လီဖူချန်းရဲ့ အစွမ်း
Vol. 43 Ch. 575
လီဖူချန်းတစ်ယောက် အခုလို ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှာဖွေစုဆောင်း နိုင်ခဲ့တာဟာ သူ့ရဲ့ အလွန်တရာမှ ထက်မြက်လှတဲ့ လိပ်ပြာစိတ်အသိအာရုံကြောင့်လို့ပဲ ဆိုရပါမယ် ။ အဲသည်လိုမှ မဟုတ်ရင်တော့ သူ့အနေနဲ့ သည်လောက်များတဲ့ ဝိညာဉ်ကျောက်တုံး ပမာဏကို ဘယ်လိုမှ ရှာဖွေစုဆောင်းနိုင်စရာ အကြောင်း မရှိပါဘူး။
ဟုတ်ပါတယ်။ တကယ်လို့သာ ထိပ်တန်း မူလပင်လယ်နယ်ပယ် ဘုရင်တွေ အနေနဲ့ သည်အရိပ်အသူရာချောက် အလွှာကို ဝင်ရောက်လာခဲ့မယ် ဆိုရင်တော့ သူတို့ဟာလည်း လီဖူချန်းထက် မနည်းတဲ့ ဝိညာဉ်ကျောက်တုံး ပမာဏကို ရှာဖွေနိုင်ကြမှာပါပဲ။ဒါပေမဲ့လည်း အဲသည်ထိပ်တန်း မူလပင်လယ်နယ်ပယ် ဘုရင်တွေဟာ သည်အရိပ်အသူရာချောက် အလွှာထဲကို ဘာအကြောင်းနဲ့မှ ဝင်ရဲမှာ မဟုတ်ပါဘူး။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေက ဘယ်လောက်ပဲ တန်ဖိုးရှိရှိ သူတို့ရဲ့ အသက်တွေနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ ပမွှားလေးပင် မဟုတ်ပါလား။
………xxxx………xxxxx………xxxxx
ဟူး……ဟူး……ဟူး……
ဘန်း……ဘန်း……
လူရိပ်တွေ နဲ့ အရိပ်မည်းတွေက လုံးထွေးနေကြပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို မုန်တိုင်းထန်နေစေပါတယ်။ ကြည့်ရတာတော့ ဒါက တကယ့်တိုက်ပွဲကြီး တစ်ခုကို အစပျိုးနေတဲ့ ပုံပါပဲ။
တိုက်ပွဲရဲ့ တစ်ဖက်ခြမ်းမှာတော့ ရက်စက်ကြမ်းကြုတ်ပုံရတဲ့ အစိမ်းရောင် ချပ်ဝတ်တန်ဆာဝတ် လူငယ်တစ်ယောက် ရှိနေပြီး နောက်ထပ် တစ်ခြမ်းမှာတော့ လူငယ်နှစ်ယောက် နဲ့ မိန်းမပျိုလေးတစ်ယောက် ရှိနေပါတယ်။
သာမန် အခြေအနေတွေမှာ ဆိုရင်တော့ အရေအတွက်များတဲ့ ဘက်က အသာရလေ့ ရှိနေတတ်တာ သဘာဝပါပဲ။ဒါပေမဲ့လည်း သည်ကိစ္စမှာတော့ အရေအတွက်များတဲ့ဘက်က အရေးနိမ့်စ ပြုနေခဲ့ပါပြီ။ သူတို့က မရှုံးနိမ့်ဖို့ကိုတောင် မနည်း ကြိုးစားနေရတဲ့ အခြေအနေလို့ ဆိုရပါမယ်။
" အာရဟတ် အစစ်အမှန် ပုံရိပ် "
လူငယ်သုံးယောက် ဘက်မှာတော့ အရပ် နှစ်မီတာခွဲလောက် ရှိတဲ့ လူငယ်တစ်ယောက် ရှိနေပြီး သူဟာ ရုတ်တရက် ဆိုသလို မီတာတစ်ရာနီးပါး ရှိတဲ့ လူ့ဘီလူးကြီး အသွင်ကို ပြောင်းသွားခဲ့ပါပြီ။
ဘန်း……
တစ်ဆက်တည်းမှာပဲ သူဟာ ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်ကို လက်သီးနဲ့ ထိုးချလိုက်ပါသေးတယ်။
" ဟမ့် …… သွားစမ်း "
