← Chapters

တွေ့ဆုံရန် ကံကြမ္မာပါလာသည့် ရန်သူများ

Vol. 107 Ch. 1484

တွေ့ဆုံရန် ကံကြမ္မာပါလာသည့် ရန်သူများ

Vol. 107 Ch. 1484

ကျန်းရီစီရင်စုနယ်တွင် စီမံခန့်ခွဲ့စရာကိစ္စများ များများစားစား မရှိပေ။ စီရင်စုနယ်၏ အမည်ကို ပြောင်းလိုက်သည်မှလွဲ၍ ကျန်အရာအားလုံးမှာ ပုံမှန်အတိုင်းဖြစ်သည်။ ရှောင်ဟုန်က အရာအားလုံးကို စီမံမည်ဖြစ်ပြီး ရှောင်မျိုးနွယ်က ကျန်းရီ၏ လက်အောက်ခံမျိုးနွယ်တစ်ခု ဖြစ်လာသည်။ အပြင်လူများက ထိုအတွက် ရှောင်ဟုန်ကို လှောင်ပြောင်ကြမည်ဖြစ်သော်လည်း ရှောင်ဟုန်သည် သူ၏ဆုံးဖြတ်ချက်အတွက် အတော်လေး ကျေနပ်နေပေသည်။ သူသည် ကျန်းရီထံ လက်အောက်ခံကြောင်းကို ကြေပင်ကြေညာလိုက်သေးသည်။

နတ်သိမ်းငှက်မြို့က တပ်မှူးလျှို၏အပိုင် ဖြစ်သွားသည်။

တပ်မှူးလျှိုသည် မိစ္ဆာသတ်ဖြတ်စံအိမ်မှ ဖြစ်သော်လည်း အရှေ့တွင် ကျန်းရီက ရှေ့ဆောင်လမ်းပြအဖြစ် ရှိခဲ့ပြီဖြစ်၍ သူ မြို့အရှင်ရာထူး ရခြင်းကို ကန့်ကွက်သူများ မရှိကြပေ။ ထို့ပြင် စီရင်စုနယ်တစ်ခုလုံးက ကျန်းရီ၏အပိုင် ဖြစ်နေပြီဖြစ်ရာ အထက်လူကြီးများသည် ကျန်းရီစီရင်စုနယ်မှ ကိစ္စများကို အရေးမစိုက်ကြတော့ပေ။ စီရင်စုနယ်ထဲမှ မြို့အားလုံးကို ကျန်းရီပိုင်ရာ သူ ကြိုက်သည့်မြို့ကို ကြိုက်သည့်သူအား ပေးခွင့်ရှိပေသည်။

ဟဲဝေသည် သိမ်းငှက်ပြာမြို့သို့ ရွှေ့ပြောင်းခံလိုက်ရပြီး တပ်မှူးတစ်ယောက် ဖြစ်သွားသည်။ အာဏာအရဆိုလျှင် သူက သူ့အဖေထက်ပင် ပိုမြင့်ပေသည်။ ဟဲဝေသည် အစကတည်းမှ ကျန်းရီဘေးတွင် နေခဲ့သည့်အတွက် အလွန်ကျေနပ်နေမိသည်။ မဟုတ်ပါက သူ့အဖေဆီ သွားလျှင်ပင် သူ့တစ်သက်လုံး ဤကဲ့သို့သော အခွင့်အရေးမျိုးကို ရလိမ့်မည် မဟုတ်ချေ။

ဂူမူက ကျန်းရီ၏ အတွင်းရေးကိစ္စများနှင့် အခွန်အခကိစ္စများကို တာဝန်ယူရသည်။ သူက ကျန်းရီ၏ ဝိညာဉ်ကျွန်ဖြစ်သဖြင့် ကျန်းရီသည် သူ့ကို အပြည့်အဝ ယုံကြည်ပေသည်။

ကျန်းရီသည် မိစ္ဆာချေဖျက်စစ်တပ်သို့ အဆိပ်ဝိညာဉ်ကိုပါ ‌ခေါ်သွားလို၏။ အဆိပ်ဝိညာဉ်၏ လုပ်ကြံရေးအတတ်က အလွန်အစွမ်းထက်လွန်းသည်။ သူ ရှိနေလျှင် ကျန်းရီ ပိုလုံခြုံပေလိမ့်မည်။ အနက်ရောင်နတ်ဘုရားကမူ သိမ်းငှက်ပြာတောင်တွင် ကျန်ခဲ့မည်ဖြစ်ပြီး မိုရှန်းရှင်းက ကျန်းရီနှင့်အတူ တိရှမြို့သို့ လိုက်ခဲ့မည်ဖြစ်သည်။ သူတို့နှင့် တိလင်အာလည်း ပါလာပေမည်။

