စစ်စည်းမျဉ်းအရ အရေးယူမည်
Vol. 107 Ch. 1489
ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့သည် သတင်းအချက်အလက်များကို လွယ်ကူစွာ စုဆောင်းနိုင်လိုက်၏။ ထို့နောက် သူတို့ မိုဟွိုက်စန်းနှင့် တိလင်အာတို့ထံ ပြန်သွားလိုက်ကြပြီး ထိုသခင်မလေးနှစ်ယောက်ကို ခေါ်၍ လေးနာရီကြာအောင် လမ်းလျှောက်ထွက်လိုက်ကြ၏။ ကျန်းရီသည် မိုဟွိုက်စန်းတို့ထံမှနေ၍ မိစ္ဆာချေဖျက်တောင်ကြားအကြောင်းကို အကြမ်းဖျင်းသိလိုက်ရပေသည်။
မိစ္ဆာချေဖျက်စစ်တပ်သို့ အမှန်ပင် သခင်လေးများစွာ ရောက်လာခဲ့ကြသည်။ သိမ်းငှက်ဘုရင်လေးမှလွဲ၍ ကျန်သခင်လေးအများစုသည် ချီချင်ချန်၏ မီးဖီးနစ်တပ်ထဲသို့ ဝင်လိုနေကြသည်။ ချီချင်ချန်က သူမ၏တပ်ထဲ ဝင်နိုင်မည့် လိုအပ်ချက်များကို ဆုံးဖြတ်ပြီးပေပြီ။ မီးဖီးနစ်တပ်မှ တပ်သားများက အနိမ့်ဆုံး စစ်နတ်ဘုရားအဆင့်တွင် ရှိနေရပေမည်။ ထို့ပြင် သူမသည် လူများစွာခေါ်ရန် စိတ်ကူးမရှိချေ။ မီးဖီးနစ်တပ်သည် သေချာပေါက် အင်အားကြီးတပ်တစ်တပ် ဖြစ်လာမည်ဖြစ်ပြီး သခင်လေးများသည် ထိုတပ်ထဲတွင်ဆိုလျှင် ကောင်းကောင်းလေ့ကျင့်ပေးခံရဖို့ မျှော်လင့်နိုင်ပေသည်။ သခင်လေးများသည် ချီချင်ချန်ကို ပိုးပန်းလိုနေကြသည်။ ချီချင်ချန်က အခြားယောက်ျားတစ်ယောက်နှင့် ချစ်ကြိုက်မသွားသေးသ၍ သူတို့တွင် အခွင့်အရေးတစ်ခု ရှိပေသေးသည်။
ယောက်ျားတိုင်း မိန်းမလှလေးတစ်ယောက်ကို လိုချင်ကြသည်ချည်းသာ။ ထို့ပြင် ချီချင်ချန်က တစ်သက်လုံး အပျိုကြီးလုပ်နေနိုင်မည် မဟုတ်ပေ။ ချီမျိုးနွယ်တွင် မျိုးဆက်သစ်များ ရှိရပေမည်။ ချီချင်ချန်၏ သားတစ်ယောက်က ဖခင်ဘက်မှ မျိုးရိုးမဟုတ်ဘဲ ‘ချီ’မျိုးရိုးကိုသာ ခံယူ၍ ဆောင်းဥတုဘုံကို အုပ်ချုပ်ရပေလိမ့်မည်။ ထိုမှ ဆောင်းဥတုဘုံက ချီမျိုးနွယ်အပိုင်သာ ဖြစ်နေမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ချီချင်ချန်နှင့် လက်ဆက်နိုင်သူသည် ချီမျိုးနွယ်နှင့် မိသားစုလို ဖြစ်နေမည်ဖြစ်ရာ ဩဇာအာဏာတစ်ခုတော့ ရှိပေလိမ့်မည်။
