ကျွန်မ အဲ့လူနှစ်ယောက်ကို လိုချင်တယ်
Vol. 107 Ch. 1486
တိချန်ကျွင်း၏ ဦးဆောင်မှုနောက်သို့လိုက်၍ ကျန်းရီတို့လေးယောက် ရဲတိုက်၏ ဘေးခန်းမတစ်ခုထဲ ဝင်လိုက်ကြ၏။ အခန်းထဲတွင် လှပသော အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ တိချန်ကျွင်း ဝင်လာသည်ကို မြင်လိုက်သောအခါ သူမသည် ရွှင်ပြစွာ ပြုံး၍ ထရပ်လိုက်ပြီး နွေးထွေးစွာ ပြောလိုက်၏။
“အရှင်ချန်ကျွင်း... အံ့ဩစရာပဲ။ ဒီနေ့ ဒီကိုလာဖို့ အချိန်ရတယ်ပေါ့လေ”
“အဟမ်း...အဟမ်း...”
တိချန်ကျွင်းက သူ့နောက်မှ တိလင်အာကို လှည့်ကြည့်၍ ချောင်းဟန့်ကာ ပြောလိုက်၏။
“ညီမဟွာ... သူက ကျုပ်ရဲ့တူမပါ။ သူကတော့ အစ်ကိုချန်ဟဲရဲ့ သမီးပါ။ သူတို့နှစ်ယောက်ကတော့ တိရှဘုံက ပါရမီရှင်နှစ်ယောက်ပါ။ သူတို့ စာရင်းသွင်းရအောင် ဒီကိုခေါ်လာခဲ့တာပါ”
“ဪ...”
ညီမဟွာ၏ အပြုံးက ပိုတောက်ပလာ၏။ သူမသည် တိလင်အာ၏လက်ကို နွေးထွေးစွာကိုင်လိုက်ပြီး ကျန်လူများကိုလည်း ဖော်ရွေစွာကြည့်၍ ပြောလိုက်သည်။
“အားလုံးက သူရဲကောင်းတွေပဲ... သခင်လေးတို့၊ သခင်မလေးတို့ကို မိစ္ဆာချေဖျက်စစ်တပ်က ဝမ်းပမ်းတသာ ကြိုဆိုပါတယ်။ အရှင်ချန်ကျွင်း... ကျွန်မ သူတို့ကို ဘယ်ရာထူး ပေးလိုက်ရမလဲ”
တိချန်ကျွင်းသည် ခေတ္တမျှတွေးတော၍ ပြန်ပြော၏။
“ကျုပ်ရဲ့တူမနဲ့ သခင်မလေးဟွိုက်စန်းအတွက် ရုံးပိုင်းအလုပ်ပဲ စီစဉ်ပေးလိုက်ပေါ့။ ကျန်တဲ့နှစ်ယောက်အတွက်ကတော့ တိုက်ခိုက်ရေးပိုင်းမှာ နေရာပေးလိုက်ပါ။ သူက စစ်နတ်ဘုရားကျန်းရီပါ။ သူက ဘုံတစ်သောင်းပြိုင်ပွဲရဲ့ စွမ်းရည်ပြိုင်ပွဲမှာ ပထမရခဲ့တာလေ။ ပြီးတော့ မကြာသေးခင်ကမှလည်း အရှင်ယဲ့ရှန်နဲ့ တိရှအရှင်တို့က သူ့ကို ‘စစ်နတ်ဘုရားဘွဲ့’ ချီးမြှင့်ခဲ့သေးတယ်။ အဲ့တော့ သူ့ကို လက်ထောက်တပ်မှူးရာထူးပေးဖို့ ပြဿနာမရှိလောက်ဘူးမလား”
“အာရာရာ...”
