အပိုင်း ၅၇၃
Vol. 42 Ch. 573
ဖုတ်အလောင်းကောင် ဘုရင်
" ငါတို့ သည်နေရာကနေ အတင်း တိုးထွက်မှ ရမယ် ။ မဟုတ်ရင် ဖုတ်အလောင်းကောင်တွေက ပိုပြီး များလာတော့မှာ "
ချူးဝူက မျက်စိပျက် ၊ မျက်နှာပျက်နဲ့ ပြောလာခဲ့ပါတယ် ။
လင်းရှုကလည်း ချူးဝူပြောတာကို မငြင်းပါဘူး။
" ချူးဝူပြောတာ မှန်တယ် ။ လူတွေအားလုံး အစွမ်းကုန် တိုက်ကြတော့ ။ ဘယ်သူမှ အစွမ်းကို လျှိုမထားနဲ့တော့ ။ မဟုတ်ရင် ငါတို့အားလုံး သည်နေရာမှာပဲ ကိစ္စ ပြတ်သွားလိမ့်မယ် "
" ချူးဝူ …… မင်းက မြားဦးခေါင်းနေရာမှာ နေပြီး ဦးဆောင် ။ ကျန်တဲ့သူတွေက ချူးဝူနောက်က ကပ်ပြီး လိုက်ကြ "
တကယ်လို့သာ သူတို့အနေနဲ့ အခုအချိန်မှာ အတင်းကာရော တိုးထွက်မယ်ဆိုရင် အသက်ရှင်ဖို့ အလားအလာဟာ အများကြီး ရှိပါသေးတယ် ။ အဲသည်လိုမှ မဟုတ်ရင်တော့ သူတို့ဟာ သေဖို့ကလွဲပြီး တခြားဖြစ်စရာ အကြောင်း မရှိပါဘူး ။
" သွားကြစို့ "
အသက်ကို တစ်ဝကြီး ရှူလိုက်ပြီးတဲ့ နောက်မှာတော့ ချူးဝူဟာ ဖုတ်အလောင်းကောင်အုပ်ကြီးဆီကို မြားတစ်စင်းအလား တိုးထွက်သွားခဲ့ပါပြီ ။
ရွှမ်း……
သူ့လက်ထဲက ဓားမော့ကလည်း အရောင် တစ်ချက် တောက်ပသွားပြီး ဖုတ်အလောင်းကို တချို့ကို ခေါင်းနဲ့ကိုယ် အိုးစား ကွဲသွားစေခဲ့ပါတယ် ။ ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားတဲ့ ဖုတ်အလောင်းကောင် အရေအတွက်ကတော့ အနည်းဆုံး လေးကောင်နဲ့ အထက်ပါပဲ ။
ဟူး……ဟူး………
ရှန်းတုံ နဲ့ လီဖူချန်းတို့ကလည်း ချူးဝူရဲ့ အနောက်ကနေ ထက်ကြပ်မခွာ လိုက်သွားကြပါတယ် ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ရှန်းတုံဟာလည်း ကောင်းကင်အဆင့် တုတ်သိုင်းကို လေ့ကျင့်ထားသူပါပဲ ။ ဒါပေမဲ့ သူဟာ အဲသည် တုတ်သိုင်းကို ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်သေးပ့ဘူး ။ သူက တတ်သိနားလည်ခြင်း အဆင့်ကိုတောင် မရောက်သေးဘူးလို့ ဆိုရပါမယ် ။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ။ ကောင်းကင်အဆင့် သိုင်းပညာရပ်တစ်ခု ဆိုတာက ဟာသ မဟုတ်ပါဘူး ။ ရှန်းတုံရဲ့ တုတ်သိုင်းက ပြီးပြည့်စုံခြင်း အဆင့်မှာသာ ရှိနေသေးတယ် ဆိုပေမယ့် မြေကမ္ဘာ အထွတ်အထိပ်အဆင့် တုတ်သိုင်းထက်တော့ အများကြီး ပိုအစွမ်း ထက်ပါသေးတယ် ။
