အပိုင်း ၅၇၂
Vol. 42 Ch. 572
ချူးဝူရဲ့ အစွမ်း
ခရီးတစ်လျှောက်မှာတော့ လီဖူချန်းတို့ ခြောက်ယောက်ဟာ ဖုတ်ဝင်နေတဲ့ အလောင်းကောင်တွေရဲ့ တိုက်ခိုက်မှုကို အကြိမ်ပေါင်းများစွာ ခံခဲ့ရပါတယ် ။
ဖုတ်ဝင်နေတဲ့ အလောင်းကောင်တွေရဲ့ တိုက်ခိုက်မှုကို လုံးဝ လျော့တွက်လို့ မရပါဘူး ။ ဖုတ်အလောင်းကောင်တွေထဲက အားအနည်းဆုံးဆိုတဲ့ ဖုတ်ကောင်ရဲ့ တိုက်ခိုက်မှုက လက်ရွေးစင် ဆရာသခင်တွေရဲ့ တိုက်ခိုက်မှုနဲ့ ညီမျှတယ်လို့ ဆိုရပါမယ် ။ ပြီးတော့ သူတို့ရဲ့ လက်သီးတွေ ၊ ကန်ချက်တွေထဲမှာလည်း အားကောင်းလှတဲ့ ဥပဒေသ ခိုဝင်ကိန်းအောင်းနေပါသေးတယ် ။ တချို့ အစွမ်းထက်တဲ့ ဖုတ်အလောင်းကောင် တချို့ဆိုရင် မဟာ ဆရာသခင် အဆင့်ကို ရောက်ရှိနေပြီး ကြယ်၁ပွင့် ဗိုလ်ချုပ်တွေနဲ့တောင် ယှဉ်လို့ ရနေပါပြီ ။
ဒါပေမဲ့လည်း အဲဒါက လီဖူချန်းတို့ ကြုံတွေ့ခဲ့ရတဲ့ ဖုတ်အလောင်းကောင်တွေထဲမှာ အစွမ်း အထက်ဆုံးတော့ မဟုတ်ပါဘူး ။
သူတို့က ဘယ်လိုမှ ယုံနိုင်စရာ မရှိလောက်အောင် ကြမ်းတမ်းပြီး အစွမ်းထက်တဲ့ ဖုတ်အလောင်းကောင်တွေနဲ့တောင် ရင်ဆိုင်ခဲ့ရပါသေးတယ် ။ အဲသည် ဖုတ်အလောင်းကောင်တွေကိုတော့ ကြယ်၂ပွင့် ဗိုလ်ချုပ်ဖြစ်တဲ့ ရှန်းတုံတောင်မှ အကြိမ်အရေအတွက် တစ်ဒါဇင်ကျော် ရိုက်သတ်ခဲ့ရပါတယ် ။
လင်းရှုရဲ့ ရှင်းပြချက်အရ ဆိုရင်တော့ သည်ဖုတ်အလောင်းကောင်တွေကို အဆင့်အတန်း ၅မျိုး ခွဲခြားထားရပါမယ် ။
အဲသည်အဆင့်အတန်း ၅မျိုးကတော့
၁ ။ အဆင့်နိမ့် ဖုတ်အလောင်းကောင်
၂။ အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင်
၃။ အဆင့်မြင့် ဖုတ်အလောင်းကောင်
၄ ။ အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင်နဲ့
၅ ။ ဖုတ်အလောင်းကောင် ဘုရင်တို့ပါပဲ ။
အဲသည်ထဲကမှ အဆင့်နိမ့် ဖုတ်အလောင်းကောင်က လက်ရွေးစင် ဆရာသခင် ၊အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင်က ထွတ်ခေါင် ဆရာသခင် ၊ အဆင့်မြင့် ဖုတ်အလောင်းကောင်က မဟာဆရာသခင် အစရှိသဖြင့် အသီးသီး စွမ်းရည်ချင်း တူညီကြပါတယ် ။ အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင် နဲ့ ဖုတ်အလောင်းကောင် ဘုရင်တို့ ဘယ်လောက်ထိ အစွမ်းထက်သလဲ ဆိုတာကိုတော့ လင်းရှုက မပြောပြတဲ့အတွက် လီဖူချန်းတို့လည်း မသ်ပါဘူး ။ ကြည့်ရတာတော့ လင်းရှုကိုယ်တိုင်လည်း အဲသည် ဖုတ်ကောင်တွေ နဲ့ ပက်သက်ပြီး ရေရေရာရာ မသိတဲ့ ပုံပါပဲ ။
ပြီးတော့ ဖုတ်အလောင်းကောင်တွေက တိုက်ခိုက်နိုင်စွမ်းထက် သူတို့ရဲ့ ခန္ဓာကိုယ် မာကျော ကြံ့ခိုင်မှုက ပိုပြီး သာလွန်ကောင်းမွန်တယ်လို့ ဆိုရပါမယ် ။
အဆင့်နိမ့် ဖုတ်အလောင်းကောင် တစ်ကောင်ကို သတ်ဖို့အတွက် ဆိုရင်တော့ ချီယုလို ကြယ်၁ပွင့် အဆင့် ဗိုလ်ချုပ်အနေနဲ့ တစ်ချက်ထက်မက ပိုခုတ်ရမှာ ဖြစ်ပြီး အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင် တစ်ကောင် သေဖို့ဆိုရင်တော့ ရှန်းတုံလို ကြယ်၂ပွင့် အဆင့် ဗိုလ်ချုပ်တောင်မှ တုတ်နဲ့ ငါးချက်ထက်မနည်း ရိုက်ရမှာ ဖြစ်ပါတယ် ။ အရိပ်အသူရာချောက်ရဲ့ အတွင်းပိုင်းကို သွားမယ်ဆိုရင် ကြယ်၁ပွင့် အဆင့် ဗိုလ်ချုပ်တောင်မှ သေလောက်တယ်လို့ လင်းရှု ပြောခဲ့တာကလည်း လွန်တော့ မလွန်ပါဘူး ။
