ဒူးထောက်၍ အရိုအသေပေးရမည်
Vol. 107 Ch. 1491
ကျန်းရီသည် တစ်ယောက်ယောက်က ပြဿနာလာရှာလိမ့်မည်ကို မျှော်လင့်ထားပြီးဖြစ်သည်။ ချိုးရန်ကို နှင်ထုတ်လိုက်နိုင်ခြင်းက သခင်လေးအားလုံးကို နှင်ထုတ်လိုက်နိုင်ခြင်း မဟုတ်ပေ။
ကျန်းရီသည် အစကတည်းက အဆိုးဆုံးအခြေအနေအဖြစ် သိမ်းငှက်ဘုရင်လေး ရောက်လာလျှင်ပင် မည်သို့တုံ့ပြန်ရမည်ကို ပြင်ဆင်ထားပြီးပေပြီ။ သို့သော် သိမ်းငှက်ဘုရင်လေးထက်ပင် ခက်ထန်သော မိစ္ဆာချေဖျက်စစ်တပ်၏ ပထမသခင်လေး ရောက်လာလိမ့်မည်ဟု သူ မျှော်လင့်မထားချေ။
ချီရွယ်နှင့် ချီရှားတို့သည် တုန်တုန်လှုပ်လှုပ်ဖြင့် သတင်းလာပို့ကြသည်။ ယိုထျန်းနီ၏ ဂုဏ်သတင်းက အလွန်ကျော်ဇောပေသည်။ တစ်ချက်မှားသွားသည်နှင့် အခြေအနေက ကြီးကျယ်သွားပေလိမ့်မည်။ သူမတို့ ဤကိစ္စကို ချီချင်ချန်ထံသို့ပင် တင်ပြရပေမည်။ သို့သော် ကျန်းရီက စိုးရိမ်တုန်လှုပ်သည့်ဟန် တစ်စက်မှ မရှိဘဲ အေးအေးဆေးဆေး ထိုင်နေသည်ကို တွေ့လိုက်သောအခါ သူမတို့ မျှော်လင့်ချက်တစ်ခုကို ခံစားလိုက်ကြရ၏။ ကျန်းရီက ဤပြဿနာကို ဖြေရှင်းနိုင်သည်လော။
“တစ်ယောက်ယောက် လာစမ်း”
ကျန်းရီက ရုတ်တရက် အော်ပြောလိုက်ရာ အပြင်မှ အမျိုးသမီးတပ်သားတစ်ယောက် ခပ်သုတ်သုတ် ဝင်လာသည်။ ထို့နောက် ကျန်းရီ အမိန့်ပေးလိုက်သည်။
“မီးဖီးနစ်တပ်ထဲက လူတိုင်းကို စုဝေးထားလိုက်။ ပြီးရင် ငါ့ရဲ့အမိန့်ကို စောင့်နေပါ။ ငါ့အမိန့်ကို မနာခံရင် အကုန်လုံး စစ်စည်းမျဉ်းအရ အပြစ်ပေးခံရမယ်”
“...”
ချီရွယ်နှင့် ချီရှားတို့ ဆွံ့အသွား၏။ သူမတို့နှစ်ယောက်စလုံးက ကျန်းရီကို အထင်ကြီးမိခဲ့ခြင်းပင်။ ထိုသူက မဆင်မခြင်လုပ်တတ်သော လူငယ်သာ။ သူသည် တစ်ဘက်မှလူက မည်သူဆိုသည်ကို အရေးမစိုက်ဘဲ ထိပ်တိုက်တွေ့ရန် ပြင်ဆင်နေသည်လော။ သူမတို့က မည်သည့်နေရာတွင်နည်း။ မိစ္ဆာချေဖျက်စစ်တပ်၏ ဌာနချုပ်တွင်ဖြစ်သည်။ ဤနေရာက မိစ္ဆာချေဖျက်စစ်တပ်၏ ပိုင်နက်ပင်။
“အရှင်ကြီးကြပ်စစ်သူကြီး...”
