သူတို့လောက်က ဘာအရေးလဲ
Vol. 107 Ch. 1490
ဝှစ်...ဝှစ်...
ကျန်းရီက ကောင်းကင်စွမ်းအားကိုသုံး၍ အော်ပြောလိုက်ခြင်းဖြစ်ရာ သူ့အသံကို မီးဖီးနစ်တပ်တစ်တပ်လုံး ကြားလိုက်ရ၏။ တစ်စက္ကန့်အတွင်းမှာပင် လူဆယ်ယောက်ကျော် ရောက်လာသည်။ သို့သော် သူတို့သည် ကျန်းရီက မည်သူဖြစ်ကြောင်း မသိကြပေ။ ထို့ကြောင့် သူတို့ ရောက်လာသော်လည်း မည်သို့မှ မလုပ်ကြဘဲ ချီရွယ်နှင့် ချီရှားတို့ကိုသာ ကြည့်နေကြလေသည်။
“ဟားဟားဟား...”
ချိုးရန်သည် မီးဖီးနစ်တပ်သားများက မည်သို့မှ မလုပ်သည်ကို တွေ့သောအခါ သူတို့က ကြောက်နေခြင်းဟု ထင်သွား၏။ ရုတ်ခြည်း သူ လှောင်ရယ်ရယ်လိုက်သည်။
“လုပ်ကြလေ... ဘာလဲ... ခင်ဗျားတို့က ကြောက်လို့လား”
ချီရွယ်နှင့် ချီရှားတို့က တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ သူမတို့ အမိန့်ပေးရန် ချီတုံချတုံ ဖြစ်နေကြပေသည်။ ကောင်းကင်ကန္တာရဘုံက အထက်ဘုံ၏ ထိပ်တန်းဘုံဆယ်ဘုံထဲမှ တစ်ဘုံမဟုတ်လော။ ချိုးမျိုးနွယ်ခေါင်းဆောင်က အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ဖြစ်သည်။ ချိုးရန်မှာလည်း ချိုးမျိုးနွယ်ကို ကိုယ်စားပြုသော ပထမသခင်လေး ဖြစ်ပေသည်။
ကျန်းရီသည် တင်းမာသော အကြည့်ဖြင့် ချီရွယ်နှင့် ချီရှားတို့ကို ကြည့်ကာ အေးစက်စက်လေသံဖြင့် မေးလိုက်၏။
“ကျွန်တော်က ကြီးကြပ်စစ်သူကြီး မဟုတ်ဘူးလား။ ကျွန်တော့်ရဲ့စကားတွေက ဘာမှ အရေးမပါဘူးလား။ ခင်ဗျားတို့နှစ်ယောက်ကို စစ်သူကြီးက ဘယ်လိုညွှန်ကြားခဲ့လဲ”
ချီရွယ်နှင့် ချီရှားတို့က ထပ်မံ၍ အကြည့်ချင်းဖလှယ်လိုက်ကြပြန်၏။ နောက်ဆုံးတွင် ချီရွယ်က အံကြိတ်ကာ ပြောလိုက်သည်။
“စစ်သူကြီးက တပ်ထဲမှာ သူမရှိတဲ့အချိန် ကျွန်မတို့ကို ကြီးကြပ်စစ်သူကြီးရဲ့ အမိန့်တွေကို နာခံရမယ်လို့ ညွှန်ကြားသွားပါတယ်”
“အဲ့ဒါဆို သူတို့ကို မောင်းထုတ်လိုက်”
ကျန်းရီ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ အဆိပ်ဝိညာဉ်က ချက်ချင်း လှုပ်ရှားလိုက်ပြီး ကိုယ်ပွားဆယ်ယောက်ခွဲလိုက်၏။ ကိုယ်ပွားတစ်ယောက်စီ၏ လက်ထဲတွင် အစိမ်းရောင်ပုလွေတစ်ချောင်းစီ ကိုင်ထားသည်။ ထို့နောက် သူတို့သည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ချိုးရန်ဆီ ပျံသန်းသွားကြ၏။ ချိုးရန်နှင့် သူ၏အဖော်နှစ်ယောက်သည် ပြန်တုံ့ပြန်ရန်ပင် အချိန်ရလိုက်ချေ။ သူတို့သည် လေထဲမှ အရိပ်များကိုသာ မြင်လိုက်ရပြီး သူတို့မသိလိုက်ခင်မှာပင် အစိမ်းရောင်ပုလွေတစ်ချောင်းက ချိုးရန်၏ လည်ပင်းကို ထောက်ထားပေပြီ။
ဝှစ်...ဝှစ်...
