ကျန်းရီကို ဒိုင်းတစ်ခုအဖြစ် အသုံးချခြင်း
Vol. 107 Ch. 1487
အမှန်တွင် ချီချင်ချန်သည် ကျန်းရီတို့ကို ရွေးချယ်ရန် လာခဲ့ခြင်း မဟုတ်ပေ။ သူမက သူမ၏လူအားလုံးကို ကိုယ်တိုင်ရွေးပေသည်။ ဤတစ်ကြိမ်မှာ တိုက်ဆိုင်သွားခြင်းပင်။
ချီချင်ချန်သည် ဘုံတစ်သောင်းပြိုင်ပွဲမှနေ၍ ဆောင်းဥတုဘုံသို့ ပြန်သွားပြီးနောက် ချက်ချင်း မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်ခဲ့၏။ ကျန်းရီ၏ ခန့်မှန်းမှုက မှန်ပေသည်။ ဆောင်းဥတုအရှင်က ကောင်းကင်ဘုံသို့သွားရန် ဆုံးဖြတ်လိုက်ပြီဖြစ်၍ သူမသည် မကြာခင်တွင် ဆောင်းဥတုအရှင်ရာထူးကို ယူကာ ဆောင်းဥတုဘုံကို ကာကွယ်ရမည်ဖြစ်သည်။ ထို့ကြောင့် သူမ၏စွမ်းအားများကို အခြေခိုင်အောင်လုပ်၍ သူမ၏အင်အားကို မြှင့်တင်ရပေမည်။ ထိုသို့လုပ်နိုင်ရန် မိစ္ဆာချေဖျက်စစ်တပ်က အကောင်းဆုံးနေရာဖြစ်သည်။
ချီချင်ချန်က စစ်သူကြီးအသစ်တစ်ယောက်ဖြစ်၍ သူမလက်အောက်တွင် လူများစွာ မရှိပေ။ သူမသည် သူမ၏တပ်ကို အစမှနေ၍ စထူထောင်ရမည်ဖြစ်သည်။ သူမက သူမ၏တပ်ကို ဖွဲ့စည်းရာတွင် အလွန်အလေးအနက်ထားသဖြင့် တပ်သားများကို သူမကိုယ်တိုင်ရွေးချယ်သည်။ ထိုမှ သူမတပ်၏ တိုက်ခိုက်နိုင်စွမ်းက တန်းတစ်ခုတွင် ရှိနေမည်ဖြစ်သည်။
ကျန်းရီက ထူးချွန်သော ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။ သူ၏တေးသွားက စွမ်းအားကြီး သိုင်းသမားများအပေါ်ပင် သက်ရောက်နိုင်သဖြင့် ချီချင်ချန်သည် သူ့အပေါ် အမြင်ပြောင်းသွားပြီဖြစ်သည်။ ကျန်းရီတွင် ဆန်းကြယ်စွမ်းရည်အမျိုးမျိုးနှင့် ဝှက်ဖဲအမျိုးမျိုး ရှိသည်ဟူသော တိရှဘုံမှ တင်ပြချက်ကိုပါ ပေါင်းထည့်လိုက်သောအခါ ချီချင်ချန်က ကျန်းရီကို ရှားပါးသော ပါရမီရှင်တစ်ယောက်အဖြစ် မြင်သွားပေသည်။ ထို့ပြင် သူနှင့် ရီဖျောင်ဖျောင်၏ ပတ်သတ်မှု၊ သူမ၏ သူ့အပေါ်တင်နေသောအကြွေးတို့လည်း ရှိနေရာ ချီချင်ချန်တွင် တုံ့ဆိုင်းမှု ရှိမနေချေ။
