မဆင်မခြင်လုပ်တတ်သော လူငယ်
Vol. 107 Ch. 1488
‘လခွမ်း...လခွမ်း’
ကျန်းရီတစ်ယောက် တွေးလေလေ၊ ပို၍ခေါင်းကိုက်လာလေလေပင်။ ကျန်းရီ၏ မျက်နှာထားက မဲ့၍ မဲ့၍ လာသည်။ သူ ငွေမိစ္ဆာမျက်နှာဖုံးတပ်ထား၍သာ တော်သေးသည်။ မဟုတ်လျှင် ဘေးမှလူများသည် သူ၏ မည်းမှောင် ရှုံ့မဲ့နေသော မျက်နှာထားကို မြင်သွားကြပေလိမ့်မည်။
လူလေးယောက်သည် စစ်စခန်းကို ရောက်သည်အထိ ခပ်သွက်သွက် လျှောက်သွားကြ၏။ စစ်စခန်းက အလွန်သေးငယ်သဖြင့် ကျန်းရီ အံ့ဩသွားသည်။ ၎င်းက စစ်ခန်းကြီးနှစ်ခု၏ အလယ်တွင် တည်ရှိသည်။ ရွက်ဖျင်တဲများကို ကြည့်ရသည်မှာ ထိုစခန်းတွင် လူငါးရာ၊ တစ်ထောင်လောက်သာ ဆန့်ပုံပင်။ ကျန်းရီ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အာရုံခံလိုက်ကြည့်လိုက်၏။ စခန်းထဲ၌ လူများစွာ ရှိမနေပေ။ အလွန်ဆုံးမှ လူတစ်ရာလောက်သာ ရှိလောက်ပေသည်။
အမျိုးသမီးတပ်သားနှစ်ယောက်က ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ကို စခန်းအလယ်ရှိ ရွက်ဖျင်တဲသို့ ခေါ်သွား၏။ ရွက်ဖျင်တဲအပြင်တွင် အခြားအမျိုးသမီးတပ်သားနှစ်ယောက်က ကင်းစောင့်နေသည်။ သူမတို့၏ အရှိန်အဝါများက ကျန်းရီတို့ကို ခေါ်လာသူများ၏ အရှိန်အဝါနှင့် မကွာပေ။ သူတို့အားလုံး စစ်နတ်ဘုရားအဆင့်ရှိကြသူများပင်။
ကျန်းရီ ရွက်ဖျင်တဲထဲ ဝင်လိုက်သောအခါ ထိုင်၍ လက်ဖက်ရည်သောက်နေသော ချီချင်ချန်ကို မြင်လိုက်သည်။ သူမ၏ အေးအေးလူလူ ရှိနေပုံကို မြင်လိုက်သောအခါ ကျန်းရီ သွေးများဆူပွက်လာ၏။ ထို့နောက် သူ လက်ဆုပ်ကာ ပြောလိုက်သည်။
“စစ်သူကြီး... ကျွန်တော် မီးဖီးနစ်တပ်ထဲ ဝင်နိုင်ပါတယ်။ ဒါပေမဲ့ ကြီးကြပ်စစ်သူကြီးတော့ မလုပ်နိုက်ပါဘူး။ စစ်သူကြီး တခြားတစ်ယောက်ကို ရှာလိုက်ပါ”
ချီချင်ချန်သည် ကျန်းရီကို တစ်ချက်ပင် မကြည့်ဘဲ သူမ၏လက်ဖက်ရည်ကိုသာ ကုန်အောင်ဆက်သောက်နေ၏။ ပြီးမှ သူမ သူ့ကို ကြည့်၍ ပြောလိုက်သည်။
“ရှင့်ကို ကြည့်ပါဦး... အသုံးမကျလိုက်တာ။ ကြီးကြပ်စစ်သူကြီးတစ်ယောက်ရတဲ့ တိုက်ပွဲအမှတ်က တပ်မှူးတစ်ယောက်ရတဲ့ တိုက်ပွဲအမှတ်နဲ့ အတူတူပဲ။ ရှင် မလိုချင်တာ သေချာရဲ့လား”
“တပ်မှူးလား”
ကျန်းရီ ရင်ခုန်မြန်သွား၏။ တိချန်ကျွင်းနှင့် မိုချန်ဟဲတို့က အကြာကြီး တာဝန်ထမ်းဆောင်ခဲ့သော်လည်း တပ်မှူးအဆင့်တွင်သာ ရှိကြသေးသည်။ သူ ကြီးကြပ်စစ်သူကြီးရာထူးကို လက်ခံလိုက်လျှင် သူတို့နှင့်အဆင့်တူသွားမည်လော။ သို့ဆိုလျှင် သူ သိမ်းငှက်ဘုရင်လေးထက်ပင် ပိုလျင်မြန်စွာ အဆင့်တက်နိုင်ပေလိမ့်မည်။
