အဆင့်ငါးဆင့် ဆက်တိုက်တက်ခြင်း
Vol. 107 Ch. 1485
“မိစ္ဆာချေဖျက်စစ်တပ်ရဲ့ အခြေစိုက်စခန်းက ဘယ်မှာလဲ”
ကျန်းရီသည် သိမ်းငှက်ဘုရင်လေးနှင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်တို့ တိုက်ခိုက်နေသည်ကိုသာ အာရုံစိုက်နေမိခဲ့၍ ပတ်ဝန်းကျင်ကို မကြည့်ရသေးပေ။ ယခုမှ သူ ပတ်ဝန်းကျင်ကို စတင် စူးစမ်းလိုက်သည်။ ဤနေရာက ဘုံတစ်ခု မဟုတ်ပေ။ အာကာသထဲရှိ ဆန်းကြယ်နယ်မြေတစ်ခု ဖြစ်နိုင်သည်။
ဤဆန်းကြယ်နယ်မြေက မကြီးပေ။ ၎င်း၏ နယ်စပ်များကို တစ်ချက်ကြည့်ရုံဖြင့် လှမ်းမြင်နိုင်သည်။ နယ်မြေက ဆယ်ကီလိုမီတာလောက်သာ ကျယ်လောက်သည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအင်က အလွန်သိပ်သည်းနေပြီး တိရှဘုံမှ ဝိညာဉ်စွမ်းအင်ထက် အနည်းဆုံး အဆအနည်းငယ် ပိုသိပ်သည်းပေသည်။ ဤဆန်းကြယ်နယ်မြေကို ဧရာမရုပ်တုကြီး တစ်ရာလောက်က ဝန်းရံထားသည်။ ၎င်းရုပ်တုများက ပေတစ်သောင်းမြင့်ပြီး တောက်ပနေကြသည်။ ၎င်းတို့အားလုံးကို အလင်းတန်းများက ချိတ်ဆက်ထားပြီး အလင်းဒိုင်းကာတစ်ခု ဖန်တီးထားပေသည်။
ဤနေရာ၏ ဘေးဘက်တွင် စိမ်းစိမ်းစိုစို အပင်များ ပေါက်ရောက်နေပြီး ပတ်ဝန်းကျင်က အတော်လေး လှပသည်။ သို့သော် မြင့်မားသော တောင်တန်းကြီးများ မရှိဘဲ မြေပြန့်သာဖြစ်သည်။ မြေပြန့်အလယ်တွင် ဧရာမ ကျောက်စိမ်းဖြူရင်ပြင်ကြီးတစ်ခု ရှိနေသည်။ လက်ရှိတွင် ကျန်းရီတို့က ထိုရင်ပြင်အပေါ်၌ ရှိနေကြခြင်းပင်။ ရင်ပြင်ကို ရဲတိုက်များက ဝန်းရံထားသည်။ ရဲတိုက်အားလုံးကို အစီအစဉ်တကျ တည်ဆောက်ထားပြီး ရဲတိုက်အရေအတွက်က တစ်ထောင်ကျော်လောက်ပေသည်။ ရဲတိုက်များ၏အနောက်တွင် စစ်တပ်စခန်းများရှိသည်။ ကျန်းရီသည် ထိုဘက်သို့ လှမ်းကြည့်ကာ စစ်တပ်စခန်းများက အနည်းဆုံးဆယ်ခုလောက်ရှိသည်ဟု အကြမ်းဖျင်းခန့်မှန်းလိုက်၏။ စခန်းတစ်ခုစီထဲတွင် လေထဲ၌ တလူလူလွင့်နေသော အလံများ၊ တံခွန်များ ရှိနေသည်။ စခန်းများထဲတွင် ရွက်ဖျင်တဲများနှင့်လည်း ပြည့်နှက်နေပြီး ၎င်းတို့ ပတ်ပတ်လည်၌ ချပ်ဝတ် ဝတ်ဆင်ထားသော တပ်သားများ လျှောက်သွားနေကြသည်။
