← Chapters

တစ်ကွက်တည်းဖြင့် ကျော်ကြားသွားခြင်း

Vol. 107 Ch. 1492

တစ်ကွက်တည်းဖြင့် ကျော်ကြားသွားခြင်း

Vol. 107 Ch. 1492

အဆိပ်ဝိညာဉ်က ရူးသွားခြင်း မဟုတ်ပေ။ ဆိုရလျှင် သူကိုယ်တိုင် သူ့ကို တိုက်ခိုက်ခွင့်ပေးရန် ကျန်းရီအား တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ယခု ယိုထျန်းနီက သူ၏တောင်းဆိုချက်ကို လက်ခံလိုက်ပြီဖြစ်၍ သူ ပြုံးလိုက်ခြင်းပင်။

တစ်ကွက်တည်းဖြင့် ကျော်ကြားသွားခြင်း...

အဆိပ်ဝိညာဉ်သည် ထိုသို့ဖြစ်လိုခြင်းပင်။ သူသည် ဤတိုက်ပွဲတွင် အစွမ်းကုန် ထုတ်သုံး၍ အားလုံးက သူ့အား ကြောက်ရွံ့သွားအောင် လုပ်ရန် ရည်ရွယ်ထားသည်။ သူက ဝိညာဉ်မျိုးနွယ် ဂုဏ်တက်အောင် တိုက်ခိုက်၍ သူ မည်မျှစွမ်းအားကြီးကြောင်းကို ဝိညာဉ်မျိုးနွယ်အား ပြသလိုပေသည်။ အဆိပ်ဝိညာဉ်သည် သူ့ရင်ထဲမှ ဒေါသများကို ယိုထျန်းနီအပေါ် ပုံချကာ ညှာတာမှုမရှိ ခက်ခက်ထန်ထန် တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်။ သူ ဤတိုက်ပွဲကို အသုံးချ၍ ဝိညာဉ်မျိုးနွယ်သို့ ပြန်သွားနိုင်အောင် လုပ်ရပေမည်။

ယိုထျန်းနီ၏ ကျင့်ကြံခြင်းအဆင့်က အဆိပ်ဝိညာဉ်၏ ကျင့်ကြံခြင်းအဆင့်ထက် မြင့်သည်။ သူက စည်းမျဉ်းဆန်းကြယ်စွမ်းရည်များစွာကိုလည်း သိမြင်နားလည်ထားသည်။ သို့သော် ယင်းတို့က ဘာအရေးနည်း။

ချီချင်ချန်နှင့် သိမ်းငှက်ဘုရင်လေးတို့ အပါအဝင် သခင်လေးများ၊ သခင်မလေးများအားလုံးတွင် အားနည်းချက်ရှိပေသည်။ ထိုအားနည်းချက်မှာ သူတို့၏ တိုက်ပွဲအတွေ့အကြုံများက အလွန်နည်းပါးခြင်းဖြစ်သည်။ သူတို့က ရွှေဇွန်းကိုက်၍ မွေးလာခဲ့သူများဖြစ်သည်။ ယိုထျန်းနီမှာလည်း ကောင်းကင်ဘုရင်၏ တစ်ဦးတည်းသောမြေး ဖြစ်ပေသည်။ မည်သူက သူ့ကို စွန့်စား၍ တိုက်ခိုက်ခွင့် ပြုခဲ့မည်နည်း။ ထို့ကြောင့် ယိုထျန်းနီက သေရေးရှင်ရေး တိုက်ပွဲမျိုးနှင့် မကြုံဖူးလောက်သေးဟု အဆိပ်ဝိညာဉ် အပြည့်အဝ ယုံကြည်ထားသည်။ သူ သေခြင်းတရား၏ အငွေ့အသက်ကို မခံဖူးလောက်သေးပေ။