ညီမဟွာသည် ကျန်းရီကို အံ့ဩတကြီးကြည့်၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“စစ်နတ်ဘုရားကျန်းရီ... ကျွန်မ သခင်လေးရဲ့ အောင်မြင်မှုတွေကို ကြားနေခဲ့တာ ကြာပါပြီ။ သခင်လေးက အနိမ့်ဆုံး လက်ထောက်တပ်မှူးတော့ ဖြစ်ရမှာပေါ့။ ကျွန်မက သခင်လေးအကြောင်းကို မကြားဖူးရင်တောင် အရှင်ချန်ကျွင်းကိုယ်တိုင် ရောက်လာမှတော့ သူ့မျက်နှာကို ထောက်ထားရမှာပေါ့”
“ကျေးဇူးအများကြီးတင်ပါတယ်”
ကျန်းရီ ဦးညွှတ်လိုက်၏။ အဆက်အသွယ်ကောင်းကောင်း ရှိခြင်းက အမှန်ပင် ကောင်းပေသည်။ ကျန်းရီ လက်ထောက်တပ်မှူးဖြစ်လိုခြင်းမှာ ဩဇာအာဏာအတွက် မဟုတ်ဘဲ တိုက်ပွဲအမှတ်များအတွက်ဖြစ်သည်။ ရာထူးပိုမြင့်လေလေ၊ တာဝန်များအတွက် တိုက်ပွဲအမှတ်ဝေစု ပိုရလေလေပင်။ ယခုတွင် ကျန်းရီ တိုက်ပွဲအမှတ်များစွာ လိုအပ်နေပေသည်။
“စစ်နတ်ဘုရားကျန်းရီက အားနာလွန်းနေပါပြီ”
ညီမဟွာက တိချန်ကျွင်းနှင့် အတော်လေး ဆက်ဆံရေးကောင်းပုံပေါ်သည်။ ထို့ကြောင့် ကျန်းရီတို့က စိန်နားကပ်ရောင်ဖြင့် ပါးပြောင်ရပေပြီ။ ညီမဟွာက လက်ဝှေ့ယမ်းကာ ဆက်ပြောသည်။
“စစ်နတ်ဘုရားကျန်းရီရော ကျန်တဲ့သူတွေရောက ရွက်ဖျင်တဲတွေထဲမှာ မနေသင့်ပါဘူး။ ကျွန်မ သူတို့လေးယောက်အတွက် ရဲတိုက်တစ်လုံး စီစဉ်ပေးပါမယ်။ ဒါပေမဲ့ သူတို့ရဲ့ အဆင့်က နည်းနည်းနိမ့်နေသေးတယ်ဆိုတော့ အသေဆုံးရဲတိုက်တစ်လုံးပဲ စီစဉ်ပေးနိုင်ပါတယ်။ သခင်လေးတို့၊ သခင်မလေးတို့ နားလည်ပေးလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”
တိလင်အာနှင့် မိုဟွိုက်စန်းတို့၏ မျက်လုံးများ အရောင်လက်သွား၏။ သူမတို့ စစ်ရွက်ဖျင်တဲများထဲတွင် နေရမည်ဆိုလျှင် သူမတို့၏ဂုဏ်သိက္ခာ ထိခိုက်သွားနိုင်သည်။ သူမတို့က အထက်ဘုံ၏ ထိပ်တန်း သခင်မလေးများ မဟုတ်ပါလား။ သူမတို့လေးယောက်စလုံး ညီမဟွာကို ထပ်၍ ကျေးဇူးတင်လိုက်ကြ၏။ ညီမဟွာသည် လူတစ်ယောက်ကိုခေါ်၍ သူမတို့လေးယောက်ကို စာရင်းသွင်းရန်၊ စစ်ချပ်ဝတ်များ ယူရန်အတွက် ခေါ်သွားပေးဖို့ စေခိုင်းလိုက်၏။
အတော်ကြာ အလုပ်များနေပြီးနောက် ကျန်းရီတို့သည် ငွေရောင်စစ်ချပ်ဝတ်တစ်စုံစီ ရလိုက်ကြ၏။ သို့သော် ထိုချပ်ဝတ်များပေါ်မှ တံဆိပ်များကတော့ ကွဲပြားပေသည်။ သခင်မလေးနှစ်ယောက်၏ ချပ်ဝတ်ပေါ်မှ လခြမ်းကွေးတံဆိပ်က ရုံးပိုင်းရေးရာကို ကိုယ်စားပြု၏။ ရုံးပိုင်းရေးရာများမှာ တိုက်ပွဲအမှတ်များကို မှတ်တမ်းတင်ရခြင်း၊ တာဝန်များ ခွဲဝေပေးရခြင်းတို့ကဲ့သို့ အလုပ်များ ဖြစ်လောက်ပေသည်။ ထိုအလုပ်များက တိုက်ပွဲအမှတ်များစွာ မရနိုင်ပေ။ သို့သော် သူမတို့နှစ်ယောက်သည် ဤနေရာသို့ တိုက်ပွဲအမှတ်များရှာရန် ရောက်လာခြင်း မဟုတ်ချေ။ သိမ်းငှက်ဘုရင်လေးနှင့် နီးစပ်နိုင်ရန် ရောက်လာခဲ့ခြင်းသာ။ သူမတို့သည် တိုက်ပွဲအမှတ်များကို အရေးမစိုက်ပါပေ။