ကျန်းရီ၊ အဆိပ်ဝိညာဉ်၊ မိုရှန်းရှင်းနှင့် တိလင်အာတို့ လေးယောက်သည် တိရှမြို့သို့ တည်နေရာပြောင်းရွှေ့လိုက်ကြ၏။ ကျန်းရီသည် တိမင်ကို ချက်ချက်သွားမရှာဘဲ တိရှအရှင်ဆီ အရင်သွားကာ အရိုအသေပေးလိုက်သည်။ တိရှအရှင်က သူ့ကို ကြီးမားသည့် ဆုလာဘ်များ ချီးမြှင့်ထားသူ မဟုတ်ပါလား။ ထို့ကြောင့် တိရှအရှင်ကို အရင်ဆုံး သွားရောက်မနှုတ်ဆက်လျှင် ရိုင်းပြသလို ဖြစ်နေပေလိမ့်မည်။

ဘုံထဲမှ အခြေအနေများက တည်ငြိမ်နေပြီဖြစ်၍ မိုလင်းချိုးလည်း တိရှမြို့ကို ပြန်ရောက်နေပေပြီ။ သူသည် တိရှမြို့မှနေ၍ ဘုံတစ်ခုလုံး၏ ကာကွယ်ရေးစနစ်များကို စီမံခန့်ခွဲနိုင်သည်။ ကျန်းရီ ရောက်လာကြောင်း သိသောအခါ မိုလင်းချိုးသည် တိရှရဲတိုက်အပြင်သို့ ထွက်၍ ကိုယ်တိုင်ကြိုဆိုလိုက်သည်။ ပြီးနောက် ကျန်းရီကို တိရှရဲတိုက်၏ အနောက်ဘက်ဥယျာဉ်ထဲ ခေါ်သွားသည်။ အဆိပ်ဝိညာဉ်၊ မိုရှန်းရှင်းနှင့် တိလင်အာတို့ကမူ ရဲတိုက်ထဲတွင် စောင့်နေရပေသည်။

အမည်မဲ့ကျွန်းသို့ ဒုတိယအကြိမ် ရောက်ချိန်တွင် တိရှအရှင်က တစ်ယောက်တည်း မဟုတ်တော့ကြောင်း ကျန်းရီ တွေ့လိုက်ရသည်။ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး အလွန်ဆွဲဆောင်မှုရှိသည့် မိန်းမပျိုတစ်ယောက်လည်း ရှိနေသည်။ သူမက မိုဟွိုက်စန်းပင်။ ကျန်းရီကို မြင်သောအခါ မိုဟွိုက်စန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ထွက်ပေါ်လာ၏။ ထို့နောက် သူမ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

“စစ်နတ်ဘုရားကျန်းရီကို နှုတ်ခွန်းဆက်ပါတယ်”

“ကျန်းရီ တိရှအရှင်ကို အရိုအသေပေးပါတယ်၊ သခင်မလေးဟွိုက်စန်းကိုလည်း နှုတ်ခွန်းဆက်ပါတယ်”

ကျန်းရီသည် ထိုင်၍ လက်ဖက်ရည်သောက်နေသော တိရှအရှင်ကို အရင်အရိုအသေပေးလိုက်ပြီးမှ မိုဟွိုက်စန်းကို ခေါင်းဆတ်ပြလိုက်သည်။ တိရှအရှင်က အတော်လေး ပြန်ကောင်းနေပေပြီ။ ဤတစ်ကြိမ်တွင် သူသည် မိုလင်းချိုးနှင့် မိုဟွိုက်စန်းတို့ကို ထွက်သွားရန် မပြောဘဲ ပြုံးကာ ကျန်းရီကို မေးလိုက်သည်။

“မင်းက မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်ချင်နေတယ်လို့ ငါကြားတယ်။ ဟုတ်သလား”

“ဟုတ်ပါတယ်”

ကျန်းရီ ခေါင်းညိတ်ကာ ဖြေလိုက်၏။

“မိစ္ဆာချေဖျက်စစ်တပ်ထဲမှာဆို တိုက်ပွဲအမှတ်တွေရဖို့က ပိုလွယ်တယ်ဆိုလို့ပါ။ ပြီးတော့ တိုက်ပွဲအတွေ့အကြုံတွေကနေ ကျွန်တော် ပိုသန်မာလာနိုင်ပါတယ်။ ကျွန်တော့်ရဲ့ အင်အားကို မြှင့်တင်ရပါမယ်”

“ဟင်းဟင်း...”