ချီချင်ချန်က အုပ်ချုပ်သူအဆင့်သို့ ရောက်သွားပြီဖြစ်၍ သူမ၏ပြိုင်ဘက်များကို ကျော်တက်နိုင်သွားပြီဖြစ်သည်။ သို့သော် အဘယ်ကြောင့် သူမက မိစ္ဆာချေဖျက်စစ်တပ်သို့ လာခဲ့ရပါသနည်း။ သူမတွင် တိုက်ပွဲအတွေ့အကြုံ နည်းနေ၍ မဟုတ်လော။ သူမသည် သွေးများ၊ မီးများနှင့် သန့်စင်မှုကို တစ်ခါမှ မခံခဲ့ရပေ။ အဆိပ်ဝိညာဉ်မှာမူ သေမင်းခံတွင်းဝမှ ရုန်းထွက်လာခဲ့သူဖြစ်သည်။ သေခြင်းနှင့် နဖူးတွေ့ဒူးတွေ့ မတွေ့ကြုံဖူးသေးသူများ၏ အကြောင်းကို သူ ကောင်းကောင်းသိသည်။ သူက သေခြင်းတရားကို ထိုသူများထက် ပိုသိပေသည်။ ထိုသခင်လေးများနှင့် သခင်မလေးများက တိုက်ပွဲအစစ်အမှန်တစ်ခုကို နားမလည်ကြသေးချေ။

ကျန်းရီ၏ အတွေးမှာလည်း အဆိပ်ဝိညာဉ်ကဲ့သို့ပင်ဖြစ်သည်။ ထို့ကြောင့် အဆိပ်ဝိညာဉ်က တိုက်ခိုက်ခွင့်ပေးဖို့ တောင်းဆိုသောအခါ သူ ချက်ချင်း သဘောတူလိုက်ခြင်းဖြစ်သည်။ သူ လောင်းကြေးကြီးကြီးပင် ထပ်လိုက်သေးသည်။ အဆိပ်ဝိညာဉ် ရှုံးသွားလျှင် နောင် သူ ယိုထျန်းနီနှင့်တွေ့တိုင်း ဒူးထောက်ကာ အရိုအသေပေးရမည်ဖြစ်သည်။

ကျန်းရီသည် ဤအခွင့်အရေးကိုသုံး၍ အဆိပ်ဝိညာဉ်၏ ယုံကြည်မှုကို ရယူခြင်းလည်းဖြစ်သည်။ အဆိပ်ဝိညာဉ်က သူ့ကို စိတ်မပျက်စေလောက်ပေ။ ယခုတွင် အစွမ်းကုန်တိုက်ခိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာလည်း မရှိတော့ပါပေ။

***

ယိုထျန်းနီက သူ၏လူများကိုခေါ်၍ ပြန်သွား၏။ မီးဖီးနစ်တပ်ထဲမှ လူများကလည်း လက်ရည်စမ်းပွဲကိုကြည့်ရန် စုဝေးနေကြသည်။ ထို့ပြင် ၎င်းသတင်းက မိစ္ဆာချေဖျက်တောင်ကြားတစ်ခွင်လုံးတွင် တောမီး‌လောင်သကဲ့သို့ ပျံ့နှံ့သွားပေသည်။

မိစ္ဆာချေဖျက်တောင်ကြားက ထပ်မံ၍ အုတ်အော်သောင်းနင်း ဖြစ်လာပြန်၏။ လူများသည် စိတ်လှုပ်တရှားဖြင့် ပွဲကြည့်ရန် စောင့်ဆိုင်းနေကြသည်။ တစ်နည်းဆိုရလျှင် သူတို့သည် ကျန်းရီက ယိုထျန်းနီးရှေ့တွင် ဒူးထောက်မည်ကို စောင့်မျှောနေကြပေသည်။

