← Chapters

ခြေထောက်ဖြင့် နင်းခြေမည်

Vol. 107 Ch. 1483

ခြေထောက်ဖြင့် နင်းခြေမည်

Vol. 107 Ch. 1483

ကျန်းရီသည် သတိလည်လာသောအခါ သူက သိမ်းငှက်ပြာတောင်သို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရ၏။ အဆိပ်ဝိညာဉ်၊ အနက်ရောင်နတ်ဘုရား၊ ရှောင်လန်နှင့် အခြားသူများအားလုံး သူ့ဘေးတွင် ရှိနေကြသည်။ တိလင်အာလည်း ရှိနေသည်။ သို့သော် တိလင်အာသည် ကျန်းရီ သတိလည်လာသည်ကို တွေ့လိုက်သောအခါ ပြုံး၍ ထွက်သွားလေသည်။

မိုလင်းချိုးတို့က သိမ်းငှက်ပြာတောင်သို့ လိုက်မလာခဲ့ပေ။ မိုရှန်းရှင်းသာ ကျန်းရီကို ကာကွယ်ရန် ပါလာခဲ့သည်။ ကျန်းရီသည် အနက်ရောင်နတ်ဘုရားကို မြင်သောအခါ အတန်ငယ် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။

“အနက်ရောင်နတ်ဘုရား... ခင်ဗျားက ဘာလို့ သိမ်းငှက်ပြာတောင်ကို လာခဲ့တာလဲ”

ကျန်းရီသည် သတိလည်လာခြင်းခြင်း ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံခဲ့ပြီးဖြစ်သည်။ ယခု သူက သိမ်းငှက်ပြာတောင်ပေါ်ရှိ ရဲတိုက်တစ်ခုထဲတွင် ရှိနေကြောင်း သူသိသည်။ ထို့ကြောင့်လည်း အထက်ပါအတိုင်း မေးလိုက်ခြင်းဖြစ်သည်။ အနက်ရောင်နတ်ဘုရား၏ အေးစက်စက်မျက်နှာထားက အတန်ငယ် ပြောင်းလဲသွား၏။ ထို့နောက် သူ ဖြေလိုက်သည်။

“သခင်လေး... စီရင်စုနယ်အရှင်ရှောင်က ကျုပ်တို့ကို ဒီကို လာခိုင်းခဲ့တာပါ။ သိမ်းငှက်ပြာတောင်က သခင်လေးရဲ့အိမ် ဖြစ်သွားပြီလို့ သူက ပြောပါတယ်။ အခု သူ့က သူ့လူတွေ ထွက်သွားဖို့ စီစဉ်ပေးနေပါတယ်”

“အန်...”

ကျန်းရီ မျက်မှောင်ကြုတ်၍ ရှောင်လန်ကိုကြည့်ကာ မေးလိုက်၏။

“ဘာဖြစ်ခဲ့တာလဲ”

“အရှင်... အခု အရှင်က သိမ်းငှက်ပြာစီရင်စုနယ်အရှင်ဖြစ်သွားပါပြီ။ တိရှအရှင်က အရှင့်ကို သိမ်းငှက်ပြာစီရင်စုနယ် ချီးမြှင့်ခဲ့တာပါ”

ရှောင်လန်က လေးလေးစားစား ပြောလိုက်ပြီး တိရှအရှင်၏ အမိန့်များကို ပြန်ပြောပြလိုက်၏။ ယခုတွင် သိမ်းငှက်ပြာစီရင်စုနယ်က ကျန်းရီ၏အပိုင် ဖြစ်သွားပြီဖြစ်ရာ ရှောင်ဟုန်တို့က သိမ်းငှက်ပြာတောင်မှနေ၍ ဖယ်ပေးရမည်ဖြစ်သည်။

“တယ်လည်း တဇွတ်ထိုးနိုင်ပါလား”