အစောတွင် ဝင်လာခဲ့သော မီးဖီးနစ်တပ်မှ စွမ်းအားကြီး သိုင်းသမားများကလည်း တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။ သူတို့သည် သူတို့၏လက်နက်များကို ထုတ်၍ ချိုးမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားနှစ်ယောက်ကို ချိန်ရွယ်ထားလိုက်ကြ၏။ အေးစက်စက် သတ်ဖြတ်အရှိန်အဝါများက ချိုးမျိုးနွယ်မှ လူသုံးယောက်ကို လွှမ်းခြုံသွားကြသည်။ အထူးသဖြင့် အဆိပ်ဝိညာဉ်၏ သတ်ဖြတ်အရှိန်အဝါက ပို၍အားကောင်းနေပေသည်။ ချိုးရန်သည် သူ မဆင်မခြင် တစ်ခုခု လုပ်မိသည်နှင့် ချက်ချက်အသတ်ခံရမည်ကို သိသွားပေပြီ။
ရွှီး...
ထိုစဉ် ကျန်းရီသည် ငွေမိစ္ဆာမျက်နှာဖုံးကို လက်တစ်ဘက်ဖြင့် ချွတ်လိုက်၏။ တစ်ချိန်တည်းမှာပဲ သူ၏ ခန္ဓာကိုယ်ကလည်း အတန်ငယ် ပြောင်းလဲသွားသည်။ သူ မူလရုပ်သွင် ပြန်ဖြစ်သွားပေပြီ။ ထို့နောက် သူ ချိုးရန်ကို မျက်နှာသေဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
“သခင်လေးချိုး... ကျွန်တော့်ရဲ့ မျိုးရိုးက ကျန်းပါ၊ နာမည်ကတော့ ရီပါ။ ကျွန်တော်က တိရှဘုံက မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ လူထုရေးရာ မဟာဝန်မင်းပါ။ မကြာသေးခင်တုန်းက ကျွန်တော် စစ်နတ်ဘုရားဘွဲ့ကို ရခဲ့ပါတယ်။ နောက်တော့ စစ်သူကြီးချီက ကျွန်တော့်ကို မီးဖီးနစ်တပ်ရဲ့ ကြီးကြပ်စစ်သူကြီးရာထူး ပေးခဲ့ပါတယ်...”
“ဒီနေ့ သခင်လေးကို မျက်နှာသာမပေးခဲ့တာ စစ်သူကြီး မဟုတ်ပါဘူး... ကျန်းရီပါ။ ပြီးတော့ မီးဖီးနစ်တပ်ထဲ ဝင်ချင်တဲ့ သခင်လေးရဲ့ မိတ်ဆွေတွေကိုလည်း ပြောပြလိုက်ပါ.. သူတို့ လူသစ်စုဆောင်းရေးရုံးမှာ အေးအေးဆေးဆေး စောင့်နေကြပါလို့။ မနက်ဖြန် အရုဏ်တက်ရင် ကျွန်တော် လူရွေးပါမယ်။ သခင်လေးတို့က စံနှုန်းတွေနဲ့ ကိုက်ညီမယ်ဆိုရင် တပ်ထဲကို ဝင်ခွင့်ရပါလိမ့်မယ်။ မဟုတ်ရင်တော့ သခင်လေးတို့က ဘယ်သူဆိုတာကို ကျွန်တော် အရေးစိုက်နေမှာ မဟုတ်ဘူး။ အခု... သခင်လေး လူသစ်စုဆောင်းရေးရုံးကို ကိုယ့်ဘာသာ သွားမလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို လိုက်ပို့ခိုင်းလိုက်မလား”
“ကျန်းရီ... မင်းကိုး...”