ဒါပေမဲ့လည်း တစ်ဖက်က လူငယ်ဟာ လူ့ဘီလူးကြီးရဲ့ လက်သီးချက်ကို မှုပုံ မရပါဘူး။သူက သူ့ရဲ့ သေးသွယ်ပြီး ရှည်လျားတဲ့ ဓားကို အသာအယာ ဝှေ့ယမ်းပြီး လက်သီးချက်ကို ခုခံလိုက်ပါတယ်။
ရွှမ်း……
ပိုးကြိုးမျှင် တစ်ခုလို ပါးလျတဲ့ ဓားချီတစ်ခုဟာ ညင်သာစွာ တိုးထွက်လာပြီး လူ့ဘီလူးကြီးရဲ့ လက်သီးကို သွေးစိမ်းရှင်ရှင် ပန်းထွက်သွားစေခဲ့ပါပြီ။
"နတ်ဘုရား မိုးကြိုးတူ "
ဝုန်း……
အားကောင်းတဲ့ မိုးကြိုး ချီအရှိန်အဝါတွေကို ထုတ်လွှတ်နေတဲ့ လူငယ်ဟာ သူ့ဘက်ကလူ အခြေအနေ မကောင်းတာကို မြင်လိုက်တာနဲ့ အချိန်ဆိုင်းမနေဘဲ မိုးကြိုးတူကြီး တစ်စင်းကို ဖန်ဆင်းလိုက်ပြီး ရက်စက်ကြမ်းကြုတ်ဟန် ရှိတဲ့ လူငယ်ကို ထုချလိုက်ပါတယ်။
ဟူး……
ရွှေအိုရောင် အလင်းတန်းတွေ ဖြာထွက်လာပြီး နောက်မှာတော့ အနက်ရောင် ဆံကေသာပိုင်ရှင် မိန်းမချောလေးဟာ လေတိုးသံ တစ်ခုနဲ့အတူ ရက်စက်ကြမ်းကြုတ်ဟန် ရှိတဲ့ လူငယ်ရဲ့ အနောက်မှာ ပေါ်လာခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ သူမက တစ်ဖက်ရန်သူ လူငယ်ကို ရွှေအိုရောင် အလင်းတန်းတွေနဲ့ ပစ်လွှတ်တိုက်ခိုက်လိုက်ပါသေးတယ်။
" ဟမ့် … မင်းတို့ကများ "
ရက်စက်ကြမ်းကြုတ်ဟန် ရှိတဲ့ လူငယ်က မခိုးမခန့် ရယ်လိုက်ပြီး ခန္ဓာကိုယ်ကို ဂျင်တစ်လုံးလို မွတ်နေအောင် လည်ပစ်လိုက်ပါတယ်။ ပြီးတော့ သူ့ရဲ့ လက်ထဲက ဓားကလည်း သည်အတိုင်း မနေပါဘူး။
ထန်……ထန်……ထန်……ထန်……
ရွှမ်း……ရွှမ်း……
မုန်တိုင်းတစ်ခုလို အားကောင်းလှတဲ့ ဓားချက်တွေဟာ မိုးကြိုးတူကို နှစ်ခြမ်း ခွဲပစ်လိုက်ရုံမက အနက်ရောင် ဆံကေသာပိုင်ရှင် မိန်းမချောလေးရဲ့ နတ်ဘုရားစွမ်းရည်လို့ ယူဆရတဲ့ ရွှေအိုရောင် အလင်းတန်းတွေကိုပါ ဖျက်ဆီးပစ်လိုက်ပါတယ်။
ဝေါ့……
အာ့……
မိုးကြိုးတူကို ထုတ်သုံးထားတဲ့ လူငယ် နဲ့ အနက်ရောင် ဆံကေသာပိုင်ရှင် မိန်းမချောလေးတို့ဟာ မသဲမကွဲ ညည်းညူလိုက်ပြီး အနောက်ကို လွင့်ထွက်သွားခဲ့ကြပါပြီ။
" ဟင်…… အဲဒါ လေ့တုံးဟိုင် နဲ့ တခြားလူတွေပဲ "
အရိပ်အသူရာ ချောက်အတွင်းမှာ အပြန်လမ်းကို ရှာဖွေရင်းနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကို လိုက်သိမ်းယူနေတဲ့ လီဖူချန်းဟာ သူနဲ့ အတော်ဝေးကွာတဲ့ အရပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲကို အာရုံ ခံလိုက်မိပါတယ်။ တိုက်ပွဲက ဟိုးအဝေးကြီးမှာ ရှိနေပေမယ့်လည်း လီဖူချန်းရဲ့ လိပ်ပြာအသိစိတ် အာရုံ ဖြန့်ကြက်မှု စက်ကွင်းကိုတော့ မကျော်လွန်သေးပါဘူး။