ကျန်းရီ လေသံမာမာဖြင့် ပြောလိုက်သည်။ ထို့နောက် သူ ဆက်ပြောသည်။

“ရှောင်ဟုန်ကို ဝင်လာခိုင်းလိုက်ပါ”

ရှောင်လန်သည် ကျန်းရီ ဒေါသထွက်သွားသည်ကို မြင်လိုက်၍ အထွန့်တက်မနေတော့ဘဲ အပြင်သို့ လျင်မြန်စွာ ထွက်ကာ ရှောင်ဟုန်ကို သွားခေါ်လိုက်သည်။ မကြာခင်မှာပင် ရှောင်ဟုန် ပြုံး၍ ဝင်လာပြီး ပြောလိုက်၏။

“ဂုဏ်ပြုပါတယ် ညီလေးကျန်း၊ တိရှဘုံမှာ မင်းက စီရင်စုနယ်တစ်ခုကို အပိုင်ရတဲ့ ပထမဆုံးလူပဲ။ ပြီးတော့ တိရှအရှင်နဲ့ အရှင်ယဲ့ရှန်တို့က မင်းကို စစ်နတ်ဘုရားကျန်းရီဆိုတဲ့ ဘွဲ့လည်း ချီးမြှင့်ခဲ့သေးတယ်။ အဲ့ဘွဲ့က တိရှဘုံက စွမ်းအားကြီး သိုင်းသမားတိုင်း အားကျလိုချင်ရတဲ့ဘွဲ့ပဲ”

ရှောင်ဟုန်၏ မျက်နှာထားက အလွန်ချိုသာနေသည်။ သူက စိတ်ရင်းအမှန်နှင့် ဂုဏ်ပြုနေပုံလည်း ပေါ်သည်။ သူ၏စီရင်စုနယ်အရှင်ရာထူးကို ကျန်းရီက လုယူသွားသဖြင့် မကျေမနပ်ဖြစ်နေခြင်းမျိုး မရှိချေ။ ကျန်းရီသည် ရှောင်ဟုန် ပြောပြီးသည်အထိ စောင့်ပြီးမှ ထထိုင်ကာ မေးလိုက်သည်။

“အစ်ကိုရှောင်... သူတို့က အစ်ကို့ကို လျော်ကြေးလိုမျိုးတစ်ခုခု ပေးသေးလား”

“ပေးပါတယ်”

ရှောင်ဟုန်က ခေါင်းညိတ်ကာ ပြောသည်။

“တိရှအရှင်က ငါ့ကို ကောင်းကင်တောင်စီရင်စုနယ်ရဲ့ စီရင်စုနယ်အရှင်လုပ်ဖို့ ပြောပါတယ်။ ဒါပေမဲ့ ငါ ငြင်းလိုက်တယ်။ ငါ ကျန်းအိမ်တော်မှာ ဆက်နေပြီး မင်းရဲ့ လက်အောက်ငယ်သားပဲ လုပ်တော့မယ်။ ညီလေးကျန်း... ငါပြောတာကို အထင်မလွဲ့ပါနဲ့။ ငါက မင်းနဲ့ အင်အားတုပြိုင်ချင်တာ မဟုတ်ပါဘူး။ ငါက ဒီနေရာမှာနေရတာကို အသားကျနေလို့ပါ။ ဟင်းဟင်း... ပြီးတော့... အခုကစပြီး ငါ မင်းနောက်ကို လိုက်ချင်တယ်”

“အာ...”

ကျန်းရီ အတန်ငယ် မှင်တက်သွား၏။ ရှောင်ဟုန်က စီအရင်စုနယ်အရှင်ရာထူးကို စွန့်လွှတ်နေသည်လော။ ကျန်းရီ၏ လက်အောက်ငယ်သား ဖြစ်လိုနေသည်လော။ ရှောင်ဟုန် ကျန်းအိမ်တော်တွင် နေမည်ဆိုလျှင် မည်သည့်အခါမှ နံပါတ်တစ် ဖြစ်လာနိုင်လိမ့်မည် မဟုတ်ချေ။ သူ ကျန်းရီ၏ အမိန့်များကို နာခံရမည်ဖြစ်သည်။