သိမ်းငှက်ဘုရင်လေးက ခံ့ညား၍ မျိုးရိုးကောင်းသူတစ်ယောက် ဖြစ်သော်လည်း ချီချင်ချန်ကို အရမယူနိုင်သေးပေ။ ထို့ကြောင့် ချီချင်ချန်က ရုပ်ရည်နှင့် နောက်ခံတို့ကို အရေးမစိုက်ကြောင်း သိနိုင်သည်။ သို့ဖြစ်၍ လူတိုင်းတွင် အခွင့်အရေးတစ်ခု ရှိနေသေးသည်။ သူတို့သာ ချီချင်ချန်နှင့် ရင်ဘောင်တန်း၍ တိုက်ခိုက်နိုင်မည်ဆိုလျှင် ထိုအလှပဂေးလေးကို ပိုးပန်းနိုင်မည့် အခွင့်အရေးက များစွာတိုးလာပေလိမ့်မည်။
ဘုံးအသီးသီးရှိ မျိုးနွယ်ကြီးများမှ သခင်လေးများသာမက မိစ္ဆာချေဖျက်စစ်တပ်ထဲရှိ အင်အားကြီးမျိုးနွယ်များမှ သခင်လေးများကလည်း မီးဖီးနစ်တပ်ထဲ ဝင်လိုနေကြသည်။ ဥပမာအနေဖြင့် အုပ်ချုပ်သူအဆင့် ခေါင်းဆောင်နှစ်ယောက်၏ မြေးများကိုကြည့်ပါ။ သူတို့က မီးဖီးနစ်တပ်ထဲဝင်လိုကြောင်း စိတ်ဝင်စားမှု ပြသခဲ့ပြီးပေပြီ။
သို့သော် ချီချင်ချန်သည် ထိုနှစ်ယောက်ကို ငြင်းလည်းမငြင်းသလို၊ လက်လည်းလက်မခံလိုက်ပေ။ ထိုခက်ခဲသော ပြဿနာက ယခုတွင် ကျန်းရီ၏ခေါင်းပေါ် ရောက်လာပြီဖြစ်သည်။ သူ ထိုသခင်လေးနှစ်ယောက်ကို အပြစ်ပြုလိုက်ပါက မိစ္ဆာချေဖျက်စစ်တပ်၏ ခေါင်းဆောင်နှစ်ယောက်ကို အပြစ်ပြုလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။
မီးဖီးနစ်တပ်ထဲဝင်ရန် စိတ်မဝင်စားသည့် တစ်ဦးတည်းသောသူမှာ သိမ်းငှက်ဘုရင်လေးဖြစ်သည်။ သူသည် မီးဖီးနစ်တပ်ထဲ ဝင်မည့်အစား ကိုယ်ပိုင်တပ် ထူထောင်နိုင်ရန် ရည်မှန်းထားသူဖြစ်သည်။ ယခုတွင် သူက စိန်ခေါ်ယှဉ်ပြိုင်ရင်း တပ်မှူးအဆင့် ရောက်နေပြီဖြစ်သည်။
သိမ်းငှက်ဘုရင်း၏ ရည်ရွယ်ချက်က ရှင်းသည်။ သူ၏ အစွမ်းအစနှင့် အင်အားကို ချီချင်ချန်အား ပြသလိုခြင်းပင်။ သူ တိုက်ပွဲအမှတ်များ လုံလုံလောက်လောက် စုဆောင်းပြီးလျှင် စစ်သူကြီးများကို စိန်ခေါ်နိုင်ပြီဖြစ်သည်။ ထိုနည်းဖြင့် သူလည်း ချီချင်ချန်နှင့် အဆင့်အတန်း တူသွားပေလိမ့်မည်။ နောင်တွင် သူ အနှစ်သာရတစ်ခုကို သိမြင်နားလည်လိုက်လျှင် သူ၏ တိုက်ခိုက်စွမ်းအားကလည်း အုပ်ချုပ်သူအဆင့်သို့ ရောက်သွားမည်ဖြစ်သည်။ ထိုအခါ သူ၏စွမ်းရည်များကို အသုံးပြု၍ ချီချင်ချန်ကို အနိုင်ယူနိုင်ပေမည်။
ကျန်းရီကို ခေါင်းကိုက်စေနေသောအရာ နောက်တစ်ခု ရှိသေး၏။ ယင်းမှာ တပ်သားစုဆောင်းရန်ကိစ္စဖြစ်သည်။
ချီချင်ချန်၏ စံနှုန်းများက အလွန်မြင့်လွန်းသည်။ သူမ ဤသို့ရောက်နေခဲ့သည်မှာ အချိန်တစ်ခု ရှိခဲ့ပြီဖြစ်သော်လည်း လူတစ်ရာကျော်လောက်ကိုသာ စုဆောင်းနိုင်သေးသည်။ ထိုတစ်ရာကျော်ထဲတွင် တစ်ဆယ်ကျော်လောက်က သူမနှင့်အတူ ဆောင်းဥတုဘုံမှနေ၍ ပါလာခဲ့သော သစ္စာရှိလူယုံတော်များဖြစ်သည်။ သူမသည် ထိုသူများကို ဆက်၍ပျိုးထောင်ရန် ဤသို့ ခေါ်လာခဲ့ခြင်းပင်။
