တောင်းပိုင်းမြေရိုင်းဆန်းကြယ်နယ်မြေ
Vol. 107 Ch. 1495
“စုဝေးကြ...”
မီးဖီးနစ်တပ်ထဲတွင် ကျယ်လောင်သော အော်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ ငွေရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားကြသော တပ်သားများက စစ်ရွက်ဖျင်တဲများထဲမှနေ၍ ချက်ချင်းထွက်လာကြပြီး စစ်ရေးလေ့ကျင့်ကွင်းထဲတွင် စုဝေးလိုက်ကြသည်။ ထိုတပ်သားတစ်ရာကျော်ထဲမှ တစ်ဝက်ကျော်လောက်က ချီမျိုးနွယ်ဝင်များဖြစ်ကြသည်။ မီးဖီးနစ်တပ်က စစ်စည်းကမ်းတင်းကြပ်သဖြင့် ကျန်းရီက အမိန့်ပေးလိုက်သည်နှင့် တပ်သားအားလုံး စည်းစနစ်တကျ စုဝေးလိုက်ကြလေသည်။
“အားလုံး တည်နေရာပြောင်းရွှေ့အစီအရင်ဆီသွားပြီး တောင်ပိုင်းမြေရိုင်းဆန်းကြယ်နယ်မြေဆီ တည်နေရာပြောင်းရွှေ့ရမယ်။ ကျွန်တော်တို့ တာဝန်တစ်ခုအတွက် တိုက်ပွဲထွက်ရတော့မယ်...”
ကျန်းရီသည် စကားပလ္လင်များ ခံမနေဘဲ လိုရင်းကို တန်းပြောလိုက်သည်။ ထို့နောက် သူ လက်ဝှေ့ယမ်း၍ ချီရွယ်၊ ချီရှား၊ အဆိပ်ဝိညာဉ်နှင့် တိလင်အာတို့ကိုခေါ်၍ ကျောက်စိမ်းဖြူရင်ပြင်ဆီသို့ သွားလိုက်လေသည်။ တိလင်အာက မီးဖီးနစ်တပ်၏ စာရေးတစ်ယောက် ဖြစ်လာပြီဖြစ်၍ မီးဖီးနစ်တပ်ထဲတွင် တိုက်ပွဲအမှတ်များ ခွဲဝေပေးရန် တာဝန်ယူရသည်။ ထို့ကြောင့် သူမထံတွင် အာဏာအနည်းငယ် ရှိပေသည်။ သူမ၏အဆင့်က ချီရွယ်နှင့် ချီရှားတို့ထက် တစ်ဆင့်သာနိမ့်သည်။
မီးဖီးနစ်တပ် ရင်ပြင်ထဲတွင် ရောက်သောအခါ ရဲတိုက်တစ်လုံးက လင်းလက်လာပြီး အဖြူရောင်အလင်းတန်းတစ်ခု ပျံထွက်လာ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအလင်းတန်းက ကျန်းရီတို့အရှေ့သို့ ရောက်လာသည်။ ချီချင်ချန်က သူမ၏စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အလွန်သူရဲကောင်းဆန်နေပေသည်။ သူမ၏ ယခုပုံစံက ပုံမှန် နူးညံ့သိမ်မွေ့သော သခင်မလေးပုံစံနှင့် လုံးဝကွဲပြားနေသည်။ သူမသည် မီးဖီးနစ်တပ်ကိုကြည်၍ ပြောလိုက်သည်။
“မီးဖီနစ်တပ်သားတွေ အကုန်လုံး နားထောင်ကြ... ကျွန်မက မီးဖီးနစ်တပ်ရဲ့ တာဝန်တွေကနေပြီး တိုက်ပွဲအမှတ်တစ်မှတ်မှ ယူမှာမဟုတ်ဘူး။ တိုက်ပွဲအမှတ်အကုန်လုံးကို တပ်သားတွေကိုပဲ ခွဲဝေပေးမယ်။ အားလုံး ရွပ်ရွပ်ချွံချွံ တိုက်ကြပါ။ တိုက်ပွဲမှာကျဆုံးသွားတဲ့ သူတွေရဲ့ မိသားစုတွေကိုလည်း ကျွန်မက နတ်ဘုရားအမြစ်ဆယ်သန်း ထောက်ပံ့ပေးဦးမှာပါ”
“ဝိုး...”
