တိုက်ပွဲသို့...
Vol. 107 Ch. 1494
မိစ္ဆာချေဖျက်တောင်ကြားက ပြန်အေးချမ်းလာ၏။ မည်သူကမှ မီးဖီးနစ်တပ်ကို ပြဿနာသွားမရှာဝံ့တော့ချေ။
သို့သော် ပြဿနာအစစ်အမှန်က ယခုမှ စလာသည်။ ကျန်းရီသည် တပ်သားများ ရွေးချယ်ရန် လူသစ်စုဆောင်းရေးရုံးသို့သွားရာ ထိုနေရာတွင် လူတစ်ယောက်ကိုမှ မတွေ့ခဲ့ပေ။ အခြားတပ်များက လူသစ်အားလုံးကို ခေါ်သွားပြီဖြစ်ကြောင်း ထင်ရှားသည်။ ထို့ပြင် ကျန်းရီသည် လူသစ်စုဆောင်းရေးရုံးတစ်ဝိုက်၌ လူများ ဟိုတစ်စု၊ ဒီတစ်စု ရှိနေကြောင်းကို တွေ့လိုက်၏။ ထိုလူများက လူသစ်များရောက်လာသည်နှင့် ချက်ချင်း ခေါ်သွားနေကြခြင်းဖြစ်မည်။ ကျန်းရီသည် ထိုလူများကဲ့သို့ လိုက်လုပ်ရန် တွေးလိုက်သေး၏။ သို့သော် သူ ထိုအကြံကို လက်လျှော့လိုက်သည်။
မိစ္ဆာချေဖျက်စစ်တပ်ထဲမှ အင်အားကြီးအဖွဲ့အစည်းအသီးသီးက တမင် မီးဖီးနစ်တပ်အတွက် ပြဿနာဖန်တီးနေခြင်းဖြစ်ရာ ကျန်းရီ သူတို့ကဲ့သို့ လိုက်လုပ်လျှင်လည်း အခြားပြဿနာတစ်ခု တက်လာဦးမည်သာ။ ယခုတွင် မီးဖီးနစ်တပ်အတွက် တပ်သားသစ်စုဆောင်းနိုင်ရန် ခက်ခဲလာပေပြီ။ သူ ဤရုံးသို့ လူများစေလွှတ်ထားလျှင်ပင် အခြားတပ်များက တည်နေရာပြောင်းရွှေ့အစီအရင်ဆီ တိုက်ရိုက်လူစေလွှတ်ကာ အစီအရင်အပြင်မှာကတည်းက လူသစ်များကို ခေါ်သွားနိုင်ပေသည်။
ကျန်းရီသည် လှည့်ပတ်ကြည့်ပြီးနောက် မီးဖီးနစ်တပ်သို့သာ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ သူ ပြန်ရောက်သောအခါ တိလင်အာက မီးဖီးနစ်တပ်စခန်းအပြင်တွင် ရပ်နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရ၏။ သူမက အတန်ငယ် စိတ်လှုပ်ရှားနေပုံပေါ်ပေသည်။
“သခင်မလေးလင်အာ... ဘာလို့ ဒီကို ရောက်လာတာပါလဲ။ ပြီးတော့ ဘာလို့ အထဲဝင်မနေဘဲ အပြင်မှာ ရပ်နေရတာလဲ”
ကျန်းရီက ပြုံး၍ အဝေးမှ လှမ်းပြောလိုက်၏။ သူ တိလင်အာအပေါ် အမြင်ကြည်ပေသည်။ သူမက ကြင်နာတတ်ပြီး သိမ်မွေ့သော မိန်းမပျိုလေးတစ်ယောက်ပင်။ သူမထံတွင် မျိုးနွယ်ကြီးများမှ သခင်မလေးများထံတွင် ရှိတတ်သော မောက်မာသည့်အငွေ့အသက်မျိုးမရှိဘဲ အိမ်နီးချင်း၏သမီးငယ်ကဲ့သို့သော အငွေ့အသက်မျိုးသာ ရှိပေသည်။
“ကျန်းရီ...”