ချီချင်ချန်က လူငါးရာ လိုချင်သည်ဟု ပြောခဲ့၏။ ကျန်းရီသာ လူလုံလုံလောက်လောက် မစုဆောင်းနိုင်လျှင် တာဝန်များ ထမ်းဆောင်ရပါမည်လော။ သူတို့ ထာဝရစောင့်မနေနိုင်ပေ။ ကျန်းရီ၏ အချိန်က အဖိုးတန်ပေသည်။ တပ်သားစုဆောင်းခြင်းတွင် အချိန်လနှင့်ချီ ဖြုန်းလိုက်၍ မဖြစ်ချေ။
ကျန်းရီသည် တွေးတောနေရင်း ထိုကိစ္စကို ဆွေးနွေးရန် ချီရွယ်နှင့် ချီရှားတို့ကို သွားရှာရန် ဆုံးဖြတ်လိုက်၏။ တိချန်ကျွင်းက သူ မီးဖီးနစ်တပ်ထဲ ဝင်သွားသည့်ကိစ္စကို မည်သို့မှ မပြောသလို သူ့အတွက်ပင် စိတ်ရင်းအမှန်ဖြင့် ဝမ်းသာနေပေသည်။ မီးဖီးနစ်တပ်တွင် အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ရှိသည် မဟုတ်ပါလော။ ချီချင်ချန်၏ ဦးဆောင်မှုအောက်တွင်ဆိုလျှင် တာဝန်များကို အလွန်လွယ်ကူစွာ ထမ်းဆောင်နိုင်ပေလိမ့်မည်။
မိုဟွိုက်စန်းနှင့် တိလင်အာတို့ကမူ မကျေမနပ်ဖြစ်နေကြ၏။ သူမတို့သည် ကျန်းရီက ချီချင်ချန်ကို ပိုးပန်းလို၍ မီးဖီးနစ်တပ်ထဲ ဝင်သွားခြင်းဟု ထင်နေကြသည်။ မိုဟွိုက်စန်း၏ မျက်နှာပေါ်တွင် မကျေနပ်မှုများကို အထင်းသား မြင်ရသည်။ တိလင်အာကမူ မျက်နှာသေဖြင့်သာ ရှိနေပေသည်။
ကျန်းရီသည် ထိုသခင်မလေးနှစ်ယောက်ကို အရေးမစိုက်ပေ။ သူ အဆိပ်ဝိညာဉ်ကိုခေါ်၍ ချီရွယ်နှင့် ချီရှားတို့ကိုသာ သွားရှာလိုက်သည်။ သူမတို့နှစ်ယောက်စလုံးက ယခုတွင် သူ့အပေါ် ဆက်ဆံပုံ ပြောင်းနေပေပြီ။ သူမတို့သည် သူ ရွက်ဖျင်တဲထဲ ဝင်လာသည်ကို မြင်သောအခါ ဦးညွှတ်၍ ပြောလိုက်ကြသည်။
“အရှင်ကြီးကြပ်စစ်သူကြီးကို နှုတ်ခွန်းဆက်ပါတယ်”
“အဲ့လိုတွေ နှုတ်ဆက်နေစရာ မလိုပါဘူး”
ကျန်းရီ လက်ခါပြကာ ပြောလိုက်၏။ ထို့နောက် သူ မေးလိုက်သည်။
“စစ်သူကြီးရော ဘယ်မှာလဲ”
ချီရွယ်က ပြန်ဖြေ၏။
“စစ်သူကြီးက အခန်းအောင်းကျင့်ကြံနေပါတယ်။ ကိစ္စအကုန်လုံးကို ကြီးကြပ်စစ်သူကြီးပဲ ဆုံးဖြတ်ချက်ချလိုက်ပါလို့ သူက ပြောပါတယ်။ ကျွန်မတို့ တပ်သားငါးရာ စုဆောင်းပြီးမှ သူ ထွက်လာပြီး ကျွန်မတို့ကို တာဝန်ထမ်းဆောင်ရအောင် ခေါ်သွားပါလိမ့်မယ်”
“...”
