← Chapters

တောင်ကြားလမ်း

Vol. 43 Ch. 576

တောင်ကြားလမ်း

Vol. 43 Ch. 576

ဓားချီတွေဟာ လှိုင်းအထပ်ထပ် ထပြီး နဂါးတစ်ကောင်လို မာန်ဟုန်အပြည့်နဲ့ လီဖူချန်းဆီကို တိုးဝင်လာခဲ့ပါပြီ။

ထန်……ထန်……ထန်……ထန်……

ဒါပေမဲ့လည်း အဲသည်ဓားချီတွေက လီဖူချန်း အနားကိုတောင် ရောက်ခွင့် မရလိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြက်သွေးရောင် ပိုးချည်မျှင်တွေနဲ့ ဆင်တူတဲ့ ဓားချီတွေက လှိုင်းအထပ်ထပ် ထနေတဲ့ ဓားချီတွေကို တားဆီးလိုက်လို့ပါပဲ။

တကယ်လို့သာ သည်ဓားချီတွေက သာမန် ဓားချီလှိုင်းတွေ ဆိုရင်တော့ လီဖူချန်းဟာ ဓားချက် တစ်ချက်တည်းနဲ့တောင် ဖျက်ဆီးပစ်နိုင်ပါတယ်။

ဒါပေမဲ့လည်း ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်ရဲ့ ဓားချီလှိုင်းတွေဟာ သာမန် မဟုတ်ပါဘူး။ အဲသည်ဓားချီလှိုင်းတွေထဲမှာဆိုရင် အားကောင်းတဲ့ သိုင်းဆန္ဒ တစ်ခု ခိုဝင်ကိန်းအောင်း နေပါသေးတယ်။ ဒါကြောင့်လည်း လီဖူချန်းက အဲသည်ဓားချီလှိုင်းတွေကို တားဆီးနိုင်ရုံတင် တားဆီးနိုင်လိုက်တာပါ။

သည်ပုံစံအတိုင်း ဆိုရင်တော့ သူတို့နှစ်ယောက်ဟာ လက်ရည်တူ ပြိုင်ဘက်တွေပါပဲ။ သူတို့နှစ်ယောက်ထဲက အနိုင်ရသူဟာ ဘယ်သူဖြစ်မလဲ ဆိုတာကိုတော့ အချိန် အနည်းငယ် အတွင်းမှာ သိနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း လီဖူချန်းကတော့ ဆက်ပြီး တိုက်ခိုက်ရင် သူအသာ ရလိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။

သည်အရိပ်အသူရာ ချောက်ထဲမှာက ဥပဒေသတွေ ကစဉ့်ကလျား ဖြစ်နေတဲ့အတွက် ချီစွမ်းအင်တွေရဲ့ သက်ရောက်မှုဟာ အတော်လေးကို လျော့ကျသွားပါတယ်။ အဲသည်အတွက် လူတစ်ယောက်ဟာ ချီအတွင်းအား သီးသန့်ကိုပဲ သုံးပြီး အဝေးကနေ  တစ်ချိန်လုံး တိုက်ခိုက်နေဖို့ မဖြစ်နိုင်ပါဘူး။  အဲသည်လူဟာ သူနားလည်သဘောပေါက်ထားတဲ့ ဥပဒေသတွေ နဲ့ သိုင်းဆန္ဒတွေကို သူ့ရဲ့ ချီအတွင်းအားထဲမှာ ပေါင်းထည့်ပြီး အသုံးချမှကို ရပါမယ်။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ ချီအတွင်းအားဟာ တစ်ဖက်လူရဲ့ ချီအတွင်းအားကို မမီပါဘူး။ ဒါပေမဲ့လည်း အဲဒါက အပြင်ဘက် လောကမှာသာ ဖြစ်ပါတယ်။ သည်အရိပ်အသူရာ ချောက်ထဲမှာ ဆိုရင်တော့ ချီအတွင်းအားထက် ပဓာန ကျတာက သိုင်းဆန္ဒပါပဲ။