“အစ်ကိုရှောင်... အစ်ကို ဆုံးဖြတ်ပြီးသွားပြီလား”

ကျန်းရီ အ‌လေးအနက် မေးလိုက်သည်။ ရှောင်ဟုန်က အလွန်ပြတ်သားစွာ ခေါင်းညိတ်ပြသောအခါ ကျန်းရီ အပိုစကားများ ပြောမနေတော့ဘဲ ရှောင်ဟုန်၏ ပခုံးကို ပုတ်လိုက်သည်။

“အဲ့လိုဆိုမှတော့ အစ်ကို ဆက်နေပါ။ အကုန်လုံး အရင်ကအတိုင်းပဲ ဆက်ရှိနေမှာပါ။ သိမ်းငှက်ပြာစီရင်စုနယ်... ကျွန်တော့်ရဲ့စီရင်စုနယ်မှာ အခုကစပြီး အစ်ကိုက လက်ထောက်စီရင်စုနယ်အရှင် ဖြစ်ပါလိမ့်မယ်။ အစ်ကို့မှာ စီရင်စုနယ်တစ်ခုလုံးကို စီမံခန့်ခွဲနိုင်တဲ့ အာဏာရှိပါတယ်။ ကျွန်တော်က အဲ့လိုကိစ္စတွေကို စီမံရတာကို မကြိုက်ဘူး။ နောက်ကျရင် အစ်ကို့ရဲ့စကားက ကျွန်တော့်ရဲ့စကား ဖြစ်ပါလိမ့်မယ်”

“ကျေးဇူးအများကြီးတင်ပါတယ် စီရင်စုနယ်အရှင်”

ရှောင်ဟုန်သည် ဦးညွှတ်၍ အမိန့်နာခံလိုက်၏။ သူသည် ကျန်းရီကို ‘ညီလေးကျန်း’ဟု ဆက်မ‌ခေါ်တော့ဘဲ လေးစားမှုပြသည့်အနေဖြင့် ‘စီရင်စုနယ်အရှင်’ဟု ခေါ်လိုက်သည်။ ရှောင်ဟုန် ရင်ထဲမှ သက်ပြင်းချလိုက်၏။ ကျန်းရီအပေါ် မျှော်လင့်ချက်ထားခဲ့ခြင်းက မမှားခဲ့ပေ။ ရှောင်လန်က သူ့ကို ပြန်တင်ပြခဲ့သလိုပင် ကျန်းရီက အလွန်ဖြောင့်မတ်သူတစ်ယောက် ဖြစ်ပေသည်။ နေခဲ့ရန် ဆုံးဖြတ်ခဲ့သော ရှောင်ဟုန်၏ ဆုံးဖြတ်ချက်က မှန်ခဲ့လေသည်။

ထိုစဉ် ကျန်းရီ ဆက်ပြောလိုက်၏။

“အစ်ကိုရှောင်... အပြင်လူတွေ မရှိရင် ကျွန်တော့်ကို ကျန်းရီလို့ပဲ ခေါ်ပါ။ ရှောင်လန်က ကျွန်တော့်ရဲ့ အကျင့်စရိုက်ကို သိပါတယ်။ ပြီးတော့ အစ်ကို့ရဲ့ မျိုးနွယ်ဝင်တွေလည်း ထွက်သွားစရာ မလိုပါဘူး။ သူတို့ ဒီမှာပဲ ဆက်နေနိုင်ပါတယ်။ ကျွန်တော်ရှိနေလို့ နေရတာ မလွတ်လပ်ဘူးဆိုရင်လည်း ကျွန်တော် နတ်သိမ်းငှက်မြို့ကို ပြန်လိုက်ပါမယ်”

“အဲ့လိုမလုပ်ပါနဲ့”