ကျန်းရီ ဆွံ့အသွား၏။ ထိုချီချင်ချန်က အမှန်ပင် မျက်နှာလွှဲခဲပစ် လုပ်နေပေပြီ။ ကျန်းရီ ရွက်ဖျင်တဲ ဘယ်ဘက်ရှိ ခုံတစ်လုံးတွင် ဝင်ထိုင်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“တပ်သားငါးရာ စုဆောင်းဖို့က အရမ်းခက်တယ်။ အစောက စစ်ရေးလေ့ကျင့်ကွင်းထဲမှာ စစ်နတ်ဘုရားအဆင့် ခုနစ်ယောက်၊ ရှစ်ယောက်လောက် ရှိခဲ့တယ်မလား။ ဘာလို့ ခင်ဗျားတို့က သူတို့ကို မရွေးခဲ့တာလဲ”
“သူတို့ရဲ့ ကောင်းကင်စွမ်းအားကပဲ စစ်နတ်ဘုရားအဆင့်ကို ရောက်သေးတာမလို့ပါ”
ချီရွယ်က ရှင်းပြသည်။
“အရှင်ကြီးကြပ်စစ်သူကြီး... အရှင်သာ စစ်နတ်ဘုရားအဆင့်ကို ရောက်သွားရင် သူတို့ရဲ့ အရှိန်အဝါတွေက ကွဲပြားတာကို ခံစားနိုင်ပါလိမ့်မယ်။ သူတို့ရဲ့ တိုက်ခိုက်စွမ်းအားက နတ်ဘုရားဘုရင် အထွတ်အထိပ်အဆင့်မှာပဲ ရှိကြပါသေးတယ်”
အဆိပ်ဝိညာဉ်က ခေါင်းညိတ်၍ ဝင်ပြော၏။
“ဟုတ်တယ်... အဲ့လူတွေက အပေါ်ယံမှာတော့ စွမ်းအားကြီးပုံပေါ်ပေမဲ့ သုံးစားမရလောက်ဘူး”
ကျန်းရီ ခေါင်းကိုက်လာ၏။ ထို့နောက် သူ ခေါင်းကုတ်ကာ ထပ်မေးလိုက်သည်။
“အဲ့လိုဆို ကျွန်တော်တို့က တပ်သားငါးရာကို ဘယ်လိုစုဆောင်းရမှာလဲ”
ချီရွယ်သည် ကျန်းရီကို အူကြောင်ကြောင်ဖြင့် ကြည့်လိုက်၏။
“ကျွန်မတို့လည်း မသိဘူးလေ။ ကျွန်မတို့က အရှင် အစီအစဉ်ချမှာကို စောင့်နေတာ”
“တင်ပြပါတယ်...”
ထိုအခိုက်တွင် ကျန်းရီတို့သည် တပ်သားတစ်ယောက်၏ အော်သံကို ကြားလိုက်ရ၏။
“အရှင်တို့ကို တင်ပြပါတယ်... ချိုးရန်ဆိုတဲ့ သခင်လေးတစ်ယောက်က စစ်သူကြီးနဲ့ တွေ့ခွင့်တောင်းနေပါတယ်”
“ချိုးရန်...”
ကျန်းရီ ထိုသခင်လေးကို မသိပေ။ ထို့ကြောင့် အဆိပ်ဝိညာဉ်က တီးတိုးရှင်းပြသည်။
“ချိုးမျိုးနွယ်က ကောင်းကင်ကန္တာရဘုံက ဘုံအရှင်ရဲ့ မျိုးနွယ်ပါ”
ချီရွယ်ကလည်း ခါးသက်သက် ပြုံးကာ ရှင်းပြ၏။
“အရှင်ကြီးကြပ်စစ်သူကြီး... ချိုးရန်က ကောင်းကင်ကန္တာရဘုံရဲ့ ပထမသခင်လေးပါ။ ကျွန်မ သူ့ကို စစ်သူကြီး မရှိဘူးလို့ပြောပြီး ပြန်လွှတ်ခဲ့တာ ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက်ရှိပါပြီ။ ဒါပေမဲ့ အခု သူ ထပ်ရောက်လာပြန်ပြီ...”