တိရှအရှင် ခပ်‌သဲ့သဲ့ ရယ်လိုက်၏။ မိုဟွိုက်စန်းက ကျန်းရီအတွက် လက်ဖက်ရည်ငှဲ့ပေးသည်။ တိရှအရှင်သည် ကျန်းရီကို ထိုင်၍ လက်ဖက်ရည်သောက်ရန် လက်ဟန်ပြလိုက်သည်။ ကျန်းရီထိုင်ပြီးမှ တိရှအရှင် ဆက်ပြောသည်။

“တိုက်ပွဲပြင်မှာဆိုရင် ပိုမြန်မြန် သန်မာရင့်ကျက်လာနိုင်တာတော့ အမှန်ပဲ။ မင်းက ဆုံးဖြတ်ပြီးပြီဆိုတော့ ငါ မင်းကို မဖျောင်းဖျတော့ပါဘူး။ ဟွိုက်စန်းကို ခေါ်သွားပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူကလည်း မိစ္ဆာချေဖျက်စစ်တပ်ထဲကို ဝင်ချင်နေခဲ့တာ။ သူ့အဖေက အဲ့စစ်တပ်ထဲမှာပဲလေ... သူက မင်းတို့ကို စောင့်ရှောက်ပေးနိုင်တာပေါ့”

“အာ...”

ကျန်းရီ အတန်ငယ် အံ့အားသင့်သွား၏။ မိုဟွိုက်စန်းကဲ့သို့သော သခင်မလေးက အမှန်ပင် မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်လိုသည်လော။ မိုဟွိုက်စန်း၏ တိုက်ပွဲအတွေ့အကြုံက အတော်လေးနည်းသည်။ သူမကဲ့သို့သော သခင်မလေးများက အမြဲ ကိုယ်ရံတော်များ ခေါ်သွားတတ်ကြသည် မဟုတ်ပါလား။ သူမတို့ကိုယ်တိုင် တိုက်ခိုက်ရသောအချိန် မည်မျှများများ ရှိပါသနည်း။

သို့သော် တိရှအရှင်က ပြောလိုက်ပြီဖြစ်၍ ကျန်းရီ မငြင်းလိုပေ။ ထို့ကြောင့် ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

“အရင်ဆုံး ကျွန်တော် စံအိမ်အရှင်တိကို သွားတွေ့လိုက်ပါဦးမယ်။ ပြီးကျမှ ကျွန်တော် သခင်မလေးဟွိုက်စန်းကို လာခေါ်ပါမယ်”

“အင်း...”

တိရှအရှင် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ့မျက်နှာက ရုတ်တရက် တည်သွားသည်။

“ကျန်းရီ... မင်း ကိုယ့်ကိုယ်ကိုယ် ဖိအားပေးတာ ကောင်းတဲ့အရာ တစ်ခုပါပဲ။ ဒါပေမဲ့ အလွန်အကျွံတော့ မလုပ်ပါနဲ့။ ဆယ်နှစ် ကြိုးစားပါ။ မင်းသာ အကောင်းဆုံးလုပ်ခဲ့မယ်ဆိုရင် နောက်ဆုံးရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ မင်း ငါ့ကို အသက်ရှင်ရက် ပြန်လာတွေ့နိုင်ဖို့ ငါမျှော်လင့်ပါတယ်”

“အခုလို ညွှန်းကြားပြသပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”

ကျန်းရီ ထရပ်ကာ ဦးညွှတ်လိုက်၏။ တိရှအရှင်သည် မိုလင်းချိုးအား ကျန်းရီကို ခေါ်သွားရန် လက်ဟန်ပြလိုက်လေသည်။

ကျန်းရီနှင့် မိုလင်းချိုးတို့ ထွက်သွားပြီးနောက် တိရှအရှင်သည် မိုဟွိုက်စန်းကို ကြည့်၍ ပြောလိုက်သည်။