ဘန်း…… ဘန်း……
ရှန်းတုံရဲ့ အားကုန်သုံးပြီး ရိုက်လိုက်တဲ့ တုတ်ချက် နှစ်ချက်ဟာ အဆင့်နိမ့် ဖုတ်အလောင်းကောင် နှစ်ကောင်ရဲ့ ခေါင်းကို စိစိညက်ညက် ကြေသွားစေခဲ့ပါပြီ ။
ရွှပ်……
လီဖူချန်းကတော့ အခုထက်ထိ သူ့ရဲ့ ကြေးဝါဓား အဆီအနှစ်ကို ထုတ်မသုံးသေးပါဘူး ။ သူက အညှာအတာမဲ့ မျှောလွင့်မီးလျှံ ဓားကွက်နဲ့ပဲ အဆင့်နိမ့် ဖုတ်ကောင်တွေရဲ့ ခန္ဓာကိုယ်ကို တိတိရိရိ နှစ်ပိုင်း ပိုင်းဖြတ်ပစ်လိုက်ပါတယ် ။
လီဖူချန်းရဲ့ အညှာအတာမဲ့ မျှောလွင့်မီးလျှံရဲ့ ရှေ့မှောက်မှာတော့ အဆင့်နိမ့် ဖုတ်အလောင်းကောင်တွေဟာ ပုရွက်ဆိတ်ကလေးတွေလိုပါပဲ ။ သူတို့တွေဟာ သိုးကလေးတွေလို လည်စင်းခံရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိပါဘူး ။
ဒါပေမဲ့ လင်းရှုရဲ့ တိုက်ခိုက်မှုနဲ့ ယှဉ်ရင်တော့ ရှန်းတုံ နဲ့ လီဖူချန်းရဲ့ တိုက်ခိုက်မှုဟာ အတော်လေး အားနည်းနေသေးတယ်လို့ ဆိုရပါမယ် ။
ရွှီး……ရွှီး……ရွှီး…… ရွှီး……
လင်းရှုဟာ လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံနဲ့ ငွေရောင် အလင်းတန်းတွေကို အဆက်မပြတ် ပစ်လွှတ်နိုင်ပါတယ် ။
ငွေရောင် အလင်းတန်းတွေကို ထိမှန်သွားတဲ့ ဖုတ်အလောင်းကောင်တွေကတော့ လုံးဝ ပြန်မထလာတော့ပါဘူး ။ ကြည့်ရတာတော့ အဲသည် ငွေရောင် အလင်းတန်းတွေက ဖုတ်အလောင်းကောင်တွေရဲ့ ကျောရိုးမကြီးကို ကြေမွ သွားစေပုံပါပဲ ။
သည်တိုက်ခိုက်မှုကိုတော့ ချူးဝူတောင် ယှဉ်လို့ မရပါဘူး ။ ပြင်းထန်မှု အပိုင်းမှာဆိုရင်လည်း ချူးဝူကတောင် အနည်းငယ် နိမ့်ကျနေပါသေးတယ် ။
လီဖူချန်းကတော့ အဲသည် ငွေရောင်အလင်းတန်းတွေဟာ လင်းရှုရဲ့ ကိုယ်ပိုင်အစွမ်းကနေ ဖြစ်တည်လာတာ မဟုတ်ဘူး ဆိုတာကို ကောင်းကောင်းကြီး သိနေပါတယ် ။ သူထင်တာသာ မမှားဘူး ဆိုရင်တော့ အဲဒါက မြေကမ္ဘာ အထွတ်အထိပ်အဆင့် မှော်ဝင်ရတနာ ပစ္စည်း ဒါမှမဟုတ် အကြို ကောင်းကင်အဆင့် မှော်ဝင်ရတနာပစ္စည်း တစ်ခုရဲ့ အစွမ်းပါပဲ ။
သည်အရိပ်အသူရာ ချောက်နက်ထဲမှာတော့ အဝင်ဝမှာလို အဝေးကနေ တိုက်ခိုက်တာကို လုံးလုံး တားဆီးပိတ်ပင်ထားခြင်း မရှိပါဘူး ။ ဒါပေမဲ့လည်း အဝေးကနေ တိုက်ခိုက်ဖို့ ဆိုတာဟာ အလွန်အမင်း ခဲယဉ်းလွန်းလှပါတယ် ။