" ဟိုလူရဲ့ အစွမ်းက ချူးဝူနဲ့ သိပ်မကွာပါလား "
တစ်ဆက်တည်းမှာပဲ သူက လေ့တုံးဟိုင်တို့နဲ့ တိုက်ခိုက်နေတဲ့ တစ်ဖက်လူရဲ့ အစွမ်းကို သတိပြုမိလိုက်ပါတယ်။
တကယ်လို့သာ သည်သုံးယောက်က သက်တံနီဂိုဏ်းရဲ့ တပည့်တွေ မဟုတ်ဘူး ဆိုရင် သူဟာ သည်ပြသနာထဲကို လုံးဝ လက်ဝင်လျှိုမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အခုတော့ သည်သုံးယောက်ဟာ သူ့ရဲ့ ဂိုဏ်းတူ ညီအစ်ကို၊ မောင်နှမတွေ ဖြစ်တဲ့အတွက် သည်တိုက်ပွဲထဲကို သူ့အနေနဲ့ မပါမဖြစ် ဝင်ပါရပါတော့မယ်။
" ကဲ …… အမြန်သွားမှ "
တိုက်ပွဲထဲကို ဝင်ပါဖို့ ဆုံးဖြတ်ချက် ချပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းဟာ လေမိုးကြိုးတောင်ပံကို အသက်သွင်းလိုက်ပြီး တိုက်ပွဲ ရှိရာဆီကို ပျံသန်းသွားခဲ့ပါပြီ။
" ဘယ်သူလဲကွ "
ရက်စက်ကြမ်းကြုတ်ဟန် ရှိတဲ့ လူငယ်က လီဖူချန်း ပျံသန်းလာတဲ့ဘက်ကို လှည့်ပြီး အော်မေးလိုက်ပါတယ်။ သူ့လို လူတစ်ယောက် အနေနဲ့ကတော့ တိုက်ပွဲစက်ကွင်းထဲကို တစ်စုံတစ်ယောက် ဝင်လာတာကို သတိမပြုမိစရာ အကြောင်း မရှိပါဘူး။
" ညီလေးလီလား "
" မောင်လေးလီ "
လေ့တုံးဟိုင် နဲ့ ကုချူးယီတို့ကလည်း တအံ့တသြနဲ့ ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။ သူတို့နှစ်ယောက်က လီဖူချန်းကို မမှတ်မိဘဲ မနေပါဘူး။
" ယွန်လုံ…… ငါတို့တော့ အန္တရာယ် ကင်းပြီ။ ညီလေးလီက လိပ်ပြာ အသိစိတ်အာရုံကို အသုံးပြုပြီး တိုက်ခိုက်တဲ့ နေရာမှာ ထူးချွန်တယ်။ သူနဲ့ဆိုရင်တော့ ငါတို့ ဟိုလူကို ဘာမှ ကြောက်နေစရာ မလိုတော့ဘူး "
တစ်ဆက်တည်းမှာပဲ လေ့တုံးဟိုင်က လူ့ဘီလူးကြီး အသွင် ပြောင်းထားတဲ့ ယွန်လုံကို လိပ်ပြာအသိစိတ်အာရုံ နဲ့ လှမ်းဆက်သွယ်ပြီး ပြောလိုက်ပါသေးတယ်။
ယွန်လုံကတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး။ အဲသည်အစား သူက လေ့တုံးဟိုင်ရဲ့ စကားကို မယုံသင်္ကာ ဖြစ်နေမိပါတယ်။
သူတို့ရဲ့ ရန်သူဖြစ်တဲ့ တစ်ဖက်လူဟာ ရိုးရိုး ကြယ်၂ပွင့်အဆင့် ဗိုလ်ချုပ်တောင် မဟုတ်ပါဘူး။ သူဟာ ထိပ်တန်း ကြယ်၂ပွင့် အဆင့် ဗိုလ်ချုပ်တစ်ပါး ဖြစ်ပါတယ်။ သက်တံနီဂိုဏ်းရဲ့ တိုက်ရိုက်တပည့် ဖြစ်တဲ့ သူတို့သုံးယောက် ပူးပေါင်း တိုက်ခိုက်တာတောင်မှ မနိုင်တဲ့ သူကို သူတို့ရဲ့ ဂိုဏ်းတူညီက ဘယ်လို ကူညီနိုင်မှာတဲ့လဲ။ တစ်ဖက်ရန်သူဟာ သာမန် လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှုမျိုးကို လုံးဝ အမှုထားမှာ မဟုတ်တာ အသေအချာပါပဲ။