တပ်မှူးအဆင့်၏ အထက်အဆင့်က စစ်သူကြီးအဆင့်ဖြစ်သည်။ ဘွဲ့ထူးရစစ်နတ်ဘုရားများကသာ ထိုရာထူးများကို ရနိုင်သည်ဟု ကျန်းရီ ထင်ခဲ့သည်။ ထို့ကြောင့် သူသည် ထိုရာထူးများကို ရရန် အိပ်မက်ပင် မမက်ခဲ့ပေ။ သို့သော် သူ ကြီးကြပ်စစ်သူကြီးဖြစ်လာမည်ဆိုလျှင် တိုက်ပွဲအမှတ်များ ပိုရနိုင်မည်ဖြစ်သည်။
ပြဿနာမှာ ကျန်းရီ ကြီးကြပ်စစ်သူကြီးဖြစ်လာလျှင် အခြားသူများက မနာလိုဖြစ်ကာ သူ့ကို ရန်ရှာနိုင်ခြင်းပင်။
ကျန်းရီ ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆလိုက်၏။ သူက မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်လိုက်ပြီဖြစ်၍ ပြန်ထွက်၍ မရတော့ပေ။ ချီချင်ချန်အား သူ့ကို အလွတ်ပေးရန် ပြောလျှင် ချီချင်ချန်သည် သူ့ကို တိချန်ကျွင်း၏တပ်သို့ ပြန်ပို့ပေးလောက်သည်။ သူ ကြီးကြပ်စစ်သူကြီးရာထူးကို ငြင်း၍ မီးဖီးနစ်တပ်ထဲမှာပင် ဆက်နေ၍လည်းရသည်။ သို့သော် တိချန်ကျွင်း၏တပ်ထဲ ဝင်သည်က ပိုကောင်းလောက်ပေသည်။ သို့ဆိုလျှင် ပြဿနာများကို ရှောင်ရှားပြီးသား ဖြစ်သွားပြီး တိုက်ပွဲအမှတ်များ ရယူနိုင်ရန်သာ အပြည့်အဝအာရုံစိုက်နိုင်မည်ဖြစ်သည်။ သို့သော် တိချန်ကျွင်း၏တပ်တွင်ဆိုလျှင် သူ၏ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ရန် ခက်ခဲပေလိမ့်မည်။ တိချန်ကျွင်းက တပ်မှူးတစ်ယောက်သာ မဟုတ်ပါလား။ ကျန်းရီက ထိုတပ်တွင် ကြီးကြပ်စစ်သူကြီးရာထူး ကမ်းလှမ်းခံရမည် မဟုတ်ပေ။
တစ်ဘက်တွင် တည်ငြိမ်မှုနှင့် လုံခြုံမှုရှိသည်။ တစ်ဘက်တွင်မူ အန္တရာယ်များနှင့် ကြီးမားသောဆုလာဘ်များရှိသည်။
ကျန်းရီ အလွန်ဒွိဟဖြစ်နေ၏။ ချီချင်ချန်သည် ကျန်းရီကို ခြေဆုံးခေါင်းဆုံးကြည့်၍ ပြောလိုက်သည်။
“ကျွန်မရဲ့ မီးဖီးနစ်တပ်က လူအများကြီး ခေါ်မှာ မဟုတ်ဘူး။ အလွန်ဆုံးမှ ငါးရာ၊ ခြောက်ရာလောက်ပဲ ခေါ်မှာ။ အဲ့တော့ စစ်နတ်ဘုရားအဆင့်မှာ ရှိမနေတဲ့သူတွေ၊ ထူးခြားတဲ့ ဆန်းကြယ်စွမ်းရည်တွေကို ပိုင်ဆိုင်မထားတဲ့သူတွေက သေချာပေါက် အငြင်းခံရမှာပဲ။ ကျွန်မတို့က အရည်အတွက်ထက် အရည်အချင်းကို ဦးစားပေးတယ်။ တာဝန်တွေမှာ လူနည်းနည်းနဲ့ပဲ ထမ်းဆောင်မယ်ဆိုရင် ဝေစုကျရမဲ့ တိုက်ပွဲအမှတ်က ပိုများလာမှာပဲ မဟုတ်လား...”