ကျန်းရီ၏တံဆိပ်မှာ မိစ္ဆာခေါင်းတစ်လုံးအထက်တွင် ဓားတစ်လက်ရှိနေသောပုံစံ ဖြစ်သည်။ အဆိပ်ဝိညာဉ်မှာ အထူးအခွင့်အရေးမရသဖြင့် သာမန်တပ်သားသာဖြစ်ရာ သူ့တံဆိပ်က မိစ္ဆာခေါင်းသာ ဖြစ်ပေသည်။
ကျန်းရီတို့လေးယောက် နေထိုင်ရမည့် ရဲတိုက်မှာ အမှန်ပင် အလွန်သေးသည်။ အလယ်ခန်းမတစ်ခုနှင့် သာမန်သာပြင်ဆင်ထားသော အခန်းခြောက်ခန်းသာရှိသည်။ သို့သော် သန့်ရှင်းမှုတော့ ရှိပေသည်။ တိလင်အာနှင့် မိုဟွိုက်စန်းတို့သည် ဤမှ အခြေအနေကို သိထားပြီးဖြစ်၍ သူမတို့ရသည်နှင့်ပင် အတော်လေး ကျေနပ်နေကြသည်။ သူမတို့သည် အပြင်အဆင်များကို ပိုကောင်းအောင် ပြောင်းလဲရန် နောက်မှ လူတစ်ယောက်ရှာ၍ ခိုင်းစေနိုင်ပေသည်။ စစ်ရွက်ဖျင်တဲများထဲတွင် မနေရသည်နှင့်ပင် သူမတို့ ပျော်နေကြပြီဖြစ်သည်။
ကျန်းရီတို့လေးယောက် နေရာချပြီးသောအခါ တိချန်ကျွင်း ထပ်ရောက်လာပြီး စည်းမျဉ်းများနှင့် မိစ္ဆာချေဖျက်စစ်တပ်အကြောင်းကို ရှင်းပြသည်။ ယခင်တွင် ကျန်းရီသည် မိစ္ဆာချေဖျက်စစ်တပ်အကြောင်းကို ကောင်းစွာနားမလည်ထားပေ။ တိချန်ကျွင်းက ရှင်းပြပြီးမှ သူ အနည်းနှင့်အများဆိုသလို အခြေခံများကို နားလည်သွားပေသည်။
မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်ပြီးလျှင် အနည်းဆုံး သုံးနှစ်ပြည့်အောင် တာဝန်ထမ်းဆောင်ပြီးမှ ပြန်ထွက်ခွင့်ရှိသည်။ တပ်မှူးအဆင့်ရောက်မှ တစ်နှစ်လျှင်တစ်ကြိမ် အိမ်ပြန်ခွင့်ရသည်။ စစ်သူကြီးတစ်ယောက် ဖြစ်လာပြီဆိုလျှင်မူ မည်သည့်အကန့်အသတ်မှ မရှိတော့ပေ။ စိတ်ကြိုက် သွားလာနိုင်သည်။
ဤဆန်းကြယ်နယ်မြေကို မိစ္ဆာချေဖျက်တောင်ကြားဟုခေါ်သည်။ ဤနေရာက မိစ္ဆာချေဖျက်စစ်တပ်၏ ဌာနချုပ်ပင်။ ဌာနချုပ်တွင် အုပ်ချုပ်သူအဆင့် ခေါင်းဆောင်နှစ်ယောက် နေသဖြင့် ဤနေရာက အလွန်လုံခြုံပေသည်။ မိစ္ဆာချေဖျက်တောင်ကြားထဲတွင် နေထိုင်သူအားလုံး စည်းမျဉ်းများကို လိုက်နာကြရသည်။ အချင်းချင်း ခိုက်ရန်ဖြစ်ပွားလျှင် တပ်မှူးတစ်ယောက်ဆိုလျှင်ပင် အပြစ်ပေးခံရမည်ဖြစ်သည်။ ထို့ပြင် ရန်ဖြစ်သူထံမှနေ၍ တိုက်ပွဲအမှတ်များလည်း လျှော့ပစ်မည်ဖြစ်သည်။