အဝေးကနေ တိုက်ခိုက်ဖို့ဆိုရင် အဲသည်သူဟာ အင်မတန် အားကောင်းတဲ့ သိုင်းဆန္ဒကို လိုအပ်မှာဖြစ်ပြီး အဲသည် သိုင်းဆန္ဒဟာ ဖောက်လွဲဖောက်ပြန် ဖြစ်နေတဲ့ အရိပ်အသူရာချောက်ရဲ့ ဥပဒေသတွေထက်ကို ပိုပြီး အားကောင်းနေရပါမယ် ။
ဒါတောင်မှ အဲသည် အဝေးကနေ တိုက်ခိုက်တဲ့ အကွာအဝေးဟာ အကန့်အသတ် ရှိနေဦးမှာ ဖြစ်ပါတယ် ။
တခြားတစ်ဖက်မှာတော့ မှော်ဝင်ပစ္စည်းတွေဟာ အားကောင်းလွန်းလှတဲ့ ဥပဒေသတွေ ခိုဝင်ကိန်းအောင်းနေတဲ့အတွက် အရိပ်အသူရာချောက်ထဲက ကစဉ့်ကလျား ဥပဒေသတွေကို ဂရုစိုက်စရာ မလိုပါဘူး ။
တစ်ခါတုန်းကဆိုရင် ချီအတွင်းအားတွေ ပိတ်ပင်ထားတဲ့ မြေအောက် မှောင်ခိုဈေးထဲမှာတောင်မှ တစ်ဖက်လူဟာ မှော်ဝင်ရတနာ ပစ္စည်းတစ်ခုကို သုံးပြီး အဝေးကနေ တိုက်ခိုက်တာကို လီဖူချန်း ကြုံခဲ့ရဖူးပါတယ် ။
ချီယူ နဲ့ လန်ရှီးတို့ကတော့ ကောင်းကင်အဆင့် သိုင်းပညာတွေကို မလေ့ကျင့်ရသေးပါဘူး ။အဲသည်အတွက် သူတို့က သူတို့ရဲ့ သာလွန်ထူးကဲ အစွမ်းတွေကိုတောင် ထုတ်ထားခဲ့ကြရပါပြီ ။
ချီယုရဲ့ သာလွန်ထူးကဲ အစွမ်းကတော့ မီးလျှံစွမ်းအား ဖြစ်ပြီး လန်ရှီးရဲ့ သာလွန်ထူးကဲ အစွမ်းကတော့ ရေခဲစွမ်းအားပါပဲ ။
တိုက်ဆိုင်တာလား ၊ ဘာလားတော့ မသိပါဘူး ။ သူတို့နှစ်ယောက်ထဲက တစ်ယောက်ဟာ မီးလျှံနှလုံးသားကို ပိုင်ဆိုင်ထားပြီး နောက်တစ်ယောက်က ရေခဲနှလုံးသားကို ပိုင်ဆိုင်ထားတဲ့အတွက် သူတို့နှစ်ယောက်ရဲ့ နတ်ဘုရား စွမ်းရည်တွေကလည်း အမျိုးအစား တူနေတယ်လို့ ဆိုရပါမယ် ။
ဒါပေမဲ့ သည်လိုအမျိုးအစား နတ်ဘုရား စွမ်းရည်တွေဟာ အသုံးပြုသူရဲ့ ပျမ်းမျှစွမ်းရည်ကိုပဲ တိုးတက်စေတာပါ ။ အဲဒါက အမှောင်ထု ကောင်းကင်ပေါင်းမိုးလို တိုက်ခိုက်နိုင်စွမ်းကို ဝုန်းခနဲ တိုးတက်သွားစေတာ မဟုတ်ပါဘူး ။
" ယင်ယန် ရေခဲမီးတောက် ပူးပေါင်းဓားကွက် "
ချီယု နဲ့ လန်ရှီးတို့ကလည်း သူတို့ရဲ့ အားနည်းချက်ကို သူတို့ ကောင်းကောင်းကြီး သိထားပြီးသားပါပဲ ။ သူတို့က သာလွန်ထူးကဲ စွမ်းအားတွေကို ထုတ်ပြီးတာနဲ့ တစ်ပြိုင်နက် တန်းပြီး စုံတွဲ ဓားသိုင်း တစ်ခုကို ထုတ်ဖော်လိုက်ကြပါတယ် ။
ရှဲ……ရှဲ……ရှဲ……
ဟူး……ဟူး……ဟူး……