" ချူးဝူ …… မင်းက ငါ့ကို မင်းငှားထားတဲ့ အလုပ်သမားလို့ ထင်နေတာလား ။ တော်ပြီ…… သည်ဖုတ်အလောင်းကောင်တွေနဲ့ ငါမတိုက်ချင်တော့ဘူး ။ မင်းတစ်လှည့် လာတိုက် "
ခရီးလမ်းတစ်လျှောက်မှာ ဖုတ်အလောင်းကောင် တော်တော်များများကို သူသာ တာဝန်ယူ သတ်ဖြတ်ခဲ့ရတဲ့အတွက် ရှန်းတုံဟာ အတော်လေး မကျေမနပ် ဖြစ်နေပုံပါပဲ ။ အဲသည်အတွက် သည်တစ်ကြိမ် ဖုတ်အလောင်းကောင်တွေ နဲ့ တွေ့တဲ့အခါမှာတော့ သူက အားကြိုးမာန်တက် မတိုက်ခိုက်တော့ပါဘူး။ သူက သတ်ရလွယ်တဲ့ အဆင့်နိမ့် ဖုတ်အလောင်းကောင်တွေကိုသာ သတ်ဖြတ်ပြီး အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင်တွေကို ချန်ထားလိုက်ပါတယ် ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ရှန်းတုံအခုလို ပြုမူနေတာက အလယ်အလတ်အဆင့် ဖုတ်ကောင်တွေကို မသတ်ဖြတ်နိုင်တော့လို့ မဟုတ်ပါဘူး ။ သူ့ရဲ့ လက်တွေက ဖုတ်အလောင်းကောင်တွေကို ရိုက်ရလွန်းတဲ့အတွက် ထုံကျဉ်စ ပြုလာလို့ ခေတ္တခဏ အနားယူတာပဲ ဖြစ်ပါတယ် ။
တကယ်လို့သာ သူ့အနေနဲ့ အနားမယူဘဲ သည်အလယ်အလတ်အဆင့် ဖုတ်ကောင်တွေကို ဆက်ပြီး သတ်ဖြတ်နေဦးမယ်ဆိုရင့် သူ့ရဲ့ တုတ်ကိုင်တဲ့ လက်တွေဟာ ဒဏ်ဖြစ်သွားပါလိမ့်မယ် ။ အဲသည်လို ဆိုရင်တော့ နောက်ပိုင်းမှာ သူဟာ အခြေအနေ ဟန်မှာ မဟုတ်ပါဘူး ။
" မင်းတို့ အနေနဲ့ အစောပိုင်းမှာ ပိုအားထည့်ပြီး ကြိုးစားသင့်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ပိုင်းရောက်ရင် မင်းတို့အစွမ်းနဲ့ ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး "
ချူးဝူက အေးစက်စက် လေသံနဲ့ ပြန်ပြောလိုက်ပါတယ် ။
ရှန်းတုံက မျက်ခုံး ပင့်လိုက်ပြီး
" ဝိုး…… အပြောကတော့ ကောင်းလှချည်လား ။ အပိုတွေ လုပ်မနေနဲ့ ။ အရင်ဆုံး အဲသည်ဖုတ်ကောင်တွေကို သွားနှိမ်နင်းလိုက် "
ရှန်းတုံက ချူးဝူ ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာကို သိချင်နေတာ အတော်လေး ကြာနေခဲ့ပါပြီ ။ ဒါက သူ့အတွက် ချူးဝူ ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာကို သိရဖို့ အခွင့်အရေးပါပဲ ။
ဂါး……ဂရား………
အဲသည်အချိန်မှာပဲ အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင် တစ်ကောင်က ချူးဝူဆီကို ပြေးဝင်လာပါတော့တယ် ။ သည်ဖုတ်အလောင်းကောင်တွေက ဆင်ခြင်တုံတရား မရှိတဲ့အတွက် အနီးကပ်ဆုံး လူကို တိုက်ခိုက်တာက သဘာဝပါပဲ ။
ချွမ်……
ဓားဆွဲထုတ်သံ အသံတစ်ခုနဲ့ အတူ ဓားမော့ အလင်းတန်းတစ်ခု ပေါ်ထွပ်လာအပြီးမှာတော့ ကြီးမားလှတဲ့ ခေါင်းကြီး တစ်ခုဟာ လေထဲကို ပျံတက်သွားခဲ့ပါပြီ ။
အဲသည်ဓားချက် ပိုင်ရှင်ကတော့ ချူးဝူကလွဲပြီး တခြားသူ မရှိပါဘူး။