ယိုထျန်းနီက မိစ္ဆာချေဖျက်စစ်တပ်၏ အတွင်းပိုင်းအဖွဲ့အစည်းကို ကိုယ်စားပြုသည်။ ထို့ပြင် သူက သခင်လေးများကိုလည်း ကိုယ်စားပြုသည်။ တစ်နည်းဆိုရမည်ဆိုလျှင် ကျန်းရီက တစ်ယောက်တည်းဖြစ်ပြီး ယိုထျန်းနီက မိစ္ဆာချေဖျက်စစ်တပ်၏ ပေါင်းစည်းအင်အားကို ကိုယ်စားပြုပေသည်။

ကျန်းရီကို အနိုင်ရစေလိုသည့် တစ်ဦးတည်းသောသူမှာ တိလင်အာဖြစ်သည်။ ယခုတွင် မိုဟွိုက်စန်းက ကျန်းရီနှင့် လုံးဝဆန့်ကျင်ဘက်တွင် ရပ်နေပေပြီ။ တိရှအရှင်က သူမကို ရွေးချယ်စရာနှစ်ခု ပေးခဲ့သည်။ သူမ သိမ်းငှက်ဘုရင်လေးကို ထောက်ပံ့ရန် ရွေးချယ်နိုင်သလို ကျန်းရီအပေါ် မှီခိုရန်လည်း ရွေးချယ်နိုင်သည်။ သို့သော် ကျန်းရီ မီးဖီးနစ်တပ်ထဲ ဝင်လိုက်ကတည်းက မိုဟွိုက်စန်း မကျေမနပ်ဖြစ်နေခဲ့သည်။ ထို့အပြင် လက်ရှိတွင် ကျန်းရီက မျိုးနွယ်ကြီးအများစုနှင့်လည်း ပဋိပက္ခဖြစ်နေသည်။ ဤကဲ့သို့သောအချိန်မျိုးတွင် ကျန်းရီဘက်၌ နေခြင်းက ဉာဏ်နည်းရာကျပေလိမ့်မည်။ အရေးအကြီးဆုံးမှာ ကျန်းရီက သူမကို အထင်သေးသည်ဟု သူမ အမြဲခံစားနေခဲ့ရခြင်းပင်။

ရဲတိုက်များ၏အလယ်ရှိ ကျောက်စိမ်းဖြူရင်ပြင်ကြီးထဲတွင် လူများ စုဝေးနေကြသည်။ တပ်မှူးများလည်း ပွဲကြည့်ရန် ထွက်လာခဲ့ကြသည်။ ယိုထျန်းနီက အရေးပါသူတစ်ယောက်ဖြစ်၍ တပ်မှူးများပင် သူ့ကို အရေးမစိုက်ဘဲ မနေဝံ့ကြပေ။ တိချန်ကျွင်းပင် ရင်ပြင်ထဲ၌ ရှိနေပေသည်။ သို့သော် သူက မျက်နှာသေနှင့် ဖြစ်သည်။ သူသည် တိတ်တဆိတ်သာ ရပ်နေပြီး မည်သည့်ဘက်ကိုမှ အားပေးမည့်ပုံ မပေါ်ပေ။

ရှပ်...ရှပ်...ရှပ်...

ယိုထျန်းနီတို့က ရဲတိုက်တစ်တိုက်ထဲမှ ပြန်ထွက်လာကြ၏။ လက်ရည်စမ်းပွဲကို စစ်တပ်က လက်ခံလိုက်ပြီဖြစ်ကြောင်း ထင်ရှားသည်။ ယိုထျန်းနီသည် သူ့လူများနှင့်အတူ ရင်ပြင်ထဲသို့ လျှောက်လာ၏။ ရင်ပြင်ထဲရောက်သောအခါ အားလုံးကို နောက်ဆုတ်ရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် သူ့နဖူးမှ ဆေးမင်ကြောင်ကို ပွတ်လိုက်ပြီး လေထဲသို့ ပျံတက်၍ မီးဖီးနစ်တပ်ဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။

“ကျန်းရီ... ခင်ဗျားရဲ့ လူကို လွှတ်လိုက်”

ဝှစ်...