သူတို့နှစ်ယောက်ရဲ့ စုံတွဲဓားသိုင်းကနေပြီး မီးလျှံတမျှ ပူပြင်းနေတဲ့ ဓားအလင်းတန်း တစ်ခုနဲ့ ရေခဲတမျှ အေးစက်နေတဲ့ ဓားအလင်းတန်း တစ်ခုဟာ အချိုးကျကျ ပေါင်းစပ်ပြီး ထွက်ပေါ်လာခဲ့ပါပြီ ။ တစ်ဆက်တည်းမှာပဲ အဲသည် ဓားအလင်းတန်းတွေဟာ ဓားပိုက်ကွန်ကြီး တစ်ခုသဖွယ် ပြောင်းလဲသွားပြီး ဖုတ်အလောင်းတွေဆီကို တိုးဝင်သွားပါတော့တယ် ။
ရွှမ်း……ရွှမ်း……ရွှမ်း……ရွှမ်း……
သူတို့နှစ်ယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုဟာ တကယ်ကို ကြောက်စရာပါပဲ ။ အဲသည် တိုက်ခိုက်မှုက ရှန်းတုံ နဲ့ လီဖူချန်းတို့ရဲ့ တိုက်ခိုက်မှုထက်ကိုတောင်မှ ပိုကြီး ကြောက်စရာ ကောင်းနေပါသေးတယ် ။
" သည်နှစ်ယောက်ရဲ့ အစွမ်းကလည်း မဆိုးပါလား ။ ငါ သူတို့ကို အထင်သေးမိ သွားတာပဲ "
ရှန်းတုံက နှုတ်ခမ်းတွန့်ရုံမျှ ပြုံးပြီး ချီယု နဲ့ လန်ရှီးရဲ့ စုံတွဲဓားကွက်ကို အသိအမှတ် ပြုလိုက်ပါတယ် ။
ရွှမ်း……ရွှမ်း……ရွှမ်း……
ဘန်း……ဘန်း……
ရွှစ်……ရွှစ်……ရွှစ်……ရွှစ်……
" တိုက်ထားကြဟေ့ ။ လုံးဝ အချိန် မဆွဲကြနဲ့ "
သည်လိုနဲ့ပဲ သူုတို့ခြောက်ယောက်ဟာ ဂူထဲကနေ တစ်ရှိန်ထိုး တိုးထွက်ပြီး ဖုတ်အလောင်း အုပ်ကြီးရဲ့ အလယ်နားအထိ ရောက်ရှိ သွားခဲ့ကြပါပြီ ။
ဒါပေမဲ့လည်း အဲသည်ကို အရောက်မှာတော့ သူတို့ရဲ့ ဖောက်ထွက်နှုန်းဟာ အစကလောက် မမြန်တော့ပါဘူး ။
ဘာဖြစ်လို့လဲ ဆိုတော့ သည်နေရာမှာ ရှိနေတဲ့ ဖုတ်အလောင်းကောင်တွေက အတော်လေး များနေတဲ့အပြင် အဲသည်အထဲမှာ အလယ်အလတ်အဆင့် ဖုတ်ကောင်တွေ နဲ့ အဆင့်မြင့် ဖုတ်ကောင်တွေပါ ပါဝင်လာလို့ပါပဲ ။
အဲသည်အတွက် ချူးဝူကိုယ်တိုင်တောင်မှ ခက်ခဲတဲ့ အခြေအနေ တစ်ရပ်နဲ့ ရင်ဆိုင်လာခဲ့ရပါပြီ ။
ထန်……
ချူးဝူရဲ့ ဓားမော့ဟာ ပထမဆုံးအကြိမ် ရပ်တန့်ခံလိုက်ရပြီး သူ့ရဲ့ ဓားမော့ကို ရပ်တန့်လိုက်သူကတော့ အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင် တစ်ကောင်ပါပဲ ။
အဆင့်မြင့် ဖုတ်အလောင်းကောင် တစ်ကောင်ဟာ မဟာဆရာသခင် တစ်ပါးရဲ့ အစွမ်းမျိုးနဲ့ ညီမျှပြီး အထွတ်အထိပ် အဆင့် ဖုတ်ကောင်တစ်ကောင်ဟာ အုပ်စိုးသူ ဆရာသခင် တစ်ပါးရဲ့ အစွမ်းမျိုးနဲ့ ညီမျှတယ် ။