“ဟွိုက်စန်း... မင်း ဘာလို့ မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်ချင်တာလဲဆိုတာကို ငါသိတယ်။ ငါပြောချင်တာ... ယောက်ျားကောင်းတစ်ယောက် မိန်းမတစ်ယောက်ရဲ့ နောက်ခံနဲ့ ရုပ်ရည်ကို ဂရုမစိုက်ဘူး။ သူတို့က မိန်းမတစ်ယောက်ရဲ့ အကျင့်စရိုက်၊ အလေ့အထနဲ့ စိတ်ဓာတ်ကိုပဲ ကြည့်ကြတယ်။ မင်း မင်းကိုယ်မင်း မပြောင်းလဲချင်ဘူးဆိုရင် သိမ်းငှက်ဘုရင်လေးကိုရော ကျန်းရီကိုပါ ရမှာ မဟုတ်ဘူး။ ငါက မင်းကို အခွင့်အရေး မပေးခဲ့တာ မဟုတ်ဘူး... မင်းက အခွင့်အရေးတွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ မသိခဲ့တာ။ ဒီတစ်ခေါက် မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်ပြီးတာတောင် မင်းကိုယ်မင်း မပြောင်းလဲနိုင်သေးဘူးဆိုရင် လူကြီးတွေစီစဉ်တဲ့ လက်ထပ်ပွဲတစ်ခုက မင်းကို စောင့်ကြိုနေလိမ့်မယ်”

တိရှအရှင်၏ တဲ့တိုးဆန်ကာ ကြမ်းတမ်းသည်။ ထို့ကြောင့် မိုဟွိုက်စန်း၏ မျက်လုံးကလေးများ ရဲတက်လာပေသည်။ သို့သော် သူမ တလေးတစားသာ ပြန်ပြောလိုက်သည်။

“ဟွိုက်စန်း အမှားကို သိပါပြီ”

“အဲ့ဒါဆို သွားတော့”

တိရှအရှင်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“သိမ်းငှက်ဘုရင်လေးက နဂါးအစစ်တစ်ကောင်ပဲ... ကျန်းရီကတော့ နတ်နဂါးပေါ့။ သူတို့နှစ်ယောက်စလုံးက သေမလား၊ ထိပ်ဆုံးကို ရောက်မလားဆိုတဲ့ ကံကြမ္မာပါလာတဲ့သူတွေပဲ။ ဒါက မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ငါ မင်းကို နောက်ဆုံးတစ်ခုပြောမယ်။ ယူချင်ရင် အရင်ပေးရတယ်။ မင်း သူများရဲ့ နှလုံးသားကို ရချင်ရင် ကိုယ့်ရဲ့နှလုံးသားကိုလည်း စိတ်ရင်းအမှန်နဲ့ ပေးရမယ်။ နောက်ဆုံးမှာ မင်း ဘယ်သူ့ကို ရွေးမလဲဆိုတာကတော့ မင်းအပေါ်ပဲ မူတည်ပါတယ်”

***

“ကျန်းရီ... မင်းက ဆုံးဖြတ်ပြီးပြီဆိုတော့ ငါ ဘာမှ မပြောတော့ပါဘူး”

မိုလင်းချိုးသည် ကျန်းရီကို ခေါ်၍ တိရှရဲတိုက်ထဲ ပြန်သွားလိုက်၏။ လမ်းတွင် သူ အလေးအနက်ပြောသည်။

“ဘာကိုမှ မပူပန်ဘဲ မင်းလိုချင်တာအတွက် တိုက်ခိုက်ပါ။ ကောင်းကင်ကြယ်တာရာနယ်နမိတ်အတွက် မစိုးရိမ်ပါနဲ့။ ငါ အကုန်လုံးကို တာဝန်ယူပါတယ်။ တကယ်လို့ ကောင်းကင်ကြယ်တာရာနယ်နမိတ်က တစ်ယောက်ယောက် တက်လှမ်းလာရင် ငါ သူတို့ကို စောင့်ရှောက်မှာပါ။ ပြီးတော့... မိုရှန်းရှင်းက မင်းနဲ့ လိုက်လာမှာ မဟုတ်ဘူး။ အဲ့နေရာက စစ်တပ်ဆိုတော့ ကိုယ်ရံတော်တွေကို ခွင့်မပြုဘူး။ အဆိပ်ဝိညာဉ်ကိုတော့ မင်းနဲ့အတူ စစ်တပ်ထဲဝင်ဖို့ ပြောနိုင်ပါတယ်”