“ပြီးတော့... ကျွန်မတို့ မီးဖီးနစ်တပ်မှာပဲ အုပ်ချုပ်သူအဆင့် သိုင်းသမားရှိတာ။ မီးဖီးနစ်တပ် တာဝန်ထမ်းဆောင်ရတိုင်း ကျွန်မကိုယ်တိုင် ဦးဆောင်ဖို့ စဉ်းစားထားတယ်။ အင်း... ကျန်းရီ ရှင် ကြီးကြပ်စစ်သူကြီး မဖြစ်ချင်လည်း ကျွန်မက အတင်းဖိအားမပေးပါဘူး။ ရှင် သာမန်တပ်သားပဲ လုပ်လို့ရပါတယ်”
“အာ...”
ကျန်းရီ၏ မျက်လုံးများ အရောင်တောက်လာ၏။ ချီချင်ချန်ပြောသည်က မှန်၏။ မီးဖီးနစ်တပ်တွင်သာ အုပ်ချုပ်သူအဆင့် သိုင်းသမားရှိပေသည်။ ထို့ပြင် သူမက တပ်သားများကို ကိုယ်တိုင် လေ့ကျင်ပေးဦးမည်ဖြစ်သည်။ ထို့ကြောင့် မီးဖီးနစ်တပ်က ထမ်းဆောင်ရမည့် တာဝန်တိုင်းကို အလွယ်တကူ ပြီးမြောက်အောင် လုပ်နိုင်လိမ့်မည်ဟု ကျန်းရီ သေချာပေသည်။
မီးဖီးနစ်တပ်သာ အမှန်တကယ် လူအနည်းငယ်နှင့် ရပ်တည်နိုင်မည်ဆိုလျှင် ဝေစုကျခွဲမည့် တိုက်ပွဲအမှတ်များက ပိုများပေလိမ့်မည်။
“ကျွန်တော် လုပ်ပါမယ်”
ကျန်းရီ အံကြိတ်၍ ပြောလိုက်၏။ ကြောက်လျှင်လွဲ၊ ရဲလျှင်မင်းဖြစ် ဆိုသကဲ့သို့ပင်။ တာဝန်တိုင်းတွင် ချီချင်ချန်က သူတို့နှင့်အတူ လိုက်လာမည်ဖြစ်ရာ တစ်စုံတစ်ယောက်က သူ့ကို လုပ်ကြံလိုလျှင်ပင် လွယ်လိမ့်မည် မဟုတ်ချေ။ သူမက သူ့ကို ကာကွယ်ပေးပေလိမ့်မည်။ ဆယ်နှစ်ပြည့်လျှင် သူက သိမ်းငှက်စိမ်းဘုရင်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် သူ တိုက်ပွဲအမှတ်များ အသည်းအသန် လိုအပ်နေသည်။ အန္တရာယ် မည်မျှများပါစေ သူ အလွန်ကြောက်နေ၍ မဖြစ်ပေ။
“ဟင်းဟင်း...”