" ဟား…ဟား……သူက မင်းတို့ကို ကယ်နိုင်မယ်လို့ မျှော်လင့်နေရင်တော့ အဲသည်မျှော်လင့်ချက်ကို ဖျောက်ပစ်လိုက်ဖို့ ငါမင်းတို့ကို အကြံ ပေးပါရစေ "
လီဖူချန်းရဲ့ ကျင့်ကြံမှုက ဘယ်လောက်မှ မမြင့်တာကို အာရုံခံလိုက်မိ အပြီးမှာတော့ ရက်စက်ကြမ်းကြုတ်ဟန် ရှိတဲ့ လူငယ်ဟာ လေ့တုံးဟိုင်တို့ကို ခပ်ထေ့ထေ့ လှောင်ပြောင်လိုက်ပါတယ်။
သူက လဝန်းနီအင်ပိုင်ယာ မြောက်ပိုင်းရဲ့ ထိပ်တန်း ကြယ်၂ပွင့်အဆင့် ဗိုလ်ချုပ်တွေထဲမှာ တစ်ပါး အပါအဝင် ဖြစ်သူပါ။ အဲသည်အတွက် တစ်ဖက်လူက မြောက်ပိုင်းရဲ့ ထိပ်တန်းဗိုလ်ချုပ် ငါးပါးထဲက မဟုတ်သရွေ့ သူ့အနေနဲ့ ဂရုစိုက်မှာကို မဟုတ်ပါဘူး။
အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင်တော့ သူဟာ မြောက်ပိုင်းရဲ့ ထိပ်တန်းဗိုလ်ချုပ် ငါးပါးကိုတောင် လက်ရည်တူနီးပါး ယှဉ်နိုင်ပါသေးတယ်။
" သေစမ်း "
လှောင်ပြောင်မှု အပြီးမှာတော့ ရက်စက်ကြမ်းကြုတ်ဟန် ရှိတဲ့ လူငယ်ဟာ လေ့တုံးဟိုင်ကို ဓားနဲ့ ပိုင်းချပစ်လိုက်ပါတယ်။
" ဒါမျိုးတော့ ဘယ်ရမလဲ "
လေ့တုံးဟိုင်ကလည်း တစ်ပါးသူရဲ့ သတ်ဖြတ်တာကို အလွယ်တကူ လည်စင်းခံမယ့် သူမျိုး မဟုတ်ပါဘူး။ သူက ရှေးဟောင်း ဒိုင်းတစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်ပြီး ဓားချက်ကို ကာကွယ်လိုက်ပါတယ်။
ဝုန်း……
ဝေါ့……
ရှေးဟောင်းဒိုင်းဟာ တစ်စစီ ကွဲကြေသွားခဲ့သလို လေ့တုံးဟိုင်ဟာလည်း အနောက်ကို လွင့်ထွက်သွားခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာလည်း တဆတ်ဆတ် တုန်ယင်နေခဲ့ပြီး သွေးစိမ်းရှင်ရှင် တစ်လုတ် အန်ထုတ်လိုက်ရပါသေးတယ်။
" ငါ့ရဲ့ ဓားချက် ဘယ်နှစ်ချက်ကို မင်းတောင့်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့ "
ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်က လေ့တုံးဟိုင်ကို မသေမချင်း အနားပေးမယ့်ပုံ မရှိပါဘူး။ သူက နောက်ထပ် ဓားချက်တစ်ချက်ကို ထပ်ထုတ်ဖို့ ပြင်လိုက်ပါတယ်။
" ကိန္နရီ ဆူးဘုရင် "
အဲသည်အချိန်မှာပဲ လီဖူချန်းက တိုက်ပွဲထဲကို ဝင်ရောက်လာပါတော့တယ်။
လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုဟာ ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်ရဲ့ စိတ်နယ်ပယ်ထဲကို တန်းတန်းမတ်မတ် ဝင်ရောက်သွားမှန်းကိုတော့ လုံးဝ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။