မိစ္ဆာချေဖျက်စစ်တပ်ထဲတွင် စုဆောင်းထားသော တိုက်ပွဲအမှတ်များကို အထက်ဘုံတစ်ခွင်လုံးတွင် အသုံးပြုနိုင်သည်။ ၎င်းက ဤနေရာတွင် ရမည့် တိုက်ပွဲအမှတ်များကို မိစ္ဆာသတ်ဖြတ်စံအိမ်၊ တိရှစံအိမ်နှင့် စစ်နတ်ဘုရားစံအိမ်တို့တွင် အသုံးပြုနိုင်သည်ဆိုသော အဓိပ္ပာယ်ပင်။ ယင်းမှာ မိစ္ဆာချေဖျက်စစ်တပ်ကို တည်ထောင်စဉ်ကတည်းက ဘုံတစ်သောင်းလုံး သဘောတူထားသော ဘုံသဘောတူညီချက်တစ်ခု ဖြစ်ပေသည်။
မိစ္ဆာချေဖျက်တောင်ကြားတွင် အကန့်အသတ်မဲ့သော ကျင့်ကြံခြင်းအရင်းအမြစ်များ ရှိသည်။ ဆေးလုံးအမျိုးမျိုး၊ ရတနာအမျိုးမျိုး၊ အဆတစ်သောင်း၊ အဆတစ်သန်း လျှို့ဝှက်ကျင်ကြံခြင်းအခန်းများ စသည်ဖြင့် အရင်းအမြစ်မျိုးစုံ ရှိပေသည်။ ထို့ပြင် ဤနေရာမှနေ၍ ရှေးဦးဆန်းကြယ်နယ်မြေ၊ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေနှင့် ကမ္ဘာဦးဆန်းကြယ်နယ်မြေတို့သို့ တည်နေရာပြောင်းရွှေ့နိုင်သည်။ သို့သော် ထိုသို့တည်နေရာပြောင်းရွှေ့နိုင်ရန် တိုက်ပွဲအမှတ်များ လိုအပ်ပေသည်။ ဤနေရာတွင် နတ်ဘုရားအမြစ်များ အသုံးပြု၍မရပေ။ တိုက်ပွဲအမှတ်များကိုသာ အသုံးပြုနိုင်သည်။
သို့သော်...
နေရာတိုင်းတွင် မှောင်ခိုဈေးကွက်ရှိပေသည်။ မျိုးနွယ်ကြီးများမှ သခင်လေးများနှင့် သခင်မလေးများက နတ်ဘုရားအမြစ်များပေး၍ တိုက်ပွဲအမှတ်များ ဝယ်ယူကြသည်။ ကျန်လူအားလုံးကလည်း ထိုကိစ္စများကို မသိချင်ယောင်ဆောင်ပေးထားကြပေသည်။ မိစ္ဆာချေဖျက်စစ်တပ်ထဲမှ လူအများစုမှာ ဘုံအသီးသီးရှိ မျိုးနွယ်ကြီးများမှ လာခဲ့ကြသူများ မဟုတ်ပါလား။
တိလင်အာနှင့် မိုဟွိုက်စန်းတို့သည် ဌာနချုပ်တွင် ညီမဟွာကဲ့သို့သော အလုပ်များကို တာဝန်ယူရမည်ဖြစ်သည်။ သို့သော် သူမတို့တွင် ညီမဟွာကဲ့သို့တော့ အာဏာရှိမည် မဟုတ်ပေ။ သူမတို့နှစ်ယောက်က မိစ္ဆာချေဖျက်စစ်တပ်တွင် အမြဲနေမည့်သူများ မဟုတ်ချေ။ အခြားသခင်လေးများနှင့် သခင်မလေးများကလည်း အသေးအဖွဲအလုပ်ကလေးများသာ လုပ်ကြပေသည်။
ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ကမူ ကွဲပြားသည်။ သူတို့သည် လူသစ်စုဆောင်းရေးရုံးသို့ သတင်းပို့ကာ စစ်တပ်စခန်းများက လူသစ်စုဆောင်းမည်ကို စောင့်ရမည်ဖြစ်သည်။ သူတို့ စစ်တပ်ထဲဝင်လိုက်သည်နှင့် စစ်မိန့်များကို နာခံကာ စစ်တပ်တာဝန်များကို ထမ်းဆောင်၍ တိုက်ပွဲအမှတ်များ စုဆောင်းရပေမည်။ သူတို့ အနားယူရသည့် အချိန်များတွင်ဆိုလျှင်လည်း တာဝန်ရုံးသို့သွား၍ ကိုယ်ပိုင်တာဝန်များ ယူနိုင်ပေသည်။