ချီရွယ်သည် ခေတ္တမျှတွေးတောပြီးနောက် ကျန်းရီကို ကြို၍သတိပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ကျန်းရီက ခပ်ပြင်းပြင်း လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“ခင်ဗျားတို့ ကျွန်တော့်ကို ဘာမှ ပြောစရာမလိုဘူး။ ကျွန်တော် ဘာလုပ်နေတာလဲဆိုတာကို ကျွန်တော်သိတယ်။ ခင်ဗျားတို့နှစ်ယောက်စလုံး ကျွန်တော့်ရဲ့အမိန့်တွေကို စောင့်နေပါ။ ခင်ဗျားတို့လည်း အမိန့်မနာခံရင် စစ်စည်းမျဉ်းတွေအရ အရေးယူတာ ခံရမယ်”
ချီရွယ်နှင့် ချီရှားတို့သည် အပိုစကားများ ထပ်မပြောဝံ့တော့ဘဲ အသက်ပြင်းပြင်းရှူ၍သာ စောင့်နေလိုက်ကြပြီး ကျန်းရီဘေးတွင် ရပ်နေသော အဆိပ်ဝိညာဉ်၏ ခံစားချက်ကင်းမဲ့နေသော မျက်နှာကိုလည်း စူးစမ်းနေလိုက်ကြသည်။ အဆိပ်ဝိညာဉ်အတွက် ကျန်းရီက သူ၏သခင်ဖြစ်သည်။ ကျန်းရီက သူ့အား ကောင်းကင်ဘုရင်ယိုကို သတ်ခိုင်းလျှင်ပင် သူက မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ပေလိမ့်မည်။
ရှပ်...ရှပ်...ရှပ်...
အပြင်ဘက်တွင် ခြေသံများ ထွက်ပေါ်လာ၏။ ယုထျန်းနီက လူများခေါ်၍ ရောက်လာပေပြီ။ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက ကျန်းရီတို့ထံသို့ ရောက်လာ၏။ ပြတ်သားသော ကောင်းကင်စိတ်အာရုံဆယ်ခုကလည်း တုံ့ဆိုင်းမှု၊ ကြောက်ရွံ့မှု မရှိဘဲ အာရုံခံလိုက်ကြသည်။ ရွက်ဖျင်တဲထဲရှိ ဖိအားက ရုတ်တရက် တိုးလာပြီး လေထုကို တည်ငြိမ်သွားစေသည်။
ယိုထျန်းနီတို့၏ အရှိန်အဝါက အလွန်ရှိန်လောက်ပေသည်။ သူတို့ထဲတွင် အနည်းဆုံး ဘွဲ့ထူးရစစ်နတ်ဘုရား ငါးယောက် ပါလာလောက်သည်။ ရွက်ဖျင်တဲအပြင်တွင် ရပ်နေသော အမျိုးသမီးတပ်သားနှစ်ယောက်က သူတို့ကို မတားဝံ့ပေ။ ရွက်ဖျင်တဲက မကြီးရာ သူတို့ ဝင်လာသည်နှင့် ရွက်ဖျင်တဲတစ်ဝက်လောက် ပြည့်သွားသည်။ တဲထဲရှိ ဖိအားကလည်း ပိုတိုးလာသည်။ ချီရွယ်နှင့် ချီရှားတို့က သာမန်စစ်နတ်ဘုရားများသာဖြစ်ရာ ဖိအားကြောင့် အသက်ရှူရန်ပင် ခက်ခဲလာသည်။ ယိုထျန်းနီသည် အလွန်အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ပင်။ သူ၏မျက်လုံးများကပင် သူမတို့နှစ်ယောက်ကို ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားစေပေသည်။
ကျန်းရီသည်လည်း ဖိအားကြောင့် အသက်ရှူရန် ခက်ခဲနေ၏။ သို့သော် သူသည် မျက်နှာပျက်မသွားစေရန် သတိထားနေသည်။ သူသည် ခေါင်းပင်မော့မကြည့်ဘဲ သူ့လက်ထဲမှ စာရွက်စာတမ်းများကိုသာ ဆက်ဖတ်နေလိုက်သည်။ အဆိပ်ဝိညာဉ်မှာလည်း မျက်နှာသေဖြင့် ဆက်ရပ်နေပေသည်။ သူက လက်တွင် သွေးများစွာ စွန်းခဲ့ဖူးသူဖြစ်၍ ထိုအရှိန်အဝါလောက်က သူ့ကို မတုန်လှုပ်စေပါပေ။
ယိုထျန်းနီသည် ဝင်လာသည်နှင့် တဲထဲကို ဝေ့ဝဲကြည့်လိုက်၏။ ထို့နောက် သူသည် ပိုင်စိုးပိုင်နင်းဖြင့် ဘယ်ဘက်ရှိ ပထမဆုံးထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး မိန်းကလေးများ၏ လက်ထက်ပင် ပို၍လှပသော သူ၏လက်ဖြင့် သူ့နဖူးမှ ဆေးမင်ကြောင်ကို ပွတ်ကာ ကျန်းရီကို မျက်စိစွေ၍ ကြည့်လိုက်သည်။
“အရှင်ကြီးကြပ်စစ်သူကြီးက အရမ်းအလုပ်များနေပုံပဲ”
ကျန်းရီ အတန်ငယ် ခေါင်းမော့၍ ယိုထျန်းနီကို အရေးမစိုက်ဟန် ကြည့်လိုက်သည်။ ပြီးမှ သူ လေသံအေးအေးဖြင့် မေးလိုက်၏။
“ခင်ဗျားကို ဘယ်သူက ထိုင်ခွင့်ပေးလို့လဲ”
“...”
