်ခဏ အနားယူစေလိုက်သည်။ သူတို့က အပြင်းအထန် ဒဏ်ရာရထားပြီဖြစ်၍ တမလွန်ဘုံမိစ္ဆာများက သူတို့ကို အလွယ်တကူ သတ်ပစ်နိုင်လောက်သည့် အန္တရာယ် ရှိနေပေပြီ။

ကျန်းရီသည် ဆက်တောင့်မခံထားနိုင်တော့ဘဲ သတိလစ်သွားခဲ့၏။ သူ အခန်းတစ်ခန်းထဲ ခေါ်သွားခံခဲ့ရသည်။ မိုလင်းချိုးသည် သူ၏ဒဏ်ရာများကို တောင့်ခံ၍ အခြားမြို့များမှ တပ်သားများနှင့် အရင်းအမြစ်များကို စုစည်းလိုက်၏။ သူတို့မြို့မှ စွမ်းအားကြီး သိုင်းသမားများက ဒဏ်ရာရထားကြပေပြီ။ သူတို့ ချက်ချင်း တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အခြားမြို့များမှ တပ်သားများကိုသာ စုစည်း၍ စေလွှတ်ရပေမည်။

တော်သေးသည်မှာ သူတို့အားလုံး စွမ်းအားကြီး သိုင်းသမားများ ဖြစ်နေ၍ပင်။ နာရီနှစ်ဆယ်ကျော်အတွင်းမှာပင် သူတို့၏ဒဏ်ရာများက သက်သာလာကြသည်။ သူတို့၏ ဒဏ်ရာပြန်ကောင်းနှုန်းက ကြောက်မက်ဖွယ်ပင်။ သူတို့၏ရုပ်ခန္ဓာများက အလွန်သန်မာကြသည်။ သို့သော် ကျန်းရီကတော့ သတိပြန်လည်မလာသေးချေ။ သို့ဖြစ်၍ သူတို့ တိုင်ပွဲသို့ မသွားနိုင်ကြသေးပေ။ ထို့ကြောင့် ဆက်ဒဏ်ရာကုသ၍သာ ကျန်းရီ သတိလည်လာမည့်အချိန်ကို စောင့်နေကြရလေသည်။

ကျန်းရီသည် တစ်ရက်နှင့်တစ်ည မေ့မြောနေခဲ့၏။ သူ သတိလည်လာသောအခါတွင် အတော်လေး ပြန်ကောင်းနေပြီဖြစ်သည်။ သူ အခက်အခဲသိပ်မရှိဘဲ လှုပ်ရှားနိုင်လာပေပြီ။ သူသည် စကားတစ်ခွန်းမှ မပြောဘဲ အဖွဲ့ကို တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ မိုလင်းချိုးသည်လည်း မည်သို့မှ မပြောချေ။ သူသည် တိမင်တို့အား ကျန်းရီကို ကောင်းကောင်းကာကွယ်ပေးရန်သာ မှာလိုက်သည်။

ကျန်းရီတို့အဖွဲ့သည် အန္တရာယ်အများဆုံးမြို့ ဖြစ်နေသည့် ရေလျှံကန်မြို့သို့ တည်နေရာပြောင်းရွှေ့လိုက်ကြ၏။ သူတို့ ထိုမြို့သို့ရောက်သည်နှင့် အခြေအနေက အမှန်ပင် ဆိုးဝါးနေကြောင်း သိလိုက်ရသည်။ တိုက်ပွဲထဲတွင် လူသားတပ်သားတစ်သန်းလောက် ကျဆုံးသွားခဲ့ပြီဟု ဆိုကြပေသည်။

တမလွန်ဘုံတပ်သားများစွာ ရှိနေသည်။ ကျန်းရီတို့သည် တမလွန်ဘုံတပ်သားများကို ခုခံရန် မြို့အကာအရံအပေါ်တွင် မှီခို၍ မရပေ။ ထိုအကာအရံ ကျိုးပျက်သွားသည်နှင့် သာမန်မြို့သူမြို့သားများအတွက် အန္တရာယ်ရှိသွားပေလိမ့်မည်။ တည်နေရာပြောင်းရွှေ့အစီအရင်က မြို့သူမြို့သူများကို အခြားမြို့များသို့ အဆက်မပြတ် ပို့ဆောင်ပေးနေသော်လည်း မျိုးနွယ်စုမှလူများ တက်လာမည်ဆိုလျှင် မြို့ထဲ၌ အရပ်သူအရပ်သား အရေအတွက် အလွန်များသွားပေလိမ့်မည်။ တည်နေရာပြောင်းရွှေ့အစီအရင်က တစ်ကြိမ်လျှင် လူအနည်းငယ်သာ တည်နေရာပြောင်းရွှေ့ပေးနိုင်ပေသည်။