ချီချင်ချန်သည် အဆိပ်ဝိညာဉ်က ကျန်းရီနှင့်အတူ ပါလာသူဖြစ်ကြောင်းကို မသိပေ။ အဆိပ်ဝိညာဉ်က ဝိညာဉ်မျိုးနွယ်မှ မျိုးနွယ်ဝင်တစ်ယောက်ဖြစ်ကြောင်း သူမ တန်းသိလိုက်ခြင်းသာ။ ဝိညာဉ်မျိုးနွယ်ဝင်များသည် လုပ်ကြံရေးအတတ်တွင် အထူးကျွမ်းကျင်ကြပြီး အကောင်းဆုံး ထောက်လှမ်းရေးများလည်း ဖြစ်ကြသည်။ ထို့ကြောင့် သူမ အဆိပ်ဝိညာဉ်ကို သူမ၏တပ်ထဲ ခေါ်လိုပေသည်။ သို့သော် ကျန်းရီက သူမကို ငြင်းလိမ့်မည်ဟု သူမ မျှော်လင့်မထားပေ။
ထိုနေရာရှိ လူများလည်း အံ့ဩသွားကြ၏။ သူတို့အားလုံး ချီချင်ချန်က မည်သူဖြစ်ကြောင်း သိကြသည်။ ထို့ကြောင့် သူတို့သည် သူမက သူတို့ကို ရွေးပါစေဟု မျှော်လင့်နေကြပေသည်။ သို့သော် သူမ ရွေးချယ်လိုက်သော ကျန်းရီက သူမကို ငြင်းလိုက်သည်လော။
“ပါးစပ်ပိတ်ထား”
ချီချင်ချန်အနောက်မှ အမျိုးသမီးတပ်သားတစ်ယောက်က ဒေါသတကြီးဖြင့် အော်ပြောလိုက်၏။
“ရှင့်မှာ စစ်သူကြီးကို ငြင်းပိုင်ခွင့်မရှိဘူး။ ရှင် နောက်တစ်ခွန်းထပ်ပြောရင် စစ်ဥပဒေချိုးဖောက်မှုနဲ့ အပြစ်ပေးခံရမယ်”
အဆိပ်ဝိညာဉ်သည်လည်း ချီချင်ချန်၏တပ်ထဲကို မဝင်လိုကြောင်း ငြင်းလိုခဲ့၏။ သို့သော် ယခု သူမည်သို့မှ မပြောဝံ့တော့ပေ။ ချီချင်ချန်က အတန်ငယ် ပြုံးလိုက်၏။ ထိုအခါ ယောက်များများစွာ၏ မျက်လုံးများ အရောင်တောက်သွားကြသည်။ သူမက အဖြူရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူရဲကောင်းအငွေ့အသက် ရှိနေသည်။ သူမ၏ လှပသော မျက်နှာလေးကမူ သူမကို ပန်းချီကားထဲမှ ထွက်လာသော နတ်မိမယ်လေးတစ်ပါးကဲ့သို့ ထင်ရစေသည်။ သူမ၏ အငွေ့အသက်က ရင်တွင် ဝမ်းမြောက်စေပြီး သူမ၏ အလှအပက မျက်စိတွင် ပသာဒဖြစ်ပေသည်။
ချီချင်ချန်၏ အလှက အကြည့်မခံသောအလှမျိုး မဟုတ်ပေ။ သူမသည် ကြည့်လေ၊ ကြည့်လေ လှလေဆိုသော မိန်းမလှမျိုးပင်။ သူမက ဘိန်းပန်းလိုပင်။ သူမအနားသို့ ကပ်မိသူတိုင်း အလိုလို ယစ်မူးကာ မျှော်လင့်ချက်မဲ့သွားကြမည်ဖြစ်သည်။
ချီချင်ချန် ခပ်သဲ့သဲ့ ရယ်လိုက်ပြီး ကျန်းရီကိုကြည့်၍ အသံပို့လွှတ်လိုက်၏။
“ကျန်းရီ... ဘာလို့ ရှင်က ကျွန်မရဲ့တပ်ထဲ မဝင်ချင်ရတာလဲ။ ကျွန်မက ရှင့်ကို ဒုက္ခပေးမှာ ကြောက်လို့လား”
ကျန်းရီ ကူကယ်ရာမဲ့စွာဖြင့် အသံပြန်ပို့လွှတ်ရ၏။
“သခင်မလေးရဲ့ အနားမှာ ယင်ကောင်တွေ များလွန်းနေပါတယ်။ တစ်ယောက်ယောက်က ကျွန်တော့်ကို အကောက်ကြံလိုက်မှာ ကျွန်တော် စိုးရိမ်မိပါတယ်...”