အား……
ဘာဖြစ်လို့လဲဆိုတော့ ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်ဟာ အသံနက်ကြီးနဲ့ ကျယ်လောင်စွာ အော်ဟစ်လာခဲ့လို့ပါပဲ။ ပြီးတော့ အဲဒါက ဒဏ်ရာ ရသွားတဲ့ ကျားနာတစ်ကောင်ရဲ့ အော်ဟစ်သံမျိုးနဲ့ တူနေပါသေးတယ်။
" ဒါက ဘယ်လို လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်နည်းစနစ်လဲ "
ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်က အနည်းငယ် ထိတ်လန့်နေတဲ့ အသံနဲ့ ဆိုလာခဲ့ပါပြီ။ သူ့ရဲ့ ပုံစံက လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ခံလိုက်ရတဲ့အတွက် ဘယ်လိုမှ မယုံကြည်နိုင် ဖြစ်နေတဲ့ ပုံပါပဲ။
တကယ်လို့သာ သည်တိုက်ခိုက်မှုက သာမန် လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုမျိုးဆိုရင် သူ့အနေနဲ့ ဘာမှ ကြောက်နေမှာ မဟုတ်ပါဘူး။ တိတိကျကျ ပြောရမယ် ဆိုရင် သူဟာ ကြယ်၇ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက်နည်းစနစ်ကိုတောင် မမှုပါဘူး။ သူက ကြယ်၇ပွင့် လိပ်ပြာ အသိစိတ်အာရုံ လျှို့ဝှက်နည်းစနစ် တိုက်ခိုက်မှုကို ခုခံနိုင်မယ်လို့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိပါတယ်။
ဒါပေမဲ့လည်း သူဟာ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပါဘူး။ အဲသည်အတွက် သူက မူလပင်လယ်နယ်ပယ် အလယ်အလတ် အဆင့်က ဘုရင်တစ်ပါးတောင်မှ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုလို အစွမ်းထက်ပါ့မလား ဆိုပြီးတော့ သံသယ ဝင်နေမိပါသေးတယ်။
" တောက်ပခြင်းဓား "
သည်နေရာမှာ အခွင့်အရေးကို လုံးဝ လက်လွှတ် မခံသူကတော့ ကုချူးယီပါပဲ။ သူမက ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ် အတွေးတစ်ချက် လွင့်ပျံ့သွားတာကို အခွင့်ကောင်း ရယူပြီး သူမရဲ့ နတ်ဘုရား စွမ်းရည်ကို ထုတ်သုံးပစ်လိုက်ပါတယ်။
ရွှမ်း………
အား……
တစ်လက်မလောက် အနက်ရှိတဲ့ ဓားဒဏ်ရာ တစ်ခုဟာ ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်ရဲ့ ပခုံးပေါ်မှာ ပေါ်လာခဲ့ပါပြီ။
" အာရဟတ် လက်သီး "
ဘန်း……
တစ်ဆက်တည်း ဆိုသလိုမှာပဲ တောင်ပူစာ တစ်လုံးလောက်ရှိတဲ့ လက်သီးတစ်ခုဟာ ကောင်းကင်ယံကနေ ထိုးဆင်းလာပြီး ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်ကို လွင့်ထွက်သွားစေပါသေးတယ်။