တိလင်အာသည် ကျန်းရီက အဆိပ်ဝိညာဉ်နှင့်အတူ လျှောက်လာသည်ကို မြင်လိုက်သောအခါ ရွှင်ပြစွာ ပြုံးလိုက်၏။ သို့သော် မကြာခင်မှာပင် သူမ၏ မျက်နှာပေါ်၌ တွန့်ဆုတ်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
“ဘာမှ မဟုတ်ဘူး။ ဒီအတိုင်း လမ်းလျှောက်ရင်း ဒီကို ရောက်လာတုန်း ရှင့်ကို လာနှုတ်ဆက်တာပါ”
“ဟားဟား..”
ကျန်းရီသည် အခြားသူများ၏ ဟန်ဆောင်မှုကို ကောင်းစွာမြင်နိုင်ပေသည်။ သူ တိလင်အာ၏ စကားများကို လုံးဝ မယုံပေ။ ထို့ကြောင့် သူ တိုက်ရိုက်သာ မေးလိုက်သည်။
“သခင်မလေးလင်အာ... သခင်မလေး အကူအညီလိုရင် ပြောသောပြောလိုက်ပါ။ ဘာမှ အားနာနေစရာ မလိုပါဘူး။ ကျွန်တော် ကူညီနိုင်တဲ့ကိစ္စဆို သေချာပေါက် ကူညီပေးမှာပါ”
တိလင်အာ ခေါင်းငုံ့လိုက်၏။ သူမ အတန်ကြာ နှုတ်ဆိတ်နေပြီးမှ သတ္တိမွေးကာ ပြောလိုက်လေသည်။
“ကျန်းရီ... ကျွန်မ မီးဖီးနစ်တပ်ထဲ ဝင်ချင်လို့။ ကျွန်မရဲ့ တိုက်ခိုက်စွမ်းအားက လိုအပ်ချက်တွေ ရှိနေသေးတာ ကျွန်မ သိပါတယ်... ကျွန်မက မီးဖီးနစ်တပ်ထဲက စာရွက်စာတမ်းကိစ္စတွေ လုပ်ချင်ရုံပါ။ အဲ့ဒါ ဖြစ်နိုင်မလား”
“အာ...”
ကျန်းရီသည် တိလင်အာက မီးဖီးနစ်တပ်ထဲ ဝင်လိုလိမ့်မည်ဟု ထင်မထားပေ။ ကျန်းရီ မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“အဲ့ဒါက ပြဿနာတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီတပ်ထဲကို လွယ်လွယ်ပြောင်းခွင့် ရှိပါ့မလား။ တကယ်လို့ သခင်မလေးဘက်က အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့ဘက်က ဘာပြဿနာမှ မရှိပါဘူး”
“ရပါတယ်... တပ်မှူးဟွာက တပ်ပြောင်းလို့ရတယ်လို့ ပြောပါတယ်”
တိလင်အာ၏ မျက်ဝန်းလေးများ တောက်ပသွား၏။ သူမ အလွန်ပျော်သွားပေသည်။ ထို့ကြောင့် သူမ ပြုံးကာ ကျန်းရီဆီ ပြေးသွားလိုက်ပြီး ပြောလိုက်သည်။
“အခုပဲ ကျွန်မ တပ်မှူးဟွာကို သွားရှာလိုက်မယ်”
“နေပါဦး...”