ကျန်းရီတို့ ရောက်လာသောအခါ တစ်မြို့လုံး စိတ်အားတက်သွားကြ၏။ ကျန်းရီသည် အပိုစကားများ ပြောမနေတော့ဘဲ ချက်ချင်းအော်၍ အမိန့်ပေးလိုက်သည်။

“သတ်ကြ...”

အကာအရံအလွှာ ပွင့်သွားပြီး ကျန်းရီတို့အဖွဲ့သည် မဆုတ်မနစ် တိုက်ခိုက်နေကြသော မြိုပြင်ရှိ လူသားတပ်သားများဆီ ပျံသန်းသွားလိုက်ကြ၏။ သူတို့လူနှစ်ဆယ်တွင် ဆယ့်ရှစ်ယောက်က တိုက်ပွဲတွင် ဝင်ပါ၍ တမလွန်ဘုံစစ်သူကြီးများကို တိုက်ခိုက်လိုက်ကြသည်။ ကျန်းရီကမူ တိမင်နှင့် ကျိုးထျန်းဝူကိုခေါ်၍ အရင်းအမြစ်များ လိုက်ရှာလိုက်သည်။ တစ်ချိန်တည်းမှာပဲ တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံထားရသော လူသားသိုင်းသမားများကို ကယ်တင်လိုက်ပေသည်။

လေးနာရီအတွင်းမှာပင် အခြေအနေတစ်ခုလုံးကို ထိန်းချုပ်နိုင်လိုက်သည်။

စွမ်းအားကြီး သိုင်းသမား ဆယ့်ရှစ်ယောက် ကျားရဲများကဲ့သို့ ခက်ထန်ခဲ့သည်။ ကျန်းရီ၏ တံဆိပ်စာလုံးများကလည်း အကူအညီပေးခဲ့ရာ တမလွန်ဘုံစစ်သူကြီးများကို သတ်ဖြတ်ရန် လွယ်ကူခဲ့သည်။ တမလွန်ဘုံစစ်သူကြီးများ သေဆုံးသွားသောအခါ တမလွန်ဘုံတမန်တော်များသာ ကျန်ခဲ့သည်။ ၎င်းတို့ကို သတ်ဖြတ်ရန်မှာ လွယ်ကူပေသည်။ လေးနာရီအတွင်း ကျန်းရီ အနည်းဆုံး လူတစ်ယောင်လောက်ကို ကယ်တင်နိုင်ခဲ့သည်။ ထို့ကြောင့် တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံခဲ့ရသူများ မရှိသလောက်နည်းခဲ့ပေသည်။

“သွားကြမယ်...”

ကျန်းရီသည် အခြေအနေက တည်ငြိမ်သွားပြီဖြစ်ကြောင်း တွေ့လိုက်သောအခါ မျက်နှာသေဖြင့် အော်ပြောလိုက်၏။ တိမင်နှင့် ကျိုးထျန်းဝူတို့က ကျန်းရီကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။ ထို့နောက် တိမင်က မေးလေသည်။

“ကျန်းရီ... မင်း နားချင်လား။ မင်းပုံစံကြည့်ရတာ သိပ်မကောင်းဘူး...”