ရှောင်ဟုန်သည် ပြာပြာသလဲဖြင့် လက်ဆုပ်ကာ ပြန်ပြောလိုက်၏။

“စီရင်စုနယ်အရှင်.. အခု အရှင်က ဒီနေရာရဲ့ အရှင်သခင် ဖြစ်နေပါပြီ။ အရှင် ဒီမှာမနေရင် ကျုပ်တို့လည်း နေဝံ့မှာ မဟုတ်ပါဘူး။ ကျုပ်တို့က ဘယ်လိုလုပ် အရှင်ရှိနေလို့ မလွတ်လပ်ဘူးဆိုတာ ရှိရမှာလဲ။ ကျုပ်က ကျုပ်တို့ရှိနေလို့ အရှင်နေရတာ မလွတ်လပ်မှာကိုပဲ စိုးရိမ်နေတာပါ”

ကျန်းရီ လက်ယမ်း၍ ပြန်ပြောသည်။

“အဲ့ဒါဆိုလည်း ပြီးပြီပေါ့။ စီစဉ်စရာရှိတာတွေ သွားစီစဉ်လိုက်ပါ။ နတ်သိမ်းငှက်မြို့ကို တပ်မှူးလျှိုကို ပေးလိုက်ပါ။ အစ်ကိုဟဲဝေနဲ့ ဂူမူကိုတော့ ဒီကိုခေါ်လိုက်ပါ။ သူတို့နှစ်ယောက်က ကျွန်တော့်ရဲ့ အတွင်းရေးကိစ္စတွေကို တာဝန်ယူရမယ်။ အနက်ရောင်နတ်ဘုရားကတော့ အဲ့ကိစ္စတွေကို အရေးစိုက်စရာမလိုပါဘူး။ ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ထားပါ။ ပြီးတော့ အဆိပ်ဝိညာဉ်နဲ့ အရှင်မိုအတွက်လည်း သင့်တော်တဲ့နေစရာတစ်ခု စီစဉ်ပေးပါ”

“စိတ်မပူပါနဲ့ စီရင်စုနယ်အရှင်။ ကျုပ် အခုပဲ သွားစီစဉ်လိုက်ပါမယ်”

ရှောင်ဟုန်သည် လူတစ်စုကိုခေါ်၍ ထွက်သွား၏။ အခန်းထဲတွင် ပြန်တိတ်ဆိတ်သွားသည်။ ကျန်းရီသည် ကုတင်ကိုမှီ၍ မျက်လုံးမှိတ်ကာ အနားယူလိုက်ပြီး သူ၏နားထင်ကို နှိပ်လိုက်သည်။ တိရှအရှင် ချီးမြှင့်သော အရာများကို ကျန်းရီ သိပ်အရေးမစိုက်ပေ။

တိရှအရှင်အတွက် စီရင်စုနယ်လေးတစ်ခုက များစွာအရေးမပါချေ။ ကျန်းရီက သူ့အသက်ကို ကယ်ခဲ့သူတစ်ယောက် မဟုတ်ပါလား။ ထို့ကြောင့် သူ၏ချီးမြှင့်မှုများက အံ့ဩစရာမရှိပေ။

ကျန်းရီသည် ဩဇာအာဏာကို မည်သည့်အခါကမှ အရေးမစိုက်ခဲ့ပေ။ သူ့တွင် အင်အားမရှိလျှင် ယခုမှနေ၍ နောက်ဆယ်နှစ်အကြာတွင် သူ သေရပေလိမ့်မည်။ သူ စီရင်စုနယ်တစ်ခုကို ပိုင်သည်၊ မပိုင်သည်က ဒုတိယကိစ္စဖြစ်သည်။ သူ့တွင် လုံလောက်သော အင်အားမရှိလျှင် စီရင်စုနယ်တစ်ခုက မည်သို့မှ အရေးမပါချေ။