ချိုးရန်သည် ဘုံတစ်သောင်းပြိုင်ပွဲသို့ မလာခဲ့ပေ။ သို့သော် ‘ကျန်းရီ’ဆိုသော အမည်ကိုမူ သူ ကြားဖူးပေသည်။ သူ၏ မျက်ဝန်းများက သတ္တုကဲ့သို့ အေးစက်လာသည်။ သူ ကျန်းရီကို စိုက်ကြည့်ကာ ခြောက်ကပ်ကပ် ရယ်လိုက်သည်။
“အရမ်းကောင်းတယ်... မင်းက သတ္တိရှိသားပဲ။ သွားကြစို့...”
အဆိပ်ဝိညာဉ် နောက်ပြန်ဆုတ်လိုက်၏။ မီးဖီးနစ်တပ်သားများလည်း သူတို့၏လက်နက်များကို ပြန်သိမ်းလိုက်သည်။ ချိုးရန်နှင့် သူ့လူနှစ်ယောက် ခပ်သုတ်သုတ် ထွက်သွားသည်။ ကျန်းရီသည် လက်ဝှေ့ယမ်း၍ မီးဖီးနစ်တပ်သားများကို ပြန်သွားရန် ပြောလိုက်သည်။ ထို့နောက် သူ အေးအေးလူလူဖြင့် ခုံကိုမှီကာ ထိုင်လိုက်၏။ ချီရွယ်နှင့် ချီရှားတို့ကမူ အလွန်စိုးရိမ်နေပုံ ပေါ်ပေသည်။ ချီရွယ်သည် အတန်ကြာ နှုတ်ဆိတ်နေပြီးနောက် ဆက်အောင့်မထားနိုင်တော့ဘဲ မေးလိုက်လေသည်။
“အရှင်ကြီးကြပ်စစ်သူကြီး... အဲ့လိုလုပ်လိုက်တာ ကောင်းပါ့မလား”
“ဟင်းဟင်း...”
ကျန်းရီ ပခုံးတွန့်ကာ ပြန်ပြောလိုက်သည်။
“စစ်သူကြီးက ကျွန်တော့်ကို အဲ့လိုလုပ်ခိုင်းခဲ့တာ မဟုတ်ဘူးလား။ မဟုတ်ရင် ကြီးကြပ်စစ်သူကြီးကို ဘာလို့ လိုနေလိမ့်မလဲ။ သူက အဲ့သခင်လေးတွေကို ကိုယ်တိုင်အပြစ်ပြုလို့ မရလို့ ကျွန်တော့်ကို သူ့ကိုယ်စား ရှေ့မှာထွက်ရပ်ခိုင်းခဲ့တာပဲ”
“အို့...”
ချီရွယ်နှင့် ချီရှားတို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ ကျန်းရီ၏စကားက အကြွင်းမဲ့ မှန်ပေသည်။ ချီချင်ချန်က ကျန်းရီကို ထိုရာထူး ပေးခဲ့ခြင်းမှာ ဤရလဒ်ကို လိုချင်၍ပင်။ ကျန်းရီက အရှေ့တွင် ရှိနေလျှင် ချီချင်ချန်သည် ထိုသခင်လေးများနှင့် ပြောဆိုဆက်ဆံနေစရာ မလိုတော့ပေ။ အနည်းဆုံးတော့ နောက်တွင် သူမတို့ မျက်နှာချင်းဆိုင်တွေ့ရလျှင် အိုးတိုးအန်းတန်း ဖြစ်နေလိမ့်မည် မဟုတ်ချေ။ သခင်လေးများကို ငြင်းခဲ့သူက ကျန်းရီသာ မဟုတ်ပါလား။
“ဒါပေမဲ့...”