အဆိပ်ဝိညာဉ်က အေးစက်စက် လေညင်းတစ်ခုကဲ့သို့ လွင့်မြောလာ၏။ ရင်ပြင်ထက်သို့ ရောက်သောအခါ သူ မျက်နှာသေဖြင့် လက်ဆုပ်၍ ပြောလိုက်သည်။

“ကျုပ်ရဲ့ သခင်လေးက တိုက်ပွဲကို မကြည့်တော့ပါဘူးတဲ့။ ကျုပ်တို့ပဲ ပျော်ခဲ့ပါတဲ့...”

“ဝိုး...”

သောင်းချီသောလူများ အာမေဋိတ်ပြုလိုက်ကြ၏။ ကျန်းရီက အမှန်ပင် မောက်မာပေသည်။ သူက သူ၏ဝိညာဉ်ကျွန်ကိုသာ တိုက်ခိုက်ရန် စေလွှတ်လိုက်သည့်အပြင် တိုက်ပွဲကိုပင် လာမကြည့်ချေ။ သူ့ဝိညာဉ်ကျွန်က ယိုထျန်းနီကို သုံးကွက်ထဲနှင့် အနိုင်ရလိမ့်မည်ဟု သူက အမှန်တကယ် ယုံကြည်နေခြင်းလော။

“အဲ့မျိုးမစစ်က သူ့ကိုယ်သူ အုပ်ချုပ်သူအဆင့် သိုင်းသမားလို့ ထင်နေတာပဲ။ သူ လွှတ်လိုက်တဲ့ ဝိညာဉ်ကျွန်က နတ်ဘုရားဧကရာဇ်အဆင့်လား။ သူက တော်တော်ကို လွန်တာပဲ”

“ဟီးဟီး... သူက ထွက်မလာရဲတာဖြစ်မယ်။ သူ ရှုံးသွားရင် နေရာမှာတင် ဒူးထောက်ရမှာကို ကြောက်နေမှာပေါ့”

“ဟုတ်တယ်... အဲ့လိုပဲဖြစ်မယ်။ ကျန်းရီက နတ်ဘုရားဘုရင်အဆင့်မှာပဲ ရှိသေးတယ်လို့ကြားတယ်။ သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်က မလုံလောက်လို့ သူ့ရဲ့ဝိညာဉ်ကျွန်ကို ထွက်တိုက်ခိုင်းရတာပဲ။ သူက အဲ့ဝိညာဉ်ကျွန်ကို ဘယ်လိုများ ရခဲ့ပါလိမ့်။ တိရှအရှင်က သူ့ကို အဲ့ဝိညာဉ်ကျွန် ပေးထားတာများလား”

“သုံးကွက်တဲ့လား။ သခင်လေးယိုက အဲ့ဝိညာဉ်ကျွန်ကို သုံးကွက်နဲ့ အသေသတ်မယ်ဆိုရင်တောင် ယုံချင်စရာ ကောင်းသေးတယ်...”

“သခင်လေးယို... သူ့ကို အပြတ်အနိုင်ယူလိုက်ပါ”

လူများစွာသည် အခြေအနေကို စတင်ဆွေးနွေးလိုက်ကြ၏။ သခင်လေးများစွာကလည်း ယိုထျန်းနီကို အော်ဟစ်အားပေးကာ မညှာရန် ပြောလိုက်ကြသည်။ ဤတိုက်ပွဲက သူသေကိုယ်သေ တိုက်ပွဲပင်။ ယိုထျန်းနီက အဆိပ်ဝိညာဉ်ကို သတ်လိုက်မည်ဆိုလျှင်လည်း မည်သူမှ မည်သို့မှ ပြောနိုင်မည် မဟုတ်ချေ။ ချီချင်ချန် ထွက်လာလျှင်ပင် မည်သို့မှ တတ်နိုင်လိမ့်မည် မဟုတ်ပေ။

ဝှစ်...