မီးဖီးနစ်တပ်ထဲတွင် အုတ်အော်သောင်းနင်းဖြစ်သွား၏။ ဘေးမှ ကြည့်နေကြသူများလည်း သူတို့အချင်းချင်း တီးတိုးပြောဆိုလိုက်ကြသည်။ ကျန်းရီလည်း အထင်ကြီးသွား၏။ ချီချင်ချန်၏ ရွှေ့ကွက်က အတော်လေးပြောင်မြောက်ပေသည်။ ယခုတွင် မီးဖီးနပ်တပ်ထဲမှ တပ်သားအားလုံးက အစွမ်းကုန်ထုတ်သုံး၍ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြပေတော့မည်။
ထို့ပြင် ဤသတင်း ပျံ့နှံ့သွားသည်နှင့် အခြားတပ်များမှ စွမ်းအားကြီး သိုင်းသမားများကလည်း မီးဖီးနစ်တပ်ထဲ ဝင်လိုလာကြပေလိမ့်မည်။ ထုံးစံအရ စစ်သူကြီးက တိုက်ပွဲကိုလိုက်မည်ဆိုလျှင် စုစုပေါင်းတိုက်ပွဲအမှတ်၏ ဆယ်ပုံသုံးပုံကို ရမည်ဖြစ်သည်။ ယခုတွင် ချီချင်ချန်သည် သူမက တိုက်ပွဲအမှတ်တစ်မှတ်မှ ယူမည်မဟုတ်ဘဲ တိုက်ပွဲတွင် ကျဆုံးသွားသူများ၏ မိသားစုများကိုလည်း နတ်ဘုရားအမြစ်ဆယ်သန်း ထောက်ပံ့ပေးမည်ဟု ပြောလိုက်သည်။ သို့ဖြစ်ရာ သူတို့ တိုက်ပွဲတွင် သေသွားမည်ဆိုလျှင်ပင် သူတို့၏မိသားစုများက အခက်အခဲမရှိ ဆက်ရပ်တည်နိုင်မည်ဖြစ်သည်။
မီးဖီးနစ်တပ်သားများသည် တက်ကြွစွာဖြင့် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုထဲသို့ ဝင်လိုက်ကြ၏။ ဤနေရာမှ တည်နေရာပြောင်းရွှေ့အစီအရင်များက အလွန်ကြီးကြသဖြင့် မီးဖီးနစ်တပ်၏ တပ်သားတစ်ရာကျော်လောက်က တစ်ပြိုင်တည်း တည်နေရာပြောင်းရွှေ့နိုင်ပေသည်။ တည်နေရာပြောင်းရွှေ့အစီအရင် လင်းလက်လာပြီး မီးဖီးနစ်တပ် တည်နေရာပြောင်းရွှေ့သွားပြီးနောက် သခင်လေးများနှင့် သခင်မလေးများက သူတို့၏ ရဲတိုက်များထဲမှ ပျံထွက်လာကြပြီး ဖြစ်ပျက်ခဲ့သည်များကို ဆွေးနွေးလိုက်ကြသည်။ သို့သော် အများစုသည် မနာလိုဖြစ်နေကြသဖြင့် ရွဲ့စောင်းသည့်မှတ်ချက်များသာ ပြုလိုက်ကြပေသည်။
***
တောင်ပိုင်းမြေရိုင်းဆန်းကြယ်နယ်မြေက မိစ္ဆာချေဖျက်တောင်ကြားနှင့် သိပ်မဝေးပေ။ ထိုဆန်းကြယ်နယ်မြေများသည် ရှေးဟောင်းခေတ်ကတည်းက အာကာသထဲတွင် တည်ရှိနေကြခြင်းဖြစ်သည်။ ထိုဆန်းကြယ်နယ်မြေအများစုတွင် ဝိညာဉ်စွမ်းအင် နည်းပါးသဖြင့် လူသားများ အခြေချနေထိုင်ရန် မသင့်တော်ပေ။ ထို့ပြင် ဆန်းကြယ်နယ်မြေများထဲမှ ရာသီဥတုအခြေအနေများ၊ မြေမျက်နှာသွင်ပြင် အခြေအနေများက ဆိုးဝါးသဖြင့် စစ်တပ်များပင် စခန်းမချကြချေ။