" ကောင်းတယ်…… အရမ်းကောင်းတယ်။ ကြည့်ရတာ ငါမင်းကို လျော့တွက်လိုက်မိတာပဲ "
ဒါပေမဲ့လည်း အဲသည် တိုက်ခိုက်မှု နှစ်ခုက ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်ကို အနိုင်ရယူဖု့ိ အထိတော့ လုံလောက်ခြင်း မရှိခဲ့ပါဘူး။ ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်က သူ့ရဲ့ ဟန်ချက်ကို ပြန်ထိန်းလိုက်ပြီး နောက်မှာတော့ လီဖူချန်းကို ကြည့်လိုက်ပြီး အေးစက်စက် ဆိုလိုက်ပါတယ်။
သူ့ရဲ့ မျက်လုံးထဲမှာတော့ လူသတ်ချင်တဲ့ အငွေ့အသက်တွေ ထိန်းမနိုင်၊ သိမ်းမရ ဖြစ်ပေါ်နေခဲ့ပါပြီ။
" ဂိုဏ်းတူအစ်ကို လေ့။ ဂိုဏ်းတူအစ်မ ကု "
လီဖူချန်းကတော့ တစ်ဖက်လူငယ်ကို အရေးလုပ်မနေဘဲ လေ့တုံးဟိုင် နဲ့ ကုချူးယီတို့ကိုသာ နှုတ်ဆက်နေခဲ့ပါတယ်။ သူက ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်ကို လုံးဝ အမှုထားပုံ မရတာ အသိသာကြီးပါပဲ။
လေ့တုံးဟိုင်က သူ့ရဲ့ နှုတ်ခမ်းထောင့်က စီးကျနေတဲ့ သွေးတွေကို သုတ်လိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်ပါတယ်။
" ညီလေးလီ …… ကျေးဇူးပဲဟေ့။ တကယ်လို့ မင်းသာ အချိန်မီ ရောက်မလာခဲ့ရင် ငါဆိုတဲ့ လေ့တုံးဟိုင်က ကမ္ဘာပေါ်မှာ ရှိနေတော့မှာ မဟုတ်ဘူး "
အတိတ်ကာလတုန်းက သူတို့သုံးယောက်ဟာ ကိုယ့်ကိုယ်ကိုယ် အနည်းငယ် အထင်ကြီးပြီး တကယ်လို့ သူတို့သုံးယောက်သာ ပူးပေါင်းခဲ့မယ်ဆိုရင် အရိပ်အသူရာ ချောက်ထဲမှာ စူးစမ်းရှာဖွေလို့ ရမယ်လို့ ထင်ခဲ့မိကြပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ အရိပ်အသူရာ ချောက်ထဲကို လာရောက်ခဲ့ကြတာပါ။
ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ သူတို့ဟာ သူတို့ထင်ထားသလောက် အစွမ်း မထက်သေးဘူး ဆိုတာကို သိသွားခဲ့ကြပါပြီ။ သည်ခရီးမှာဆိုရင် သူတို့ဟာ မရေမတွက်နိုင်တဲ့ ဖုတ်အလောင်းကောင်တွေကြောင့် ပြေးခဲ့ရသလို အစွမ်းထက်တဲ့ ကြယ်၂ပွင့်အဆင့် ဗိုလ်ချုပ်တွေကြောင့်လည်း မကြာခဏ ပြေးခဲ့ရပါတယ်။
ခရီးတစ်လျှောက်လုံး အဲသည်လို တစ်ပြေးတည်း ပြေးနေရတဲ့အတွက်လည်း သူတို့ဟာ အခုထက်ထိ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကိုတောင် မရှာနိုင်သေးပါဘူး။
" ညီလေးလီ …… အစ်ကို့နာမည်က ယွန်လုံလို့ ခေါ်တယ် "
ယွန်လုံက လီဖူချန်းအပေါ်မှာ သံသယ ဝင်မနေတော့ပါဘူး။ အဲသည်အတွက် သူက အရင်ဦးပြီး လီဖူချန်းကို နှုတ်ဆက်လိုက်ပါတယ်။