ချီရွယ်က အတန်ငယ် စိတ်ပူနေသေး၏။ ကျန်းရီ ခပ်ပြင်းပြင်း လက်ဝှေ့ယမ်းလိုက်သည်။
“တော်ပြီ... ခင်ဗျားတို့ သွားကြတော့။ မစိုးရိမ်ပါနဲ့... ကျွန်တော်တို့ရဲ့ သခင်မလေးက အရမ်းဉာဏ်ကောင်းပါတယ်။ သူက ဒီကိစ္စတွေကို ကောင်းကောင်းတွေးပြီးထားမှာပါ။ ပြီးတော့ မိစ္ဆာချေဖျက်စစ်တပ်ထဲက ဘယ်သူကမှ သူ့ကို လာမရှုပ်ရဲပါဘူး။ ကျွန်တော်တို့ ဘာမှ စိုးရိမ်နေဖို့ မလိုပါဘူး။ အဲ့သခင်လေးတွေကို အပြစ်ပြုရတာကိုလည်း... ကျွန်တော်က သောက်ရေးမစိုက်ဘူး။ ကျွန်တော် ကျန်းရီမှာ ရန်သူတွေ အများကြီးရှိတယ်။ သူတို့လောက်က ဘာအရေးလဲ”
“ကောင်းပါပြီ”
ချီရွယ်နှင့် ချီရှားတို့ ဦးညွှတ်လိုက်ကြ၏။ ယခုတွင် သူမတို့သည် ကျန်းရီအပေါ် လုံးဝအမြင်ပြောင်းသွားပြီဖြစ်သည်။ ကျန်းရီ၏ စွမ်းရည်များကို သူမတို့ကိုယ်တိုင် မမြင်ဖူးသော်လည်း အနည်းဆုံးတော့ သူက သတ္တိရှိကြောင်း သူမတို့ သေချာသိလိုက်ရသည်။ ယင်းကို သူမတို့ သံသယဖြစ်နေစရာ မလိုပေ။ ချိုးရန်သာ ဤနေ့ဖြစ်ခဲ့သောကိစ္စကို သတင်းဖြန့်လိုက်လျှင် ကျန်းရီက သေချာပေါက် ချီချင်ချန်ကို မျက်စိကျနေကြသော သခင်လေးများ၏ ဘုံရန်သူ ဖြစ်သွားပေလိမ့်မည်။
သခင်လေးမည်မျှက ချီချင်ချန်ကို မျက်စိကျနေကြသနည်း။ သူတို့က မည်သည့်မျိုးနွယ်ကြီးများမှနည်း။ ချီရွယ်နှင့် ချီရှားတို့ ရေတွက်၍ပင် မနိုင်ချေ။ ကျန်းရီသည် မျိုးနွယ်ကြီးအားလုံး၏ ဘုံရန်သူတစ်ယောက် ဖြစ်လာသကဲ့သို့ပင်။
ကျန်းရီနေရာတွင် သာမန်လူတစ်ယောက်သာဆိုပါက သခင်လေးများ၏ လူမသိသူမသိ နှိပ်စက်သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ ထိုသူသည် မည်သည့်အခါတွင်မှ လူရှေ့သူ့ရှေ့သို့ ပြန်ပေါ်လာတော့မည် မဟုတ်ချေ။ သို့သော် ချီချင်ချန်သည် ကျန်းရီ၏ နောက်ခံက ရှုပ်ထွေးသည်ဟု ပြောခဲ့၏။ ထို့ကြောင့် ချီရွယ်နှင့် ချီရှားတို့သည် ထိုကိစ္စများကို ဆက်တွေးမနေတော့ရန် ဆုံးဖြတ်လိုက်ကြ၏။ ယခုတွင် ထိုကိစ္စများက ကျန်းရီဖြေရှင်းရမည့် ပြဿနာများ ဖြစ်နေပြီ မဟုတ်လော။
***
ချိုးရန် ပြန်သွားပြီးနောက် မိစ္ဆာချေဖျက်စစ်တပ်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွား၏။ သခင်လေးများကလည်း မိစ္ဆာချေဖျက်စစ်တပ်သို့ တစ်ယောက်ပြီးတစ်ယောက် ဆက်ရောက်လာနေကြသည်။ ချီချင်ချန်က မိစ္ဆာချေဖျက်စစ်တပ်သို့ လာခဲ့သောအခါ သိမ်းငှက်ဘုရင်လေး လိုက်လာခဲ့သည်။ သိမ်းငှက်ဘုရင်လေးကြောင့် သခင်မလေးများစွာလည်း ရောက်လာခဲ့ကြသည်။ သခင်မလေးများရောက်လာရာ သခင်လေးများလည်း လိုက်လာရတော့သည်။