ကျန်းရီသည် မိုလင်းချိုး၏စကားကို ကြားလိုက်သောအခါ အလွန်စိတ်အေးသွား၏။ သူ အလေးအနက် ဦးညွှတ်လိုက်၏။ မည်သို့မှတော့ မပြောလိုက်ပါပေ။ ထို့နောက် အဆိပ်ဝိညာဉ်နှင့် တိလင်အာတို့ကိုခေါ်ကာ ရဲတိုက်ထဲမှ ထွက်သွားလိုက်သည်။ မိုလင်းချိုးနှင့် မိုရှန်းရှင်းတို့သည် ကျန်းရီတို့ အဝေးသို့ ရောက်ကာ ပျောက်ကွယ်သွားသည်အထိ ရပ်ကြည့်နေကြသည်။ ကျန်းရီတို့ မြင်ကွင်းထဲက ပျောက်ကွယ်သွားမှာ မိုရှန်းရှင်းက စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။

“လက်ထောက်စံအိမ်အရှင်... ဒီတစ်‌ခေါက် ဘာလို့ ကျုပ်က သူတို့နဲ့ လိုက်သွားလို့မရတာလဲ။ ကျန်းရီ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

“အဲ့ဒါက တိရှအရှင်ရဲ့ ဆန္ဒပဲ”

မိုလင်းချိုး သက်ပြင်းလေးလေးချကာ ပြောလိုက်သည်။

“တိရှအရှင်က ကျန်းရီ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ သူ့အားသူကိုးတာပဲ လိုချင်တာ။ သူ တိရှဘုံမှာ ဆက်နေနေရင် တိုးတက်လာနိုင်မှာ မဟုတ်ဘူး။ သူ တိုက်ပွဲပြင်ကိုသွားပြီးမှ အမှန်တကယ် တောင်ပံဖြန့်ပြီး တောက်ပနိုင်လိမ့်မယ်။ သူ တိုက်ပွဲမှာ သေချင်လည်းသေမယ်၊ ဒါမှမဟုတ် ထိပ်ကိုလည်း ရောက်ချင်ရောက်သွားလိမ့်မယ်။ အဲ့ဒါက ကျန်းရီရဲ့ ကံကြမ္မာပဲ”

မိုရှန်းရှင်းသည် နားမလည်နိုင်သေးဘဲ ခေတ္တမျှတွေးတောကာ ထပ်မေးလိုက်သည်။

“ဘာလို့ တိရှအရှင်က ကျန်းရီကို အဲ့လောက်အထင်ကြီးနေရတာလဲ။ သူက ဘာတွေများ ထူးခြားနေလို့လဲ။ သူ အရမ်းစွမ်းအားကြီးပြီး အောင်မြင်လာလိမ့်မယ်လို့ ဘာကြောင့် တိရှအရှင်က ထင်နေရတာလဲ”

မိုလင်းချိုး ခေါင်းခါကာ ပြန်ဖြေ၏။

“ငါလည်း မသိဘူး။ တိရှအရှင်က ဘာကြောင့်လဲဆိုတာ ရှင်းမပြဘူး။ ဒါပေမဲ့ တိရှအရှင်ရဲ့ လူအကဲခတ်စွမ်းရည်ကို မင်း ကောင်းကောင်းသိမှာပါ။ သူ အကဲခတ်တာက အရမ်းတိကျတယ်။ စောင့်ကြည့်ကြတာပေါ့”

တစ်ဘက်တွင် ကျန်းရီ၊ တိလင်အာနှင့် အဆိပ်ဝိညာဉ်တို့က တိရှဘုံ၏ ပင်မမိစ္ဆာသတ်ဖြတ်စံအိမ်သို့သွား၍ တိမင်နှင့် တွေ့လိုက်၏။ တိမင်သည် များစွာမပြောဘဲ ကျန်းရီအား တိလင်အားကိုပါ ခေါ်သွားရန်သာ ပြောသည်။ ကျန်းရီတို့ မိစ္ဆာချေဖျက်စစ်တပ်သို့ ရောက်လျှင် တိလင်အာ၏ ဦးလေး(၃)ကို အရင်ဆုံးသွားတွေ့ရန်လည်း ပြောလိုက်သည်။