ရှန်းတုံက အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင် တစ်ကောင်ကို သတ်ဖို့အတွက် အနည်းဆုံး တုတ်ရိုက်ချက် ငါးချက် သုံးရပေမယ့် ချူးဝူကတော့ ဓားချက် တစ်ချက်ပါပဲ ။
" ဟမ့် "
ရှန်းတုံရဲ့ မျက်နှာကတော့ သိပ်ပြီး မကောင်းတော့ပါဘူး ။ သည်ဓားမော့ ခုတ်ချက်က သူ့ထက် အများကြီး ပိုအားကောင်းတယ်ဆိုတာ အသိသာကြီး မဟုတ်ပါလား ။ ဒါကြောင့်လည်း ချူးဝူက မြောက်ပိုင်းရဲ့ အစွမ်းအထက်ဆုံး ဗိုလ်ချုပ် ၅ပါးထဲမှာ ပါနေတာ ဖြစ်ရပါမယ် ။
" ကောင်းလိုက်တဲ့ ဓားချက် "
လီဖူချန်းကတော့ မျက်မှောင်ကြုပ်ပြီး စိတ်ထဲနေ ချီးကျုးလိုက်မိပါတယ် ။
သူ့ရဲ့ အမြင်မှာတော့ ချူးဝူရဲ့ ဓားမော့ခုတ်ချက်ဟာ လင်းဟုကို သတ်ဖြတ်ဖို့အတွက်တောင်မှ လုံလောက်မက လုံလောက်နေခဲ့ပါပြီ ။
ပြီးတော့ သူက ချူးဝူဟာ ကောင်းကင်အဆင့် ဓားမော့သိုင်း ဒါမှမဟုတ် ကောင်းကင်အဆင့် ဓားမော့ ဓားကွက်ကို တတ်ကျွမ်းထားတယ် ဆိုတာကို ရိပ်မိလိုက်ပါတယ် ။
( Note - ဓားမော့ = ဆေဘာ ။ တချို့နေရာတွေမှာ ဆေဘာ အစား ဓားမော့ကို အသုံးပြုသွားပါမယ် ။)
သက်တံနီဂိုဏ်းရဲ့ စုဆောင်းနိုင်မှုကတော့ အတော်လေး သြချလောက်စရာပါပဲ ။သူတို့က ကောင်းကင် အဆင့် ဓားသိုင်းဖြစ်တဲ့ သက်တံနီ ဓားသိုင်းအပြင် ကောင်းကင်အဆင့် ဓားမော့သိုင်း နဲ့ ကောင်းကင်အဆင့် လက်ဝါးသိုင်းကိုပါ စုဆောင်းထားနိုင်ပါသေးတယ် ။ ဒါက ဒုတိယတန်းစား ဘုရင်အဆင့် ကလန်တွေတောင်မှ တတ်စွမ်းနိုင်တဲ့အရာ မဟုတ်ပါဘူး ။ အခြေခံ အုတ်မြစ် အပိုင်းမှာတော့ ပထမတန်းစား ကလန်တွေလောက်ကသာ သက်တံနီဂိုဏ်းကို ယှဉ်နိုင်ပါလိမ့်မယ် ။
" ဒါကြောင့်လည်း သူက မြောက်ပိုင်းရဲ့ ထိပ်တန်း ဗိုလ်ချုပ် ငါးပါးထဲမှာ ပါနေတာကိုး "
လင်းရှုကတော့ ချူးဝူကို ပေါ်ပေါ်တင်တင်ပဲ ချီးကျုးလိုက်ပါတယ် ။
ချီယု နဲ့ လန်ရှီးတို့ရဲ့ မျက်နှာပေါ်မှာလည်း အံ့အားသင့်မှုတွေက အထင်းသား ဖြစ်ပေါ်နေခဲ့ကြပါပြီ ။
သူတို့တွေက ကြယ်၁ပွင့် အဆင့် ဗိုလ်ချုပ်တွေ ဖြစ်ကြပါတယ် ။ဒါပေမဲ့လည်း သူတို့က ချူးဝူရဲ့ ခြေဖျားကို မီဖို့အတွက်တောင်မှ အဝေးကြီး ကွာဝေးနေဆဲပါပဲ ။
ရှန်းတုံကလည်း ချူးဝူကို ဘာစောဒကမှ မတက်တော့ပါဘူး ။ ချူးဝူ ပြောခဲ့သလိုပါပဲ ။ သည်လို အသေးအမွှား ကိစ္စလေးတွေကိုက သူတို့ပဲ ကိုင်တွယ် ဖြေရှင်းသင့်ပါတယ် ။
ဒါပေမဲ့လည်း ရှန်းတုံက စိတ်ထဲမှာတော့ အနည်းငယ် ဘဝင်မကျ ဖြစ်နေဆဲပါပဲ ။ သည်နေရာမှာ ရှိနေတဲ့ လူခြောက်ယောက်ထဲမှာ ချူးဝူ နဲ့ လင်းရှုကို ဖယ်လိုက်မယ်ဆိုရင် သူက အစွမ်းအထက်ဆုံး ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း အဲဒါက ရှိသမျှ အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင်တွေကို သူတစ်ယောက်တည်း ရင်ဆိုင်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။ သည်အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ နောက်ပိုင်း အဆင့်မြင့် ဖုတ်အလောင်းကောင်တွေနဲ့ တွေ့တဲ့အခါကျရင် သူဟာ ခြေကုန်လက်ပန်း ကျနေပါလိမ့်မယ် ။
