အကြီးအကဲလင်းယု....
Vol. 38 Ch. 526
မျက်စိတစ်မှိတ်အတွင်း အချိန်နှစ်ရက်တာကုန်ဆုံးသွားသည်။
ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသည့် စက်ဝိုင်းကွင်းတစ်ခု ရှန့်ပိန်းနေရာလွတ်အလယ်တွင်ပေါ်လာပြီးရှန့်ပိန်းတွေ့ဆုံပွဲတွင် ပါဝင်သည့် ကျောင်းသားများအားလုံး ထိုနေရာတွင် စုဝေးခဲ့ကြသည်။ ၎င်းတို့သည် သက်ဆိုင်ရာကျောင်းများ၏ ရွေးချယ်ခံရသော အထက်တန်းစားများဖြစ်သော်လည်း ဤနေရာတွင် ကြည့်ရှုသူများသာဖြစ်သည်။ ရောနှောအဆင့်ပြိုင်ပွဲများတွင် ၎င်းတို့အများစုကတော့ ပါဝင်နိုင်တော့မည်မဟုတ်ပေ။
အဖွဲ့များသည် ၎င်းတို့၏ ကျောင်းများက လှိုက်လှိုက်လှဲလှဲ အားပေးမှုများနှင့်အတူ ကျောက်စိမ်းစင်မြင့်ဆီလျှောက်လာနေကြသည်။
"ဒါက သယ်ယူပို့ဆောင်ရေးဌာနတစ်ခုလိုပဲ"
၎င်း၏မျက်နှာပြင်တစ်လျှောက် ထိန်းချုပ်ထားသော အလင်းရောင်ပုံစံများနှင့် သူ့အောက်ကြမ်းပြင်တွင် ငုပ်လျှိုးနေသော စွမ်းအင်ကို သတိပြုမိကြောင်း လီလော့က ကျန်းချင်းအာကိုကပ်ပြောလိုက်သည်။
ကျန်းချင်းအာနှင့် မင်းသမီးတို့က သဘောတူကြောင်းခေါင်းညိတ်လိုက်ကြသည်။
သူတို့နှစ်ယောက်အတူတကွရပ်နေခြင်းသည် ရှန့်ပိန်းတွေ့ဆုံပွဲ တစ်ခုလုံးတွင် အလှဆုံးမြင်ကွင်းတစ်ခုဖြစ်သည်။ ထို့အပြင် ကျန်းချင်းအာ၏ ဂုဏ်သတင်းသည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည်။
မင်းသမီးသည် လှပတင့်တယ်ပြီး သူမ၏ ဆွဲဆောင်မှုတစ်စိတ်တစ်ပိုင်းအဖြစ် တော်ဝင်ဆန်သောအလှကိုပိုင်ဆိုင်ထားသည်။
"ဘာလို့ ကျန်းချင်းအာက ကုန်းရှန်ကျွင်းနဲ့မပူးပေါင်းတာလဲ.... "
"ဟုတ်တယ်၊ အဲ့ဒါ ထူးဆန်းတယ်.... ကုန်းရှန်ကျွင်းက အသန်မာဆုံး ကြယ်လေးပွင့် ကျောင်းသားမလား..."
"မင်းတို့တွေက ရှပြည်ထောင်စုရဲ့မင်းသမီးကိုအထင်သေးနေကြတာလား....မင်းသမီးက ကုန်းရှန်ကျွင်းထက် သိပ်အားနည်းတာမှမဟူတ်တာ... ကျန်းချင်းအာလည်း သူ့အနားမှာ ရှိနေတော့ သူတို့က သန်မာတုန်းပဲ....."
"ဒီလိုအသန်မာဆုံးနှစ်ယောက်နဲ့သာဆို လီလော့တော့ အနေကြပ်ပြီပဲ....."
" ဒါပေမယ့် လီလော့ကလည်း အသန်မာဆုံးကျောင်းသားပဲလေ.... သူ့မှာ အားသာချက်အဖြစ်ပဲ့တင်ထပ်သံနှစ်ခုရှိတာပဲ...ဒါပေမယ့် အောင်းပိုင်ကိုယှဉ်နိုင်ပါ့မလားမသိဘူး...."