“ရပါတယ် မလိုပါဘူး”

ကျန်းရီသည် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်ပြီး မြို့ဆီသို့ ပျံသန်းသွားလိုက်သည်။ တစ်ဖွဲ့လုံး သူ့အနောက်မှ လိုက်လာပြီး ဒုတိယမြို့ဆီသို့ တည်နေရာပြောင်းရွှေ့လိုက်ကြပေသည်။

ခြောက်နာရီကြာပြီးနောက် ဒုတိယမြို့မှ အခြေအနေကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။ စွမ်းအားကြီး သိုင်းသမားများက ဒဏ်ရာရထားကြသဖြင့် အတော်လေး ပင်ပန်းနေပုံပေါ်လာသည်။ သို့သော် ကျန်းရီသည် တစ်စက္ကန့်မှမနားဘဲ တတိယမြို့ဆီသို့ ဆက်တည်နေရာပြောင်းရွှေ့လိုက်သည်။

ထို့နောက် စတုတ္ထ၊ ပဉ္စမ...ဆဋ္ဌမ...

ကျန်းရီသည် တစ်မြို့မှ တစ်မြို့သို့ မရပ်မနားသွားနေ၏။ သူကလည်း ဒဏ်ရာအပြင်းအထန်ရထားရာ အဖွဲ့သည် သူ လဲပြိုသွားမည်ကို စိုးရိမ်နေပေသည်။ အစတွင် ကျန်းရီကို ကျိုးထျန်းဝူနှင့် တိမင်တို့ကသာ ကာကွယ်ပေးနေခဲ့သော်လည်း ယခု နောက်ထပ်နှစ်ယောက် ထပ်တိုးလာလေသည်။

အနိမ့်ဘုံအချိန် ငါးရောက်ကြာပြီးနောက် ကျန်းရီတို့အဖွဲ့သည် မြို့ဆယ်ရှစ်မြို့သို့ သွားပြီးခဲ့ပြီး ထိုမြို့တစ်မြို့စီ၏ အခြေအနေကို တည်ငြိမ်အောင် လုပ်‌ဆောင်ခဲ့သည်။ တမလွန်ဘုံနတ်ဘုရားအစီအရင်ကို ဖျက်ဆီးလိုက်ပြီးဖြစ်ရာ တမလွန်ဘုံက တပ်သားများ ဆက်၍စေလွှတ်နိုင်‌တော့မည် မဟုတ်ချေ။ ဤတစ်ကြိမ်တွင် တိရှဘုံထဲ ဝင်လာခဲ့သော တမလွန်ဘုံစစ်သူကြီးအများစုကို ရှင်းပစ်နိုင်ခဲ့သည်။ ထို့ကြောင့် တမလွန်ဘုံစစ်တပ်သည် မြို့များကို မခြိမ်းခြောက်နိုင်တော့ပေ။ ယခုတွင် တမလွန်ဘုံစစ်တပ်၌ တမလွန်ဘုံကျွန်များသာ ကျန်တော့သည်။ ၎င်းတို့ကို အချိန်တစ်ခုအတွင်း လုံးဝရှင်းပစ်နိုင်မည်ဖြစ်သည်။

တိမင်တို့သည် မြစ်နက်မြစ်မြို့သို့ ပြန်သွားလိုက်ကြ၏။ မပြန်၍လည်း မဖြစ်ပေ။ ကျန်းရီသည် တမလွန်ဘုံစစ်သူကြီး တစ်ယောက်နှင့် တိုက်ခိုက်ရင်း သတိလစ်သွားခဲ့သည်။ ထို့ကြောင့် တိမင်တို့သည် ကျန်းရီကို မြစ်နက်မြစ်မြို့သို့ ချက်ချင်း ပြန်ခေါ်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မြစ်နက်မြစ်မြို့သို့ ငါးယောက်သာ ပြန်ခဲ့ခြင်းဖြစ်ပြီး ကျန်လူများက တိုက်ပွဲတွင်သာ ဆက်နေခဲ့ကြသည်။

ဤတစ်ကြိမ်တွင် ကျန်းရီက အဆုံးစွန်အထိ လုပ်ဆောင်ခဲ့သည်။ သူသည် အပြည့်အဝ ပြန်မကောင်းသေးသော်လည်း ငါးရက်ဆက်တိုက် တိုက်ခိုက်ခဲ့သည်။ သူ၏ တံဆိပ်စာလုံးများကို အဆက်မပြတ်သုံးခဲ့ခြင်းက သူ၏စွမ်းအင်များကို ကုန်ခမ်းသွားစေခဲ့ပေသည်။ ထို့ကြောင့် နောက်ဆုံးတွင် သူ သတိလစ်သွားခဲ့ခြင်းပင်။ သူ ဆက်၍ မတိုက်နိုင်တော့ပေ။