အဲသည်သတ်မှတ်ချက်အရ ဆိုရင်တော့ သည်ဖုတ်ကောင်ကို ကြယ်၂ပွင့် ဗိုလ်ချုပ်တစ်ပါးလို့ သတ်မှတ်နေနိုင်ပါပြီ ။
ဖုတ်ကောင်တွေရဲ့ သဘာဝ ခန္ဓာကိုယ် မာကျောမှုကိုပါ ပေါင်းထည့်လိုက်တဲ့ အခါမှာတော့ ချူးဝူလို မြောက်ပိုင်းရဲ့ ထိပ်တန်းဗိုလ်ချုပ် ငါးပါးထဲက သူတောင်မှ သည်ဖုတ်ကောင်ကို အလွယ်တကူ မသတ်ဖြတ်နိုင်တော့ပါဘူး ။
" ချူးဝူ …… ဘေးဖယ်လိုက် "
" သေစမ်း "
အဲသည်အချိန်မှာပဲ လင်းရှုက အားရပါးရ ကြုံးဝါးလိုက်ပြီး အထွတ်အထိပ်အဆင့် ဖုတ်ကောင်ကို လက်တစ်ဖက် ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်ပါတယ် ။
ဟူး……
ချူးဝူက ထုံအနေတဲ့ လူတစ်ယောက် မဟုတ်ပါဘူး ။ သူက လင်းရှုရဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းကြီး သဘောပေါက်ပါတယ် ။အဲသည်အတွက် လင်းရှုရဲ့ အော်သံ ဆုံးတာနဲ့ တစ်ပြိုင်နက် သူဟာ အနောက် တော်တော်ဝေးဝေးကို ခုန်ဆုတ်ပြီးသွားခဲ့ပါပြီ ။
ရွှီး……
ဘန်း……
လင်းရှုရဲ့ အကျီ ၤလက်ထဲကနေ ထွက်ပေါ်လာတဲ့ ငွေရောင်ဆူးချွန် တစ်ခုဟာ အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင်ရဲ့ ရင်ဘတ်ကို ဖောက်ထွင်းသွားရုံမက အဲသည် ဖုတ်အလောင်းကိုပါ လွင့်ထွက်သွားစေခဲ့ပါတယ် ။
အကြိုကောင်းကင်အဆင့် မှော်ဝင်ရတနာ ပစ္စည်း ။
လုံးဝ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး ။ အဲဒါက သေချာပေါက် အကြိုကောင်းကင်အဆင့် မှော်ဝင်ရတနာ ပစ္စည်းရဲ့ အစွမ်းပါပဲ ။ ဦးနှောက် မပါလာတဲ့ သူတွေတောင်မှ လင်းရှုဟာ အကြိုကောင်းကင်အဆင့် မှော်ဝင်ရတနာ ပစ္စည်းကို အသုံးပြုသွားတယ် ဆိုတာကို သိနိုင်ပါတယ် ။
အကြိုကောင်းကင်အဆင့် မှော်ဝင်ရတနာ ပစ္စည်းတွေမှာက အလွန်အားကောင်းတဲ့ စွမ်းအားတွေ ခိုဝင်ကိန်းအောင်းနေလေ့ ရှိတဲ့အတွက် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေ အသုံးပြုရင်တောင်မှ ကြယ်၃ပွင့် ဗိုလ်ချုပ်တွေနဲ့ ယှဉ်လို့ရတဲ့ အစွမ်းတွေကို ထုတ်ပေးနိုင်ပါတယ် ။
ဒါပေမဲ့လည်း အဲဒါက လင်းရှုဟာ ကြယ်၃ပွင့် ဗိုလ်ချုပ်တွေနဲ့ လက်ရည်တူ ရေကုန်ရေခမ်း တိုက်ခိုက်နိုင်တယ်ဆိုတဲ့ အဓိပါ္ပယ် မဟုတ်ပါဘူး ။