တိချန်ကျွင်းက အရာအားလုံးကို စီစဉ်ပြီးထားပေပြီ။ ကျန်းရီတို့ လူသစ်စုဆောင်းရေးရုံးသို့ သွားလိုက်သည်နှင့် တိချန်ကျွင်း စီစဉ်ထားသော လူက သူတို့ကို ရွေးချယ်ပေလိမ့်မည်။ သူတို့ စစ်တပ်ထဲ တရားဝင် ဝင်ပြီးလျှင် စစ်တပ်တာဝန်များ ထမ်းဆောင်ရန် အပြင်ထွက်နိုင်ပြီဖြစ်သည်။ တိချန်ကျွင်း၏ မျက်နှာကြောင့် ကျန်းရီသာ ကောင်းကောင်းလုပ်ဆောင်နိုင်လျှင် မြန်မြန်ရာထူးတိုးမည်ဖြစ်သည်။
“ကောင်းပါပြီ... အကုန်လုံးက အရှင်တိ စီစဉ်ထားတဲ့အတိုင်း ဖြစ်မှာပါ”
ကျန်းရီသည် မည်သို့မှ ခံစားမနေရပေ။ မည်သည့်စစ်တပ်ထဲ ဝင်သည်ဖြစ်စေ သူ့အတွက် အတူတူပင်။ ယခုတွင် မိုချန်ဟဲက စစ်စခန်းတွင် ရှိမနေသဖြင့် တိချန်ကျွင်းနောက်သို့ လိုက်ရမည်ဆိုလျှင် မဆိုးပါပေ။ တိမင်က ညွှန်ကြားချက်များ ပေးထားလောက်ပေပြီ။ ထို့ပြင် တိချန်ကျွင်းကလည်း လူကောင်းတစ်ယောက်ဖြစ်ပုံပေါ်သည်။ အနည်းဆုံးတော့ ကျန်းရီ သူ့နောက်လိုက်မည်ဆိုလျှင် သာမန်လူများက ကျန်းရီကို အကောက်ကြံဝံ့လိမ့်မည် မဟုတ်ချေ။ မိစ္ဆာချေဖျက်စစ်တပ်တွင် စည်းမျဉ်းတစ်ခုရှိသည်။ မိမိ၏ ရဲဘော်ရဲဘက်ကို သတ်မည်ဆိုလျှင် သေဒဏ်ပေးခံရမည်ဖြစ်သည်။
“အဲ့ဒါဆို ပြီးပြီပေါ့။ မင်းတို့နှစ်ယောက် လူသစ်စုဆောင်းရေးရုံးကိုသွားပြီး သတင်းပို့လိုက်။ မင်းတို့နှစ်ယောက်ကို ရွေးချယ်ဖို့ ငါ လူတစ်ယောက် စေလွှတ်လိုက်မယ်။ မင်းတို့နှစ်ယောက် လုပ်ထုံးလုပ်စဉ်တွေကို လုပ်ပြီးသွားလျှင် စစ်ရွက်ဖျင်တဲတွေမှာ ဆက်နေစရာမလိုပါဘူး။ ဒီကိုပြန်လာနေလို့ရပါတယ်။ ဘယ်သူကမှ ဘာမှ ပြောရဲမှာ မဟုတ်ဘူး။ ဒီနေရာက ငါ့ရဲ့ပိုင်နက်ပဲ”
တိချန်ကျွင်းက ခေါင်းညိတ်၍ ပြောလိုက်သည်။ ကျန်းရီသည် ခေါင်းပြန်ညိတ်ပြ၍ အဆိပ်ဝိညာဉ်ကိုခေါ်ကာ ထွက်သွားလိုက်သည်။ တစ်ကွေ့၊ နှစ်ကွေ့ သွားပြီးနောက်တွင် သူတို့ ရဲတိုက်တစ်လုံးဆီသို့ ရောက်သွား၏။ ရဲတိုက်အစောင်က သူတို့ကို ရဲတိုက်အနောက်ဘက်ရှိ စစ်ရေးလေ့ကျင့်ကွင်းသို့ ခေါ်သွားသည်။
စစ်ရေးလေ့ကျင့်ကွင်းထဲတွင် လူများစွာသည် အရွေးချယ်ခံရန် ရပ်နေကြသည်။ ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့လည်း ထိုလူများအကြားတွင် တိတ်တဆိတ် ဝင်ရပ်လိုက်၏။ လူတစ်ရာနီးပါးရှိသည့်အထဲတွင် ကျင့်ကြံခြင်းအဆင့်အနိမ့်ဆုံးသူများမှာ ကျန်းရီကဲ့သို့ စစ်ဘုရင်အဆင့်တွင် ဖြစ်ပေသည်။ အဆိပ်ဝိညာဉ်နှင့် အဆင့်တူသူများလည်း ဆယ်ယောက်လောက်ရှိသည်။ သို့သော် ကျန်းရီသည် မည်သည့်ဘွဲ့ထူးရစစ်နတ်ဘုရားများ၏ အရှိန်အဝါကိုမှ မခံစားမိချေ။
ရှပ်...ရှပ်...ရှပ်...