သိုင်းဆန္ဒနဲ့ ပက်သက်လာရင်တော့ အပြင်လောကမှာပဲ ဖြစ်ဖြစ်၊ အရိပ်အသူရာ ချောက်ထဲမှာပဲ ဖြစ်ဖြစ်။ လီဖူချန်းက အသာကြီးပါပဲ ။ အဲဒါကိုတော့ လုံးဝ သံသယ ရှိနေစရာ မလိုပါဘူး။

ဒါကြောင့်လည်း လီဖူချန်းက ဆက်ပြီး တိုက်ခိုက်မယ်ဆိုရင် သူအသာ ရလိမ့်မယ်လို့ ယုံကြည်နေမိတာပါ။

ဘန်း……

အမျိုးအစား မတူညီတဲ့ ဓားချီနှစ်ခုကတော့ တစ်ချိန်တည်းလိုလိုမှာပဲ ပေါက်ကွဲသွားခဲ့ပါပြီ။ သည်ပေါက်ကွဲမှုကနေ ထွက်ပေါ်လာတဲ့ ဖျက်ဆီးမှု စွမ်းအားကလည်း တကယ်ကို ကြောက်စရာလို့ ဆိုရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သည်ပေါက်ကွဲမှုထဲမှာက မတူညီတဲ့ ဓားဆန္ဒ နှစ်ခုအပြင် အရိပ်အသူရာချောက် အတွင်းမှာ ရှိနေတဲ့ ပရမ်းပတာ ဥပဒေသတွေပါ ပါဝင်နေတာ မဟုတ်ပါလား။

" ထွီ "

အနောက်ကို တရစပ် ဆုတ်လိုက်ရတဲ့ လီဖူချန်းကတော့ သူ့ရဲ့ လည်ပင်းထဲကနေ ဆန်တက်လာတဲ့ သွေးစ အနည်းငယ်ကို ထွေးထုတ်လိုက်ပြီး ကိုယ်ဟန်ကို ပြန်ထိန်းလိုက်ပါတယ်။

ရက်စက်ကြမ်းကြုတ်ဟန် ရှိတဲ့ လူငယ်ရဲ့ အခြေအနေကလည်း လီဖူချန်းနဲ့ ဘာမှ မကွာခြားလှပါဘူး။

မျက်နှာစိမ်းပြာပြာ ဖြစ်သွားတဲ့ လူငယ်ဟာ သူ့ရဲ့ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ဓားတိုလေး တစ်လက်ဟာ မျက်လှည့်ပြလိုက်သလို ပေါ်လာခဲ့ပါတယ်။

" ဓားမိုး ရွာစမ်း"

အဲသည်နောက်မှာတော့ အဲသည်ဓားတိုလေးဟာ ဓားမိုးတစ်ခု အသွင် ပြောင်းသွားပြီး လီဖူချန်းအပေါ်ကို ရွာသွန်းကျသွားခဲ့ပါပြီ။

သည်ဓားတိုလေးဟာ မြေကမ္ဘာ အထွတ်အထိပ်အဆင့် မှော်ဝင်ရတာ ပစ္စည်းတစ်ခုဆိုတာကိုတော့ လုံးဝ သံယယ ဝင်နေစရာ မလိုပါဘူး။ ပြီးတော့ အရိပ်အသူရာ ချောက်အတွင်းမှာက မြေကမ္ဘာ အထွတ်အထိပ်အဆင့် မှော်ဝင်ရတနာ ပစ္စည်းတွေရဲ့ အန္တရာယ် ပေးနိုင်စွမ်းဟာ ကြယ်၂ပွင့်အဆင့် ဗိုလ်ချုပ်တွေထက်ကို အများကြီး သာပါသေးတယ်။

" သေစမ်း။ မဟန်တော့ဘူးဟ "

သူ့ရဲ့ အခြေအနေ မကောင်းတော့တာကို ရိပ်စားမိလိုက်တဲ့အတွက် လီဖူချန်းဟာ သက်တံနီဓားကို ဆွဲထုတ်လိုက်ပြီး ဓားအကာအကွယ် တစ်ခုကို အလျင်အမြန် ဖန်တီးလိုက်ပါတယ်။