“မိစ္ဆာချေဖျက်စစ်တပ်”
ကျန်းရီသည် ရင်ပြင်ဘေးရှိ အကြီးဆုံးရဲတိုက်၏ ထိပ်မှ ငွေရောင်အလံတွင် ရေးထားသော စာလုံးများကို ဖတ်လိုက်၏။ ထိုရဲတိုက်အပြင်ဘက်တွင် သိုင်းသမား အယောက်တစ်ရာလည်း စောင့်ကြပ်နေကြသည်။ သူတို့အားလုံးက မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်နှင့် ညီသောအဆင့်ရှိသူများ ဖြစ်ကြပြီး အလွန်အရှိန်အဝါကောင်းကြသည်။
“ဟိုက်...ကျား”
ကောင်းကင်ထက်မှနေ၍ ထွက်ပေါ်လာသော သိမ်းငှက်ဘုရင်လေးနှင့် စွမ်းအားကြီး သိုင်းသမားတို့၏ အသံများက ကျန်းရီကို ပြန်အာရုံစိုက်သွားစေ၏။ ကျန်းရီ ခေတ္တမျှကြည့်လိုက်ပြီး တိလင်အာထံ အသံပို့လွှတ်လိုက်သည်။
“သိမ်းငှက်ဘုရင်လေးနဲ့ တိုက်ခိုက်နေတာက ဘယ်သူလဲ။ မိစ္ဆာချေဖျက်စစ်တပ်မှာ လူတိုင်း စိတ်ကြိုက်လက်ရည်စမ်းလို့ရတာလား”
“မရပါဘူး”
တိလင်အာက ရှင်းပြသည်။
“သူတို့က တိုက်ခိုက်ခွင့်ပြုဖို့ တောင်းဆိုခဲ့တာ ထင်တယ်။ မိစ္ဆာချေဖျက်စစ်တပ်ရဲ့ ခွင့်ပြုချက်မရရင် တိုက်ခိုက်ခွင့်မရှိဘူး။ မလိုက်နာရင် ခံရမဲ့ အပြစ်ဒဏ်က ကြီးတယ်.. ဘာခြွင်းချက်မှလည်း မရှိဘူး။ လူသတ်မယ်ဆိုရင် သတ်တဲ့သူက တန်းပြီး ကွပ်မျက်ခံရမှာ။ သိမ်းငှက်ဘုရင်လေးတောင် အလွတ်ပေးခံရမှာ မဟုတ်ဘူး...”
“သိမ်းငှက်ဘုရင်လေးနဲ့ တိုက်ခိုက်နေတဲ့သူကိုတော့ ကျွန်မလည်း မသိဘူး”
“ဪ...”
ကျန်းရီ စိတ်အေးသွား၏။ သူသာ လက်ရည်စမ်းရန် လက်မခံလျှင် လုံခြုံပေလိမ့်မည်။ ကျန်းရီ မိုဟွိုက်စန်းကို ဆက်ကြည့်လိုက်၏။ သူမက လေထဲတွင် တိုက်ခိုက်နေသော သိမ်းငှက်ဘုရင်လေးကို မှင်တက်စွာ ကြည့်နေသည်ကို မြင်လိုက်သောအခါ ကျန်းရီ ခေါင်းခါ၍ ပြောလိုက်သည်။
“သခင်မလေးဟွိုက်စန်း... အရင်ဆုံး ကျွန်တော်တို့ ရောက်ကြောင်းသတင်းသွားပို့ကြမလား။ ပြီးမှ သခင်မလေးက ပြန်လာကြည့်ပေါ့”
“အာ...”
မိုဟွိုက်စန်း အသိကပ်သွားပြီး အတန်ငယ် ရှက်ရွံ့သွားကာ ခေါင်းငုံ့ထားလိုက်၏။ ထို့နောက် သူမ ရှင်းပြသည်။
“ကျွန်မက... ဟိုဟာမဟုတ်...”