ထိုစဉ် အပြင်မှနေ၍ လူသုံးယောက် လျှောက်ဝင်လာ၏။ ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ ထိုလူများကို လှမ်းကြည့်လိုက်ပြီး စိတ်လှုပ်ရှားလာကြ၏။ ထိုသုံးယောက်က လူသစ်ရွေးချယ်ရန် လာခဲ့ကြသူများဖြစ်မည်။ ထိုသူများထဲတွင် တိချန်ကျွင်း၏လူ ပါသလော။
“မင်း..မင်း၊ ပြီးတော့ မင်း... ငါတို့နောက်ကိုလိုက်ပြီး ကောင်းကင်ခွင်းတပ်ထဲဝင်လိုက်”
ဝါရင့်သော တပ်မှူးတစ်ယောက်က စစ်နတ်ဘုရားအဆင့်ရှိသည့် သိုင်းသမားဆယ်ယောက်ကို လက်ညှိုးညွှန်၍ အေးစက်စက် အမိန့်ပေးလိုက်သည်။ အဆိပ်ဝိညာဉ်လည်း လက်ညှိုးထိုးခံခဲ့ရသည်။ ကျန်းရီ မျက်မှောင်ကြုတ်သွား၏။ ကောင်းကင်ခွင်းတပ်က တိချန်ကျွင်း၏တပ် မဟုတ်လောက်ပေ။ အဆိပ်ဝိညာဉ်သာ သူနှင့်လူကွဲသွားလျှင် နောက်တွင် တပ်ပြန်ပြောင်းရသည်ကဲ့သို့ အလုပ်ရှုပ်သည့်ကိစ္စမျိုး လုပ်ရလိမ့်မည် မဟုတ်လော။
ရှပ်...ရှပ်...ရှပ်...
ထိုအခိုက်တွင် အခြားလူသုံးယောက် ဝင်လာ၏။ သူရဲကောင်းအရှိန်အဝါနှင့် စစ်နတ်ဘုရားမတစ်ယောက်သည် သူမ၏ အမျိုးသမီးတပ်သားနှစ်ယောက်နှင့်အတူ ဝင်လာသည်။ ထိုစစ်နတ်ဘုရားမသည် ဝေ့ဝဲကြည့်လိုက်၏။ ကျန်းရီကို တွေ့သောအခါ သူမ၏မျက်လုံးများ အရောင်လက်သွားသည်။
‘ချီချင်ချန်က ကိုယ်တိုင် လူသစ်လာရွေးတာလား’
ကျန်းရီ အတန်ငယ် အံ့ဩသွား၏။ သူ မကောင်းသောနမိတ်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရလေသည်။ နောက်ဆုံးတွင် ချီချင်ချန်က ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
“ကျွန်မ အဲ့လူနှစ်ယောက်ကို လိုချင်တယ်”
“မရပါဘူး”
ကျန်းရီ အလိုလို နောက်တွန့်သွားမိ၏။ သူသည် ချီချင်ချန်၏တပ်ထဲ မဝင်လိုပေ။ သူမ၏တပ်က သခင်လေးများအားလုံး ပြုံတိုးဝင်မည့်တပ် ဖြစ်လောက်သည်။ သူသာ ထိုတပ်ထဲဝင်လိုက်လျှင် သေချာပေါက် ပြဿနာနှင့် ကြုံရပေလိမ့်မည်။ ထို့ပြင် ကျန်းရီသည် မိန်းမတစ်ယောက်၏ အမိန့်ပေးခြင်းကို ခံဖူးသူ မဟုတ်ချေ။