' အင်း…… ကျန်တဲ့သူတွေကို အကဲခတ်ကြည့်ဦးမှ '
ရှန်းတုံက တွေးနေရင်းနဲ့ ချီယု နဲ့ လန်ရှီးတို့ကို လှမ်းကြည့်လိုက်ပါတယ် ။
သည်စုံတွဲရဲ့ တစ်ယောက်ချင်း အစွမ်းကတော့ ဘာမှ စာမဖွဲ့လောက်ပါဘူး ။ ဒါပေမဲ့လည်း သူတို့နှစ်ယောက် ပူးပေါင်းပြီး တိုက်ခိုက်တဲ့ အခါမှာတော့ ထွက်ပေါ်လာတဲ့ စွမ်းအားဟာ ကြယ်၂ပွင့် အဆင့် ဗိုလ်ချုပ်တစ်ပါးရဲ့ အစွမ်းနီးပါး ရှိနေပါတယ် ။ ကြည့်ရတာတော့ သူတို့နှစ်ယောက်က စုံတွဲသိုင်းပညာ တစ်ခုကို လေ့ကျင့်ထားပုံပါပဲ ။
အဲသည်နောက်မှာတော့ ရှန်းတုံဟာ မရည်ရွယ်ဘဲနဲ့ လီဖူချန်းကို ကြည့်လိုက်မိပါတယ်။
" ဟင် …… သည်ကောင် "
လီဖူချန်းရဲ့ အစွမ်းက ချီယု နဲ့ လန်ရှီး နှစ်ယောက် ပေါင်းထားတာထက်တောင်မှ သာနေသေးတယ်လို့ ဆိုရပါမယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက အဆင့်နိမ့် ဖုတ်အလောင်းကောင် တစ်ကောင်ကို ဓားတစ်ချက်နဲ့ သတ်ဖြတ် နေလို့ပါပဲ ။
ဒါပေမဲ့လည်း လီဖူချန်းက အလယ်အလတ်အဆင့် ဖုတ်ကောင်တွေနဲ့ အဆင့်မြင့် ဖုတ်ကောင်တွေကို လုံးဝ ထိပ်တိုင် မရင်ဆိုင်ပါဘူး ။ သူက သတ်ရလွယ်တဲ့ အဆင့်နိမ့် ဖုတ်ကောင်တွေကိုသာ လိုက်လံပြီး သတ်ဖြတ်နေပါတယ် ။
လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး ။ လီဖူချန်းက သူ့ရဲ့ အစွမ်းကို လျှိုထားတာ အသိသာကြီးပါပဲ ။
" လီဖူချန်း…… မင်း အခု ဘာလုပ်နေတာလဲ ။ မင်းကကော မင်းရဲ့ အစွမ်းတွေကို နောက်ပိုင်းမှ သုံးဖို့ စဉ်းစားထားတာလား "
ရှန်းတုံက နှာခေါင်းရှုံ့ပြီး လီဖူချန်းကို မေးလိုက်ပါတယ် ။
လီဖူချန်းကတော့ ခပ်ပြုံးပြုံး ရှိနေဆဲပါပဲ ။ သူက ပခုံးတစ်ချက် တွန့်လိုက်ပြီး
" ငါက မင်းအရမ်း တက်ကြွနေတာကို အစောကြီးကတည်းက မြင်တယ်လေ ။ ဒါကြောင့် ငါက ဝင်မရှုပ်တော့တာ "
လီဖူချန်းပြောတာက မမှားပါဘူး။ အစောပိုင်း အချိန်တွေတုန်းကဆိုရင် ရှန်းတုံဟာ တက်ကြွတဲ့ ကြက်ဖကြီး တစ်ကောင်လို ရင်တကော့ကော့နဲ့ ရှေ့ဆုံးကနေ တိုက်ခိုက်နေခဲ့တာပါ ။ သူက တခြားသူတွေကိုတောင် ဝင်တိုက်ဖို့ အခွင့်အရေး မပေးခဲ့ပါဘူး ။
ရှန်းတုံက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး ရွဲ့သလိုလို လေသံနဲ့ ပြောလာခဲ့ပါတယ် ။
" အဲသည်တုန်းက အဲသည်တုန်းကပဲကွာ ။ အခု ငါမောနေပြီ ။ ဟုတ်ပြီလား ။ ကျေးဇူးရှင်ကြီး …… ကျေးဇူးပြုပြီး တစ်ခါလောက် ရှေ့တန်းကနေ တိုက်ပေးပါဦး "
'
အမှန်တကယ်တော့ ရှန်းတုံက မမောသေးပါဘူး ။ ဒါပေမဲ့လည်း အရိပ်အသူရာချောက်က အင်မတန် အန္တရာယ် များတဲ့အတွက် သူ့အနေနဲ့ အားချန်ထားမှကို ရပါမယ် ။
" ဟုတ်ပြီလေ ။ ဒါဆိုရင်လည်း နောက်တစ်ခါကျရင် ငါပဲ ရှေ့တန်းကနေ တိုက်ခိုက်ပေးမယ် "
လီဖူချန်းက ကတိပေးလိုက်ပါတယ် ။
ဖုတ်ဝင်နေတဲ့ အလောင်းကောင်တွေဟာ ခြေဦးတည့်ရာကို လျှောက်သွားနေကြတဲ့အတွက် နောက်ထပ် အချိန် အတော်ကြာအထိ သူတို့ဟာ အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင်တွေနဲ့ မတွေ့ခဲ့ကြပါဘူး ။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ သူတို့ဟာ အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင် တစ်ကောင်နဲ့ တွေ့သွားခဲ့ပါတယ် ။
သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ အနောက်မှာ မနေတော့ပါဘူး ။ သူက ဖုတ်ကောင်ကို မြင်တာနဲ့ အရှေ့ကို တန်းထွက်သွားပြီး ဓားနဲ့ ပိုင်းချလိုက်ပါတယ် ။
ရွှပ်……
ဘုတ်……
ကြက်သွေးရောင် ပိုးကြိုးမျှင်လေး တစ်ခုဟာ လေထုထဲမှာ ဖြစ်တည်လာခဲ့ပြီး အဲသည်နောက်မှာတော့ ခေါင်းတစ်လုံးဟာ မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့ပါပြီ ။
ဒါက ကြက်ကလေး ၊ ဝက်ကလေး သတ်တာနဲ့ မခြားနားလှပါဘူး ။
ဓားကွက် ထိရောက်မှု အပိုင်းမှာတော့ လီဖူချန်းရဲ့ ဓားကွက်ဟာ ချူးဝူနဲ့ မတိမ်းမယိမ်းပဲလို့ ဆိုရပါမယ် ။
အဲသည်ထက် ပိုအံ့အားသင့်စရာ ကောင်းတာက ချူးဝူရဲ့ ကျင့်ကြံမှုက တိုက်ပွဲဝိညာဉ်နယ်ပယ် အထွတ်အထိပ်ဖြစ်ပြီး လီဖူချန်းက တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၅မှာသာ ရှိနေသေးတာပါပဲ ။
သည်လို ကျင့်ကြံခြင်း အဆင့်လေးဆင့် ကွာနေတာတောင်မှ လီဖူချန်းဟာ သည်လောက် အစွမ်းထက်နေမှတော့ တကယ်လို့ လီဖူချန်းသာ တိုက်ပွဲဝိညာဉ်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်သွားမယ်ဆိုရင် ဘယ်လောက်အထိ အစွမ်းထက်နေမလဲ ဆိုတာကို စဉ်းစားသာ ကြည့်ပါတော့ ။
လင်းရှုကတော့ လီဖူချန်းရဲ့ ဓားချက်နဲ့ ပက်သက်ပြီး ထွေထွေထူးထူး အံ့သြ ပြမနေပါဘူး ။ သူက လီဖူချန်းရဲ့ ဓားသိုင်းစွမ်းရည်ကို သိထားပြီးသား မဟုတ်ပါလား ။
ဒါပေမဲ့လည်း ရှန်းတုံနဲ့ တခြားသူတွေကတော့ ပါးစပ် အဟောင်းသား ဖြစ်နေကြပါတယ် ။
သည်ဓားချက်နဲ့တင် လီဖူချန်းရဲ့ အစွမ်းဟာ အနည်းဆုံး ကြယ်၂ပွင့် ဗိုလ်ချုပ်အဆင့်မှာ ရှိတယ်ဆိုတာကို ကောင်းကောင်းကြီး သိနေနိုင်ပါပြီ ။
" ဟမ့် ……မင်းက မင်းအစွမ်းကို တစ်ချိန်လုံး ဖုံးကွယ်ထားတာပဲ "
ရှန်းတုံကတော့ ယောကျ်ားကြီးတန်မဲ့ မိန်းကလေး တစ်ယောက်လို မဲ့ရွဲ့ပြီး ပြောလာခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ သူက လီဖူချန်းဟာ သူ့ထက် အားမနည်းဘူး ဆိုတာကိုလည်း အသိအမှတ် ပြုလိုက်ပါတယ် ။
ရှန်းတုံက အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင်တွေကို သတ်ဖြတ်ရာမှာ တုတ်ချက် ၅ချက် ဒါမှမဟုတ် ၆ချက် လိုတယ်ဆိုပေမယ့် အဲဒါက သူဟာ အားနည်းတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။ အဲသည်လို ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ တုတ်ဆိုတဲ့ လက်နက်ဟာ ချွန်ထက်တဲ့ လက်နက် မဟုတ်လို့ပါပဲ ။ ဖုတ်ဝင်နေတဲ့ အလောင်းကောင်တွေရဲ့ ခန္ဓာကိုယ်ဟာ အတော်လေး မာကျော ကြံ့ခိုင်တဲ့အတွက် တုတ်လိုမျိုး လက်နက်တွေကို ကောင်းကောင်းကြီး ခံနိုင်ရည် ရှိပါတယ် ။
သစ်ပင်တစ်ပင်ကို ခုတ်ရာမှာ တုတ်ထက် ဓားက ပိုလွယ်ကူတာ မဟုတ်ပါလား။