ကျန်းရီ အနိမ့်ဘုံအချိန် ခုနစ်ရက်ကြာအောင် သတိမေ့နေခဲ့သည်။ ထိုအချိန်အတွင်း မိုလင်းချိုးက စစ်တပ်ကြီးတစ်တပ် စုစည်း၍ တမလွန်ဘုံစစ်တပ်ကို အပြတ်ရှင်းပစ်ခဲ့သည်။ လဝက်မပြည့်ခင်မှာပင် ဤကိစ္စတစ်ခုလုံး ပြီးဆုံးသွားလောက်ပေသည်။

တစ်ချိန်တည်းမှာပင် မိုလင်းချိုးသည် မြို့အသီးသီးမှ တိရှတပ်သားများကို တိရှဘုံထဲရှိ အခြားနေရာများတွင် တမလွန်ဘုံတပ်သားများ လျှို့ဝှက်ပုန်းအောင်းနေ၊ မနေကို ရှာဖွေရန် အမိန့်ပေးလိုက်၏။ ဤတစ်ကြိမ်တွင် သူသည် သမိုင်းတစ်ကြော့ပြန်လာခြင်းကို တားဆီးရန် တမလွန်ဘုံတပ်သားများ စုဝေးရာနေရာအားလုံးကို ဖျက်ဆီးပစ်လိုနေပေသည်။

ဤအဖြစ်သည် တိရှဘုံ၏ သမိုင်းကြောင်း၌ အမည်းစက်တစ်ခုအဖြစ် စွန်းထင်ကျန်ခဲ့တော့မည်ဖြစ်သည်။ မြို့ခြောက်မြို့နှင့် မျိုးနွယ်စုခြောက်ခု ဖျက်ဆီးခံခဲ့ရသည်။ သန်းရာချီသော မြို့သူမြို့သားများ အသတ်ခံခဲ့ရသည်။ တိုက်ပွဲများတွင်လည်း အနည်းဆုံး စွမ်းအားကြီး သိုင်းသမား ဆယ်သန်းလောက် သေဆုံးခဲ့သည်။ သေဆုံးသွားသည့် သိုင်းသမားများထဲတွင် သာမန်သိုင်းသမားတစ်ယောက်မှ မပါပေ။ အနိမ့်ဆုံး နတ်ဘုရားဘုရင်အဆင့် ရှိကြသူချည်းသာ။

ထိုဆုံးရှုံးမှုက တိရှဘုံ၏ အင်အားကို ဆိုးဆိုးဝါးဝါး ထိခိုက်မသွားစေသော်လည်း ထိခိုက်မှုတော့ ဖြစ်စေသေးသည်။ ဤတစ်ခေါက်တွင် တိရှအရှင်နှင့် မိုလင်းချိုးတို့ပင် အသတ်ခံရမလို ဖြစ်ခဲ့သည်။ ထိုသို့သာ ဖြစ်ခဲ့လျှင် တိရှဘုံသည် ကပ်ဘေးတစ်ခုထဲ ကျရောက်သွားမည်ဖြစ်ပြီး ဘုံအရှင် အပြောင်းအလဲနှင့်လည်း ကြုံတွေ့ရမည်ဖြစ်သည်။

သို့သော်..

တိရှအရှင်တို့က သေလုနီးပါး ဖြစ်ခဲ့သည်ဆိုသော အကြောင်းကို မည်သူကမှ မဖြန့်ကြပေ။ ထိုအဖြစ်က အလွန်အရှက်ရစရာကောင်းသည်။ သို့ဖြစ်ရာ စွမ်းအားကြီး သိုင်းသမား အယောက်နှစ်ဆယ်သည် ထိုသတင်းကို အဘယ်ကြောင့် ဖြန့်ရပါမည်နည်း။

သို့သော် သတင်းတစ်ခုက တိရှဘုံထဲရှိ မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ်တိုင်းကို အံ့အားသင့်သွားစေ၏။ တိရှအရှင်နှင့် ယဲ့ရှန်တို့က ကျန်းရီကို တစ်ချိန်တည်းမှာပင် တူညီသောဘွဲ့ပေးခဲ့သည်။

စစ်နတ်ဘုရားကျန်းရီ...