ကျန်းရီက လက်ပြတား၍ အဆိပ်ဝိညာဉ်ကို ပြုံးကြည့်ကာ ပြောလိုက်သည်။
“အဆိပ်ဝိညာဉ်... သခင်မလေးလင်အာနဲ့အတူ လိုက်သွားလိုက်ပါ။ ခင်ဗျားတို့နှစ်ယောက် ပြန်ရောက်လာရင် စီစဉ်စရာရှိတာတွေ စီစဉ်ပြီး သခင်မလေးလင်အာကို အကောင်းဆုံး စာရေးနေရာပေးဖို့ ချီရွယ်ကို ပြောလိုက်ပါ”
အဆိပ်ဝိညာဉ်သည် ဝမ်းမြောက်နေသော တိလင်အာကိုခေါ်၍ ထွက်သွား၏။ ကျန်းရီလည်း ချီရွယ်နှင့် ချီရှားတို့ကို သွားရှာလိုက်သည်။
“ချီရှား... ကျွန်တော့်ကို စစ်သူကြီးဆီ ခေါ်သွားပေးပါ။ ချီရွယ်... ခဏနေရင် တိလင်အာက မီးဖီးနစ်တပ်ထဲ ပြောင်းလာလိမ့်မယ်။ သူ့အတွက် စာရေးနေရာကောင်းကောင်းလေး စီစဉ်ပေးလိုက်ပါ”
ယခုတွင် ကျန်းရီက မီးဖီးနစ်တပ်၏ ကိစ္စများကို တာဝန်ယူထားရပြီဖြစ်ရာ တိလင်အာအတွက် နေရာတစ်နေရာစီစဉ်ပေးရန် မခက်ပေ။ သို့သော် ချီရွယ်က အတန်ငယ် တွန့်ဆုတ်ဟန်ဖြင့် မေးလိုက်၏။
“အရှင်ကြီးကြပ်စစ်သူကြီး... စစ်သူကြီးနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိလို့ပါလား။ စစ်သူကြီးက အရေးကြီးကိစ္စမရှိရင် သူ အခန်းအောင်းကျင့်ကြံတာကို လာမနှောင့်ယှက်ဖို့ ပြောထားပါတယ်”
“အခု အရေးကြီးကိစ္စတစ်ခု ဖြစ်နေပြီ”
ကျန်းရီက အေးစက်စက် လက်ဝှေ့ယမ်း၍ ပြန်ပြောလိုက်သည်။
“ကျွန်တော့်ကို စစ်သူကြီးဆီသာ ခေါ်သွားပေးပါ။ ကျန်တာတွေကို ခင်ဗျားတို့နှစ်ယောက် ဂရုစိုက်စရာ မလိုပါဘူး”
ချီရွယ် လက်လျှော့ကာ ခေါင်းညိတ်လိုက်ရသည်။ ထို့နောက် ချီရှားက ကျန်းရီကို ရဲတိုက်များရှိရာသို့ ခေါ်သွား၏။ မကြာခင် သူတို့ ရဲတိုက်ကြီးတစ်တိုက်၏ အပြင်သို့ ရောက်သွားကြသည်။ ချီရှားက ရဲတိုက်စောင့် အမျိုးသမီးနှစ်ယောက်ကို ပြောလိုက်သည်။
“ကြီးကြပ်စစ်သူကြီးက တွေ့ခွင့်တောင်းနေတယ်လို့ သခင်မလေးကို သွားတင်ပြလိုက်ပါ”
“ကျန်းရီ ဝင်လာခဲ့”
ထိုစဉ် နူးညံ့သော အသံလေးတစ်သံ ထွက်လာ၏။ ထိုအသံက ချီချင်ချန်၏အသံပင်။ ချီချင်ချန်က အမှန်တကယ် အခန်းအောင်းကျင့်ကြံနေခြင်း မဟုတ်ကြောင်း သိသာပေသည်။ သူမက ကျန်းရီအပေါ် တာဝန်များပုံချကာ ရဲတိုက်ထဲတွင် ပုန်း၍ အေးအေးဆေးဆေး အနားယူနေခြင်းပင်။