အသက်လတ်ပိုင်းအရွယ် တပ်မှူးတစ်ယောက်က လေထဲသို့ ပျံတက်သွားပြီး ယှဉ်ပြိုင်မည့်သူ နှစ်ယောက်စလုံးကို ကြည့်လိုက်၏။ ထို့နောက် သူ အော်ပြောလိုက်သည်။

“နှစ်ယောက်စလုံး ဒီတိုက်ပွဲကို သဘောတူပါသလား။ ဒီတိုက်ပွဲက သူသေကိုယ်သေတိုက်ပွဲနော်။ အဲ့တော့ တိုက်ပွဲမှာ သေသွားခဲ့ရင်လည်း ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ဘာပြဿနာမှမရှိဘူးဆိုရင် ခဏနေ တိုက်ပွဲစမယ်။ နှစ်ယောက်စလုံး တိုက်ခိုက်တဲ့အခါမှာ သတိထားကြပါ။ ရဲတိုက်တွေကို ပျက်စီးစေလို့မရဘူး၊ အပြစ်မဲ့တဲ့သူတွေကို သေစေလို့မရပါဘူး။ မဟုတ်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပါမယ်”

“ပြဿနာမရှိပါဘူး”

ယိုထျန်းနီက ချက်ချင်း အေးစက်စက်လေသံဖြင့် ပြန်ဖြေလိုက်သည်။ အဆိပ်ဝိညာဉ်ကလည်း ခေါင်းညိတ်၍ ပြောသည်။

“ပြဿနာမရှိပါဘူး”

“ကောင်းပြီ... ဒါဆို တိုက်ပွဲစတင်ပါပြီ”

အသက်လတ်ပိုင်းအရွယ် တပ်မှူးက အောက်ဘက်သို့ ပျံဆင်းလာ၏။ ယိုထျန်းနီ၏ ကိုယ်ပေါ်တွင် အနီရောင်စစ်ချပ်ဝတ် ရုတ်ခြည်း ထွက်ပေါ်လာသည်။ သူ့ခေါင်းတွင်လည်း အနီရောင်ခေါင်းဆောင်းတစ်ခု ပေါ်လာပြီး သူ့လက်ထဲတွင် အနီရောင်ဓားတစ်ချောင်းပေါ်လာသည်။ သူ ဝတ်စုံပြည့်နှင့် ဖြစ်သွားပေပြီ။

“ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်လား”

အဆိပ်ဝိညာဉ်၏ မျက်လုံးများ ပြူးကျယ်သွား၏။ ယိုထျန်းနီ၏ ချပ်ဝတ်နှင့် ဓားတို့က ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်များပင်။ အဆိပ်ဝိညာဉ်လည်း အစိမ်းရောင်ပုလွေတစ်ချောင်းကို ထုတ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှ အရှိန်အဝါက အကန့်အသတ်မဲ့ ပြန့်ကားသွား၏။ သတ်ဖြတ်အရှိန်အဝါကလည်း စမ်းရည်စီးသကဲ့သို့ အလျင်မပြတ် ထွက်လာပေသည်။

ယိုထျန်းနီသည် အဆိပ်ဝိညာဉ်၏ အရှိန်အဝါကို ယှဉ်ရန် ဓားကိုမြှောက်၍ သူ့အရှိန်အဝါကို တိုးမြှင့်လိုက်၏။ ထို့နောက် အဆိပ်ဝိညာဉ်ကို ဓားနှင့်ချိန်ကာ အေးစက်စက် အော်ပြောလိုက်သည်။

“ကျွန်တော်က မိစ္ဆာချေဖျက်စစ်တပ်ရဲ့ တပ်တွင်းကင်းလှည့်တမန်တော်၊ ကောင်းကင်ဆန့်ကျင်ဘွဲ့ထူးရ နတ်ဘုရားဧကရာဇ်အဆင့် သိုင်းသမား ယိုထျန်းနီပဲ။ ကျွန်တော့်ရဲ့ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်တွေက လဆုတ်စစ်ချပ်ဝတ်နဲ့ လဆုတ်ဓားပဲ။ ကျွန်တော့်ကို သင်ကြားပြပေးပါ”