“သူက လက်မလျှော့ဘူးလား”
ကျန်းရီ၏ မျက်နှာထား တင်းမာသွားသည်။ သူ တစ်ခဏမျှ တွေးတောလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“သူ့ကို အထဲကို လွှတ်လိုက်ပါ”
တပ်သား အတန်ငယ် တုံ့ဆိုင်းသွား၏။ ကျန်းရီက ကြီးကြပ်စစ်သူကြီး ဖြစ်သွားပြီဖြစ်ကြောင်းကို တပ်သားများက မသိသေးပေ။ ထို့ကြောင့် ချီရွယ်က အေးစက်စက် လေသံဖြင့် ဝင်ပြောလိုက်သည်။
“သူက ကြီးကြပ်စစ်သူကြီးပဲ။ ရှင် သူခိုင်းခဲ့အတိုင်း မလုပ်သေးဘူးလား”
တပ်သားသည် ရုတ်ခြည်းပင် ပြန်ထွက်သွား၏။ ကျန်းရီ ထရပ်လိုက်ပြီး အလယ်ခုံတွင် ဝင်ထိုင်ကာ ဟိတ်ဟန်အပြည့်နှင့် နေလိုက်သည်။ သူက အာဏာရှိသူတစ်ယောက် မဟုတ်လော။ ချီရွယ်နှင့် ချီရှားတို့က တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ သို့သော် မည်သို့မှတော့ မပြောပေ။ ချီချင်ချန်က ကျန်းရီကို အာဏာကုန်လွှဲအပ်လိုက်ပေပြီ။ ထို့ကြောင့် ချီချင်ချန် ရှိမနေချိန်တွင် ကျန်းရီ၏ အလယ်ခုံတွင် ထိုင်ခွင့်ရှိပေသည်။
ခေတ္တကြာပြီးနောက် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။ ထို့နောက် သားနားစွာ ဝတ်ဆင်ထားသော ခံ့ညားသည့် သခင်လေးတစ်ယောက်က ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာ၏။ သူ အထဲသို့ မရောက်သေးခင်မှာပင် သူ၏ ရယ်သံကို ကြားရသည်။
“ဟားဟားဟား... သခင်မလေးချင်ချန် အခု သခင်မလေးကို တွေ့ရဖို့က အရမ်းခက်နေပြီပေါ့။ ကျွန်တော် ဘယ်လောက်ပဲ တွေ့ချင်တွေ့ချင်...အာ... မင်းက ဘယ်သူလဲ”
ထိုသခင်လေးသည် ချီချင်ချန်၏ခုံတွင် ထိုင်နေသော ကျန်းရီကို တွေ့လိုက်သောအခါ ချက်ချင်း မျက်နှာပျက်သွား၏။ ချီရွယ်က ခပ်သွက်သွက် မိတ်ဆက်ပေးသည်။
“သခင်လေးချိုး... သူက ကျွန်မတို့ရဲ့ ကြီးကြပ်စစ်သူကြီးပါ”
“ကြီးကြပ်စစ်သူကြီးလား”
ချိုးရန်သည် ကျန်းရီကို သံသယဖြင့် ကြည့်လိုက်၏။ ထို့နောက် အရေးမစိုက်တော့ဘဲ ချီရွယ်ကိုကြည့်ကာ မေးလိုက်သည်။
“သခင်မလေးချင်ချန်က ဘယ်မှာလဲ။ သူက ကျွန်တော့်ကို ရှောင်နေတာလား။ သခင်မလေးချီရွယ်... အရင်တစ်ခေါက်တုန်းက သခင်မလေး ကျွန်တော့်ကို ဘာပြောခဲ့လဲ”
ချီရွယ်သည် ချိုးရန်၏မေးခွန်းကို ပြန်မဖြေဘဲ ကျန်းရီကိုကြည့်၍သာ ပြောလိုက်သည်။
“သခင်လေး မီးဖီးနစ်တပ်ထဲကို ဝင်ချင်ရင် ကြီးကြပ်စစ်သူကြီး လက်ခံမှ ရပါမယ်။ စစ်သူကြီးက အခန်းအောင်းကျင့်ကြံနေပါတယ်။ အခု မီးဖီးနစ်တပ်ထဲက ကိစ္စတွေအကုန်လုံးကို ကြီးကြပ်စစ်သူကြီးက တာဝန်ယူထားပါတယ်”
“အို့...”