ကျန်းရီက ရဲတိုက်ထဲသို့ ခပ်သွက်သွက် ဝင်သွားလိုက်၏။ ချီရှားက အနောက်မှာပင် ကျန်ခဲ့သည်။ ချီချင်ချန်က သူမကို ဝင်လာရန် မပြောခဲ့သဖြင့် သူမ အပြင်တွင်သာ နေခဲ့နိုင်ပေသည်။
ချီချင်ချန်၏ရဲတိုက်က အလွန်ခမ်းနားသည်။ ကျန်းရီနှင့် တိလင်အာတို့ ရခဲ့သည့် ရဲတိုက်ထက်လည်း များစွာပိုကြီးသည်။ ရဲတိုက်ထဲတွင် နှင်းကဲ့သို့ ဖြူဆွတ်သော ကောဇောများကို ခန်းလုံးပြည့်ခင်းထားသည်။ ချီချင်ချန်က အလယ်ခန်းမထဲတွင် ထိုင်ကာ စာအုပ်တစ်အုပ်ဖတ်နေ၏။ သူမဘေးရှိ စားပွဲပေါ်တွင် လက်ဖက်ရည်အိုးတစ်အိုးလည်း ရှိပေသည်။ ယနေ့တွင် သူမက အဖြူရောင်ဝတ်စုံကိုသာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး မည်သည့်လက်ဝတ်လက်စားမှ ဝတ်မထားပေ။ သူမ၏ဆံပင်ကိုလည်း ပုံမှန်အတိုင်းသာ ထုံးထားသည်။ ထို့ကြောင့် သူမ၏ ဖြူဝင်းလှပသော လည်တိုင်လေးကို မြင်နေရပေသည်။ သူမသည် အပျင်းတဲနေသော ကြောင်လေးတစ်ကောင်ကဲ့သို့ တမူ ဆွဲဆောင်မှုရှိနေလေသည်။
ကျန်းရီသည် ချီချင်ချန်ကို ခေတ္တမျှ ကြည့်ပြီးနောက် ဆက်မကြည့်ရဲတော့ပေ။ အထက်ဘုံ၏ နံပါတ်(၁)အလှပဂေးက ယောက်ျားတိုင်းကို ဆွဲဆောင်နိုင်ပေသည်။ ကျန်းရီသည် ဘေးခုံတစ်လုံးတွင် မဖိတ်ခေါ်ဘဲ ဝင်ထိုင်လိုက်ပြီး သူ့ဘာသာ လက်ဖက်ရည်တစ်ခွက် ငှဲ့သောက်လိုက်သည်။ ပြီးမှ သူ ပြောလိုက်လေသည်။
“စစ်သူကြီး... အခု တပ်သားအသစ်တွေ စုဆောင်းဖို့က မဖြစ်နိုင်တော့ဘူး။ တာဝန်တစ်ခုယူပြီး တိုက်ပွဲကိုပဲ ချက်ချင်း သွားကြတာပေါ့”
ချီချင်ချန်က မျက်လုံးပင်လှန်မကြည့်ဘဲ သူမ၏စာအုပ်မှ စာရွက်တစ်ရွက်ကိုသာ လှန်၍ နူးညံ့စွာ ပြောလိုက်သည်။
“ရှင့်မှာ ဘာအကြံတွေရှိလဲဆိုတာ အရင်နားထောင်ကြည့်တာပေါ့”
‘တော်သားပဲ...’
ကျန်းရီ စိတ်ထဲမှ ချီးကျူးလိုက်၏။ လှပသော အမျိုးသမီးအချို့က နှလုံးရည်ရော၊ လက်ရုံးရည်မှာပါ ထူးချွန်ကြပေသည်။ ကျန်းရီ ဆက်ပြောလိုက်သည်။
“အခု မီးဖီးနစ်တပ်က သီးခြားတပ်တစ်ခုလို ဖြစ်နေပါပြီ။ မိစ္ဆာချေဖျက်စစ်တပ်ထဲက တခြားတပ်တွေက ကျွန်တော်တို့ကို မသိမသာ ပြဿနာရှာနေကြပါတယ်။ ကျွန်တော်တို့ အချိန်တစ်ခုအထိ တပ်သားအသစ်တွေ စုဆောင်းနိုင်ဦးမှာ မဟုတ်ပါဘူး။ ဘယ်စွမ်းအားကြီး သိုင်းသမားကမှလည်း ကျွန်တော်တို့တပ်ထဲ ဝင်ချင်မှာ မဟုတ်ပါဘူး...”