လီဖူချန်းက လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး ပြန်လည် အရိုအသေ ပေးလိုက်ပါတယ်။ ဂိုဏ်းတူအစ်ကိုဖြစ်သူ ယွန်လုံကတောင်မှ သူ့ကို အရင် နှုတ်ဆက်နေမှတော့ သူ့အနေနဲ့ မရိုမသေ လုပ်လို့ မဖြစ်ပါဘူး။
" အိုးဟိုး…… ဒါက နာမည်ကျော် ဂိုဏ်းတူအစ်ကို ယွန်လုံလား။အစ်ကိုနဲ့ အခုလို တွေ့ရတဲ့အတွက် ဂုဏ်ယူမိပါတယ် "
" ဟား……ဟား…… ဘာကို ဂုဏ်ယူမိတာလဲ။ အပိုတွေ လုပ်မနေစမ်းပါနဲ့ကွာ။ မင်းရဲ့ အစောပိုင်းက လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုနဲ့ဆိုရင် မင်းက ငါတို့ထက် အားမနည်းပါဘူး "
ကြည့်ရတာတော့ ယွန်လုံက ပွင့်ပွင့်လင်းလင်းသမား ဖြစ်ပုံပါပဲ။ သူက လီဖူချန်း အရိုအသေ ပေးတာကို လက်ကာပြလိုက်ပြီး အရိုအသေ မပေးဖို့ တားမြစ်လိုက်ပါတယ်။
လီဖူချန်းက သူ့ကို အရေးမလုပ်တဲ့အတွက် ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ် ဘယ်လိုမှ သည်းခံနိုင်တော့ပုံ မရပါဘူး။ သူက သတိတောင် မပေးတော့ဘဲ လီဖူချန်းကို တိုက်ခိုက်လာခဲ့ပါတယ်။
" သြဇာအာဏာဓား "
သူ့ရဲ့ ဓားချက် ထွက်ပေါ်လာအပြီးမှာတော့ ဓားချီတွေဟာ လီဖူချန်း အပေါ်ကို မိုးသီးမိုးပေါက်တွေလို အရှိန်အဟုန် ပြင်းစွာနဲ့ ထိုးဆင်းလာခဲ့ပါပြီ။ ပြီးတော့ လေပြင်းတွေကလည်း တဟူးဟူး တိုက်ခတ် လာပါသေးတယ်။
" လောင်ကျွမ်းခြင်းဓား "
လီဖူချန်းက သူ့ရဲ့ ဓားသိုင်း ဘယ်အဆင့်အထိ ရောက်နေပြီလဲ ဆိုတာကို ဆန်းစစ်ကြည့်ချင်တဲ့ အတွက် သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ထုတ်မသုံးတော့ပါဘူး။ သူက ဓားသမား တစ်ယောက်နဲ့ ဓားဓားချင်း ယှဉ်ဖို့ကို စိတ်အားထက်သန်နေတာ အတော်လေး ကြာနေခဲ့ပြီ မဟုတ်ပါလား။
ကြက်သွေးရောင် ပူဖောင်းတွေဟာ အသံ တစိုးတစိမှ မထွက်ဘဲ လေထုထဲမှာ ဖြစ်တည်လာပြီး မိုးသီးမိုးပေါက်တွေလို ကျဆင်းလာတဲ့ ဓားချီတွေကို တားဆီးလိုက်ပါတယ်။
ဘန်း……ဘန်း……ဘန်း……ဘန်း………
အဲသည် ကြက်သွေးရောင် ပူဖောင်းတွေ ပေါက်ကွဲပြီးသွားချိန်မှာတော့ ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်ရဲ့ ဓားချီတွေဟာ အစွယ်မရှိတော့တဲ့ ကျားလို ဖြစ်သွားခဲ့ပါပြီ။ အဲသည်ဓားချီတွေက လီဖူချန်းရဲ့ အင်္ကျီစကိုတောင် စုတ်ပြဲအောင် မလုပ်နိုင်တော့ပါဘူး။
" ကောင်းလိုက်တဲ့ ဓားကွက် "
လေ့တုံးဟိုင်က မျက်လုံးအပြူးသားနဲ့ ချီးကျူးလိုက်ပါတယ်။