ကျန်းရီ၏ ခန့်မှန်းမှုက မှန်ကန်ခဲ့သည်။

မိစ္ဆာချေဖျက်စစ်တပ်က မည်သည့်အဖွဲ့အစည်းနှင့်မှ မသက်ဆိုင်သော်လည်း စစ်တပ်ထဲတွင် အဖွဲ့အစည်းအသီးသီးမှ လူများ ရှိနေပေသည်။ မိစ္ဆာချေဖျက်စစ်တပ်ထဲတွင် သေချာပေါက် အလွန်အန္တရာယ်များပေလိမ့်မည်။ သို့သော် သူ ထိုသို့မသွားလျှင် တိုက်ပွဲအမှတ်များကို မြန်မြန်ရနိုင်လိမ့်မည် မဟုတ်ချေ။ မိစ္ဆာသတ်ဖြတ်စံအိမ်တွင် တာဝန်များစွာ မရှိပေ။ သူ၏တာဝန်များကို ပြီးမြောက်အောင် ထမ်းဆောင်ရန်အတွက် မိုရှန်းရှင်းတို့ကို အကူအညီတောင်း၍လည်း မဖြစ်ပေ။

မိစ္ဆာသတ်ဖြတ်စံအိမ်ထဲမှ ပြန်ထွက်လာပြီးနောက် ကျန်းရီ အတန်ငယ် အတွေးနက်နေသည်။ သူသည် မိုဟွိုက်စန်း၏ တိုက်ခိုက်ပုံကို မမြင်ဖူးသေးသော်လည်း တိလင်အာ၏ တိုက်ခိုက်ပုံကို ပြီးခဲ့သော တမလွန်ဘုံစစ်တပ်နှင့် တိုက်ပွဲတွင် တွေ့ခဲ့ရသည်။ တိလင်အာ၏ ကျင့်ကြံခြင်းအဆင့်က အတော်လေး မြင့်သော်လည်း သူမ၏ တိုက်ပွဲအတွေ့အကြုံက အလွန်နည်းပါးနေသည်။ အဆိပ်ဝိညာဉ်ပင် သူမကို အလွယ်တကူ သတ်ပစ်နိုင်လောက်သည်။

သို့သော် အထက်လူကြီးနှစ်ယောက်က တောင်းဆိုလိုက်ပြီဖြစ်၍ ကျန်းရီ ထိုသခင်မလေးနှစ်ယောက်ကို ခေါ်သွားရပေတော့မည်။ ကျန်းရီသည် တိရှရဲတိုက်သို့ ပြန်သွား၍ မိုဟွိုက်စန်းကို သွားခေါ်၏။ ထို့နောက် မိုလင်းချိုးက သူတို့ကို ခန်းမကြီးတစ်ခုသို့ ခေါ်သွားသည်။ ခန်းမထဲရောက်သောအခါ မိုလင်းချိုးသည် အစောင့်များကို တည်နေရာပြောင်းရွှေ့အစီအရင် နှိုးခိုင်းလိုက်သည်။ ကျန်းရီတို့သည် နေ့တစ်ဝက်ကြာအောင် တည်နေရာပြောင်းရွှေ့လိုက်ပြီးမှ သူတို့သွားလိုရာသို့ ရောက်သွားသည်။

“အာ...”

ကျန်းရီသည် မူးဝေစွာဖြင့် ခေတ္တမျှရပ်နေပြီးမှ အပြည့်အဝ စိတ်ပြန်ကြည်လာ၏။ သူ လှည့်ပတ်ကြည့်လိုက်ပြီးနောက် အဘယ်ကြောင့် ထိုသခင်မလေးနှစ်ယောက်က လိုက်လာလိုခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။ အဝေးရှိ အာကာပြင်ထဲတွင် လူနှစ်ယောက် တိုက်ခိုက်နေကြသည်။ သူတို့ထဲက တစ်ယောက်မှာ သိမ်းငှက်ဘုရင်‌‌လေး ဖြစ်ပေသည်။

‘ရန်သူတွေက တွေဖို့ ကံကြမ္မာပါလာတာပဲ။ သိမ်းငှက်ဘုရင်လေးက ငါ့ကို ပြဿနာရှာလောက်လား’

ကျန်းရီ စိတ်မသက်မသာ ဖြစ်သွားသည်။ အဘယ်ကြောင့် သူက ဤမျှ ကံဆိုးရသနည်း။ သိမ်းငှက်ဘုရင်လေးကရော မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်မည်လော။

All Chapters