“ကဲပါ... အရင်ဆုံး သတင်းသွားပို့ကြတာပေါ့”
ကျန်းရီ ပြုံးရုံသာ ပြုံးလိုက်ပြီး မိုဟွိုက်စန်း၏ အပြုအမူများကို အရေးစိုက်မနေတော့ပေ။ သူသည် မိုဟွိုက်စန်းကို သဘောကျသည်လည်း မဟုတ်သလို သဘောမကျသည်လည်း မဟုတ်ပေ။ ပုံမှန်ခံစားချက်သာ ရှိသည်။ သူသည် အဖွဲ့ကို ဦးဆောင်၍ အကြီးဆုံးရဲတိုက်သို့ သွားလိုက်သည်။ ထိုအခိုက်တွင် ဟိတ်ဟန်ကောင်းသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အဖော်နှစ်ယောက်နှင့်အတူ လျှောက်လာ၏။ တိလင်အာကို မြင်သောအခါ ထိုလူ၏မျက်လုံးများ လင်းလက်လာသည်။ ထို့နောက် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“လင်အာလေး...”
“ဦးလေး(၃)”
တိလင်အာသည်လည်း ဝမ်းသာအားရဖြင့် ပြေးသွားပြီး ထိုလူ၏လက်ကို ဆုပ်ကိုက်ကာ ကျီစားဟန်ဖြင့် ပြောလိုက်၏။
“ဦးလေး(၃)... သမီး ဦးလေးကို မတွေ့ရတာ နှစ်တွေတောင်ချီပြီ။ သမီးက ဦးလးကို အရမ်းသတိရနေခဲ့တာ။ ဦးလေးက ဘာလို့ သမီးကို လာမတွေ့တာလဲ...”
“ဟားဟားဟား...”
အသက်လတ်ပိုင်းအရွယ် အမျိုးသားက ကျယ်လောင်စွာ ရယ်လိုက်ပြီး တိလင်အာ၏ခေါင်းလေးကို ချစ်ခင်စွာ ပွတ်သပ်၍ ပြန်ပြောလိုက်သည်။
“မတွေ့ရတာ နှစ်နည်းနည်းပဲ ရှိသေးတယ် လင်အာလေးက ဒီလိုမိန်းမလှလေးတစ်ယောက် ဖြစ်လာပြီပေါ့လေ။ ဦးလေးလည်း သမီးကို လာတွေ့ချင်ပါတယ်။ ဒါပေမဲ့ စစ်တပ်မှာ အလုပ်တွေများနေတာနဲ့ ထွက်လာလို့ မရခဲ့တာပါ။ ကဲပါ... လင်အာလေး.. သမီးရဲ့မိတ်ဆွေတွေနဲ့ ဦးလေးကို မိတ်ဆက်ပေးပါဦး”
“အွန်း...”
တိလင်အာသည် ရွှင်ပြသော မျက်နှာထားဖြင့် မိုဟွိုက်စန်းကို ညွှန်ပြကာ ပြောလိုက်၏။
“သူက သခင်မလေးမိုဟွိုက်စန်းပါ။ ဦးလေးမိုချန်ဟဲရဲ့ သမီးပေါ့”
“ဪ... သူက အစ်ကိုချန်ဟဲရဲ့ သမီးကိုး...”