အကြိုကောင်းကင်အဆင့် မှော်ဝင်ရတနာ ပစ္စည်းတွေရဲ့ အစွမ်း ဆိုတာက ပြင်ပကနေ အငှား ရယူထားတဲ့ ယာယီ စွမ်းအားတွေ ဖြစ်တဲ့အတွက် ကိုယ်ပိုင် စွမ်းအားတွေလို စိတ်တိုင်းကျ ထုတ်သုံးလို့ မရပါဘူး ။ အဲသည်အတွက် လင်းရှုဟာ ကြယ်သုံးပွင့် အဆင့် ဗိုလ်ချုပ်တွေနဲ့ တိုက်ခိုက်မယ် ဆိုရင် သေချာပေါက် ရှုံးမှာပါပဲ ။
အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင်တွေက ကြယ်၂ပွင့် အဆင့် ဗိုလ်ချုပ်တွေရဲ့ အစွမ်းမျိုး ရှိတာ မှန်ပါတယ် ။ ဒါပေမဲ့ အဲဒါက သူတို့ရဲ့ တိုက်ခိုက်မှုနှုန်း ပြင်းအားကိုသာ ဆိုလိုတာပါ ။ သူတို့ရဲ့ တုံ့ပြန်မှုနှုန်းကတော့ ကြယ်၂ပွင့်အဆင့် ဗိုလ်ချုပ်တွေကို မီစရာ အကြောင်း မရှိပါဘူး ။
ဂါး……ဂရား……
သည်ဖုတ်အလောင်းကောင် အုပ်စုကြီးထဲမှာက အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင် တစ်ကောင်တည်း ရှိနေတာ မဟုတ်ပါဘူး ။ လင်းရှုးတစ်ယောက် အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင်ကို သတ်ပြီး သိပ်မကြာခင်မှာပဲ နောက်ထပ် အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင် နှစ်ကောင် ပေါ်လာပြီး လင်းရှုကို တိုက်ခိုက်လာကြပါတယ် ။
" ဘယ်ဘက်ကကောင်ကို ငါတာဝန်လိုက်မယ် "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် ချူးဝူက ဘယ်ဘက်ကို ခုန်ထွက်သွားခဲ့ပါပြီ ။ သည်အချိန်က သူ့ရဲ့ အစွမ်းအစ အစစ်အမှန်ကို ထုတ်ပြရတော့မယ့် အချိန်ပါပဲ ။
ကြယ်၇ပွင့် လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းလိုက်တဲ့ အခါမှာတော့ ချူးဝူရဲ့ ချီအရှိန်အဝါဟာ ရုတ်ချည်း တိုးတက်လာခဲ့ပြီး သူ့ရဲ့ ဓားမော့ကို ဝှေ့ယမ်းလိုက်တဲ့ အချိန်မှာ ဆိုရင်လည်း ခရမ်းဖျော့ရောင် ဓားမော့ အလင်းတန်းတွေက အရှိန်အဟုန် ကောင်းကောင်းနဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကို လင်းထင်းသွားစေပါတယ် ။
ဘန်း……
ချူးဝူရဲ့ ဓားမော့ခုတ်ချက်ဟာ အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကာင်ကိုသာမက သူ့အနောက်မှာရှိတဲ့ ဖုတ်အလောင်းကောင် တစ်ချို့ကိုပါ နှစ်ပိုင်း ပြတ်သွားစေခဲ့ပါပြီ ။
ရွှီး……
တခြားတစ်ဖက်မှာတော့ လင်းရှုကလည်း သူ့တာဝန် သူကျေပြီးသားပါပဲ ။ သူ့ဘက်မှာရှိတဲ့ အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင်ဟာ ငွေရောင် ဆူးချွန်ကြောင့် ခန္ဓာကိုယ် ပျက်စီးနှင့်နေခဲ့ပါပြီ ။