အားလုံး မျက်နှာပျက်သွားကြပြီး ဆွံ့အသွားကြသည်။ ယိုထျန်းနီနှင့်အတူ ပါလာခဲ့သူများသည် လမ်းတစ်လျှောက်တွင် ကျန်းရီက သူတို့ရောက်လာသည်နှင့် မည်သို့အမြီးကုပ်သွားလိမ့်ကို တွေးလာခဲ့ကြသည်။ ကျန်းရီ ပထမဆုံးပြောလိုက်သော စကားက ထိုသို့ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ချေ။ ထို့ပြင် ကျန်းရီ၏လေသံက မြင့်မြတ်သည့် စစ်သူကြီးတစ်ယောက် အဆင့်နိမ့် ခြေလျင်တပ်သားလေးတစ်ယောက်ကို ပြောနေသော လေသံကဲ့သို့ပင်။ သူက ယိုထျန်းနီထက် ပိုအဆင့်မြင်သကဲ့သို့ ပြောဆိုပြုမူနေပေသည်။
“ကျွန်တော့်ဘာသာ ထိုင်လိုက်တာပါ”
ယိုထျန်းနီက ဒေါသမထွက်သွားသည့်အပြင် အတန်ငယ်ပင် ပြုံးလိုက်သေးသည်။ သူ ကျန်းရီကို တည်ငြိမ်စွာကြည့်၍ ဆက်ပြောသည်။
“ကျွန်တော် ကိုယ့်ဘာသာ မိတ်ဆက်ဖို့ မေ့သွားတယ်။ ကျွန်တော်က တပ်တွင်းကင်းလှည့်တမန်တော် ယိုထျန်းနီပါ။ ကျွန်တော်တို့ ရာထူးအဆင့်အကြောင်း ပြောမယ်ဆိုရင် ကျွန်တော်က ခင်ဗျားထက် အဆင့်တစ်ဝက် ပိုမြင့်ပါတယ်”
မကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာသူတစ်ယောက်...
ချီရွယ်နှင့် ချီရှားတို့ စိတ်လေးသွားကြသည်။ ယိုထျန်းနီက အလွန်ဉာဏ်ကောင်းပေသည်။ သူသည် ကျန်းရီကို သူ့ဘက်မှစ၍ ရန်မစချေ။ ထိုအစား စကားပရိယာယ်ကြွယ်ကြွယ်ဖြင့်သာ ပြောဆိုနေသည်။ သူ ရောက်လာကတည်းက ကျန်းရီကို သူ့လက်မအောက်တွင် ဖိထားလိုက်ပေပြီ။ သူက ကျန်းရီထက် အဆင့်တစ်ဝက်မြင့်သည်ဟု ပြောလိုက်ခြင်းမှာ ကျန်းရီကို သူ့အား ဦးညွှတ်ရန် သွယ်ဝိုက်ပြောလိုက်ခြင်းပင်။
“ဟားဟားဟား...”