တကယ်လို့သာ တစ်ဖက်ရန်သူက လူတစ်ယောက်ဆိုရင်တော့ တုတ်ရဲ့ အစွမ်းဟာ ပိုပြီး ထက်လာမယ် ဆိုတာကို သံသယ ဝင်နေစရာ မလိုပါဘူး ။ တုတ်နဲ့ ရိုက်ခံရတဲ့ လူတွေဟာ အပြင်ပိုင်းမှာ ဘာမှ သိပ်ဖြစ်တဲ့ပုံ မပေါ်ပေမယ့် အတွင်းပိုင်းမှာတော့ အတွင်းကြေ ကြေသွားတတ်တာ ဓမ္မတာပါပဲ ။
သည်အရိပ်အသူရာချောက်ဟာ အချိန် အယူအဆနဲ့ ပက်သက်ပြီး တိကျတဲ့ သတ်မှတ်ချက် မရှိတဲ့အတွက် လီဖူချန်းတို့ဟာ အချိန်ဘယ်လောက် ကုန်ဆုံးသွားပြီ ဆိုတာကို မသိကြပါဘူး ။ ဒါပေမဲ့လည်း သူတို့က အဲဒါကို ဂရုမစိုက်ဘဲ ခရီး ဆက်သွားမြဲ သွားနေပြီး တောင်ခြေတစ်ခုနားကို ရောက်လာခဲ့ကြပါတယ် ။
သည်တောင်ရဲ့ အနီးတစ်ဝိုက်ဟာ လွင်တီးခေါင်ပြင် ဖြစ်နေပြီး သက်ရှိတွေ ရှိနေတဲ့ အရိပ်အယောင် လုံးဝ မရှိပါဘူး ။ ပြီးတော့ သည်တောင်က သူတို့ကို အင်မတန် ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားမှုကို ပေးစွမ်းနေပါတယ် ။
ဖုတ်အလောင်းကောင်အုပ် အနည်းငယ်ကို သတ်ဖြတ်ပြီးတဲ့ နောက်မှာတော့ သူတို့ ခြောက်ယောက်ဟာ ပိန်းတိတ်အောင် မှောင်မည်းနေတဲ့ ဂူကြီးတစ်ခုရဲ့ အရှေ့ကို ရောက်လာခဲ့ကြပါပြီ ။
" ဟား…ဟား…… ငါတို့တော့ ပွပြီဟေ့ "
ဂူထဲကို သူတို့ရဲ့ လိပ်ပြာအသိစိတ် အာရုံတွေ နဲ့ စူးစမ်းလေ့လာပြီးတဲ့ နောက်မှာတော့ လီဖူချန်းအပါအဝင် လူအားလုံးဟာ မျက်လုံးတွေ အရောင် တောက်သွားပါတော့တယ် ။
သည်ဂူက မီတာ တစ်ရာကျော်လောက်သာ ရှိတဲ့အတွက် သိပ်ပြီး နက်ရှိုင်းခြင်း မရှိပါဘူး ။ဒါပေမဲ့လည်း ဂူရဲ့ အဆုံးမှာတော့ အဆင်မြင့် ဝိညာဉ်ကျောက်တုံးတွေ ရှိနေတာကို သူတို့အားလုံး အာရုံ ခံလိုက်မိပါတယ် ။ ပြီးတော့ အဲဒါက အတော်လေး များတဲ့ အရေအတွက်ပါပဲ ။
" အားလုံး သတိထားပြီး ဝင်ကြမယ်ဟေ့ ။သည်ဂူထဲမှာ ဖုတ်အလောင်းကောင် စုစုပေါင်း ၁၇ကောင် ရှိတယ် ။ အဲသည်ထဲမှာ အထွတ်အထိပ်အဆင့် ဖုတ်ကောင်တွေတောင် ပါနေလောက်တယ် ။ ရှန်းတုံး နဲ့ လီဖူချန်းက ရှေ့ဆုံးမှာနေ ။ ချူးဝူက သူတို့ နှစ်ယောက် နောက်ကလိုက် ။ တကယ်လို့ အဆင့်မြင့် ဖုတ်အလောင်းကောင် ဒါမှမဟုတ် အထွတ်အထိပ် အဆင့် ဖုတ်အလောင်းကောင်နဲ့ တွေ့ရင် ချူးဝူက တာဝန်ယူလိမ့်မယ် "
လင်းရှုက ဂူထဲဝင်မယ့် အစီအစဉ်ကို အလျင်အမြန် ရေးဆွဲလိုက်ပါတယ် ။
" ရတယ် ။ ငါ့ကို စိတ်ချထားလိုက် "
ချူးဝူက လင်းရှုရဲ့ အစီအစဉ်ကို မငြင်းပါဘူး ။
သူ့အနေနဲ့ လင်းရှုနဲ့ အဖွဲ့ ဖွဲ့ရခြင်း အကြောင်းက တစ်ခုတည်း ရှိပါတယ် ။ အဲဒါကတော့ သူက လင်းရှုဆီမှာ အကြိုကောင်းကင် မှော်ဝင်ရတနာ ပစ္စည်းတွေ ရှိနေတာကို ကောင်းကောင်းကြီး သိနေလို့ပါပဲ ။
အဲသည်နောက်မှာတော့ သူတို့ဟာ လင်းရှုရဲ့ အစီအစဉ်အတိုင်း ဂူထဲကို ဝင်သွားကြပါတော့တယ် ။ ရှေ့ဆုံးမှာတော့ လီဖူချန်း နဲ့ ရှန်းတုံက ပခုံးချင်းယှဉ် ၊ ရင်ဘောင်တန်း သွားလျက်နဲ့ပေါ့ ။
ဂါး……ဂရား……
ဒါကတော့ တိုက်ပွဲခေါ်သံပါပဲ ။ ဟိန်းဟောက်သံတွေ ထွက်ပေါ်လာပြီး သိပ်မကြာခင်မှာပဲ ဖုတ်အလောင်းကောင် တစ်အုပ်ဟာ သူတို့ဆီကို ပြေးဝင် လာခဲ့ကြပါပြီ ။