ဒါပေမဲ့လည်း လင်းရှုအနေနဲ့ စိတ်မအေးနိုင်သေးပါဘူး ။ သူက စိတ်လှုပ်ရှားစွာနဲ့ အားလုံးကို ဆော်သြလိုက်ပါတယ် ။
" အမြန် ထိုးဖောက်ကြ "
ကောင်းကင်အကြိုအဆင့် မှော်ဝင်ရတနာ ပစ္စည်းတွေကို အသုံးပြုဖို့ဆိုရင် ချီအတွင်းအား အများအပြားကို အသုံးပြုရပါတယ် ။ လင်းရှုအတွက်ကတော့ သာမန် ငွေရောင်အလင်းတန်းတွေ ပစ်ဖို့ဆိုတာက ဘာမှ မခဲယဉ်းပါဘူး ။ ဒါပေမဲ့ သူ့အနေနဲ့ ငွေရောင်ဆူးချွန်တွေကို ပစ်လွှတ်မယ် ဆိုရင်တော့ ချီအတွင်းအား ပမာဏက စကားပြောလာခဲ့ပါပြီ ။ သူက တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၉ ဖြစ်နေရင်တောင်မှပဲ သူ့အနေနဲ့ သည်ငွေရောင်ဆူးချွန်တွေကို အကြိမ်ရေ အနည်းငယ်ထက် ပိုပြီး မပစ်လွှတ်နိုင်ပါဘူး ။
အဲသည်နောက်မှာတော့ သူတို့ခြောက်ယောက်ဟာ မြားဦးပုံသဏ္ဌာန် ဖွဲ့ပြီး ဖုတ်အလောင်းကောင် အုပ်ထဲကနေ အတင်း တိုးထွက်ကြပါတော့တယ် ။ ချူးဝူက မြားဦးထိပ်မှာ နေရာယူ ။ လီဖူချန်း နဲ့ ရှန်းတုံက ချူးဝူရဲ့နောက် ဘယ် ၊ ညာမှာ နေရာယူပြီးတော့ပေါ့ ။ ချူးဝူကတော့ ဖုတ်အလောင်းကောင်တွေကို အများဆုံး ထိပ်တိုက်ရင်ဆိုင်သူပဲ ဖြစ်ပါတယ် ။
" သတိထား "
အထက်ပါ စကားကို ဆိုလိုက်သူကတော့ လီဖူချန်းပါပဲ ။
လီဖူချန်းက ဘယ်အချိန်ကတည်းကနေ ဘယ်လိုထုတ်ပြီး လေမိုးကြိုး တောင်ပံတွေကို ဝတ်ဆင်ထားတယ် မသိပါဘူး ။ သူက သတိပေးပြီးတာနဲ့ တစ်ပြိုင်နက် လေမိုးကြိုး တောင်ပံတွေ ခတ်လိုက်ပြီး ကောင်းကင်ပေါ်ကို တစ်ရှိန်ထိုး ထိုးတက်သွားပါတော့တယ် ။
အဲသည်နောက်မှာတော့ အရိပ်မဲကြီး တစ်ခုဟာ လင်းရှုတို့ဆီကို ထိုးဆင်းလာခဲ့ပါပြီ ။
ရွှမ်း……ရွှမ်း……ရွှမ်း……
ချူးဝူက ဓားမော့ကို ပြောင်းပြန်ကိုင်လိုက်ပြီး တရစမ် ဝှေ့ယမ်းကာ အနောက်ကို ဆုတ်လိုက်ပါတယ် ။ သူ့ရဲ့ ရင်ဘတ်ပေါ်မှာတော့ သွေးစွန်းနေတဲ့ ဒဏ်ရာ တစ်ခုက အထင်းသားပါပဲ ။
ရှန်းတုံရဲ့ ရင်ဘတ်ကတော့ အမြှောက်သံလုံးစာ မိထားသလို ချိုင့်ဝင်နေခဲ့ပါပြီ ။
လင်းရှုရဲ့ ခန္ဓာကိုယ်ကနေပြီး မရေမတွက်နိုင်တဲ့ အရောင်တွေ ဖြာထွက်အပြီးမှာတော့ သူဟာ အဝေးကို ပျံသန်းထွက်ခွာသွားခဲ့ပါတယ် ။