“ဟားဟား... အဲ့လိုဆိုရင် ရှင်က ကျွန်မရဲ့တပ်ထဲဝင်ဖို့ ပိုတောင်သင့်တော်သေးတယ်။ ကျွန်မက ဒိုင်းကောင်းကောင်းတစ်ခု လိုနေတာ”
ချီချင်ချန်က ထပ်မံ၍ အသံပို့လွှတ်လိုက်၏။ ထို့နောက် သူမ မျက်နှာ အလွန်တင်းမာသွားပြီး အော်ပြောလိုက်လေသည်။
“ကျွန်မ အဲ့လူနှစ်ယောက်ကို လိုချင်တယ်။ သူတို့ကို ကျွန်မရဲ့တပ်ထဲ ခေါ်ခဲ့ပါ”
ချီချင်ချန်သည် ပြောပြီးသည်နှင့် နောက်လှည့်ကာ ဟိတ်ဟန်အပြည့်နှင့် ထွက်သွား၏။ ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့၏ မျက်နှာများ ချက်ချင်း ညှိုးငယ်သွားကြသည်။ ထိုစဉ် အမျိုးသမီးတပ်သားနှစ်ယောက်က သူတို့ကို အေးစက်စက် ပြောလိုက်၏။
“ရှင်တို့နှစ်ယောက် ကျွန်မတို့နောက်က လိုက်ခဲ့။ ရှင်တို့ ရူးမိုက်တဲ့စကားတွေ ထပ်ပြောရဲရင် အကျိုးဆက်ကို ခံစားရလိမ့်မယ်”
‘လခွမ်းပဲကွာ...’
ကျန်းရီ စိတ်ထဲမှ ဆဲလိုက်သည်။ သို့သော် အပြင်တွင်မူ မည်သို့မှ မပြောလိုက်ပါပေ။ တိချန်ကျွင်းပင် သူ့ကို ကယ်နိုင်တော့မည် မဟုတ်ချေ။ ချီချင်ချန်က စစ်သူကြီးဖြစ်ရာ တိချန်ကျွင်းထက် ရာထူးမြင့်ပေသည်။ ဤနေရာက တိရှဘုံလည်း မဟုတ်သဖြင့် တိရှအရှင်၏စကားက အရေးမပါပေ။ ထို့ကြောင့် ကျန်းရီတို့နှစ်ယောက် လေးလံသောခြေလှမ်းများဖြင့်သာ နောက်မှ လိုက်သွားရလေသည်။ မဟုတ်လျှင် သူတို့စစ်စည်းမျဉ်းများအရ အပြစ်ပေးခံရပေလိမ့်မည်။
ဤမှ စစ်စည်းမျဉ်းများက အလွန်တင်းကြပ်ကြောင်း တိချန်ကျွင်းက အထူးသတိပေးခဲ့သည်။ အပြစ်ကျူးလွန်မိလျှင် သေလုမြေပါး အရိုက်ခံရခြင်း၊ တိုက်ပွဲအမှတ်များ အလျှော့ခံရခြင်း၊ အလုပ်ကြမ်းလုပ်ရခြင်း စေသာအပြစ်ပေးမှုများကို ခံရမည်ဖြစ်သည်။ ကျန်းရီသည် ရောက်ရောက်ချင်း တိုက်ပွဲအမှတ်များ မရသေးခင်မှာပင် အပြစ်ပေးမခံလိုပေ။
ရွှီး...