ဆယ်နှစ်ကြာလျှင် သိမ်းငှက်စိမ်းဘုရင်နှင့် တိုက်ပွဲတစ်ပွဲ တိုက်ခိုက်ရမည်။

ယင်းက ဟာသတစ်ခု မဟုတ်ပေ။ မဟုတ်လျှင် ကျန်းရီသည် နှစ်ကြိမ်ပြန်ပြောခဲ့မည် မဟုတ်ချေ။ သူက အလေးအနက် ပြောခဲ့ခြင်းပင်။ ခက်ခဲသောလမ်းကို ရွေးချယ်မှ သူ ပိုသန်မာလာကာ သူ့ကံကြမ္မကိုသူ ပဲ့ကိုင်နိုင်မည်ဖြစ်သည်။ သူ လုံလောက်အောင် နာကျင်ခံစား၊ အရှက်ရခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင်ပင် သူ့စိတ်ကြိုက် မနေနိုင်လျှင် သေရသည်က ပိုကောင်းပေလိမ့်မည်။

ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ တစ်ကြိမ် အလည်ပြန်လိုခဲ့၏။ သို့သော် ယခုတွင် သူ ထိုအတွေးကို ခေါင်းထဲမှ ထုတ်လိုက်ရပေပြီ။ ကျန်းရှောင်နူ ပြန်ခေါ်သွားခံခဲ့ရခြင်းက သူ့ကို အလွန်ရင်နာစေခဲ့သည်။ ယင်းက သူ့ရင်ထဲတွင် အားကောင်းသော တိုက်ခိုက်လိုစိတ်တစ်ခု ထွက်ပေါ်လာစေခဲ့၏။ သူ ကောင်းကင်ကြယ်တာရာနယ်မြေသို့ ပြန်သွားလိုက်လျှင် ထိုတိုက်ခိုက်လိုစိတ် ပျောက်သွားမည်ကို သူစိုးရိမ်ပေသည်။

ကျန်းရီသည် သူ့ကိုယ်သူ ခါးသီးသောလမ်းပေါ်သို့ တင်ခဲ့၏။ ဤတစ်ခေါက်တွင် သူ မအောင်မြင်လျှင် သေရပေလိမ့်မည်။ ယခု ကောင်းကင်ကြယ်တာရာနယ်နမိတ်က လုံခြုံနေပြီး စုလောရွှယ်၊ ရီချန်နှင့် ကျန်လူများကလည်း သေချာပေါက် အထက်ဘုံသို့ ချောချောမွေ့မွေ့ တက်လှမ်းလာနိုင်တော့မည်ဖြစ်၍ ကျန်းရီ သေရမည်ကို မကြောက်ပါပေ။ သူမတို့ တက်လှမ်းလာသည်နှင့် မိုလင်းချိုးက သူမတို့ကို ကာကွယ်ပေးပေလိမ့်မည်။

ကျန်းရီသည် စိုးရိမ်စရာများ မရှိတော့၍ အစွမ်းကုန်ကြိုးစားကာ အသက်ကိုရင်း၍ လောင်းကြေးထပ်လိုနေပေသည်။ ရီဖျောင်ဖျောင်က သူတော်စင်ဝိညာဉ်တောင်ခြေတွင် ဖမ်းချုပ်ခံထားရဆဲဖြစ်ပြီး ကျန်းရှောင်နူကလည်း မင်ရည်တောင်ပံဆန်းကြယ်နယ်မြေသို့ ပြန်ခေါ်သွားခံခဲ့ရသည်။ သူမ၏မှတ်ဉာဏ်များကလည်း ထပ်မံ၍ ချိပ်ပိတ်ခံလိုက်ရလောက်သည်။ ဝိညာဉ်ဘုရင်နှင့် သိမ်းငှက်စိမ်းဘုရင်တို့က ကျန်းရီကို ဖိနှိပ်နေသော တောင်ကြီးနှစ်လုံးပင်။ ထို့ကြောင့် ကျန်းရီ ထိုတောင်နှစ်လုံးကို တွန်းဖယ်ပစ်ရန် သို့မဟုတ် ခြေဖြင့် နင်းခြေပစ်ရန် ကြိုးစားရပေမည်။