အားလုံးထဲမှာ အခြေအနေ အဆိုးဆုံးကတော့ ချီယု နဲ့ လန်ရှီးတို့ပါပဲ ။
သူတို့က ယင်ယန် မီးလျှံရေခဲ စုံတွဲသိုင်းကို အသုံးပြုဖို့ အချိန် မရလိုက်ပါဘူး ။ အဲသည်အတွက် သူတို့ထဲက တစ်ယောက်ဟာ ရင်ဘတ်ကို လက်သည်းနဲ့ ဖောက်ထွင်းခံလိုက်ရပြီး နောက်တစ်ယောက်ကတော့ ခေါင်းကို ဆွဲဖြုတ်ခံလိုက်ရပါတယ် ။
ခီး……
သူ့လက်ထဲမှာ ရှိနေတဲ့ ဦးခေါင်းကို လွင့်ပစ်လိုက်အပြီးမှာတော့ ဖုတ်အလောင်းကောင် ဘုရင်ဟာ စက်ဆုပ်ဖွယ်ကောင်းတဲ့ အနက်ရောင် ချီစွမ်းအင် တချို့ကို ထုတ်လွှတ်လိုက်ပါတယ် ။
" အဲဒါက ကြယ်၃ပွင့်အဆင့် ဗိုလ်ချုပ်တွေရဲ့ အစွမ်းခွန်အားနဲ့ ယှဉ်လို့ရနေပြီပဲ "
လင်းရှုရဲ့ မျက်နှာကတော့ အတော်လေး ဖြူဖတ်ဖြူလျော် ဖြစ်နေခဲ့ပြီလို့ ဆိုရပါမယ် ။
တစ်ခါက သူဟာ ကံကောင်းထောက်မပြီး ကြယ်၃ပွင့် အဆင့် ဗိုလ်ချုပ်တစ်ပါး တိုက်ခိုက်တာကို မြင်ခဲ့ဖူးပါတယ် ။ အခု သည်ဖုတ်အလောင်းကောင်ဘုရင်ရဲ့ တိုက်ခိုက်မှုဟာ အဲသည် သူမြင်ဖူးခဲ့တဲ့ ကြယ်၃ပွင့်အဆင့် ဗိုလ်ချုပ်ရဲ့ တိုက်ခိုက်မှုနဲ့ သိပ်ပြီး မခြားနားလှပါဘူး။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ အခု ဖုတ်အလောင်းကောင် ဘုရင်ရဲ့ တိုက်ခိုက်မှုကတောင်မှ ပိုပြီး ပြင်းထန်နေပါသေးတယ် ။
" မြန်လိုက်တဲ့ အမြန်နှုန်း "
လီဖူချန်းကတော့ ဖုတ်အလောင်းကောင် ဘုရင်ရဲ့ တိုက်ခိုက်နှုန်း ပြင်းထန်မှုကို သိပ်ပြီး ဂရုမစိုက်မိပါဘူး ။ သူ ဂရုစိုက်တာက အဲသည် ဖုတ်အလောင်းကောင် ဘုရင်ရဲ့ အမြန်နှုန်းပါပဲ ။
သူထင်တာသာ မမှားဘူး ဆိုရင်တော့ သည်ဖုတ်အလောင်းဘုရင်ဟာ အလွန့်အလွန်ကို အားကောင်းတဲ့ ဥပဒေသ စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပြီး အဲဒါ အမြန်နှုန်းကို မြှင့်တင်ပေးနေတာပဲ ဖြစ်ရပါမယ် ။
သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံက သာမန် မဟုတ်လို့တာပေါ့ ။ မဟုတ်ရင်ရင်တော့ သူကိုယ်တိုင်လည်း သည်တိုက်ခိုက်မှုကို အချိန်မီ ရှောင်နိုင်မှာ မဟုတ်ပါဘူး ။
" ခွေးမသား "
ထွီ ……
ရှန်းတုံကတော့ ပါးစပ်ထဲကနေ သွေးခဲတွေကို ထွေးထုတ်ပစ်ပြီး ပြန်ထလာခဲ့ပါတယ် ။ သူရဲ့ မျက်လုံးတွေကလည်း ဒေါသကြောင့် ရဲရဲနီနေခဲ့ပါပြီ ။
***