ကျန်းရီသည် သူ၏ ငွေမိစ္ဆာမျက်နှာဖုံးကို ထုတ်၍တပ်လိုက်ပြီး ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကိုလည်း သုံးကာ သူ့ရုပ်ရည်ကို ပြောင်းလဲလိုက်သည်။ သူ၏ဆံပင်များက အနက်ရောင်ဖြစ်သွားပေပြီ။ ထိုမှ လူများက သူ့ကို မမှတ်မိမည်ဖြစ်သည်။ အနည်းဆုံးတော့ ယခင်က သူ့ကို မမြင်ဖူးထားသူများသည် သူမည်သူဖြစ်ကြောင်း သိလိမ့်မည် မဟုတ်ချေ။ ချီချင်ချန်က ဤနေရာတွင် အာရုံစိုက်ခံရသူတစ်ယောက်ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က သူ ချီချင်ချန်၏တပ်ထဲ ရောက်သွားကြောင်းကို သိသွားလျှင် ထိုသတင်းသည် မိစ္ဆာချေဖျက်တောင်ကြားထဲတွင် တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားပေလိမ့်မည်။
ကျန်းရီ၏ အတွေးက တိကျခဲ့သည်။ သို့သော် ကံဆိုးစွာပင် သူတို့ ရဲတိုက်ထဲမှ ထွက်၍ မြောက်ဘက်သို့ လျှောက်သွားလိုက်ချိန်တွင် အဝေးမှနေ၍ လူတစ်စု ရောက်လာပေသည်။ ထိုလူစုကို ဦးဆောင်လာသူက ခံ့ညားသော သခင်လေးတစ်ယောက်ပင်။ ကျန်းရီသည် ထိုသခင်လေးကို သိ၏။ သူက ထိပ်တန်းဘုံဆယ်ဘုံထဲမှ တစ်ဘုံဖြစ်သော မြစ်ဖြူဘုံမှ ဘုံအရှင်၏သားဖြစ်သည်။
ထိုသခင်လေးက ချီချင်ချန်ကို လာတွေ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သူသည် အဝေးမှာကတည်းက ပြုံး၍ လှမ်းပြော၏။
“စစ်သူကြီး... ကျွန်တော် ပိုင်တိထျန်းက စစ်သူကြီးကို လေးစားလို့ စစ်သူကြီးရဲ့တပ်ထဲကို လာဝင်တာပါ။ ကျွန်တော် ဘာရာထူးကိုမှ မတောင်းပါဘူး။ စစ်သူကြီးတဲ့တပ်ထဲမှာ သာမန်တပ်သားဖြစ်ရရင်ကို ကျွန်တော် ကျေနပ်ပါပြီ။ စစ်သူကြီးက ကျွန်တော့်ကို နည်းနည်းမျက်နှာသာပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”
‘တကယ်ကိုပဲ...’
ကျန်းရီ ခေါင်းငုံ့၍ ခါးသက်သက် ပြုံးလိုက်၏။ သူ စိတ်ပျက်နေပေသည်။ ပိုက်တိထျန်းကဲ့သို့သော ယင်ကောင်များက အနှေးနှင့် အမြန်ဆိုသလို ထပ်ရောက်လာကြမည်သာ။ ယခုတွင် ကျန်းရီသည် မိစ္ဆာချေဖျက်စစ်တပ်ထဲမှပင် ပြန်ထွက်သွားလိုစိတ် ပေါက်လာလေသည်။ သို့သော် သုံးနှစ်ပြည့်မှ ပြန်ထွက်၍ရမည်ဖြစ်သဖြင့် ကျန်းရီ ခေါင်းကိုက်လာတော့သည်။
ထိုစဉ် ပို၍ပင် စိတ်ပျက်စရာကောင်းသော အဖြစ်တစ်ခု ဖြစ်လာ၏။
ချီချင်ချန်က ခပ်ရေးရေးပြုံး၍ ကျန်းရီကိုလှည့်ကြည့်ကာ ပြောလိုက်သည်။