လီဖူချန်းတို့ ခြောက်ယောက်ရဲ့ ကံက အတော်လေး ကောင်းတယ်လို့ ဆိုရပါမယ် ။ ဘာဖြစ်လို့လဲဆိုတော့ သည်ဖုတ်အလောင်းကောင် ၁၇ကောင်ထဲမှာ အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင် တစ်ကောင်တောင်မှ ပါဝင်မနေဘဲ အဆင့်မြင့် ဖုတ်အလောင်းကောင် တစ်ကောင်သာ ပါဝင်နေလို့ပါပဲ ။
အဲသည် ဖုတ်အလောင်းကောင်အတွက်ကိုတော့ လီဖူချန်းတို့အနေနဲ့ စိုးရိမ်နေစရာ မလိုခဲ့ပါဘူး ။ ချူးဝူက အဲသည် ဖုတ်အလောင်းဆကာင်ကို ဓားချက် နှစ်ချက်နဲ့ပဲ ဖြေရှင်းပေးလိုက်ပါတယ် ။
" အိုး…… ဒါ… ဒါတွေက "
ဂူရဲ့ အဆုံးကို အရောက်မှာတော့ သူတို့အားလုံးရဲ့ အသက်ရှုသံတွေဟာ ခေတ္တခဏ ရပ်တန့်သွားခဲ့ပါပြီ ။
ဘာဖြစ်လို့လဲဆိုတော့ ဂူအဆုံးမှာရှိတဲ့ ဂူနံရံတွေပေါ်မှာ ဒါဇင်နဲ့ချီတဲ့ သလင်းကျောက်တွေ မြုပ်ဝင်နေလို့ပါပဲ ။ ပြီးတော့ အဲသည် သလင်းကျောက်တွေကနေပြီး မဟာတာအိုရဲ့ အငွေ့အသက်တွေ ထုတ်လွှတ်နေပါသေးတယ် ။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ……
လုံးဝ ယုံမှားသံသယ ဝင်နေစရာ မရှိပါဘူး ။ ဒါတွေက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေပါပဲ ။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေမှပဲ သည်လို အားကောင်းတဲ့ မဟာတာအို အငွေ့အသက်တွေကို ထုတ်လွှတ်နိုင်ပါလိမ့်မယ် ။
" မဟုတ်သေးဘူး ။ ဂူနံရံတွေထဲမှာ နောက်ထပ် အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံးတွေ ရှိနေလောက်သေးတယ် "
လင်းရှုက ဘဝင်မကျတဲ့ ပုံစံနဲ့ သူ့ရဲ့ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပါတယ် ။
ရွှီး……
ငွေရာင် အလင်းတန်း တစ်ခု ထွက်ပေါ်လာအပြီးမှာတော့ ဂူနံရံတွေဟာ ပြိုကျကုန်ပြီး နောက်ထပ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ ပေါ်လာခဲ့ပါပြီ ။
သည်အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကို သေသေချာချာ ရေတွက်လိုက်တဲ့ အခါမှာတော့ ကျောက်တုံးပေါင်း ၁၀၁ခု ရှိနေတာကို လီဖူချန်းတု့ိ သိလိုက်ရပါတယ် ။
သူတို့အားလုံး သဘောတူထားတဲ့ ခွဲဝေမှု အရဆိုရင်တော့ လင်းရှုက ၃၀ရာခိုင်နှုန်း ဖြစ်တဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၃၀ကို ွှပါမယ် ။ ကျန်တဲ့ ၇၁တုံးကိုတော့ ကျန်နေတဲ့ သူတို့အားလုံး ခွဲဝေယူရမှာပါ ။ ဒါပေမဲ့လည်း အားလုံး အညီအမျှတော့ ရမှာ မဟုတ်ပါဘူး ။ သူတို့က သူတို့ရဲ့ စွမ်းရည်တွေအလိုက် ခွဲတမ်းကို ဝေပုံကျ ရကြမှာ ဖြစ်ပါတယ် ။
ခွဲတမ်းကိုတော့ ချုးဝူကပဲ သမာသမတ်ကျကျ ခွဲဝေပေးလိုက်ပါတယ် ။သူကိုယ်တိုင်က အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၅ တုံး ၊ လီဖူချန်း နဲ့ ရှန်းတုံက တစ်ယောက်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၅တုံး ၊ ချီယု နဲ့ လန်ရှီးက တစ်ယောက်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၈တုံး ဆိုပြီးတော့ပေါ့ ။
ချူးဝူရဲ့ ခွဲဝေပေးမှုက လက်သင့်ခံနိုင်တဲ့အတွက် ဘယ်သူကမှ စောဒက မတက်ခဲ့ကြပါဘူး ။