ပုံမှန်ဆိုလျှင် ထိုဘွဲ့ ချီးမြှင့်ခံရသောသူများမှာ စစ်နတ်ဘုရားအဆင့်တွင် ရှိနေသူများ သို့မဟုတ် ကိစ္စကြီးတစ်ခုခုတွင် စွမ်းဆောင်နိုင်ခဲ့သူများသာ ဖြစ်ကြသည်။ ဤတစ်ခေါက်တွင် ကျန်းရီက ကြီးကြီးမားမား စွမ်းဆောင်နိုင်ခဲ့သော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်က နိမ့်နေပေသေးသည်။ သူသည် ထိုဘွဲ့ရရန် မထိုက်တန်သေးပေ။ တိရှအရှင်နှင့် ယဲ့ရှန်တို့ နှစ်ယောက်စလုံးထံမှ ချီးမြှင့်မှုကို ခံရရန်အတွက် ပို၍ပင် မထိုက်တန်သေးချေ။

အရေးအကြီးဆုံးမှာ ထိုအရာ မဟုတ်သေးပေ။ တိရှအရှင်က ကျန်းရီကို အခြားဆုတစ်ခုလည်း ချီးမြှင့်ခဲ့သေးသည်။ သူသည် ကျန်းရီကို သိမ်းငှက်ပြာစီရင်စုနယ် ပေးလိုက်ပြီး ၎င်းနယ်ကို ‘ကျန်းရီစီရင်စုနယ်’ဟု အမည်ပြောင်းပေးခဲ့သည်။

ထိုဆုမှာ ယခင်က တစ်ခါမှ မပေးဖူးခဲ့သာ ဆုမျိုးဖြစ်သည်။ မိုလင်းချိုးထံတွင်ပင် သူ့အမည်နှင့် နယ်တစ်ခု မရှိပေ။ ချင်မျိုးနွယ်က တိရှအရှင်လက်အောက်ရှိ စွမ်းအားအကြီးဆုံး မျိုးနွယ်တစ်ခုဖြစ်သော်လည်း မြို့များနှင့် ဒေသများကိုသာ ပိုင်ဆိုင်သည်။ မျိုးနွယ်ကြီးဆယ်ခုကလည်း ဒေသများကိုသာ ထိန်းချုပ်ထားနိုင်သည်။ သို့သော် သူတို့၏ ထိန်းချုပ်မှုကို လျှို့ဝှက်၍သာ လုပ်ဆောင်ရခြင်းဖြစ်သည်။ ထိုဒေသများ၏ အမည်များက သူတို့၏ပိုင်ဆိုင်မှုကို တရားဝင် အသိအမှတ်မပြုထားသော အမည်များ မဟုတ်ကြပေ။ ယခုတွင်မူ ကျန်းရီက သိမ်းငှက်ပြာစီရင်စုနယ်ကို တရားဝင်ရသွားပေပြီ။ ထို့ကြောင့် ကျန်းရီ၏ မျိုးဆက်တိုင်းက သိမ်းငှက်ပြာစီရင်စုနယ်ကို ပိုင်ဆိုင်မည်ဖြစ်သည်။

ထိုသတင်း ပျံ့နှံ့သွားသောအခါ တိရှဘုံတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ တိမင်တို့သည်ပင် နားမလည်နိုင်ဖြစ်သွားကြသည်။ ဤတစ်ခေါက်တွင် တိရှအရှင်၏ ဆုလာဘ်များက အတော်လေး ကြီးကျယ်လွန်းနေပေသည်။

မိုလင်းချိုးတစ်ယောက်သာ ဖြစ်ပျက်နေသည်များကို နားလည်ပေသည်။ တိရှအရှင်က အမြောအမြင်ကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ခြင်းပင်။ ကျန်းရီကို စီရင်စုနယ်တစ်ခုပေးလိုက်ခြင်းက တိရှဘုံကို ကျန်းရီ၏အိမ်ဖြစ်အောင် လုပ်လိုက်သလိုပင်။ ကျန်းရီက ကိုယ်ပိုင်ဘုံတစ်ခုကို မရသေးသ၍ အမြဲ တိရှဘုံနှင့် ဆက်နွယ်နေတော့မည်ဖြစ်ပေသည်။

All Chapters