ဟူး……ဟူး……ဟူး……

အလွှာအထပ်ထပ် ထပ်ထားတဲ့  ဓားအကာအကွယ်တစ်ခုဟာ လေထုထဲမှာ  ဖြစ်တည်လာခဲ့ပါပြီ။

အဲသည်ဓားအကာအကွယ်ကတော့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ပါပဲ။ လီဖူချန်းရဲ့ သည်ဓားကွက်က ခုခံခြင်း သက်သက်ကိုသာ အားပေးတဲ့ ဓားကွက်ဆိုရင်လည်း မမှားပါဘူး။

ထင်……ထင်……ထင်……

ထန်……ထန်……

မိုးသီးမိုးပေါက်တွေလို ရွာကျလာတဲ့ ဓားသွားတွေ အားလုံးဟာ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကြောင့် ရပ်တန့် သွားခဲ့ရပါပြီ။ သည်မြေကမ္ဘာအထွတ်အထိပ်အဆင့် မှော်ဝင်ရတနာ ပစ္စည်းရဲ့ တိုက်ခိုက်မှုက လီဖူချန်းအတွက်တော့ ဘာမှ မဟုတ်တဲ့ အရာတစ်ခုပါပဲ။

" ကောင်းလိုက်တဲ့ ဓားသိုင်း "

ယွန်လုံ၊ လေ့တုံးဟိုင် နဲ့ ကုချူးယီတို့ကတော့ လီဖူချန်းကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြပါပြီ။

ပိုင်ချူးမင် နဲ့ ချူးဝူတို့က အင်မတန် အစွမ်းထက်တဲ့ ပါရမီရှင်တွေ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့က ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံရဲ့ ကန့်သတ်ချက်ကို ကျော်ပြီးတော့ အစွမ်း မပြနိုင်ပါဘူး။

လီဖူချန်းကတော့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်သာ ဖြစ်ပေမယ့်လည်း ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထက်ကို ပိုပြီး ကြောက်စရာ ကောင်းအောင် စွမ်းဆောင်ပြနေပါတယ်။

လီဖူချန်းရဲ့ တိုးတက်မှုနှုန်းကတော့ တကယ့်ကို ကြောက်ခမန်း လိလိပါပဲ။

" အင်း……တကယ့် ထိပ်တန်း ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေမှပဲ ညီလေးလီရဲ့ တိုးတက်မှုနှုန်းကို ယှဉ်နိုင်တော့မယ် ထင်ပါရဲ့ကွာ  "

ခေတ္တခဏလောက် ငေးငိုင်ပြီးတဲ့ နောက်မှာတော့ ယွန်လုံက သက်ပြင်းတစ်ချက် ချလိုက်ရင်းနဲ့ စိတ်ပျက်လက်ပျက် ညည်းတွားလိုက်ပါတယ်။

လေ့တုံးဟိုင်ကလည်း ယွန်လုံရဲ့ စကားကို မငြင်းပါဘူး။ သူက ခေါင်းညိတ်လိုက်ပြီး

" တကယ့် ထိပ်တန်း ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေမှာမှ ကောင်းကင်အဆင့် သိုင်းကွက်တွေကို တီထွင်နိုင်တဲ့ အထူး ထိုးထွင်းသိမြင်နိုင်စွမ်းတွေ ရှိတာ။ ညီလေးလီရဲ့ ထိုးထွင်းသိမြင်မှုက အဲသည်ထိပ်တန်း ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထက် ဘယ်လိုမှ မနိမ့်ကျဘူး "

အရိုးတည်ဆောက်ပုံ ဆိုတာက လူတစ်ယောက်ရဲ့ ကဏ္ဍအသီးသီးက စွမ်းရည်တွေကို အဆုံးအဖြတ် ပေးတာပါပဲ။

အဲသည် ကဏ္ဍအသီးသီး ထဲမှာမှ ကျင့်ကြံမှု အမြန်နှုန်း နဲ့ ထိုးထွင်းသိမြင်မှုက အရေးအကြီးဆုံး ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ ကျင့်ကြံမှု အမြန်နှုန်း ကွာခြားမှုက အသေးအမွှားလေးပါပဲ။ အဲဒါက သိပ်ပြီး အရေးမပါလှပါဘူး။ ဒါပေမဲ့လည်း ထိုးထွင်းသိမြင်မှု ကွာခြားမှုကတော့ ကြီးမားတဲ့ ခြားနားမှုတွေကို ဖြစ်စေပါတယ်။