" သည်တော့ ဒါတွေက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေပေါ့လေ "
လီဖူချန်းက သူ့လက်ထဲကို ရောက်လာတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ကြည့်ုပြီး ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ် ။
သည်အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေထဲမှာ ရှိနေတဲ့ စိတ်ဝိညာဉ် ချီစွမ်းအင်တွေဟာ တာတမံကျိုးပေါက်သွားတဲ့ ဆည်တစ်စင်းကနေ စီးဆင်းလာတဲ့ ရေတွေလိုပါပဲ ။ ပြီးတော့ အလွန်အမင်း သန့်စင်နေပါသေးတယ် ။ သည်ကျောက်တုံးတွေဟာ ကျင့်ကြံခြင်းအပါ်မှာ ကောင်းကျိုးအများကြီး သက်ရောက်စေမယ်ဆိုတာကိုတော့ လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး ။
" ကဲ…… ပြန်ထွက်ကြစို့ဟေ့ "
အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကို အချိုးကျ ခွဲဝေယူပြီးတဲ့နောက်မှာတော့ လင်းရှုက ဂူထဲကနေ ပြန်ထွက်ဖို့ ဆော်သြလိုက်ပါတယ် ။
ဒါပေမဲ့လည်း ဘဝဟာ ကိစ္စတစ်ခုကို စင်းလုံးချော ဖြစ်အောင် ဘယ်တော့မှ ဖန်တီး မပေးထားတတ်ပါဘူး ။ အဲဒါက လူတိုင်း အမြဲလိုလို ကြုံတွေ့ရတတ်တဲ့ အရာပါပဲ ။
" သေစမ်း ။ ပြသနာတက်ပြီဟေ့ ။ ငါတို့ ဂူအပြင်ကို ထွက်ဖို့ မလွယ်လောက်တော့ဘူး "
ချီယုရဲ့ မျက်နှာက ကွက်ခနဲ ပျက်သွားခဲ့ပါပြီ ။
ဘာဖြစ်လို့လဲဆိုတော့ သူက ဂူရဲ့ အပြင်ဘက်မှာ များပြားလှတဲ့ ဖုတ်အလောင်းကောင် အုပ်စုကြီး တစ်အုပ် ရောက်နေတာကို အာရုံ ခံမိလိုက်လို့ပါပဲ ။ အဲသည်အုပ်စုကြီးက ဘယ်အချိန်တည်းကနေ ဘယ်လို ဂူအပြင်ဘက်မှာ ရောက်နေတယ် မသိပါဘူး ။
ချူးဝူက အလေးအနက်ထားတဲ့ လေသံနဲ့ ပြောလာခဲ့ပါတယ် ။
" အဲသည်အုပ်က ပြဿနာ မဟုတ်ဘူး ။ အဲသည်ဖုတ်အလောင်းကောင် အုပ်စုရဲ့ အဝေးမှာ အနက်ရောင် ဖုတ်အလောင်းတစ်ကောင် ရှိနေတာကမှ ပြဿနာ ။ ကြည့်ရတာ အဲသည်ကောင်က သည်အုပ်ကြီးကို ထိန်းချုပ်ပြီး အမိန့်ပေးနေတဲ့ပုံပဲ "
" ဖုတ်အလောင်းကောင်တွေကို ထိန်းချုပ်ပြီး အမိန့်ပေးနေတဲ့ ဖုတ်အလောင်းကောင် တစ်ကောင် ရှိနေတာလား "
လင်းရှုရဲ့ မျက်နှာက ပြိုတော့မယ့် မိုးလိုပဲ အုံ့မှိုင်းသွားခဲ့ပါပြီ ။
" တကယ်လို့ အဲသည် ဖုတ်အလောင်းကောင်က တခြား ဖုတ်အလောင်းကောင်တွေကို ထိန်းချုပ်နိုင်တယ်ဆိုရင် ငါတို့တော့ ကံဆိုးပြီ ။ အဲသည်ကောင်က ဖုတ်အလောင်းကောင် ဘုရင်ပဲ ။ ဖုတ်အလောင်းကောင် ဘုရင်တွေပဲ သည်လို အသိဉာဏ်ရှိတဲ့ဲ အပြုအမူမျိုးကို လုပ်နိုင်တာ "
ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ ဖုတ်အလောင်းကောင်တွေ ဆိုတာက ဦးတည်ရာချက်မရှိ လမ်းလျှောက်သွားနေကြတဲ့ အရာတွေပါပဲ ။ အဲသည်အတွက် သူတို့ဆီမှာ ဘာစိတ်ဝိညာဉ်မှ မရှိသလို ဘာအသိဉာဏ်မှလည်း မရှိပါဘူး ။
ဒါပေမဲ့လည်း ဖုတ်အလောင်းကောင် ဘုရင်တွေကတော့ သာမန် ဖုတ်အလောင်းတွေနဲ့ မတူညီဘဲ ကွဲပြားခြားနားပါတယ် ။ သူတို့က ကိုယ်ပိုင် စိတ်ဝိညာဉ် နဲ့ အသိဉာဏ် ဖွံ့ဖြိုးနေပြီ ဖြစ်တဲ့အတွက် အခြားသက်ရှိမျိုးစိတ် တစ်ခုလို့တောင် မှတ်ယူနေနိုင်ပါပြီ ။
***