“သူက ကျွန်မရဲ့ မီးဖီးနစ်တပ်ရဲ့ ကြီးကြပ်စစ်သူကြီးလေ။ လူသစ်စုဆောင်းတဲ့ကိစ္စကို သူပဲ တာဝန်ယူတာ။ သူ သင့်တော်တယ်လို့ထင်တဲ့သူတွေကို စုဆောင်းဖို့ ကျွန်မ သူ့ကို အာဏာလွှဲပေးပြီပြီ။ ရှင်တို့ မီးဖီးနစ်တပ်ထဲဝင်ချင်ရင် သူ့ကိုပြောကြပါ။ သခင်လေးပိုင်... ကျွန်မမှာ လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ သွားလိုက်ပါဦးမယ်”
ချီချင်ချန် ထွက်သွားသောအခါ အားလုံး၏ အကြည့်များက ကျန်းရီအပေါ် ကျရောက်လာ၏။ ကျန်းရီသည် အဝေးသို့ထွက်သွားသော ချီချင်ချန်ကို ရပ်ကြည့်၍သာ နေနိုင်လေသည်။ ပိုင်တိထျန်း၏ မျက်ဝန်းများထဲမှ သံသယအရိပ်အယောင်များကိုလည်း ကျန်းရီ သတိပြုမိလိုက်၏။ သူ ချောင်ပိတ်မိနေပေပြီ။
ချီချင်ချန်က စနောက်နေခဲ့ခြင်းမဟုတ်ပေ။ သူမသည် ကျန်းရီကို အမှန်ပင် ဒိုင်းတစ်ခုအဖြစ် အသုံးချတော့မည်ဖြစ်သည်။
သခင်လေးများက အုံလိုက်ကျင်းလိုက် သူ့ကို လာရှာတော့မည်ကို တွေးမိသောအခါ ကျန်းရီ သေချင်စိတ်ပင်ပေါက်သွားသည်။ သူ ဤနေရာသို့ လုပ်ခဲ့ခြင်းမှာ အချိန်ဖြုန်းရန်မဟုတ် တိုက်ပွဲအမှတ်များ လိုချင်၍ပင်။ သူ ထိုသခင်လေးများနှင့် သခင်မလေးများကို နေ့စဉ် ဧည့်ခံစကားပြောနေရမည်ဆိုလျှင် မည်သည့်အချိန်တွင် တိုက်ပွဲအမှတ် ရှာရမည်နည်း။
“ကြီးကြပ်စစ်သူကြီးကို နှုတ်ခွန်းဆက်ပါတယ်”
ပိုင်တိထျန်း၏ အကျင့်စရိုက်က မဆိုးလှပေ။ သူသည် ချီချင်ချန်က သူ့အား မျက်နှာသာမပေးခဲ့၍ အတန်ငယ် မျက်နှာပျက်သွားခဲ့သော်လည်း ချင်ချင်း ပြန်ပြုံး၍ ကျန်းရီကို နှုတ်ဆက်လိုက်၏။
“ကျွန်တော်ထင်တာ မမှားဘူးဆိုရင် ကြီးကြပ်စစ်သူကြီးက... အရှင်ကျန်းရီထင်တယ်။ ဟုတ်ပါသလား။ ကျွန်တော်က မြစ်ဖြူဘုံက ပိုင်တိထျန်းပါ။ အရှင်ကျန်း ကျွန်တော့်ကို သိပါသလား”
“သခင်လေးပိုင်ကို နှုတ်ခွန်းဆက်ပါတယ်”
ကျန်းရီ အံကြိတ်၍သာ စကားပြန်ပြောရတော့သည်။
“ကျွန်တော်က အခုမှ ကြီကြပ်စစ်သူကြီးအဖြစ် ရာထူးတိုးခံလိုက်ရတာပါ။ မီးဖီးနစ်တပ်အတွက် တပ်သားအသစ် စုဆောင်းဖို့ကိစ္စကတော့... ကျွန်တော် အခုအထိ လုပ်ငန်းစဉ်တွေကို မပြင်ဆင်ရသေးပါဘူး။ သခင်လေးပိုင်... အရင်ပြန်သွားလိုက်ပါလား။ ကျွန်တော် လုပ်ငန်းစဉ်တွေ ပြင်ဆင်ပြီးရင် သခင်လေးဆီ လူလွတ်ပြီး ခေါ်ခိုင်းလိုက်ပါမယ်”
“အဲ့ဒါဆိုလည်း ကောင်းပြီလေ”
ပိုင်တိထျန်းက အနည်းငယ် ပိုပြုံးကာ လက်ဆုပ်၍ ပြောလိုက်သည်။
“ကျွန်တော် ကြီးကြပ်စစ်သူကြီးဆီက သတင်းကောင်းကို စောင့်နေပါမယ်။ မကြာခင် ကျွန်တော် ကြီးကြပ်စစ်သူကြီးဆီ ကျွန်တော်တို့ဘုံက ထူးထူးဆန်းဆန်းပစ္စည်းလေးတွေ ပို့ပေးပါဦးမယ်။ ကြီးကြပ်စစ်သူကြီး မငြင်းဖို့ မျှော်လင့်ပါတယ်...”