အဲသည်အတွက် ထိပ်တန်း ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်ရဲ့ ထိုးထွင်းသိမြင်မှုဟာ သာမန် ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ ထိုးထွင်းသိမြင်မှုထက် နှစ်ဆပိုပြီး ကောင်းတယ်ဆိုတာက  ပုံမှန်လို့ပဲ ဆိုရပါမယ်။

" စုစည်းစမ်း"

ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်ရဲ့ အမိန့်ပေးသံ အဆုံးမှာတော့ ဓားတိုလေးတွေဟာ ပေါင်းစည်းသွားပြီး ဓားမကြီး တစ်လက်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။ပြီးတာနဲ့ တစ်ပြိုင်နက် သူဟာ လီဖူချန်းရဲ့ ဓားအကာအကွယ်ကို အားကုန် ပိုင်းချလိုက်ပါတယ်။

ခရက်……ခရက်………

လီဖူချန်းရဲ့ ဓားအကာအကွယ်က သည်ဓားမကြီးရဲ့ ခုတ်ချက်ကိုတော့ တောင့်ခံနိုင်ပုံ မရပါဘူး။ ဒါပေမဲ့လည်း လီဖူချန်းက လီဖူချန်းပါပဲ။ ဓားအကာအကွယ်က အက်ကွဲသံတွေ ထွက်လာပြီး ပေါက်ကွဲ ပျက်စီးတော့မယ့် အချိန်လေးမှာပဲ သူက လေမိုးကြိုး တောင်ပံကို အသက်သွင်းလိုက်ပြီး ဓားမကြီးရဲ့ စက်ကွင်းထဲကနေ ရှောင်ထွက်သွားလိုက်ပါတယ်။

" ငါ့ရဲ့ အစွမ်းကို စမ်းသပ်တာ လုံလောက်ပြီ "

" သွားစမ်း "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှု နှစ်ခုကို ဆက်တိုက်ဆိုသလို ပြုလုပ်လိုက်ပါတယ်။

ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်ကလည်း သည်တိုက်ခိုက်မှုကို မျှော်လင့်ပြီးသားပါပဲ။ အဲသည်အတွက် သူက အစောကြီးကတည်းကနေ  သူ့ရဲ့ ကြယ်၇ပွင့် လိပ်ပြာ အသိစိတ်အာရုံ ခုခံမှု လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးထားခဲ့ ပြီးပါပြီ။ သူ့ရဲ့ နည်းစနစ်ကတော့ မူလပင်လယ်နယ်ပယ် အလယ်အလတ်ပိုင်းက ဘုရင်တွေရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကိုတောင် တောင့်ခံနိုင်ပါတယ်။

ဒါပေမဲ့လည်း အဲဒါက လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကိုတော့ တောင့်မခံနိုင်ခဲ့ပါဘူး။

ဖောက်……ဖောက် ……

လီဖူချန်းရဲ့ ပထမ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုက ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်ရဲ့ လိပ်ပြာ အသိစိတ်အာရုံ အကာအကွယ်ကို စုတ်ပြဲသွားစေခဲ့ပြီး ဒုတိယ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုက သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို ထိခိုက်သွားစေခဲ့ပါတယ်။

ဝေါ့……

သွေးစိမ်းရှင်ရှင် တစ်လုတ် အန်လိုက်ပြီးတဲ့ နောက်မှာတော့ ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်ဟာ တိုက်ခိုက်မှုတွေကို ရုတ်သိမ်းသွားခဲ့ပါပြီ။

" အညတရ ယန်က သည်နေ့ အရှုံးကို ကျေကျေနပ်နပ်ကြီး လက်ခံတယ်။ ဒါပေမဲ့ နောက်တစ်ခါ တွေ့ရင် ငါမင်းကို မရရအောင် သတ်မယ် "

စကားဆုံးတဲ့ နောက်မှာတော့ လူငယ်ဟာ အရိပ်တွေ ကြားထဲ တိုးဝင်သွားပြီး အလွန် လျင်မြန်စွာ ပျောက်ကွယ်သွားပါတော့တယ်။