ချီချင်ချန်က မျက်လုံးပင့်ကာ ညှို့အားကောင်းသော အကြည့်ဖြင့် ကြည့်လိုက်၏။ ကျန်းရီသည် ထိုအကြည့်ကို မြင်သောအခါ ရင်ခုန်မြန်သွား၏။ သူမက ခနဲ့တဲ့တဲ့ဖြင့် ပြောသည်။
“ရှင်က အလကားမယူတတ်ဘူးဆို့ ကျွန်မကထင်နေတာ။ နောက်ဆုံးတော့လည်း ဒီပုတ်ထဲက ဒီပဲပါပဲ”
ကျန်းရီ အလွန်ဒေါသထွက်သွားပြီး မေးရိုးကြီးများ ထောင်ထလာ၏။ ချီချင်ချန်က သူ့ကို လက်စားချေနေကြောင်း ထင်ရှားပေသည်။ သူ အသက်ပြင်းပြင်းနှစ်ချက် ရှူသွင်းလိုက်ပြီး ဒေါသကို ထိန်း၍ ပြုံးကာ ပြန်ပြောလိုက်သည်။
“ကျွန်တော်က သူများတွေဆီက အလကားမယူချင်ပေမဲ့ ဆောင်းဥတုအရှင်လောင်းဆီကတော့ လိုချင်ပါတယ်။ မပူပါနဲ့... နောက်ကျ ကျွန်တော် အမြင့်ကို ရောက်သွားရင် သခင်မလေးကို ကျွန်တော့်ဆီက အလကားပြန်ယူခွင့် ပေးပါမယ်”
“ဟားဟားဟား...”
ချီချင်ချန် ကျယ်လောင်စွာ ရယ်လိုက်၏။ သူမ၏ ငွေရောင်စစ်ချပ်ဝတ်က ချပ်ဝတ်ပျော့ဖြစ်ရာ သူမရယ်လိုက်သောအခါ လှိုင်းတွန့်သွားသည်။ ခဏနေမှ သူမ အရယ်ရပ်ကာ ပြောလိုက်သည်။
“ကောင်းပြီ... အဲ့လိုဖြစ်လာမဲ့နေ့ကို ကျွန်မ စောင့်နေပါမယ်။ အဲ့နေ့ရောက်ရင် ကျွန်မ အသက်ရှိနေပါစေဦးလို့ မျှော်လင့်ပါတယ်...”
ကျန်းရီသည် ချီချင်ချန်နှင့် အခြေအတင် ပြောမနေလိုပေ။ ထိုမိန်းမက စကားတိုင်းကို ခနဲ့သလို၊ ရွဲ့သလို ပြောနေပေသည်။ သူမက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ဖြစ်၍ ထိုသို့မောက်မာနိုင်ခွင့်ရှိသော်လည်း နောက်ဆုံးတွင် မိန်းမတစ်ယောက်သာ ဖြစ်နေပေသေးသည်။
ကျန်းရီသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်လုပ်၍ အရေးကြီးသည်များကိုသာ ပြောရန် ဆုံးဖြတ်လိုက်သည်။
“စစ်သူကြီး... သခင်လေးပိုင်က မီးဖီးနစ်တပ်ထဲကို ဝင်ချင်နေပါတယ်။ မကြာခင် တခြားသခင်လေးတွေလည်း ရောက်လာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အဲ့ကိစ္စကို ကျွန်တော် ဘယ်လိုလုပ်လိုက်ရမလဲ”
“အဲ့ဒါက ရှင်ဖြေရှင်းရမဲ့ ပြဿနာပဲ”
ချီချင်သည် သူမ၏သွယ်လျသော လက်ကလေးကို ဝှေ့ယမ်း၍ ပြောသည်။
“ကျွန်မက ရှင့်ကို အာဏာလွှဲပေးလိုက်ပြီ။ အခုကစပြီး အဲ့ပြဿနာတွေက ရှင့်ဘာသာပဲ ရှင်းပေတော့။ ကျွန်မမှာ တောင်းဆိုစရာ နည်းနည်းပဲရှိတယ်။ ပထမတစ်ခုက ရှင် တပ်သားငါးရာပြည့်အောင် မြန်မြန်စုဆောင်းပါ။ အဲ့တပ်သားအကုန်လုံးက အနိမ့်ဆုံး စစ်နတ်ဘုရားအဆင့်မှာ ရှိရမယ်။ သူတို့ကို ဘယ်လိုစုဆောင်းမလဲဆိုတာကို ရှင့်ဘာသာပဲ နည်းလမ်းရှာလိုက်ပါ။ တပ်သားငါးရာ ပြည့်တာနဲ့ ကျွန်မတို့ ပထမတာဝန်ကို ထမ်းဆောင်မယ်...”