ကျန်းရီ ရယ်လိုက်ပြီး အလယ်ခုံမှ ထရပ်ကာ ပြောလိုက်သည်။
“အရှင်ယိုကိုး... ကျွန်တော့်ရဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်။ အရှင်ယိုက စောစောကတည်းက အဲ့လိုမိတ်ဆက်လိုက်ရောပေါ့။ အဲ့ဒါဆို ကျွန်တော်က အရှင်ယိုကို ကိုယ်တိုင်ထွက်ကြိုမှာပေါ့”
လူများသည် ကျန်းရီကို ခပ်လှောင်လှောင် ကြည့်လိုက်ကြ၏။ ကျန်းရီက မျက်နှာပြောင်းလွယ်ပေသည်။ နောက်ဆုံးတွင် ဤအရိုးက သူကိုက်နိုင်ရန်အတွက် အလွန်ကြီးနေကြောင်း နားလည်သွားပြီလော။ ထို့ကြောင့် အညံ့ခံရန် နှိမ့်နှိမ့်ချချ ပြုမူလာခြင်းလော။
ယိုထျန်းနီက ပြုံးကာ လက်ဝှေ့ယမ်းလိုက်သည်။
“အရှင်ကျန်းက ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော် အရှင်ကျန်းရဲ့နာမည်ကို ကြားဖူးတာ ကြာပါပြီ။ အဲ့ဒါကြောင့်လည်း ဒီနေ့ တကူးတက လာလည်ရတာပဲ”
“အရှင်ယို ချီးကျူးလွန်းနေပါပြီ”
ကျန်းရီသည် လက်ခါပြလိုက်ပြီး တစ်ချိန်တည်းမှာပင် ရွက်ဖျင်တဲထဲရှိ လူများကို ကြည့်လိုက်၏။ ရုတ်ခြည်း သူ၏လေသံက မာကြောသွားသည်။
“အရှင်ယိုက ကျွန်တော့်ဆီ လာလည်တာဆိုရင် ဘာလို့ လူတွေအများကြီး ခေါ်လာရတာပါလဲ။ အရှင်ယို... အရှင်က ကျွန်တော်တို့ မီးဖီးနစ်တပ်နဲ့ မိတ်ဆွေဖွဲ့ဖို့လား၊ ဒါမှမဟုတ် မီးဖီးနစ်တပ်ကို ဖျက်ဆီးပစ်ဖို့လား။ ရာထူးအရဆို အရှင်ယိုက ကျွန်တော့်ထက် အဆင့်ပိုမြင့်ပေမဲ့ ဒါက ကျွန်တော်တို့ မီးဖီးနစ်တပ်ရဲ့ စစ်သူကြီးရွက်ဖျက်တဲပါ။ အရှင်က ကျွန်တော့်ကို မတင်ပြဘဲ တဲထဲကို ကိုယ့်သဘောနဲ့ကိုယ် ဝင်လာခဲ့တယ်။ အဲ့ဒါက စစ်စည်းမျဉ်းကို ဆန့်ကျင်တာပဲ မဟုတ်လား။ ဒါမှမဟုတ်... အရှင်က ကျွန်တော်တို့ရဲ့ စစ်သူကြီးကို လုပ်ကြံချင်နေတာလား”
‘သူက မျက်နှာပြောင်းသွားပြန်ပြီလား’
လူများ၏ ခပ်လှောင်လှောင်မျက်နှာထားများ ထပ်မံပြောင်းသွားရသည်။ ယိုထျန်းနီသည်သာ မျက်နှာမပျက် ဆက်ရှိနေပေသည်။ သူ အပြုံးမပျက် ထပ်ပြောလိုက်၏။
“အရှင်ကျန်း... ခင်ဗျား စစ်တပ်စည်းမျဉ်းတွေကို ကျွန်တော့်ကို ပြောနေစရာမလိုပါဘူး။ ကျွန်တော်က မိစ္ဆာချေဖျက်စစ်တပ်ရဲ့ စည်းမျဉ်းတွေကို ခင်ဗျားထက် ပိုသိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့။ မီးဖီးနစ်တပ်ထဲမှာ တပ်တွင်းကင်းလှည့်တမန်တော် မရှိဘူးမလား။ ကျွန်တော်က ဒီတပ်ထဲကို ပြောင်းလာချင်နေတာ။ ကျွန်တော့်ကို အဖြေပေးပါ။ ခင်ဗျား ကျွန်တော့်ကို လက်ခံမှာလား”
ကျန်းရီ ထပ်ပြုံးလိုက်၏။ သူက အမှန်ပင် မျက်နှာအမျိုးမျိုး ပြောင်းတတ်သူပင်။ သို့သော် သူ ပြောလိုက်သောစကားက အားလုံးကို တုန်လှုပ်သွားစေပေသည်။
“ကျွန်တော် လက်ခံရင် ဘာဖြစ်မှာလဲ။ လက်မခံဘူးဆိုရင်ရော ဘာဖြစ်မှာလဲ”
ယိုထျန်းနီ ထရပ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“ခင်ဗျား လက်ခံရင် ကျွန်တော်နဲ့ ခင်ဗျားကြားမှာ အဆင်ပြေလိမ့်မယ်။ တခြားသူတွေကလည်း ခင်ဗျားကို ပြဿနာရှာတော့မှာ မဟုတ်ဘူး။ လက်မခံရင်တော့ ခင်ဗျားနဲ့ ကျွန်တော် အဆင်ပြေမှာ မဟုတ်သလို တခြားသူတွေကလည်း ခင်ဗျားကို ပြဿနာရှာလိမ့်မယ်”
“ဪ...”