လီဖူချန်းကတော့ နောက်ကနေ လိုက်မသွားခဲ့ပါဘူး။ တစ်ဖက်လူက  အမြန်နှုန်းကို မြှင့်တင်ပေးတဲ့ မှော်ဝင်ရတနာ ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတာ အသိသာကြီးပါပဲ။ တကယ်လို့ သူလိုက်သွားမယ် ဆိုရင်လည်း ပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။ အဲသည်လူငယ်ကိုတော့ အချိန်တို အတွင်းမှာ ဘယ်လိုမှ လိုက်မီမှာ မဟုတ်ပါဘူး။

" ကျေးဇူး အများကြီး တင်ပါတယ် …… ညီလေးလီ "

" ကျေးဇူးတင်ပါတယ် …… မောင်လေးလီ "

ယွန်လုံတို့က လီဖူချန်းဆီကို ရောက်လာပြီး  တကယ့်စိတ်ရင်းနဲ့ ကျေးဇူးတင်စကား ဆိုလိုက်ကြပါတယ်။ ကုချူးယီ ကိုယ်တိုင်တောင်မှ သူမရဲ့ မျက်နှာပေါ်မှာ အမြဲ စည်းနှောင်ထားလေ့ရှိတဲ့ ပုဝါစကို ဖြုတ်ချပြီး လီဖူချန်းကို ကျေးဇူးတင်စကား ဆိုလာခဲ့ပါတယ်။

ကူချူးယီကတော့ တကယ့်ကို လှပတဲ့ မိန်းမချောလေးပါပဲ။ သူမရဲ့ ချောမောလှပမှုက လီဖူချန်း ဘဝတစ်လျှောက်မှာ တွေ့ခဲ့ဖူးတဲ့ မိန်းမချောလေးတွေထက် ဘယ်နေရာမှမှ နိမ့်ကျ မနေပါဘူး။

သူမရဲ့ ဖော့ဖယောင်းပမာ နူးညံ့တဲ့ လက်ချောင်း၊ ဆင်စွယ်လို ဖွေးစွတ်ပြီး သွယ်လျနေတဲ့ လက်မောင်း၊ ကျောက်စိမ်းလို ချောမွတ်ပြီး ပန်းချီဆရာတွေတောင် လက်မှိုင်ချရမယ့် မျက်နှာ၊ ထွာဆိုင်လောက်သာရှိတဲ့ သေးကျဉ်ကျဉ် ခါး၊ ပြီးတော့ စန္ဒာလမင်းကြီးးတောင် မှိုင်ထွေသွားရလောက်မယ့် အပြုံး။ သူမရဲ့ အလှအပတွေက တကယ့်ကို ထိပ်တန်းတကာ့ ထိပ်တန်းလို့ပဲ ဆိုရပါမယ်။

လီဖူချန်းက ခေါင်းတစ်ချက် ခါလိုက်ပြီး ကျေးဇူးမတင်ဖို့ ပြောလိုက်ပါတယ်။

" ကျွန်တော်တို့ အားလုံးက သက်တံနီဂိုဏ်းရဲ့ တပည့်တွေပဲ မဟုတ်ဘူးလား။ အဲသည်အတွက် ကျွန်တော့်ကို ကျေးဇူးအထူူး တင်နေစရာ မလိုပါဘူးဗျာ "

လေ့တုံးဟိုင်က မချိပြုံး တစ်ခု ပြုံးလိုက်ပြီး ဝန်ခံ ပြောဆိုလာပါတယ်။

" လူတွေက ပြောကြတယ်။ ကြယ်၂ပွင့် ဗိုလ်ချုပ်တစ်ပါးရဲ့ အစွမ်းမျိုး မရှိဘဲ အရိပ်အသူရာချောက်ကို သွားရင် အန္တရာယ်များပြီး သေဖို့တောင် အခွင့်အလမ်း များတယ်တဲ့။အရင်တုန်းကတော့ ငါအဲဒါကို မယုံခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ငါယုံသွားပြီ "

သည်ခရီး တစ်လျှောက်မှာဆိုရင် သူတို့သုံးယောက်ဟာ ခက်ခဲကြမ်းတမ်းလှတဲ့ အခြေအနေတွေကို မနည်း ကျော်ဖြတ်ခဲ့ရတာပါ။ သေလုမျောပါး အချိန်တွေနဲ့ ကြုံတွေ့ခဲ့ရတာကလည်း တကယ့်ကို မနည်းမနှောပါပဲ။