ချိုးရန်၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်သွား၏။ သူ ကျန်းရီကို စက္ကန့်အနည်းငယ်ကြာအောင် ကြည့်လိုက်ပြီးမှ ပြုံးကာ လက်ဆုပ်၍ ပြောလိုက်သည်။
“ကျွန်တော်က ချိုးရန်ပါ။ ကြီးကြပ်စစ်သူကြီး... ကျွန်တော် ကြီးကြပ်စစ်သူကြီးကို ဘယ်လိုခေါ်ရမလဲ”
ကျန်းရီက ငွေမိစ္ဆာမျက်နှာဖုံးတပ်ထား၍ ချိုးရန်သည် ကျန်းရီ၏ ရုပ်ကို မမြင်နိုင်ပေ။ ကျန်းရီသည် အေးစက်စက်အကြည့်ဖြင့် ပြန်ပြောလိုက်၏။
“သခင်လေးချိုး... သခင်လေးက ဘာလို့ မီးဖီးနစ်တပ်ကို လာခဲ့တာပါလဲ”
ချိုးရန်က ကျန်းရီကို လေးစားသမှု ပြခဲ့သော်လည်း ကျန်းရီက လေးစားမှု ပြန်မပြခဲ့ပေ။ သူက အေးစက်စက်လေသံဖြင့်ပင် ပြောလိုက်သေးသည်။ သူ ချိုးရန်ကို အမှန်ပင် အရေးမစိုက်ပါချေ။
ချိုးရန်၏ မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာ၏။ သို့သော် သူ ဒေါသကို အကောင်းဆုံးမျိုသိပ်ကာ လက်ဆုပ်၍ ဆက်ပြောလိုက်သည်။
“ထွေထွေထူးထူးတော့ မရှိပါဘူး။ ကျွန်တော်က အခုမှ မိစ္ဆာချေဖျက်စစ်တပ်ကို ရောက်တာလေ... အဲ့ဒါ မီးဖီးနစ်တပ်က တပ်သားသစ်စုဆောင်းနေတယ်လို့ကြားလို့ပါ။ ကျွန်တော် မီးဖီးနစ်တပ်ထဲ ဝင်ချင်ပါတယ်။ ကြီးကြပ်စစ်သူကြီး ကျွန်တော့်ကို ကူညီပေးလို့ရမလားခင်ဗျာ”
“ကျွန်တော် စိတ်မကောင်းပါဘူး”
ကျန်းရီသည် တစ်ချက်ပင် မတုံ့ဆိုင်းဘဲ အေးစက်စက် ပြောလိုက်၏။
“သခင်လေး တပ်ထဲကို ဝင်ချင်ရင် လူသစ်စုဆောင်းရေးရုံးကို သတင်းပို့လိုက်ပါ။ သခင်လေးက ကျွန်တော်တို့ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီရင် မီးဖီးနစ်တပ်က သခင်လေးကို ရွေးချယ်ပါလိမ့်မယ်”
“အာ...”
ချိုးရန်၏နောက်မှ လူနှစ်ယောက် မျက်နှာပျက်သွား၏။ ကျန်းရီက ချိုးရန်ကို လုံးဝ မျက်နှာသာမပေးချေ။ ချိုးရန်၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး သူ့နောက်မှ လူနှစ်ယောက်၏ အရှိန်အဝါလည်း ထွက်လာသည်။ အဆိပ်ဝိညာဉ်က ခြောက်ကပ်ကပ်ရယ်ကာ အရှေ့သို့ လျှပ်တစ်ပြက် ထွက်သွားလိုက်၏။
“ဘာဖြစ်လို့ပါလဲ လူကြီးမင်းတို့။ ခင်ဗျားတို့က ကျုပ်တို့ရဲ့ မီးဖီးနစ်တပ်ထဲမှာ တိုက်ခိုက်ချင်တာလား။ ကျုပ်တစ်ယောက်တည်းနဲ့တင် ခင်ဗျားတို့ကို ဒီနေရာမှာပဲ မိစ္ဆာချေဖျက်စစ်တပ်ရဲ့ စစ်စည်းမျဉ်းတွေအရ အရေးယူနိုင်တယ်ဆိုတာကို ခင်ဗျားတို့ ယုံလား”
“ဟားဟားဟား”
ချိုးရန်သည် ကျယ်လောင်စွာ ရယ်၍ ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ကိုကြည့်ကာ ပြောလိုက်သည်။
“ကောင်းပြီ... ခင်ဗျားတို့မှာ သတ္တိရှိရင် ကျွန်တော်တို့ကို သတ်လိုက်လေ။ ကျွန်တော်က ခင်ဗျားတို့ သတ္တိမရှိမှာဘဲ စိုးရိမ်တာ”
“အရူး...”
ကျန်းရီက မချင့်မရဲဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“တစ်ယောက်ယောက် လာစမ်း... ပြဿနာလာရှာတဲ့ ဒီသုံးယောက်ကို အပြင်ထုတ်လိုက်။ သူတို့က ပြန်ခုခံရင် စစ်စည်းမျဉ်းတွေအရ ချက်ချင်း သတ်ပစ်လိုက်”