ကျန်းရီသည် အလယ်ခုံတွင် ပြန်ထိုင်လိုက်ပြီး သူ၏စာရွက်စာတမ်းများကို ပြန်ကြည့်လိုက်၏။ ခဏနေမှ သူ ခေါင်းမော့၍ ပြောလိုက်သည်။
“ဧည့်သည်တွေကို ပြန်ပို့လိုက်တော့”
အားလုံး၏ မျက်နှာထားများ ထပ်မံပြောင်းလဲသွားကြသည်။ ကျန်းရီက ယိုထျန်းနီကိုပင် အရေးမစိုက်ဘဲ ထိပ်တိုက်တွေ့ရန် ပြင်ဆင်ထားသည်လော။
ယိုထျန်းနီက အလွန်စိတ်ထိန်းနိုင်သူတစ်ယောက်ဟုတော့ အသိအမှတ်ပြုရပေမည်။ ယခုအထိ သူ၏ မျက်နှာထားက တစ်ချက်မှ ပြောင်းလဲမသွားသေးချေ။ သူ လက်ဖြင့် ဆေးမင်ကြောင်ကို ထပ်ပွတ်လိုက်ပြီး ကျန်းရီကို မြွေမျက်လုံးကဲ့သို့ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများဖြင့် စိုက်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“အရှင်ကျန်းက စွမ်းရည်ပြိုင်ပွဲမှာ ပထမရခဲ့တယ်လို့ ကျွန်တော် ကြားပါတယ်။ ပြီးတော့ စစ်နတ်ဘုရားဘွဲ့လည်း ချီးမြှင့်ခံရတယ်တဲ့။ ကျွန်တော်တို့ တစ်ကွက်၊ နှစ်ကွက်လောက် လက်ရည်ဖလှယ်ကျရင် မကောင်းဘူးလား။ ကျွန်တော်တို့ အခုပဲ လက်ရည်စမ်းလို့ရပါတယ်။ ခင်ဗျား ကျွန်တော့်ရဲ့ တိုက်ကွက်တစ်ကွက်ကို ခံနိုင်ရင် နောက်ကျ ကျွန်တော် ခင်ဗျားကိုတွေ့တိုင်း အနောက်ကို မီတာသုံးရာ ဆုတ်သွားပါမယ်။ ခင်ဗျား မခံနိုင်ရင်လည်း အဲ့လိုပဲလုပ်ပေါ့။ ဘယ်လိုလဲ”
လာပေပြီ။
ချီရွယ်နှင့် ချီရှားတို့ ရင်တုန်သွားကြ၏။ ယခုတွင် ယိုထျန်းနီက လုံးဝဒေါသထွက်သွားပြီဖြစ်ပြီး လက်ရည်စမ်းဖို့ ပေါ်တင်စိန်ခေါ်လိုက်ပြီဖြစ်သည်။ ထို့ပြင် တစ်ကွက်တည်းနှင့် အနိုင်အရှုံး ဆုံးဖြတ်ရန်ပင် ပြောလိုက်သေးသည်။ သူက ကျန်းရီကို အရှက်ခွဲရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိသာပေသည်။ ကျန်းရီ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဂုဏ်သိက္ခာ ထိခိုက်သွားမည်ဖြစ်သည်။ သူ စိန်ခေါ်မှုကို လက်မခံလျှင်လည်း လူများ၏ လှောင်ပြောင်မှုကို ခံရပေမည်။ မီးဖီးနစ်တပ်ထဲတွင် သူ လေးစားခံရတော့မည် မဟုတ်ချေ။