“ဒုတိယတစ်ခုက တပ်ထဲမှာ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်လို့မရဘူး။ ဖြစ်လာရင် ရှင် တာဝန်ယူရမယ်။ အဲ့ဒါက ရှင် စစ်စည်းကမ်းထိန်းသိမ်းရေးကိုလည်း တာဝန်ယူရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ တတိယတစ်ခုက... အင်း... အဲ့ဒါကိုတော့ ကျွန်မ မတွေးရသေးဘူး။ ကျွန်မ တွေးပြီးတာနဲ့ ရှင့်ကို ပြောပါမယ်။ ကောင်းပြီ... ရှင်လုပ်စရာရှိတာ သွားလုပ်တော့။ တကယ်လို့ ရှင် မေးစရာရှိရင် ချီရွယ် ဒါမှမဟုတ် ချီရှားကို သွားရှာလိုက်ပါ။ တကယ်လို့ တစ်ယောက်ယောက်က ရှင့်ရဲ့အာဏာကို မလေးစားဘူးဆိုရင် ရှင် အထက်ကို တိုက်ရိုက်သတင်းပို့ပြီး အဲ့လူကို စစ်ဥပဒေအတိုင်း အရေးယူလို့ရတယ်”
“နားလည်ပါပြီ”
အမျိုးသမီးတပ်သားနှစ်ယောက်ကလည်း ထိုညွှန်ကြားချက်များကို ကြားခဲ့ပေသည်။ သူမတို့နှစ်ယောက်စလုံးက ချီမျိုးနွယ်မှဖြစ်သည်။ ထို့ကြောင့် သူမတို့က ချီချင်ချန်၏ အမိန့်များကို တုံ့ဆိုင်းခြင်းမရှိ နာခံကြသည်။
“...”
ယခုတွင် ကျန်းရီ လုံးဝဆွံ့အနေပေပြီ။ ပုံမှန်ဆိုလျှင် ထိုကဲ့သို့သော တာဝန်များကို သူက သူများအပေါ် လွှဲချနေကျဖြစ်သည်။ ယခုတွင်မူ ချီချင်ချန်က သူ့နေရာမှ ဖြစ်နေပြီး သူက လက်အောက်ငယ်သား ဖြစ်နေပေပြီ။ သူက သူမအတွက် သခင်လေးများကို ကိုင်တွယ်ပေးရရုံသာမက တပ်ကိုလည်း စီမံခန့်ခွဲပေးရဦးမည်ဖြစ်သည်။
“ဟုတ်ကဲ့ပါ... အရင်ဆုံး ကျွန်တော် အခြေအနေကို ကြည့်လိုက်ပါဦးမယ်”
ကျန်းရီသည် ချီချင်ချန်က လက်ဖက်ရည်ပြန်သောက်နေသည်ကို တွေ့သောအခါ အံကြိတ်၍ အဆိပ်ဝိညာဉ်ကို ခေါ်ကာ ထွက်သွားလိုက်ရတော့သည်။ မီးဖီးနစ်တပ်ကို မစီမံမကြီးကြပ်ခင် တပ်၏အခြေအနေကို ရှင်းရှင်းလင်းလင်း သိထားအောင် လုပ်ရပေမည်။ သူ တပ်ကို အလျင်မြန်ဖွဲ့စည်းရန် လို၏။ ထိုမှ သူတို့ ပထမဆုံးတာဝန်ကို ထမ်းဆောင်နိုင်မည်ဖြစ်သည်။
အမျိုးသမီးတပ်သားနှစ်ယောက်သည် ကျန်းရီက သူမတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ စောင့်နေကြ၏။ ပြီးမှ တစ်ယောက်က ဆက်အောင့်မထားနိုင်တော့ဘဲ လက်ဆုပ်၍ မေးလိုက်သည်။
“သခင်မလေး... ကျန်းရီက ယုံရရဲ့လား။ သူက အဲ့သခင်လေးတွေကို တပ်ထဲဝင်ခွင့်ပေးလိုက်ရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒါဆို မီးဖီးနစ်တပ်က ရှုပ်ထွေးသွားပါလိမ့်မယ်။ အဲ့ကျရင် သခင်မလေးရဲ့ ရည်ရွယ်ချက်လည်း အထမြောက်တော့မှာ မဟုတ်ဘူး”
“ဟင်းဟင်း...”