"ဘာပဲပြောပြော ဉာဏ်အလင်းကောလိပ်က အသန်မာဆုံးအဖွဲ့လို့ထင်တယ်....လန်လန်၊လုဂျင်းစီနဲ့ ကျင်းထန်ရှုတို့က တဖွဲ့တည်းလို့ကြားထားတယ်.... သူတို့အဖွဲ့မှာ ရင်ထိုးတစ်ခုပဲ ရှိပေမယ့် အရေးကြီးဆုံးက နောက်ဆုံးပြိုင်ပွဲမှာ အနိုင်ရဖို့ပဲလေ....."
"အင်း ဒါအမှန်ပဲ..."
လီလော့ ထိုစကားများကို ရှင်းရှင်းလင်းလင်းကြားနေရသည်။ထို့အပြင် ကျင်းထန်ရှုကိုလည်း ခပ်လှမ်းလှမ်းတွင်မြင်နေရသည်။
သူသည် သူ၏အသင်းဖော်နှစ်ယောက်ဖြစ်သည့် လန်လန်၊လုဂျင်းစီတို့နှင့် စကားပြောရင်း ရယ်မောနေသည်။
သူ့အကြည့်တွေကို ခံစားလိုက်ရသလို၊ ကျင်းထန်ရှု မော့ကြည့်လိုက်တော့ သူတို့ မျက်လုံးချင်းဆုံသွားခဲ့ကြသည်။ထိုအခါ ကျင်းထန်ရှု၏ မျက်နှာပေါ်ရှိ အပြုံးများ အနည်းငယ် မှိန်ဖျော့သွားပြီး သူ့ကို လှမ်းကြည့်နေသည်။
လုဂျင်းစီကလည်း ဒါကိုမြင်တော့....
“ငါ သူတို့ကို မင်းနဲ့အတူချေမှုန်းပစ်မယ်....” လို့ ဒေါသတကြီးနဲ့ ပြောလိုက်လေသည်။
"အနည်းဆုံးတော့ မင်းက လီလော့နဲ့တစ်ယောက်ချင်းတိုက်ပြီးရှုံးခဲ့တာမို့ ခံသာသေးတယ်.....ငါက အဖွဲ့လိုက်တိုက်တာတောင်ရှုံးခဲ့တာမို့ ခေါင်းမဖော်ရဲလောက်အောင်ပဲ...."
ထိုကိစ္စကြောင့် သူ အတော်လေး ရူးချင်နေမိသည်။ ထိုအကြံသည် ကျင်းထန်ရှု၏ အကြံအစည်ဖြစ်သည်။ ဒါပေမယ့် သူသာလျှင် သမင်တစ်ကောင်လို ချိတ်ဆွဲပြီး လေးဘက်လေးတန် သံမှိုရိုက်ခံခဲ့ရသည်။
ကျင်းထန်ရှုက တောင်းပန်သည့်အနေဖြင့် ခပ်သော့သော့ ရယ်လိုက်ပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။
"စီနီယာလန်လန်၊ ကျေးဇူးပြုပြီး ကူညီကယ်တင်ပေးပါဉီး...."
"ဂျူနီယာကျင်း ...မင်းက လုဂျင်းစီကို ဖျက်ဆီးလိုက်ရုံတင်မကဘဲ အခု ငါ့ကိုပါ ဖျက်ဖို့ ကြိုးစားနေတာလား...."
လန်လန်က ရယ်လိုက်သည်။
"အဲ့လို မဟုတ်ပါဘူး....ကြယ်လေးပွင့်ခန်းမမှာ အစ်ကိုပ အသန်မာဆုံး ကောင်းကင်ပုလဲသွယ်အဆင့် ကျွမ်းကျင်သူပါ.... ကျန်းချင်းအာက အဆင့်ကိုးပဲ့တင်ထပ်သံရှိပေမယ့် ကမ္ဘာမြေနဲ့ရင်းနှီးခြင်းအဆင့်ပဲရှိသေးတယ်...."
လန်လန်က ပြုံးပြုံးရွှင်ရွှင်နဲ့ ခေါင်းညိတ်ပြပေမယ့် ဘာမှမချေပခဲ့ပေ။
လီလော့က ကျင်းထန်ရှုကိုတစ်ချက်သာ ကြည့်ပြီး လန်လန့်ကို အာရုံစိုက်လိုက်သည်။ ဤလူသည် မည်မျှကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ကို သူနားလည်နိုင်သည်။
"လန်လန်က တကယ်ကို တစ်ခုခုပဲ....."