အသက်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးကာ ခေါင်းညိတ်၍ ပြောသည်။
“အခု အစ်ကိုချန်ဟဲက တာဝန်တစ်ခုနဲ့ အပြင်ထွက်သွားတယ်။ ရက်နည်းနည်းနေရင် ပြန်လာမှာပါ”
မိုဟွိုက်စန်း စိတ်ညစ်သွား၏။ သို့သော် သူမ လေးလေးစားစား ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
“ဦးလေးတိကို နှုတ်ခွန်းဆက်ပါတယ်”
“သူကတော့ စစ်နတ်ဘုရားကျန်းရီပါ... မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ လူထုရေးရာ မဟာဝန်မင်လည်း ဟုတ်တယ်။ သူ့ရဲ့ဘွဲ့ကို တိရှအရှင်နဲ့ အရှင်ယဲ့ရှန်တို့ကိုယ်တိုင် ချီးမြှင့်ထားတာ။ သူကတော့ အဆိပ်ဝိညာဉ်ပါ”
တိလင်အာက ဆက်၍ မိတ်ဆက်ပေးသည်။ ထို့နောက် သူမ ကျန်းရီကို ထပ်ကြည့်ကာ ပြောလိုက်သည်။
“ကျန်းရီ... သူက ကျွန်မရဲ့ ဦးလေး(၃)ပါ။ သူ့နာမည်က တိချန်ကျွင်းတဲ့”
“အရှင်တိကို နှုတ်ခွန်းဆက်ပါတယ်”
ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့က တစ်ပြိုင်တည်း ဦးညွှတ်လိုက်ကြသည်။ တိချန်ကျွင်းက တောက်ပသော မျက်လုံးများနှင့် ရယ်ကာ ပြော၏။
“မင်းက ကျန်းရီပေါ့လေ။ အဖေက ငါ့ဆီ မင်းအကြောင်းတွေ သတင်းပါးထားပြီးပါပြီ။ အခု မင်းက တော်တော်နာမည်ကြီးနေတာပဲ။ အဖေကလည်း မင်းကို တော်တော်လေး ချီးကျုးနေတယ်”
ကျန်းရီ ခပ်သွက်သွက် နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
“အရှင်တိက ကြင်နာလွန်းနေပါပြီ”
“ဟားဟား...”
တိချန်ကျွင်းသည် အဆိပ်ဝိညာဉ်ကိုလည်း ခေါင်းညိတ်ပြ၏။ ထို့နောက် သူ ဆက်ပြောလိုက်သည်။
“အရင်ဆုံး ငါ မင်းတို့ စာရင်းသွင်းရအောင် ခေါ်သွားပေးမယ်။ မင်းတို့အတွက် နေစရာလည်း စီစဉ်ပေးရဦးမယ်။ စည်းမျဉ်းတွေနဲ့ မိစ္ဆာချေဖျက်စစ်တပ်ရဲ့အကြောင်းတွေကိုတော့ နောက်မှ ပြောပြတာပေါ့”
ကျန်းရီတို့သည် တိချန်ကျွင်းအနောက်သို့ လိုက်၍ ရဲတိုက်ထဲ ဝင်သွားလိုက်သည်။ ထိုအခိုက်တွင် သိမ်းငှက်ဘုရင်လေးက ရုတ်တရက် တိုက်ခိုက်လိုက်ရာ သူနှင့် တိုက်ခိုက်နေသော သိုင်းသမားက ရင်ပြင်ထဲ ပြင်းထန်စွာ ပြုတ်ကျလာသည်။ ပတ်ပတ်လည်မှ အကာအရံများလည်း အတန်ငယ် တောက်ပသွားသည်။ ထို့နောက် အောက်မှ အခြားစွမ်းအားကြီး သိုင်းသမားတစ်ယောက်က အော်ပြောလိုက်သည်။
“တော်လောက်ပြီ... ဒီတိုက်ပွဲမှာ သိမ်းငှက်ဘုရင်လေးနိုင်တယ်”
“အာ...”
ကျန်းရီတို့အားလုံး ရပ်တန့်လိုက်ကြ၏။ မိုဟွိုက်စန်းသည် ကောင်းကင်ထက်တွင် ရပ်နေသော ဟိတ်ဟန်အပြည့်နှင့် သိမ်းငှက်ဘုရင်လေးကို ရွှန်းလဲ့သော မျက်ဝန်းများနှင့် မော့ကြည့်လိုက်သည်။ ထိုစဉ် ကျန်းရီက စိတ်ဝင်တစား မေးလိုက်၏။
“အရှင်တိ... သိမ်းငှက်ဘုရင်လေးနဲ့ တိုက်ခိုက်နေတဲ့သူက ဘယ်သူပါလဲ”
“အို့... အဲ့ဒါ တပ်မှူးလုံပါ”
တိချန်ကျွင်းက ခါးသက်သက်ပြုံး၍ ပြော၏။
“သိမ်းငှက်ဘုရင်လေးက မိစ္ဆာချေဖျက်စစ်တပ်ကို ရောက်လာကတည်းက ငါးကြိမ်တိုက်ခိုက်ပြီးသွားပြီ။ ဒီတိုက်ပွဲပြီးရင် သူက တပ်မှူးဖြစ်တော့မှာ။ လုံကွေ့ရဲ့ တိုက်ခိုက်စွမ်းအားက မဆိုးဘူး။ ဒါပေမဲ့ သိမ်းငှက်ဘုရင်လေးကိုတော့ မယှဉ်နိုင်သေးဘူးပဲ။ ရိုးရိုးသားသား ပြောရရင်... သိမ်းငှက်ဘုရင်လေးသာ ငါ့ကို စိန်ခေါ်ခဲ့မယ်ဆိုရင် ငါ ဒီတပ်မှူးရာထူးကို ဆက်ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး”
“အို့...”