ချီချင်ချန်က နူးညံ့စွာရယ်၍ ခေါင်းခါလိုက်သည်။
“မစိုးရိမ်ပါနဲ့။ ကျန်းရီက ဒီတပ်ရဲ့ အင်အားကို ငါတို့ထက်တောင် အရေးထားပါသေးတယ်။ သူ မိစ္ဆာချေဖျက်စစ်တပ်ကို လာခဲ့တာ တိုက်ပွဲအမှတ်တွေ ရှာဖို့ပဲ။ သူ့ရဲ့ တိုက်ခိုက်စွမ်းရည်တွေကို တိုးမြှင့်ပြီး သူ့အမေကို ကယ်ဖို့ တိုက်ပွဲအမှတ်တွေ အများကြီးလိုတယ်။ သူက သခင်လေးတွေကို တပ်ထဲဝင်ခွင့်ပေးလိုက်တာလိုမျိုး ရူးမိုက်တဲ့ကိစ္စတွေကို လုပ်မှာ မဟုတ်ပါဘူး။ အဲ့လူက မဆင်မခြင်လုပ်တတ်တဲ့ လူငယ် ဆိုပေမဲ့ အရေးကြီးပုဂ္ဂိုလ်တွေ အများကြီးနဲ့ အဆက်အသွယ်ရှိတယ်...”
“ငါတို့ သူ့ကို ငါတို့ရဲ့ဓားလို အသုံးချနိုင်မယ်ဆိုရင် အရမ်းကောင်းလိမ့်မယ်။ အခုကစပြီး မင်းတို့နှစ်ယောက် သူ့ကို ကောင်းကောင်းကူညီပေးကြပါ။ ငါ ခဏလောက် ကျင့်ကြံလိုက်ဦးမယ်။ သူ ပြဿနာကြီးကြီးမားမား မရှာသ၍ ငါ့ကို တင်ပြစရာ မလိုဘူး။ ငါတို့ တပ်သားငါးရာ စုဆောင်းပြီးရင် ပထမဆုံးတာဝန်ကို စလက်ခံမယ်”
“မဆင်မခြင်လုပ်တတ်တဲ့ လူငယ်လား”
အမျိုးသမီးတပ်သားနှစ်ယောက်သည် စိုးရိမ်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ချီချင်ချန်က မည်သည်ကိုမှ အရေးမစိုက်ဘဲ မျက်လုံးမှိတ်ကာ ကျင့်ကြံသွားပေပြီ။ သူမတို့နှစ်ယောက်ကမူ ထိုမဆင်မခြင်လုပ်တတ်သော လူငယ်နောက်သို့ လိုက်သွားကြရသည်။ ထိုလူငယ်က မျိုးနွယ်ကြီးများမှ သခင်လေးများ၏ မာနကို ကိုင်တွယ်ရမည်ဖြစ်ရာ မည်သည့်ပြဿနာများဖြစ်လာနိုင်သည်ကို သူမတို့ တွေးကြည့်ရုံဖြင့်ပင် ကျောချမ်းလာကြလေသည်။