ကျန်းရီက ကြီးကြပ်စစ်သူကြီးဖြစ်၍ မီးဖီးနစ်တပ်ထဲတွင် ဒုတိယအာဏာအရှိဆုံးသူဖြစ်သည်။ အကယ်၍ တပ်သားများကသာ သူ့ကို မလေးစားလျှင် သူ၏အမိန့်များကို နာခံပါမည်လော။ သို့ဆိုလျှင် ထိုရာထူးက မည်သည့်အဓိပ္ပာယ်ရှိပါသေးသနည်း။
“လက်ရည်စမ်းမှာလား”
ကျန်းရီ ခေါင်းမော့၍ ယိုထျန်းရီကို ခပ်လှောင်လှောင်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
“ကျွန်တော့်မှာ လုပ်စရာအလုပ်တွေ အများကြီးရှိနေတယ်။ ကျွန်တော့်မှာ ခင်ဗျားနဲ့ ကလေးကစားသလို ကစားနေဖို့ အချိန်မရှိဘူး။ ခင်ဗျား အရမ်းမှကစားချင်နေရင်တော့ ကျွန်တော့်ရဲ့ ဝိညာဉ်ကျွန်နဲ့ ကစားလိုက်လေ။ ခင်ဗျား သူ့ရဲ့ တိုက်ကွက်သုံးကွက်ကို ခံနိုင်ရန် ခင်ဗျားနိုင်တယ်။ နောက်ကျ ကျွန်တော်တို့ တွေ့မယ်ဆိုရင် ကျွန်တော် ခင်ဗျားကို ဒူးထောက်ပြီး အရိုအသေပေးမယ်”
“ဝိုး...”
အားလုံး အံ့အားသင့်သွားကြသည်။ ယိုထျန်းနီက ဘွဲ့ထူးရစစ်နတ်ဘုရား တစ်ယောက်ပင်။ ကျန်းရီက သူနှင့် ယှဉ်ပြိုင်ရန် ဝိညာဉ်ကျွန်တစ်ယောက်ကို ရှေ့ထုတ်နေသည်လော။ ထို့ပြင် သုံးကွက်တည်းနှင့် အနိုင်အရှုံး ဆုံးဖြတ်ရန်ပင် သတ်မှတ်လိုက်သေးသည်လော။ လောင်းကြေးကလည်း ကြီးသည်။ ရှုံးသူက နောက်တွင် အနိုင်ရသူနှင့်တွေ့တိုင်း ဒူးထောက်ကာ အရိုအသေပေးရမည်ဖြစ်သည်။
ကျန်းရီ၏ တန်ပြန်ရွှေ့ကွက်က ခက်ထန်ပေသည်။ ယိုထျန်းနီသာ ထိုစိန်ခေါ်မှုကို လက်မခံလျှင် ဂုဏ်သိက္ခာကျရပေလိမ့်မည်။ ကျန်းရီ၏ ဝိညာဉ်ကျွန်ကလည်း ကျန်းရီကို ကိုယ်စားပြုသည် မဟုတ်လော။ သူက ဝိညာဉ်ကျွန်တစ်ယောက်ထံမှ တိုက်ကွက်သုံးကွက်ကိုပင် မခံနိုင်လျှင် မည်သို့ သခင်နှင့် ယှဉ်နိုင်မည်နည်း။
ယိုထျန်းနီ အဆိပ်ဝိညာဉ်ကို ခြေဆုံးခေါင်းဆုံးကြည့်၍ ရယ်လိုက်၏။
“ကောင်းပြီလေ... တစ်ယောက်ယောက် တိုက်ပွဲအတွက် ပြင်ဆင်လိုက်”
အဆိပ်ဝိညာဉ် ပြုံးလိုက်ပေသည်။