ကျန်းရီနှင့် အခြားသူများ အံ့အားသင့်သွားကြ၏။ တိချန်ကျွင်းက ဆက်ပြောသည်။
“အဲ့ဒါက မိစ္ဆာချေဖျက်စစ်တပ်ရဲ့ စည်းမျဉ်းပဲ။ လူတစ်ယောက်က လုံလောက်အောင် သန်မာမယ်ဆိုရင် တခြားသူတွေကို စိန်ခေါ်နိုင်တယ်။ နိုင်တဲ့သူက ရှုံးတဲ့သူရဲ့ ရာထူးကို ရမယ်။ သိမ်းငှက်ဘုရင်လေးက ဒီရက်ပိုင်းအတွင်း ငါးကြိမ်တိုက်ခိုက်ပြီး အဆင့်ငါးဆင့် ဆက်တိုက်တက်သွားခဲ့တာပဲ။ သူသာ ဆက်တိုက်ခိုက်မယ်ဆိုရင် စစ်သူကြီးတောင် ဖြစ်သွားနိုင်လောက်တယ်။ ဒါပေမဲ့... စစ်သူကြီးဆယ့်တစ်ယောက်လုံးမှာ သူတို့ရဲ့ အားသာချက်တစ်ခုစီ ရှိကြတယ်။ သိမ်းငှက်ဘုရင်လေးက သူတို့ထဲက တချို့နဲ့ ယှဉ်နိုင်လောက်ပေမဲ့ စစ်သူကြီးတစ်ယောက်ကို စိန်ခေါ်နိုင်ဖို့ တိုက်ပွဲအမှတ်တွေ အများကြီးလိုတယ်။ သိမ်းငှက်ဘုရင်လေးက တိုက်ပွဲအမှတ်တွေ မစုရသေးဘူး”
“တပ်မှူး...”
ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သိမ်းငှက်ဘုရင်လေးက အမှန်ပင် ခက်ထန်ပေသည်။ သူသည် မိစ္ဆာချေဖျက်စစ်တပ်သို့ ရောက်လာပြီးနောက် လူများကို စိန်ခေါ်ခဲ့ကာ ယခုတွင် တပ်မှူးအဆင့်သို့ ရောက်သွားပေပြီ။ တိချန်ကျွင်း မိစ္ဆာချေဖျက်စစ်တပ်ထဲတွင် ရှိနေခဲ့သည်မှာ ကြာခဲ့လောက်ပြီဖြစ်သည်။ သို့သော် သူက ယခုမှ တပ်မှူးအဆင့်သာ ရှိသေးသည်။ ထို့ပြင် တိရှအရှင်၏သား၊ မိုဟွိုက်စန်း၏အဖေမှာလည်း တပ်မှူးသာ ဖြစ်သည်။
‘တစ်ခုခုတော့ မှားနေပြီ’
ကျန်းရီသည် တွေးတောနေရင်း ကိစ္စတစ်ခုကို တွေးမိသွား၏။ စစ်တပ်စခန်းက ဆယ်ခုသာ ရှိရာ အဘယ်ကြောင့် စစ်သူကြီးဆယ့်တစ်ယောက် ရှိနေရသနည်း။
ကျန်းရီ တိချန်ကျွင်းကို ကြည့်ကာ သိလိုသည်ကို မေးလိုက်၏။ တိချန်ကျွင်းက ရှင်းပြသည်။
“ဆောင်းဥတုအရှင်ရဲ့ တစ်ဦးတည်းသောသမီး ရောက်လာတယ်လေ။ သူက အုပ်ချုပ်သူအဆင့်ဆိုတော့ ခေါင်းဆောင်သုံးယောက်ကို သူ့ကို ချက်ချင်း စစ်သူကြီးရာထူးပေးလိုက်ရတာပဲ။ သူက ကိုယ်ပိုင်စစ်တပ်တစ်ခုလည်း ထူထောင်ခွင့်ရသွားတယ်”
“ချီချင်ချန်...”