အထူးသဖြင့် ဖုတ်အလောင်းကောင်တွေနဲ့ ကြုံတွေ့ရတဲ့ အချိန်တွေပေါ့။ ဖုတ်အလောင်းကောင်တွေရဲ့ ခန္ဓာကိုယ်ဟာ သူတို့အတွက်တော့ အင်မတန် မာကျောကြံ့ခိုင်လွန်း လှပါတယ်။ သူတို့သုံးယောက်က အဆင့်နိမ့် ဖုတ်အလောင်းကောင် တစ်ကောင်ကို သတ်ဖို့အတွက်တောင်မှ အချက်ပေါင်းများစွာ ပူးပေါင်း တိုက်ခိုက်ခဲ့ရပြီး အလယ်အလတ်အဆင့် ဖုတ်အလောင်းကောင် တစ်ကောင်ကိုတော့ မနည်း လက်ရည်ညီအောင် တိုက်ခိုက်ခဲ့ရတာပါ။

သူတို့က  အဆင့်မြင့် ဖုတ်အလောင်းကောင် တစ်ကောင်နဲ့ တွေ့တုန်းက ဆိုရင်လည်း သေပြေးရှင်ပြေး ပြေးခဲ့ရပါသေးတယ်။ ကံကောင်းတာ တစ်ခုကတော့ သူတို့ သုံးယောက်ဟာ အထွတ်အထိပ်အဆင့် ဖုတ်အလောင်းကောင် တစ်ကောင်နဲ့မှ ထိပ်တိုက် မတွေ့ခဲ့ရတာပါပဲ။ မဟုတ်လို့ကတော့ သူတို့ဟာ လီဖူချန်းနဲ့တောင် အခုလို တွေ့ခွင့်ရလိုက်မှာ မဟုတ်ပါဘူး။

လီဖူချန်းက လေ့တုံးဟိုင်ကို ကြည့်နေရင်းနဲ့ ရုတ်တရက် အံ့အားသင့်စွာ မေးလိုက်ပါတယ်။

" အစ်ကိုလေ့…… အစ်ကို အဆင့် တက်တော့မှာလား "

လေ့တုံးဟိုင်က တိုက်ပွဲဝိညာဉ်နယ်ပယ် အထွတ်အထိပ်ကို အစောကြီးကတည်းက  ရောက်နှင့်နေခဲ့ ပြီးပါပြီ။ တကယ်လို့သာ သူ့အနေနဲ့ အဆင့်ထပ်ပြီး တက်တော့မယ် ဆိုရင်တော့ အဲဒါက သေချာပေါက် မူလပင်လယ်နယ်ပယ်ပါပဲ။

လေ့တုံးဟိုင်က ခေါင်းညိတ်လိုက်ပြီး

" မီးတောက်ကြယ် ဆေးပင်ကို စားပြီးကတည်းက ငါ့ရဲ့ ကျင့်ကြံမှုက တိုက်ပွဲဝိညာဉ်နယ်ပယ်ရဲ့ အဆုံးစွန်ကို ရောက်သွားပြီးပြီ။ ငါက မူလပင်လယ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် နည်းနည်းလေးပဲ လိုတော့တာ။ တကယ်လို့ ငါ့ဆီမှာသာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ လုံလုံလောက်လောက် ရှိနေမယ်ဆိုရင် ငါ့အနေနဲ့ မူလပင်လယ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် အချိန် ဘယ်လောက်မှ ယူရမှာ မဟုတ်ဘူး။ အဲဒါကြောင့်မလို့ ငါက သည်အရိပ်အသူရာ ချောက်ထဲကို စွန့်စားပြီး ဝင်လာခဲ့တာ "

ကျင့်ကြံသူ တစ်ယောက်ဟာ မူလပင်လယ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် ဆိုရင် လုံလောက်တဲ့ ချီစွမ်းအင် ပမာဏ တစ်ခုကို သူတို့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာ စုဆောင်းထားရပါတယ်။