ထိုစဉ် ကျန်းချင်းအာ၏ခပ်တိုးတိုးသတိပေးသံကိုကြားလိုက်ရသည်။
"သူ့မှာ အဆင့်ခုနှစ် ရေပဲ့တင်ထပ်သံပဲရှိပေမယ့် အဆင့်ရှစ် အဆင့်မြင့်ပဲ့တင်ထပ်သံတော်တော်များများကို ချေမှုန်းနိုင်လောက်အောင် ပြင်းထန်တယ်....."
"ပဲ့တင်ထပ်သံအဆင့်တွေက ကျင့်ကြံခြင်းဆိုင်ရာ အကျိုးကျေးဇူးကို ပေးစွမ်းပေမယ့် လုံးဝမှန်ကန်နေတာမျိုးတွေလည်းမဟုတ်ဘူး.... ဉာဏ်အလင်းကောလိပ်ရဲ့ မင်ဘုရင်ကျမ်းစာရဲ့ခြိမ်းခြောက်မှုကို ဘယ်သူမျှ အမှန်တကယ်မယှဉ်နိုင်ဘူး..."
မင်းသမီးက သဘောတူကြောင်းခေါင်းညိတ်လိုက်သည်။
လီလော့သည် သူမ၏ အသံထဲက ကြောက်ရွံ့မှုကို သတိပြုမိကာ ခေါင်းညိတ်လိုက်သည်။ အမှန်အတိုင်းပြောရရင် သူသည်ဘုရင်အဆင့်ကျွမ်းကျင်သူနဲ့ တစ်ခါမှမတွေ့ဖူးခဲ့ပေ။ ဘုရင်အဆင့်၏ဖိအားကတော်တန်ရုံလူခံနိုင်သောအရာမဟုတ်ပေ။
လန်လန်သည် ဉာဏ်အလင်းကောလိပ်၏မင်ဘုရင်ကျမ်းစာကိုလေ့ကျင့်နိုင်သဖြင့် တကယ်ကို အထင်ကြီးစရာကောင်းလှသည်။
လီလော့သည် အခြားအဖွဲ့များကို ဖြတ်ကျော်လာစဉ် ရင်းနှီးနေသော မျက်နှာအနည်းငယ်ကို တွေ့လိုက်ရသည်။
စွန်းတရှန်....လုမင်..
သေချာတာကတော့ သူတို့နှစ်ယောက်သည်လည်း ကြယ်နှစ်ပွင့်ခန်းမကို ဆန့်ကျင်နိုင်သည့် ကြယ်တစ်ပွင့်ခန်းမကျောင်းသားများဖြစ်ကြသည်။
ရုတ်တရက် လီလော့ အကြည့်က ရပ်သွားသည်။
လက်ထဲတွင် ယပ်တောင်ကိုင်ထားသော မင်းသားလေးလို ချောမောသော လူတစ်ယောက်ကို မြင်လိုက်ရသောကြောင့်ပင်..
ထိုလူငယ်သည် မြောက်ပိုင်းပင်လယ်ကောလိပ်၏ ကြယ်နှစ်ပွင့်ကျောင်းသား အောင်းပိုင်ဖြစ်သည်။
သူသည် မြေနတ်ဆိုးခန္ဓာအဆင့်သို့ အပြည့်အ၀ မရောက်သေးသော်လည်း နတ်ဆိုးခန္ဓာ စတင်ဖွဲ့စည်းနေပြီဖြစ်သည်။ ၎င်းကို စစ်သူကြီးတစ်ပိုင်းအဆင့်ဟု လူသိများပြီး ၎င်းသည် အခြားသော ကြယ်ပွင့်ခန်းမ ပြိုင်ဖက်များဖြစ်သော ဇူရွှမ်းထက် သာလွန်သည်။
"ဝိုး....နေရာတိုင်းမှာ ပါရမီရှင်တွေချည်းပါပဲလား..."