ကျန်းရီ ရေရွတ်လိုက်သည်။ သူ သဘောပေါက်သွားပေပြီ။ ဆောင်းဥတုအရှင်က သူ၏နေရာကို ချီချင်ချန်အား ပေးခဲ့ကာ ကောင်းကင်ဘုံသို့ သွားမည်ဖြစ်သည်။ ချီချင်ချန်က အတွေ့အကြုံရှာရန်၊ သူမ၏စွမ်းအားများကို အခြေငြိမ်အောင်လုပ်ရန်နှင့် သူမ၏ တိုက်ခိုက်စွမ်းအားကို မြှင့်တင်ရန် မိစ္ဆာချေဖျက်စစ်တပ်သို့ လာခဲ့ခြင်းဖြစ်မည်။
ချီချင်ချန် ရောက်လာခဲ့၍ သိမ်းငှက်ဘုရင်လေးလည်း လိုက်လာခဲ့ခြင်းဖြစ်မည်။ တိလင်အာနှင့် မိုဟွိုက်စန်းတို့ကမူ သိမ်းငှက်ဘုရင်လေးကြောင့် လိုက်လာလိုခဲ့ကြသည်။ မကြာခင်တွင် မျိုးနွယ်ကြီးများမှ သခင်လေးများနှင့် သခင်မလေးများလည်း သတင်းရကာ ဤနေရာတွင် လာရောက်စုဝေးနိုင်ပေသည်။
ချီချင်ချန်က အထက်ဘုံ၏ နံပါတ်(၁)အလှပဂေးဖြစ်ပြီး သိမ်းငှက်ဘုရင်လေးက အထက်ဘုံတွင် နံပါတ်(၁)သခင်လေးဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက တော်ဝင်မျိုးနွယ်များမှ လူလွတ်များဖြစ်ကြရာ သခင်လေးများနှင့် သခင်မလေးများ၏ မျက်စိကြစရာ လက်တွဲဖော်များ ဖြစ်နေပေသည်။ ယခု သူတို့နှစ်ယောက်က ဆောင်းဥတုဘုံနှင့် မင်ရည်တောင်ပံဆန်းကြယ်နယ်မြေတို့မှ ထွက်လာကြပြီဖြစ်၍ သခင်လေးများနှင့် သခင်မလေးများက ထိုအခွင့်အရေးကို လက်လွတ်ခံနိုင်မည်နည်း။ ဤနေရာတွင် အတူတိုက်ခိုက်ကာ အတူအချိန်ကုန်ဆုံးရမည်ဆိုလျှင် သူတို့၏ဆက်ဆံရေးက တိုးတက်လာနိုင်ပြီး နီးစပ်နိုင်ရန် အခွင့်အရေးများ ရှိလာနိုင်ပေသည်။
‘စောက်ချီးပဲ...’
ကျန်းရီ စိတ်ပျက်နေသည်။ အကယ်၍ မိစ္ဆာချေဖျက်စစ်တပ်သို့ သခင်လေးများနှင့် သခင်မလေးများစွာ ရောက်လာမည်ဆိုလျှင် အခြေအနေများက အလွန်ရှုပ်ထွေးသွားလောက်ပေသည်။ သူ ဤနေရာသို့ အချင်းချင်းတိုက်ခိုက်ရန် လာခဲ့ခြင်း မဟုတ်ပေ။ တိုက်ပွဲအမှတ်များကို စုဆောင်း၍ သူ၏ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်လိုခဲ့ခြင်းသာ။ သူ ထိုသခင်လေးများ၊ သခင်မလေးများနှင့် မရှုပ်လိုပါပေ။