‘မိစ္ဆာချေဖျက်စစ်တပ်’

ကျန်းရီ၏ မျက်ဝန်းများထဲတွင် ပြတ်သားမှုအရိပ်အယောင် ထွက်ပေါ်လာ၏။ သူ သေချာပေါက် မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်ရပေမည်။ သူ အကန့်အသတ်မဲ့သော တိုက်ပွဲအမှတ်များ လိုချင်သည်။ ထိုတိုက်ပွဲအမှတ်များကို သုံး၍ အကန့်အသတ်မဲ့သော အရင်းအမြစ်များကို ရယူကာ သူ၏တိုက်ခိုက်စွမ်အားကို မြှင့်တင်ရပေမည်။

ဆယ်နှစ်က အလွန်ကြာသည်ဟု ဆိုနိုင်သော်လည်း ကျင့်ကြံခြင်းတွင်ဆိုလျှင် တိုတောင်းပေသည်။ ဆယ်နှစ်ပြည့်သည်နှင့် ကျန်းရီ သိမ်းငှက်စိမ်းဘုရင်ကို နင်းခြေနိုင်နေမှ ရပေလိမ့်မည်။ အနိမ့်ဘုံမှ တက်လှမ်းလာသူများက အဆင့်နိမ့်သူများ၊ အသုံးမကျသူများ မဟုတ်ကြောင်း၊ သူကလည်း ကျန်းရှောင်နူနှင့် ထိုက်တန်ကြောင်း သက်သေပြရမည်။

“တစ်ယောက်ယောက် လာဦး”

ကျန်းရီ အော်ခေါ်လိုက်သည်။ အဆိပ်ဝိညာဉ်က တစ္ဆေတစ်ကောင်ကဲ့သို့ လွင့်မြောလာ၏။ ကျန်းရီ အဆိပ်ဝိညာဉ်ကို ကြည့်ကာ ပြောလိုက်သည်။

“တိလင်အာကို သွားရှာပေးပါ။ သူ့ကို ကျွန်တော် မိစ္ဆာချေဖျက်စစ်တပ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာ စံအိမ်အရှင်တိဆီ လှမ်းပြောပေးဖို့ ပြောလိုက်ပါ”

“မိစ္ဆာချေဖျက်စစ်တပ်လား”

အဆိပ်ဝိညာဉ် အတန်ငယ် အံ့ဩသွား၏။ သို့သော် ကျန်းရီ၏ မျက်ဝန်းများထဲမှ ပြတ်သားမှုကို မြင်လိုက်သောအခါ သူ မည်သို့မှ ပြောမနေတော့ဘဲ အပြင်သို့ထွက်၍ တိလင်အာကို သွားရှာလိုက်လေသည်။

အဆိပ်ဝိညာဉ် ထွက်သွားပြီးနောက် မိုရှန်းရှင်းက အခန်းထဲသို့ ပျံဝင်လာ၏။ ထို့နောက် သူ စိုးရိမ်တကြီး ပြောလိုက်သည်။

“ကျန်းရီ... မင်းအနေနဲ့ မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်ဖို့က စောနေလိမ့်ဦးမယ်။ အဲ့က တာဝန်တွေက အရမ်းအန္တရာယ်များတယ်၊ ကြောက်စရာကောင်းတဲ့ ရှေးဟောင်းဆန်းကြယ်နယ်မြေတွေထဲ ဝင်ရတဲ့ တာဝန်တွေလည်း ရှိတယ်။ သေနိုင်ခြေက အရမ်းမြင့်တယ်...”