လီလော့က ခြောက်ကပ်စွာမှတ်ချက်ချလိုက်သည်။
ထိုစဉ် တီးမှုတ်သံ ထွက်ပေါ်လာပြီး လူတစ်ဦး စင်မြင့်ပေါ်သို့ တက်လာသည်။ ထို့နောက် စုရှင်းအပါအဝင် ကောလိပ်အသီးသီး၏တာဝန်ခံများတဖွဲဖွဲတက်ရောက်လာသည်။
ဒါပေမယ့် လီလော့ရဲ့ အာရုံစိုက်မှုကို ခံခဲ့ရသူကတော့ ဗဟိုကျောင်းသားသမဂ္ဂအဖွဲ့ချုပ်၏ ယူနီဖောင်းကို ဝတ်ဆင်ထားသူဖြစ်သည်။ အဘိုးအိုသည် တခေါင်းလုံး ဆံပင်ဖြူများနှင့်ပြည့်နှက်နေပြီး မျက်ခုံးမွှေးများက မီးတောက်သလို နီရဲနေသည်။ ထိုအဖိုးအိုကြောင့် ပတ်ဝန်ကျင်ရှိလေထုက တမဟုတ်ချင်းပူနွေးလာပြီး ကျောင်းသားအားလုံး ချွေးဒီးဒီးကျဆင်းနေသည်။
"သူက ရှန့်ပိန်းတွေ့ဆုံပွဲကို စီစဉ်ဖို့ ဗဟိုကျောင်းသားအဖွဲ့ချုပ်က စေလွှတ်လိုက်တဲ့ အကြီးအကဲယု"
မင်းသမီး၏သတိပေးစကားကြောင့် လီလော့၏သိချင်စိတ်များ ပိုမိုပြင်းပြလာသည်။
ထိုစဉ် မျက်ခုံးနီနဲ့ လူကြီးက ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ပြုံးပြရုံမျှဖြင့် လူစုလူဝေး၏ စကားသံများ တိတ်ကျသွားလေသည်။
" ပထမဦးဆုံး ခန်းမအဆင့်ပြိုင်ပွဲ အောင်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါရစေ....ရောနှောအဆင့်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရတယ်ဆိုကတည်းက တကယ်ကိုသန်မာကြလို့ပဲပေါ့.... ဒါပေမယ့်လည်း မင်ယတို့အများစုကတော့ ဒီနေရာတင် ရပ်တန့်လိုက်ကြရတော့မယ်....ရောနှောအဆင့်ပြိုင်ပွဲ အကြောင်းကို မင်းတို့လည်း သိထားပြီးလောက်ပြီထင်ပါတယ်....မင်းတို့ မကြာခင် မဟူရာလေပြင်းအင်ပါယာကို သွားရတော့မှာ... အဲဒီအင်ပါယာမှာ လူသားတွေ မရှိတော့တာကြောင့် အနာဂတ်မှာ မဟူရာလေပြင်း အင်ပါယာဆိုတာ ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူး... မင်းတို့ရဲ့တာဝန်က တစ်ချိန်က ကျူးကျော်ခဲ့တဲ့ ကမ္ဘာခြားသက်ရှိတွေကိုသုတ်သင်ရှင်းလင်းဖို့ပဲ.... ရွှံ့နီပြည်နယ်က အကျင့်ပျက်ခြစားမှုအဆင့်က သိပ်မပြင်းထန်တဲ့အတွက် မင်းတို့လေ့ကျင့်မှုအတွက် ပြီးပြည့်စုံတဲ့အနေအထားမျိုးဖြစ်နေတယ်....."
"ပြီးတော့ ကမ္ဘာခြားသက်ရှိတွေက မင်းတို့သတိထားရမယ့်တစ်ခုတည်းသောအရာမဟုတ်သေးဘူး...."
" မဟူရာလေပြင်းအင်ပါယာကို စောင့်ကြပ်ထားတဲ့အရိပ်လှိုဏ်ဂူက တမင်ဖျက်စီးခံထားရတယ်လို့ သံသယရှိတယ်...."
ထိုစကားကြောင့် ကျောင်းသားအားလုံး ထိတ်လန့်ကုန်ကြသည်။
အရိပ်လှိုဏ်ဂူပေါ်က တံဆိပ်ကို ရည်ရွယ်ချက်ရှိရှိ ချိုးခဲ့တာလား....ဒီလုပ်ရပ်မျိုးကို ဘယ်လိုအရူးကလုပ်ခဲ့တာလဲ.....