တိုက်ပွဲတွင် စည်းမျဉ်းများ ရှိသည်။ ယှဉ်ပြိုင်သူတိုင်း ပြိုင်ဘက်အပေါ် လေးစားမှု ပြသသည့်အနေဖြင့် မိမိ၏အမည်၊ ဘွဲ့ထူး၊ ကျင့်ကြံခြင်းအဆင့်နှင့် လက်နက်များကို ထုတ်ပြောရသည်။ အဆိပ်ဝိညာဉ်က မျက်နှာသေဖြင့် ပြန်ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်၊ နတ်ဘုရားဧကရာဇ်အဆင့်။ ကျုပ်က စစ်နတ်ဘုရားကျန်းရီရဲ့ ဝိညာဉ်ကျွန်၊ ဝိညာဉ်မျိုးနွယ်ရဲ့ စွန့်ပစ်ခံမျိုးနွယ်ဝင်တစ်ယောက်။ ကျုပ်ရဲ့ အလယ်အလတ်အဆင့် နတ်ဘုရားအသုံးအဆောင်က သွေးဆာဓား။ ကျုပ်က ဘာစစ်ချပ်ဝတ်မှ ဝတ်မထားဘူး”

အဆိပ်ဝိညာဉ်သည် ပြောပြီးသည်နှင့် ခြေရာလက်ရာတစ်ခုမှ မကျန်ခဲ့ဘဲ ‌လေထဲတွင် ပျောက်ကွယ်သွား၏။ ကောင်းကင်စိတ်အာရုံများက ပတ်ဝန်းကျင်ကို အာရုံခံလိုက်ကြသော်လည်း သူ့ကို ရှာမတွေ့ကြပေ။ ထို့ကြောင့် လူအုပ်ကြီး ထပ်မံ၍ ဆူညံသွားပေသည်။

အဆိပ်ဝိညာဉ်က ဝိညာဉ်မျိုးနွယ်၏ စွန့်ပစ်ခံမျိုးနွယ်ဝင်တစ်ယောက်ပင်။ ယင်းမှာ သူက အထက်ဘုံရှိ လုပ်ကြံသတ်ဖြတ်အတတ်များတွင် အကျွမ်းကျင်ဆုံးဖြစ်သော ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဆိုသော အဓိပ္ပာယ်ပင်။ အထက်ဘုံတွင် မင်ရည်တောင်ပံမျိုးနွယ်ပြီးလျှင် ဝိညာဉ်မျိုးနွယ်က အင်အားအကြီးဆုံးဖြစ်သည်။

အစောတွင် လူများသည် ဤတိုက်ပွဲအတွက် လုံးဝမစိုးရိမ်ခဲ့ပေ။ သို့သော် ယခုတွင်မူ သူတို့ အတန်ငယ် စ၍စိုးရိမ်လာကြပေပြီ။ သူတို့ အတန်ငယ်သာ စိုးရိမ်ကြခြင်းမှာ ယိုထျန်းနီက ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထား၍ပင်။ အဆိပ်ဝိညာဉ်၏ ပုလွေက ၎င်းချပ်ဝတ်ကို ဖောက်နိုင်လိမ့်မည် မဟုတ်ပေ။

ရင်ပြင်ထဲရှိ လူအားလုံးသည် အဆိပ်ဝိညာဉ် လှုပ်ရှားမည်ကို အသက်ပင်မရှူနိုင်ပဲ စောင့်ဆိုင်းနေကြ၏။ ထိုအခိုက်တွင် ယိုထျန်းနီက မျက်လုံးမှိတ်လိုက်၏။ သူ့လက်ထဲမှ အနီရောင်ဓားက အဆက်မပြတ် လင်းလက်လာသည်။ သူသည် အချိန်မရွေးတိုက်ခိုက်ရန် အသင့်ဖြစ်နေပေပြီ။

ဝီ...