ကျန်းရီ ပြတ်သားစွာ ပြန်ပြောလိုက်သည်။

“ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီ”

“အဲ့ဒါဆိုလည်း ကောင်းပြီလေ”

မိုရှန်းရှင်း ဆက်ဖျောင်းဖျ မနေတော့ဘဲ ပြန်ထွက်သွားလိုက်သည်။ ကျန်းရီက အခန်းထဲတွင် တိတ်တဆိတ် ဆက်စောင့်နေသည်။ တစ်နာရီကြာပြီးနောက် အဆိပ်ဝိညာဉ်သည် တိလင်အာကိုခေါ်၍ အခန်းထဲ ဝင်လာ၏။ တိလင်အာက ကျန်းရီကို လေးလေးစားစား နှုတ်ဆက်၏။ ထိုအခါ ကျန်းရီ ခပ်သွက်သွက် လက်ခါကာ ပြောလိုက်သည်။

“သခင်မလေးလင်အာ... ကျွန်တော်တို့က မိတ်ဆွေတွေပါ။ အဲ့လိုတွေ နှုတ်ဆက်စရာ မလိုပါဘူး”

ယခုတွင် တိလင်အာက သိမ်းငှက်ပြာစီရင်စုနယ်၏ မိစ္ဆာသတ်ဖြတ်စံအိမ်မှ စံအိမ်အရှင်ဖြစ်ရာ ကျန်းရီထက် အဆင့်နိမ့်ပေသည်။ တိလင်အာ ခပ်ရေးရေး ပြုံးလိုက်ပြီး ဘေးမှ ခုံတစ်လုံးတွင် ဝင်ထိုင်ကာ ပြောလိုက်၏။

“ကျွန်မ ဘိုးဘိုးဆီ သတင်းပို့ပြီးပါပြီ။ သူက ရှင် ဒဏ်ရာပျောက်တာနဲ့ တိရှမြို့ကို လာခဲ့ဖို့ ပြောပါတယ်။ သူက ရှင် မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်နိုင်အောင် ထောက်ခံပေးမယ်တဲ့...”

“ပြီးတော့... ကျွန်မရဲ့ ဦးလေး(၃)က မိစ္ဆာချေဖျက်စစ်တပ်မှာ တပ်မှူးတစ်ယောက်ပါ။ သူက ရှင့်ကို စောင့်ရှောက်ပေးပါလိမ့်မယ်။ အဲ... ကျွန်မ တစ်ခုပြောဖို့ မေ့နေတာ။ ရှင် စွမ်းရည်ပြိုင်ပွဲမှာ ပထမရခဲ့ပြီး မိစ္ဆာသုတ်သင်စစ်ဆင်ရေးမှာ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့လို့ အရှင်ယဲ့ရှန်က ရှင့်ကို ရှေးဦးဆန်းကြယ်နယ်မြေထဲ နောက်တစ်ကြိမ် အလကားဝင်ခွင့် ချီးမြှင့်ထားတယ်”

“ကျေးဇူးအများကြီးတင်ပါတယ် သခင်မ‌လေးလင်အာ”

ကျန်းရီ ခေါင်းညိတ်ပြ၍ အတွေးများ ပြန်စုစည်းလိုက်၏။ သူ ရက်အနည်းငယ် ဆက်အားဖြည့်ပြီး ကျန်းရီစီရင်စုနယ်မှ ကိစ္စများကို စီမံပြီးမှ တိရှမြို့သို့သွားရန် ဆုံးဖြတ်လိုက်သည်။

“ဆယ်နှစ်...”

ကျန်းရီ၏ မျက်ဝန်းများသည် ရုတ်တရက် ပြင်းပြမှု၊ ပြတ်သားမှုတို့နှင့် တောက်ပလာ၏။ သူ ရေရွတ်လိုက်သည်။

“သိမ်းငှက်စိမ်းဘုရင်... ကျွန်တော့်ကို စောင့်နေပါ။ ဆယ်နှစ်ပြည့်ရင် ကျွန်တော် သေချာပေါက် မင်ရည်တောင်ပံဆန်းကြယ်နယ်မြေကို လာခဲ့မယ်။ ကျွန်တော် ခင်ဗျားကို ခြေထောက်နဲ့ နင်းခြေပစ်မယ်”

All Chapters