“အဲ့လိုဆိုမှတော့ ကျွန်တော်တို့ တိုက်ပွဲထွက်ပြီးပဲ ကျွန်တော်တို့တပ်ကို ကျော်ကြားလာအောင် လုပ်ရပါမယ်။ တိုက်ပွဲအမှတ်တွေ အများကြီးရအောင်ယူပြီး မီးဖီးနစ်တပ်ထဲက တပ်သားတွေကို ကောင်းကောင်းခွဲဝေပေးရပါမယ်။ အဲ့ကျရင် စွမ်းအားကြီး သိုင်းသမားတွေက အားကျလာမှာပဲ။ အဲ့လိုဖြစ်လာရင် ကျွန်တော်တို့ကိုယ်တိုင်တောင် တပ်သားသစ်တွေ သွားစုဆောင်းစရာမလိုဘူး မီးဖီးနစ်တပ်ထဲဝင်ချင်တဲ့သူတွေ သူတို့ဘာသာ တန်းစီပြီး ရောက်လာပါလိမ့်မယ်”
“ရှင်က အကြံထုတ်ထားပြီးမှတော့ ရှင့်အကြံအတိုင်း လုပ်ကြတာပေါ့”
ချီချင်ချန်က ခေါင်းမမော့သေးပေ။ သူမ ခပ်ဖွဖွ လက်ဝှေ့ယမ်း၍သာ ပြောလိုက်သည်။
“သွားပြီး စီစဉ်စရာရှိတာတွေ စီစဉ်လိုက်ပါ။ အပြင်သွားရမဲ့အချိန်ကျရင် ကျွန်မကို ခေါ်လိုက်ပါ”
“...”
ကျန်းရီ ဆွံ့အသွား၏။ ချီချင်ချန်က အမှန်ပင် ဘာတစ်ခုမှ မလုပ်ချေ။ စစ်သူကြီးတစ်ယောက်က ထိုသို့ဖြစ်သင့်ခြင်းလော။ သို့သော် ပြန်တွေးကြည့်သောအခါ ချီချင်ချန်က ဤသို့ တိုက်ပွဲအတွေ့အကြုံယူရန် ရောက်လာခြင်းဖြစ်၍ ကျန်အရာများက သူမအတွက် အမှန်ပင် အရေးမကြီးပါပေ။ တိုက်ပွဲအမှတ်မည်မျှရပါစေ၊ မီးဖီးနစ်တပ်က မည်မျှအင်အားကြီးလာပါစေ သူမအတွက် အဓိပ္ပာယ်မရှိချေ။
“ကျွန်တော် သွားလိုက်ပါဦးမယ်”
ကျန်းရီသည် ဆက်၍လေကုန်ခံမနေလိုတော့သဖြင့် လက်ဆုပ်နှုတ်ဆက်၍သာ ထွက်လာခဲ့သည်။ ချီချင်ချန်သည် ကျန်းရီထွက်သွားသည်နှင့် ခေါင်းမော့၍ ခပ်ရေးရေး ပြုံးလိုက်၏။ ထိုအပြုံးက မှင်တက်ဖွယ်ပင်။
***
ကျန်းရီသည် ချီရှားကို ခေါ်၍ တာဝန်တစ်ခု လက်ခံရန် တာဝန်ရုံးသို့ ချက်ချင်းသွားလိုက်၏။ လက်ရှိတွင် တပ်သားသစ် စုဆောင်း၍လည်း မဖြစ်နိုင်ရာ ထိုကိစ္စကို နောက်ဆုတ်ထားရပေမည်။ ယခု မီးဖီးနစ်တပ်တွင် စစ်နတ်ဘုရားအဆင့်ရှိသော တပ်သားတစ်ရာကျော် ရှိသည်။ ထို့ပြင် သူနှင့် ချီချင်ချန်တို့ကလည်း တပ်သားတစ်ထောင်အားနှင့် ညီသည်။ သာမန်တာဝန်များက သူတို့တပ်အတွက် လွယ်ကူလောက်ပေသည်။