ဘယ်ဘက်မှနေ၍ ထွက်ပေါ်လာသော ခြင်အော်သံကဲ့သို့ အသံတစ်ခုကို ကြားလိုက်ရ၏။ မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံများ ထိုဘက်သို့ ချက်ချင်းရောက်သွားကြသည်။ ယိုထျန်းနီကလည်း မတုံ့ဆိုင်းဘဲ ထိုဘက်သို့ ဓားဖြင့် ပိုင်းချလိုက်သည်။ ဓားအလင်းက ကောင်းကင်မှ ကျဆင်းလာသော နတ်ရောင်ဝါတစ်ခုကဲ့သိုပင်။ အနီရောင်အလင်းတန်းကြီးသည် ဘယ်ဘက်သုံးဆယ်ကီလိုမီတာအကွာအထိ ဆန့်တန်းသွားပေသည်။

“အားနည်းလွန်းတယ်... မင်းက အဲ့အစွမ်းလောက်နဲ့ ငါ့ရဲ့သခင်ကို တိုက်ခိုက်ချင်ခဲ့သေးတာလား”

ပတ်ဝန်းကျင်တွင် လှောင်ပြောင်လိုက်သံတစ်သံ ပဲ့တင်ထပ်လာ၏။ ထို့နောက် အာကာပြင်ထဲတွင် အဆိပ်ဝိညာဉ်၏ ကိုယ်ပွားများ ထွက်ပေါ်လာသည်။ သူတို့သည် အစိမ်းရောင်ပုလွေကို ဆွဲကိုင်၍ ယိုထျန်းနီဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းသွားကြ၏။ ထိုမြင်ကွင်းက အံ့မခန်းပင်။ အောက်ရှိ လူအုပ်ကြီး မှင်တက်သွားကြပေသည်။ မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံများက အဆိပ်ဝိညာဉ်အစစ်ကို ရှာရန် ကြိုးစားလိုက်ကြသည်။ အဆိပ်ဝိညာဉ်၏ တိုက်ခိုက်မှုအစစ်အမှန်ကို သူတို့ မြင်လိုကြပေသည်။

သို့သော်...

အတော်ကြာအောင် ရှာပြီးသည်အထိ ကိုယ်ပွားများကိုသာ တွေ့ရ၏။ မည်သို့ပင်ဖြစ်စေ ယိုထျန်းနီသည် အဆိပ်ဝိညာဉ်၏ ကိုယ်ပွားများကြောင့် ရင်ထိတ်နေပေပြီ။ သူက သူ၏ဓားကို ဝှေ့ယမ်း၍ သူ့ထံပျံဝင်လာသည့် အဆိပ်ဝိညာဉ်တိုင်းကို ခုတ်ပိုင်းနေသည်။

“သူ အကွက်ထဲဝင်သွားပြီ။ သခင်လေးယိုတော့ ဒုက္ခပဲ...”

စွမ်းအားကြီး သိုင်းသမားတစ်ယောက် သက်ပြင်းချလိုက်၏။ ဝိညာဉ်မျိုးနွယ်က ရန်သူကို တစ်ကွက်တည်းနှင့် သတ်ဖြတ်တတ်မှုကြောင့် ကျော်ကြားခြင်းဖြစ်သည်။ ယခုတွင် အဆိပ်ဝိညာဉ်သည် သူ၏ကိုယ်ပွားများဖြင့် ယိုထျန်းနီကို အသက်ပင်ရှူချိန်မရအောင် အာရုံလွှဲထားသည်။ ယိုထျန်းနီက တိုက်ပွဲအတွေ့အကြုံ နုလွန်းသည်။ သူက အဆိပ်ဝိညာဉ်၏ လက်ခုပ်ထဲသို့ ရောက်နေပေပြီ။ သူ့အတွက် ရလဒ်က ကောင်းမည့်ပုံ မပေါ်ပါချေ။

All Chapters