မိစ္ဆာချေဖျက်စစ်တပ်က ဒုတိယဘုံတစ်သောင်းပြိုင်ပွဲကဲ့သို့ ဖြစ်နေပေသည်။ တပ်များထဲတွင် မျိုးနွယ်အသီးသီးမှ လူများ ရှိနေကြသည်။ ထို့ကြောင့် သခင်လေးများနှင့် သခင်မလေးများက စိတ်ကြိုက် သွားလာနိုင်နေကြ၏။ သူတို့သည် မျိုးနွယ်ကြီးများမှ အဆင့်အတန်းမြင့်သော သူများနှင့် မိတ်ဆွေဖွဲ့ခြင်း၊ လူပျိုအပျိုပိုးပန်းကြခြင်းနှင့် လေ့ကျင့်ခြင်းတို့ကိုပင် လုပ်နိုင်ကြသည်။ သို့ဖြစ်ရာ ပျော်နိုင်ချိန်တွင် အဘယ်ကြောင့် မပျော်ဘဲ နေရပါမည်နည်း။
ယခုတွင် မိစ္ဆာချေဖျပ်တောင်ကြားသည် အလွန်သက်ဝင်လှုပ်ရှားနေပေပြီ။ သခင်လေးများနှင့် သခင်မလေးများက စုဝေးပွဲများလုပ်ကာ အချင်းချင်း မိတ်ဖွဲ့နေကြသည်။ ချိုးရန်က ကျန်းရီအကြောင်းကို သတင်းဖြန့်လိုက်သောအခါ အခြားသခင်လေးများ သွေးဆူသွားကြသည်။ ရလဒ်အနေဖြင့် မိုဟွိုက်စန်းနှင့် တိလင်အာတို့ ပို၍ အနေခက်လာကြသည်။ အခြားသူများသည် ကျန်းရီ၏နောက်တွင် တိရှအရှင်ရှိနေသည်ဟု မြင်ကြသည် မဟုတ်ပါလား။
မျိုးနွယ်ကြီးများမှ သခင်လေးများက မည်သည့်အရာကို အရေးအစိုက်ဆုံးနည်း။
သူတို့၏ဂုဏ်သိက္ခာကိုပင်။
အကယ်၍ တစ်စုံတစ်ယောက်က သူတို့ကို ဂုဏ်သိက္ခာကျအောင် လုပ်မည်ဆိုလျှင် သူတို့သည် ထိုသူ၏အသက်ကို နှုတ်၍ ပြန်တုံ့ပြန်ကြမည်ဖြစ်သည်။ ဤနေရာက မိစ္ဆာချေဖျက်စစ်တပ်သာ မဟုတ်လျှင် သခင်လေးများသည် ကျန်းရီကိုသတ်ရန် မီးဖီးနစ်တပ်သို့ လူစုလူဝေးနှင့် ရောက်လာလောက်ပေပြီ။
သခင်လေးတစ်စုသည် အတူတကွစုဝေး၍ ဆဲဆိုကြုံးဝါးနေကြ၏။ ပြီးမှ သူတို့၏ ဂုဏ်သိက္ခာကို မည်သို့ပြန်အဖတ်ဆယ်ရမည်ကို ဆွေးနွေးလိုက်ကြသည်။
ထိုသခင်လေးတစ်စုသည် အခြားနေရာများတွင် အသုံးမကျသော်လည်း သူများအပေါ် အကောက်ကြံရာတွင်မူ ကျွမ်းကျင်အဆင့် ရှိကြသည်။ မကြာခင်မှာပင် အစီအစဉ်နှစ်ခု ထွက်ပေါ်လာသည်။ အချို့သခင်လေးများက အစီအစဉ်များကို အစပျိုးပေးရမည်ဖြစ်ပြီး ကျန်လူများက စောင့်ကြည့်နေရမည်ဖြစ်သည်။
လေးနာရီအတွင်းမှာပင် အစီအစဉ်စဆင်ပေသည်။