ချီရှား၏လမ်းပြမှုဖြင့် နှစ်ယောက်သား တာဝန်ရုံးသို့ ရောက်သွား၏။ သို့သော် ရှိသည့်တာဝန်များကို ကြည့်ပြီးနောက် ကျန်းရီ ထပ်၍ ခေါင်းကိုက်သွားသည်။ မိစ္ဆာချေဖျပ်စစ်တပ်ထဲမှ အဖွဲ့အစည်းများက ထပ်လုပ်လိုက်ပြန်ပြီဖြစ်သည်။ တာဝန်အားလုံးနီးပါးကို ယူသွားကြပေပြီ။ အဆင့်အနိမ့်ဆုံး တာဝန်သုံးခုသာ ကျန်ခဲ့သည်။ ထိုတာဝန်များက မတန်ဆုံး၊ ရနိုသည့်တိုက်ပွဲအမှတ် အနည်းဆုံး တာဝန်များဖြစ်ကြသည်။
‘တောင်ပိုင်းမြေရိုင်းဆန်းကြယ်နယ်မြေရဲ့ သွေးလတောင်ကြားကို တမလွန်ဘုံက သိမ်းပိုက်ထားပြီတဲ့လား။ အဲ့မှာ တမလွန်ဘုံစစ်သူကြီးတစ်ရာနဲ့ တမလွန်ဘုံတမန်တော်နှစ်သိန်းရှိတယ်။ တိုက်ပွဲအမှတ်က တစ်သန်း...’
ကျန်းရီသည် စာလိပ်ထဲမှ တာဝန်တစ်ခုကို ဖတ်ပြီးနောက် မျက်နှာမည်းမှောင်သွား၏။ ထိုတာဝန်က တိုက်ပွဲအမှတ်တစ်သန်း ပေးသော်လည်း ထိုတစ်သန်းကို တပ်တစ်တပ်လုံး ခွဲယူရမည်ဖြစ်ရာ မီးဖီးနစ်တပ်ထဲ၌ တပ်သားတစ်ရာကျော်လောက်သာ ရှိသေးသော်လည်း တစ်ယောက်လျှင် မည်မျှမှ ရမည်မဟုတ်ပေ။
အခြားတပ်များက အနည်းဆုံး တပ်သားငါးသောင်းလောက် ရှိကြသည်။ ကောင်းကင်ခွင်းတပ်တွင်ဆိုလျှင် တပ်သားနှစ်သိန်းရှိသည်။ သို့ဖြစ်ရာ စစ်သူကြီး၊ တပ်မှူးများနှင့် အခြားအရာရှိများက တိုက်ပွဲအမှတ်များကို ခွဲဝေယူပြီးလျှင် သာမန်တပ်သားများအတွက် တိုက်ပွဲအမှတ်မည်မျှသာ ကျန်ပါမည်နည်း။
‘အများကြီးတွေမနေနဲ့... ငါ ဒီတစ်ခုကို ယူလိုက်မယ်’
ကျန်းရီသည် တာဝန်စာလိပ်ထဲရှိ အခြားတာဝန်နှစ်ခုကို ဖတ်ပြီးနောက် ပထမဆုံးတာဝန်ကိုပင် ယူရန် ဆုံးဖြတ်လိုက်သည်။ တာဝန်ထမ်းဆောင်ရမည့် နေရာက မိစ္ဆာချေဖျက်စစ်တပ်၏ ဌာနချုပ်နှင့် အလွန်နီးသည်။ တောင်ပိုင်းမြေရိုင်းဆန်းကြယ်နယ်မြေသို့ရောက်ရန် နေ့တစ်ဝက်သာ သွားရလိမ့်မည်ဟု စာလိပ်ထဲတွင် ဖော်ပြထားသည်။ ထိုတာဝန်အတွက် အချိန်များစွာမလိုရာ စမ်းကြည့်လျှင်လည်း အရှုံးမရှိလောက်ပါပေ။