ပိုင်တိထျန်းသည် ပြောဆိုပြီးနောက် သူ၏လူစုကို ဦးဆောင်ကာ ပြန်ထွက်သွား၏။ ကျန်းရီသည်လည်း အမျိုးသမီးတပ်သားနှစ်ယောက်နောက်မှနေ၍ မီးဖီးနစ်တပ်သို့ လိုက်သွားလိုက်သည်။ သူ စိတ်ထဲတွင်တော့ အဆက်မပြတ် ဆဲဆိုနေပေသည်။ ချီချင်ချန်က သူ့ကို မီးဖိုထဲထည့်၍ ကင်လိုနေပုံပင်။ သူ တိုက်ပွဲအမှတ်များ မရှာနိုင်သေးခင်မှာပင် ထိုသခင်လေးများကို ကိုင်တွယ်ရပေဦးမည်။ ယခုမှစ၍ သူ့ဘဝက အေးချမ်းတော့မည် မဟုတ်ပေ။
အကယ်၍ ကျန်းရီသာ ထိုသခင်လေးများကို မီးဖီးနစ်တပ်ထဲ ဝင်ခွင့်ပေးလိုက်လျှင် သေချာပေါက် ပြဿနာဖြစ်လာပေလိမ့်မည်။ သူတို့အားလုံးသည် ချီချင်ချန်၏ အာရုံစိုက်မှုကိုရရန် တစ်ယောက်နှင့်တစ်ယောက် အားပြိုင်ကြမည်ဖြစ်သည်။ ထိုသခင်လေးများနှင့်အတူ တာဝန်ထမ်းဆောင်ရန် သွားရမည်ဆိုလျှင် တပ်ပါပျက်ပေလိမ့်မည်။ မစည်းလုံးသော တပ်တစ်တပ်က မည်သို့ စစ်တိုက်နိုင်မည်နည်း။ ထို့ပြင် အမှန်တကယ် အန္တရာယ်နှင့်ကြုံလာရချိန်တွင် ထိုသခင်လေးများက ခွေးလိုက်ခံရသော ယုန်များကဲ့သို့ ထွက်ပြေးကြလောက်ပေသည်။
အကယ်၍ ကျန်းရီက ထိုသခင်လေးများကို ငြင်းလိုက်လျှင်လည်း သူတို့က သူ့အပေါ် အငြိုးထားကြမည်ဖြစ်သည်။ သို့ဆိုလျှင် သူ မိစ္ဆာချေဖျက်စစ်တပ်ထဲတွင် ရှိနေသ၍ အကောက်ကြံခြင်းများကို ခံရပေလိမ့်မည်။ ကျန်းရီသည် ထိုသခင်လေးများ၏ အကျင့်စရိုက်များကို ကောင်းကောင်းနားလည်၏။ သူတို့သည် တကယ့်အရေးအကြောင်းဆိုလျှင် ဉာဏ်နီဉာဏ်နက်များ ထွက်ကြပေသည်။