သို့သော် အချို့ဆန်းကြယ်နယ်မြေများထဲတွင် အရင်းအမြစ်များ အပြည့်ရှိကြသည်။ မင်ရည်တောင်ပံဆန်းကြယ်နယ်မြေမှာ ထိုသို့သော ဆန်းကြယ်နယ်မြေတစ်ခုဖြစ်သည်။ ၎င်းဆန်းကြယ်နယ်မြေက အထက်ဘုံရှိ နံပါတ်(၁)ဆန်းကြယ်နယ်မြေလည်းဖြစ်သည်။ ၎င်းနယ်မြေထဲရှိ မိုးမြေဝိညာဉ်စွမ်းအင်က အလွန်သိပ်သည်းပြီး နယ်မြေထဲတွင် ဆန်းကြယ်သော သက်ရှိအမျိုးမျိုး နေထိုင်ကြသည်။ မင်ရည်တောင်ပံမျိုးနွယ်သည် ၎င်းဆန်းကြယ်နယ်မြေမှနေ၍ အကျိုးအမြတ်များစွာရခဲ့၍ အထက်ဘုံ၏ နံပါတ်(၁)မျိုးနွယ် ဖြစ်လာခြင်းပင်။
တောင်ပိုင်းမြေရိုင်းဆန်းကြယ်နယ်မြေက အတော်လေး ကြီးမားသလို အန္တရာယ်များသောနယ်မြေတစ်ခုအဖြစ်လည်း ကျော်ကြားသည်။ ထိုနယ်မြေထဲတွင် အဆိပ်ငွေ့များက နေရာအနှံ့တွင် ရှိနေသည်။ လူသားများသာ ထိုနယ်မြေထဲတွင် ကြာရှည်နေမည်ဆိုလျှင် ခန္ဓာကိုယ်လုပ်ဆောင်မှုများ ရပ်တန့်သွားပေလိမ့်မည်။ ထို့ကြောင့် မည်သည့်စစ်တပ်၊ မည်သည့်တပ်ဖွဲ့ကမှ ၎င်းနေရာတွင် စခန်းမချထားပေ။ သို့ဖြစ်၍လည်း တမလွန်ဘုံက အလွယ်တကူ ကျူးကျော်လာနိုင်ခဲ့ခြင်းဖြစ်သည်။ တမလွန်ဘုံမိစ္ဆာများက ထိုနယ်မြေထဲသို့ အဆက်မပြတ် ရောက်လာနေ၍ ၎င်းတို့ကို ရှင်းမပစ်လျှင် ပြဿနာတက်လာနိုင်ပေသည်။
ရွှီး...
အဖြူရောင်အလင်းတန်းတစ်တန်း လင်းလက်သွား၏။ တာဝန်စာလိပ်ထဲတွင် တောင်ပိုင်းမြေရိုင်းဆန်းကြယ်နယ်မြေက မိစ္ဆာချေဖျက်တောင်ကြားနှင့် မဝေးကြောင်း ဖော်ပြထားသော်လည်း ကျန်းရီသည် သူတို့က အနည်းဆုံး ခြောက်နာရီကျော် ခုနစ်နာရီလောက် တည်နေရာပြောင်းရွှေ့လိုက်ရသည်ဟု ခံစားရ၏။ သူတို့ ရောက်သွားသောအခါ ကျန်းရီ ယိုင်ထိုးသွားပြီး မြေပြင်ပေါ် လဲကျမလိုပင် ဖြစ်သွားသည်။ အဆိပ်ဝိညာဉ်က သူ့ကို ချက်ချင်း တွဲလိုက်၍သာ တော်သေးသည်။
တပ်သားများသည် ကျန်းရီကို သံသယများ၊ လှောင်ပြောင်မှုများနှင့် ကြည့်လိုက်ကြ၏။ မည်သည့်တပ်သားကမှ ယိုင်ထိုးမသွားခဲ့သည် မဟုတ်လော။ အဘယ်ကြောင့် ချီချင်ချန်က ထိုလူကို ကြီးကြပ်စစ်သူကြီးအဖြစ် ရွေးချယ်ရခြင်းဖြစ်ကြောင်းကို သူတို့ နားမလည်နိုင်ကြပါပေ။ ချီရွယ်နှင့် ချီရှားတို့သည်လည်း ကျန်းရီက အတော်လေး အားနည်းကြောင်း သိထားကြသည်။ သူက သူ၏အားနည်းမှုကို ဖုံးကွယ်ရန်ပင် ကြိုးစားမနေချေ။ ယခုတွင် သူ၏ မျက်နှာက ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေပေသည်။
“မြေပုံ...”