လေးနာရီကြာပြီးနောက် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော နဖူးပြောင်ပြောင်နှင့် လူငယ်တစ်ယောက်က ဧရာမရဲတိုက်ကြီးတစ်ခုထဲမှ ထွက်သွား၏။ ထိုလူငယ်၏ မျက်နှာကို စကားတစ်လုံးနှင့် ဖော်ပြရမည်ဆိုလျှင် မိစ္ဆာဆန်သည်ဟု ဖော်ပြရပေလိမ့်မည်။
ထိုသခင်လေးက အလွန်ခံ့ညားသော်လည်း နဖူးပြောင်နေသည်။ ထိုနဖူးပြင်တွင် အနီရောင် ဆေးမင်ကြောင်တစ်ခုရှိသည်။ ထိုဆေးမင်ကြောင်က ခေါင်းအနောက်အထိရောက်၏။ ဆေးမင်ကြောင်ပုံက ပုတ်သင်တစ်ကောင်နှင့် တူသည့် ထူးဆန်းသော ဟွင့်သွမ့်သားရဲတစ်ကောင်၏ပုံပင်။ သူသည် ဘယ်ဘက်နားပေါက်တွင် ငွေနားစွဲတစ်ခုကိုလည်း ဝတ်ဆင်ထားသည်။ သူ အပြင်သို့ ထွက်လာသောအခါ ကျွက်စိကျွက်စိအသံများကို ကြားလိုက်ရ၏။ သူ၏ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများက အရောင်တောက်နေသည်။ သူ့ကို မြင်လိုက်သူတိုင်း သူနှင့် သွားမရှုပ်သင့်ဟု တွေးမိသွားမည်ဖြစ်သည်။ သူ့တစ်ကိုယ်လုံးမှနေ၍ မိစ္ဆာအငွေ့အသက် ထွက်နေပေသည်။
ထိုလူငယ်သည် အခြားလူငယ်များနှင့် တပ်သားများကို ဦးဆောင်၍ ခပ်သွက်သွက် လျှောက်သွားနေ၏။ သူတို့လူစု၏ အရေအတွက်က စုစုပေါင်း အယောက်လေးဆယ်ကျော် ငါးဆယ်လောက်ရှိသည်။ သူတို့က ခြေလှမ်းကျဲကြီးများဖြင့် မီးဖီးနစ်တပ်သို့ သွားနေကြခြင်းပင်။ မိစ္ဆာချေဖျက်တောင်ကြားတစ်ခုလုံး ထပ်မံ၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။ ထိုလူငယ်က မိစ္ဆာချေဖျက်တောင်ကြားတွင် အလွန်ကျော်ကြားသည်။ လူများစွာသည် သူတို့ စစ်သူကြီးတစ်ယောက်ယောက်ကို အပြစ်ပြုရမည်ဆိုလျှင်ပင် ထိုလူငယ်ကိုတော့ အပြစ်ပြု၍မဖြစ်ဟု တွေးကြပေသည်။
ထိုလူငယ်၏ မျိုးရိုးအမည်မှာ ‘ယို’ဖြစ်ပြီး အမည်က ‘ထျန်းနီ’ဖြစ်သည်။ သူက မိစ္ဆာချေဖျက်စစ်တပ်၏ အုပ်ချုပ်သူအဆင့် ခေါင်းဆောင်တစ်ယောက်၏ တစ်ဦးတည်းသော မြေးပင်။ သူသည် မိစ္ဆာချေဖျက်တောင်ကြားတွင် ပထမအဆင့် လူရှုပ်လူပွေတစ်ယောက်အဖြစ်လည်း ကျော်ကြားသည်။ သူက ခက်ထန်ကာ ငြင်းခုံရခြင်းနှင့် အကြမ်းဖက်ရခြင်းတို့ကို နှစ်သက်ပေသည်။ သူက အလွန်လည်း ပါရမီထူးသည်။ သူ၏စွမ်းရည်များက သိမ်းငှက်ဘုရင်လေးနှင့် သိပ်မကွာပေ။ ထို့ပြင် သူ့အဘိုးကလည်း သူ့ကို အလွန်ချစ်ခင်သည်။ သို့ဖြစ်၍ စစ်သူကြီးများပင် သူ့ကိုမြင်ရုံနှင့် ခေါင်းကိုက်ကြပေသည်။
ယိုထျန်းနီက အခြားသခင်လေးများ၏ သွေးထိုးစကားများကြောင့် မီးဖီးနစ်တပ်သို့သွား၍ ပြဿနာရှာတော့မည်ဖြစ်ကြောင်း ထင်ရှားပေသည်။