သူက လီဖူချန်းနဲ့ နောက်ဆုံးအကြိမ် ဆုံတွေ့ခဲ့တုန်းက အချိန်ကို ကောင်းကောင်းကြီး မှတ်မိနေဆဲပါပဲ။အဲသည်တုန်းကဆိုရင် လီဖူချန်းရဲ့ အစွမ်းဟာ ထွတ်ခေါင်ဆရာသခင် အဆင့်မှာသာ ရှိနေသေးပြီး မဟာ ဆရာသခင် အဆင့် ရောက်ဖို့ကိုတောင် အများကြီး လိုနေပါသေးတယ်။ ဒါပေမဲ့လည်း အခုတော့ လီဖူချန်းရဲ့ အစွမ်းဟာ မတွေ့လိုက်တဲ့ အချိန်အနည်းငယ် အတွင်းမှာပဲ အများကြီး တိုးတက်လာခဲ့ပါပြီ။ သူထင်တာသာ မမှားဘူး ဆိုရင်တော့ လီဖူချန်းရဲ့ အစွမ်းဟာ အနည်းဆုံး အုပ်စိုးသူ ဆရာသခင် အဆင့်မှာပါပဲ။ မဟုတ်လို့ကတော့ သူဟာ တစ်ဖက်ရန်သူ လူငယ်ကို ဘယ်လိုမှ ထိပ်တိုက် ရင်ဆိုင်နိုင်စရာ အကြောင်း မရှိပါဘူး။
' သည်ကောင့်ရဲ့ ဓားကွက်ပြင်းထန်မှုက ချူးဝူထက် အားနည်းပေမယ့် ဓားကွက် သက်ရောက်မှု ဧရိယာကတော့ ချူးဝူထက် ပိုကျယ်တာပဲ '
လီဖူချန်းက တစ်ဖက်ရန်သူကို တိုးတိတ်စွာ လေ့လာဆန်းစစ် နေပါတယ်။
ရက်စက်ကြမ်းကြုတ်ဟန် ရှိတဲ့ လူငယ်က လီဖူချန်းဟာ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုအပြင် ဓားသိုင်းမှာပါ အစွမ်းထက်နေလိမ့်မယ်လို့ လုံးဝ ထင်မထားမိတာ အမှန်ပါပဲ။ အထူးသဖြင့် လီဖူချန်းရဲ့ ဓားကွက်ဟာ သူ့ရဲ့ဓားကွက်ကိုတောင် ပခုံးချင်း ယှဉ်နေနိုင်ပါသေးတယ်။ သူ့ရဲ့ ဓားကွက်ကို သည်လို ပခုံးချင်းယှဉ်ပြီး သူတင်ကိုယ်တင် တိုက်ခိုက်နိုင်သူဟာ လဝန်းနီ အင်ပိုင်ယာ မြောက်ပိုင်းမှာ သိပ်မရှိပါဘူး။
" နဂါးငွေ့တန်း ဓားချီ "
တစ်ဖက်လူရဲ့ ဓားသိုင်းက သူနဲ့ သိပ်မကွာလှဘူး ဆိုတာကို ရိပ်မိပြီးတဲ့ နောက်မှာတော့ ရက်စက်ကြမ်းကြုတ်ဟန် ရှိတဲ့ လူငယ်ဟာ ပိုအားကောင်းတဲ့ ဓားကွက်ကို ထုတ်လိုက်ပါတော့တယ်။
ချွမ်……ချွမ်……ချွမ်………
ဂါး…ဂရား……
စည်းချက်နဲ့ အညီ ကခုန်နေတဲ့ နဂါးတစ်ကောင်ဟာ အရှိန်အဝါ ကြီးမားစွာနဲ့ ဓားကွက်ကနေ ထွက်ပေါ်လာခဲ့ပါပြီ။ သည်နဂါးရဲ့ ပစ်မှတ်ကတော့ လီဖူချန်းကလွဲပြီး တခြားသူ မရှိပါဘူး။
" ဟမ့် …… ငါ့ရဲ့ သည်ဓားကွက်ကိုကော မင်းခံနိုင်ဦးမှာလား "
ရက်စက်ကြမ်းကြုတ်ဟန် ရှိတဲ့ လူငယ်က မဲ့ပြုံးတစ်ချက်ပြုံးပြီး လီဖူချန်းကို လှောင်ပြောင်လိုက်ပါသေးတယ်။ သည်ဓားကွက်ကိုတော့ လီဖူချန်း ခံနိုင်လိမ့်မယ်လို့ သူလုံးဝ မယုံကြည်ပါဘူး။
" အညှာအတာမဲ့ မျောလွင့်မီးလျှံ "
အဲသည်အချိန်မှာပဲ လီဖူချန်းဟာ သူ့လက်ထဲက ဓားကို တရစပ် ဝှေ့ယမ်းပြီး အလုပ်ပေးလိုက်ပါတော့တယ်။
***