ချီချင်ချန်က ကျန်းရီကို လျစ်လျူရှု၍ အော်ပြောလိုက်၏။ ချီရွယ်က ပြင်ဆင်လာခဲ့ပြီးဖြစ်၍ တောင်ပိုင်းမြေရိုင်းဆန်းကြယ်နယ်မြေ၏မြေပုံကို ခပ်သွက်သွက် ထုတ်ပေးလိုက်သည်။ ချီချင်ချန်သည် မြေပုံကို အတန်ကြာ ကြည့်ပြီးနောက် တာဝန်နေရာကို အတည်ပြုကာ ကျန်းရီကို လှမ်းပြောလိုက်သည်။
“တာဝန်နေရာက တောင်ဘက်မှာပဲ။ ဒီကနေ အဲ့ကိုရောက်ဖို့ နေ့ဝက်လောက် သွားရလိမ့်မယ်။ ချီဖေး.. ရှင်က အရှေ့ကနေ ဦးဆောင်ပါ”
“ဟုတ်ကဲ့ပါ”
စစ်နတ်ဘုရားအဆင့် တပ်သားတစ်ယောက်က လက်ဆုပ်၍ အမိန့်နာခံလိုက်၏။ ထို့နောက် သူသည် လူဆယ်ယောက်ကို ခေါ်၍ အရှေ့သို့ ပျံသွားလိုက်သည်။ ကျန်းရီသည် အတန်ငယ် ခေါင်းမူးသက်သာလာပြီဖြစ်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူ့မျက်နှာ သိသိသာသာ မည်းမှောင်သွားပေသည်။ ယခုတွင် သူတို့က စင်ကြီးတစ်ခုပေါ်တွင် ရှိနေခြင်းပင်။ ထိုစင်ပေါ်တွင် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု ရှိသည်။ စင်ပတ်ပတ်လည်ကို ရုပ်တုကြီးများက ဝန်းရံထား၍ အလင်းဒိုင်းတစ်ခု ဖန်တီးထားသည်။ စင်ပေါ်တွင် အစောင့်အကြပ်သုံးယောက်သာရှိသည်။ ထိုအစောင့်အကြပ်များက စင်ထောင့်တစ်နေရာတွင် တင်ပျဉ်ခွေထိုင်နေကြပြီး မီးဖီးနစ်တပ်ကို လုံးဝလျစ်လျူရှုထားပေသည်။
စင်အပြင်ဘက်၌ မြေရိုင်းလွင်ပြင်ကြီးရှိ၏။ ထိုလွင်ပြင်ကြီး၏ နေရာတော်တော်များများကို မြူခိုးနက်များက လွှမ်းခြုံထားသည်။ ကောင်းကင်ကလည်း အတော်လေး မည်းမှောင်နေသည်။ ထို့ပြင် ဤနေရာမှ မိုးမြေဝိညာဉ်စွမ်းအင်က ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ စွမ်းအင်ထက်ပင် နည်းသေးသည်။ ပတ်ဝန်းကျင်တွင် မည်သည့်အပင်မှလည်း ရှိမနေသဖြင့် ခြောက်ကပ်မှုကို ခံစားရကာ စိတ်မသက်မသာ ဖြစ်စေသည်။ ဤနေရာ၌ မိစ္ဆာများ ပုန်းအောင်းနေကြပြီး ထိုမိစ္ဆာများက သူတို့ကို အချိန်မရွေးတိုက်ခိုက်ကြတော့မလို ခံစားရပေသည်။
“သွားမယ်...”
ချီချင်ချန်က ကျန်းရီကို တစ်ချက်ကြည့်၍ အလင်းဒိုင်းအပြင်သို့ ပျံထွက်သွားလိုက်၏။ ချီရွယ်နှင့် ချီရှားတို့က နောက်မှ ထပ်ကြပ်မကွာလိုက်သွားကြသည်။ အဆိပ်ဝိညာဉ်သည်လည်း ကျန်းရီကိုခေါ်၍ လိုက်သွားလိုက်သည်။ တိလင်အာကမူ ကျန်းရီတို့နောက်မှ ပါလာပေသည်။ ကျန်တပ်သားတစ်ရာ့သုံးဆယ်လောက်က နောက်ဆုံးမှ လိုက်ကြသည်။
အလင်းဒိုင်းအပြင်ဘက်သို့ ရောက်သောအခါ ပို၍ပင် မသက်မသာ ခံစားလာရ၏။ သူတို့က တမလွန်ဘုံထဲသို့ ရောက်သွားပြီး သေခြင်းတရား၏ အငွေ့အသက်က သူတို့ကို လွှမ်းခြုံထားသလိုပင်။ ထိုအငွေ့အသက်က မိစ္ဆာဆန်ပြီး တိုက်စားနိုင်ပေသည်။ ကျန်းရီသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ သို့သော် မည်သို့မှ မပြောဘဲ အဆိပ်ဝိညာဉ်၏ ဆွဲခေါ်မှုအတိုင်း ပျံလိုက်သွားလိုက်သည်။ ကျန်းရီ၏ လက်ရှိအမြန်နှုန်းက အလွန်နှေးသေးသည်။ သူ့ဘာသာ ပျံသန်းမည်ဆိုလျှင် သူ တပ်ကို အမီလိုက်နိုင်လိမ့်မည် မဟုတ်ချေ။
အနောက်မှ တပ်သားတစ်ရာ့သုံးဆယ်လောက်သည် ကျန်းရီက အခြားတစ်ယောက်၏ ဆွဲခေါ်မှုကို ခံနေရကြောင်း တွေ့လိုက်သောအခါ လှောင်ပြုံးပြုံးလိုက်ကြ၏။ စွမ်းအားကြီး သိုင်းသမားအားလုံးတွင် မာန်မာနရှိကြသည်။ ကြီးကြပ်စစ်သူကြီးက သူတို့ထက် ပို၍စွမ်းအားကြီးမည်ဆိုလျှင် သူတို့ သူ၏ဩဇာအာဏာကို ခံကြမည်ဖြစ်သည်။ သို့သော် ကျန်းရီ၏လက်ရှိအင်အားက သူတို့ထက် နိမ့်နေရာ သူတို့၏ ရင်ထဲတွင် ပုန်ကန်လိုစိတ်လေးများ ထွက်လာကြပေသည်။
ချီချင်ချန်၏ ဩဇာအာဏာကိုတော့ မေးခွန်းထုတ်စရာမရှိချေ။ သူမက ကျန်းရီကို ကြီးကြပ်စစ်သူကြီးရာထူး ပေးလိုက်ပြီဖြစ်ရာ မည်သူကမှ အထွန့်မတက်ဝံ့ကြပေ။ သို့သော် တပ်သားများ၏ ရင်ထဲတွင် မကျေနပ်မှုလေးများ ရှိနေခြင်းကိုတော့ မည်သို့မှ မတတ်နိုင်ပါပေ။
ကျန်းရီသည် ပျံသန်းနေရင်းဖြင့် ပျင်းလာ၏။ အဘယ်ကြောင့် ချီချင်ချန်က အဆင့်မြင့် နတ်ဘုရားလှေတစ်စင်းကို ထုတ်မသုံးရခြင်းနည်းဟုလည်း တွေးလိုက်သည်။ သို့ဆိုလျှင် ပိုမြန်မည် မဟုတ်လော။ မိမိဘာသာ ပျံသန်းရခြင်းက ပျင်းစရာကောင်းကာ ပင်လည်းပင်ပန်းပေသည်။
ကျန်းရီ ထိုသို့တွေးမိသောအခါ ချီချင်ချန်ထံ အသံပို့လွှတ်၍ မေးလိုက်၏။ ချီချင်ချန်က သူ့ထံ အသံပြန်မပို့လွှတ်ဘဲ ပါးစပ်မှ ပြောလိုက်သည်။
“ကျန်းရီ... ရှင်ရဲ့ အသိဉာဏ်က အဲ့လောက်ပဲဆိုရင် အုပ်ချုပ်သူအဆင့်ကို တက်လှမ်းနိုင်ဖို့ အိပ်မက်မက်မနေသင့်ဘူး။ စွမ်းအားအကြီးဆုံး နတ်ဘုရားလှေတွေရဲ့ အမြန်နှုန်းကတောင် စစ်နတ်ဘုရားတွေရဲ့ အမြန်နှုန်းကို မယှဉ်နိုင်ဘူး။ ဟွင့်သွမ့်နတ်ဘုရားလှေတွေဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဒါပေမဲ့ ဟွင့်သွမ့်နတ်ဘုရားလှေတွေကလည်း ဆန်းကြယ်နယ်မြေထဲမှာ မပျံသန်းနိုင်ကြဘူး။ နောက်တစ်ခါက ကျွန်မကို အဲ့လို ရူးကြောင်ကြောင်မေးခွန်းတွေ မမေးပါနဲ့။ အဆိပ်ဝိညာဉ်ကိုပဲ မေးလိုက်ပါ...”
ကျန်းရီ ရှက်ရွံ့ဟန်ဖြင့် နှာခေါင်းကုတ်လိုက်၏။ ထိုကဲ့သို့ နှိမ့်ချပြောဆိုခံရခြင်းက သူ၏ဂုဏ်သိက္ခာကို အလွန်ထိခိုက်စေသည်။ အထူးသဖြင့် လှပသော အမျိုးသမီးတစ်ယောက်၏ နှိမ့်ချပြောဆိုမှုကို ခံရလျှင် ပိုဆိုးပေသည်။
ကျန်းရီ နှုတ်ခမ်းမဲ့လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ပျံသန်းရင်း ကျင့်ကြံသွားရန်သာ ဆုံးဖြတ်လိုက်၏။ သူခရီးက နေ့ဝက်သာ ကြာမည်ဖြစ်သော်လည်း ထိုအချိန်က သူ့အတွက် အတော်ကြာပေသည်။ ချီဖေးသည် လူများစေလွှတ်၍ ပတ်ဝန်းကျင်ကို ကင်းထောက်နေရာ သူတို့ အလွန်လုံခြုံပေသည်။ ထို့ပြင် ချီချန်ချန်ကလည်း သူတို့နှင့်အတူ ရှိနေသည် မဟုတ်လော။
သို့သော် ဤနေရာရှိ ဝိညာဉ်စွမ်းအင်က အလွန်နည်းလွန်းရာ ကျန်းရီ များစွာမကျင့်ကြံနိုင်ချေ။ ထို့ကြောင့် သူ စည်းမျဉ်းဆန်းကြယ်စွမ်းရည်များကို လေ့လာရန်၊ ပုန်းကွယ်ခြင်းအတတ်ကို အခြေခိုင်အောင်လုပ်ရန်နှင့် နတ်ဘုရားအသံကောင်းကင်အတတ်ကို သုံးသပ်ရန်သာ ဆုံးဖြတ်လိုက်သည်။ ထိုအရာများ လုပ်နေရာ အချိန်က ကုန်မှန်းမသိ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။ သူ အာရုံစိုက်နေဆဲမှာပင် အဆိပ်ဝိညာဉ်က သူ့ထံ အသံပို့လွှတ်လာသည်။
“အရှင်ငယ်... ကျွန်တော်တို့ ရောက်ပါပြီ။ တိုက်ပွဲ စတော့မယ်”
“အို့...”
ကျန်းရီ မျက်လုံးဖွင့်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူတို့က တောင်ကြားကြီးတစ်ခု၏ အပြင်တွင် ရောက်နေကြပေသည်။ ဘေးနှစ်ဘက်မှ တောင်ကြီးများကလည်း မိုးထိအောင် မြင့်မားနေကြသည်။ တောင်ကြားထဲတွင် ထူထပ်သော တောအုပ်တစ်ခုရှိပြီး ထိုတောအုပ်ကို မြူခိုးနက်များက လွှမ်းခြုံထားသည်။ ကောင်းကင်စိတ်အာရုံများက ထိုတောအုပ်ထဲကို အာရုံမခံနိုင်ကြပေ။
ဝှစ်...
ချီဖေးသည် လူအနည်းငယ်နှင့်အတူ တောင်ကြားထဲမှ ပျံထွက်လာ၏။ ထို့နောက် သူ လေထဲတွင် ဒူးထောက်ကာ ပြောလိုက်သည်။
“စစ်သူကြီး... ကျွန်တော်တို့ အရှေ့ကို ထောက်လှမ်းခဲ့ပါပြီ။ အထဲမှာ တကယ်ပဲ တမလွန်ဘုံမိစ္ဆာတွေ ရှိနေပါတယ်”
“ကောင်းကင်လှည့်ပတ်ပုံစံခင်း... တောင်ကြားထဲ ဝင်ကြမယ်”
ချီချင်ချန်က အော်ပြောလိုက်၏။ သူမ၏လက်ထဲတွင်လည်း အနီရောင် ဓားပျော့တစ်ချောင်း ထွက်ပေါ်လာသည်။ တပ်သားတစ်ရာကျော်သည် ရုတ်ခြည်း လူဖြန့်လိုက်ပြီး စက်ဝိုင်းပုံ နေရာယူကာ လှည့်ပတ်ပျံသန်းလိုက်ကြ၏။ ထို့နောက် ထိုပုံစံအတိုင်း တောင်ကြားထဲ လျင်မြန်စွာပျံဝင်သွားကြလေသည်။