သာမန် ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ဆိုရင်တော့ မူလပင်လယ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် ကြာချိန်က အနည်းဆုံး ငါးနှစ်ပါပဲ။ လေ့တုံးဟိုင်ကတော့ မီးတောက်ကြယ် ဆေးပင် တစ်ဝက်နီးပါးကို စားသုံးထားတဲ့အတွက် သူ့ရဲ့ ကြာချိန် ၇၀ ရာခိုင်နှုန်းလောက်ဟာ လျော့နည်းသွားခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ အဆင့်တက်တော့မယ်လို့ ခံစားနေခဲ့ရတာပါ။

လေ့တုံးဟိုင်ရဲ့ အဖြေကို ကြားပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ အချိန်ဆွဲမနေဘဲ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀ ကို ထုတ်ယူလိုက်ပါတယ်။

" အစ်ကိုလေ့ …… သည်အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀က အစ်ကို့အတွက် ကျွန်တော့်ရဲ့ လက်ဆောင်ပါ။ သည်ကျောက်တုံးတွေနဲ့ဆိုရင် အစ်ကို အမြန် အဆင့်တက်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ် "

" အား…… များလိုက်တဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေပါလား "

လေ့တုံးဟိုင်က မျက်လုံး အပြူးသား ဖြစ်သွားခဲ့ပါပြီ။ သူက ဘာပြန်ပြောလို့ ပြောရမှန်းကိုတောင် မသိတော့ပါဘူး။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လေ့တုံးဟိုင်က သူ့အနေနဲ့  အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးနဲ့တင် မူလပင်လယ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်မယ်လို့ သူ့ကိုယ်သူ ယုံကြည်မှု ရှိပါတယ်။ အခုတော့ လီဖူချန်းက သူ့ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀ ပေးလာခဲ့ပါပြီ။ အဲဒါက သူ့ရဲ့ ယုံကြည်မှုကို ပိုပြီး မြင့်တက်လာစေနိုင်တဲ့ ပမာဏပါပဲ။

" ညီလေးလီ …… အစ်ကို့အနေနဲ့ ဒါကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ '

လေ့တုံးဟိုင်က အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်ကို လိုချင်ပေမယ့်လည်း လက်မခံဘဲ ငြင်းပယ်လိုက်ပါတယ်။ သူက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကို ဘယ်လောက်ပဲ လိုအပ်နေပါစေဦး။ သူ့အနေနဲ့  သူ့ရဲ့  ဂိုဏ်းတူအစ်ကိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ထောက်ရပါဦးမယ်။

ပြီးတော့ အရင်တစ်ခါက မီးတောက်ကြယ်ဆေးပင် ရယူဖို့အတွက် လီဖူချန်း ကူညီတုန်းကဆိုရင် သူက လီဖူချန်းကို မီးတောက်ကြယ်ဆေးရွက် တစ်ရွက် နဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးထောင်ကိုသာ ပေးခဲ့တာပါ။ အဲသည်အတွက် သူ့အနေနဲ့ အခုအချိန်မှာ လီဖူချန်းပေးတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်ကို ဘယ်လိုမှ မျက်နှာပြောင်တိုက်ပြီး မယူနိုင်ပါဘူး။

လီဖူချန်းက တစ်ချက် ပြုံးလိုက်ပြီး လေ့တုံးဟိုင်ကို ဖြောင်းဖျလိုက်ပါတယ်။

" အစ်ကိုလေ့ …… အစ်ကို့အနေနဲ့ ကျွန်တော်ပေးတဲ့ လက်ဆောင်ကို သည်အတိုင်း မယူချင်ဘူးဆိုရင် အကြွေးယူတယ်လို့ မှတ်ထားလိုက်ပါလား။ နောင်တစ်ချိန်မှ အစ်ကိုက ကျွန်တော့်ကို အကြွေး ပြန်ဆပ်ပေါ့ "

လီဖူချန်းအတွက်ကတော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ် ဆိုတာက ဘာမှ မပြောပလောက်တဲ့ ပမာဏပါပဲ။ အဲသည်ပမာဏလောက်နဲ့ မူလနယ်ပယ် ဘုရင်လောင်း တစ်ပါးကို ခင်မင်ရင်းနှီးခွင့် ရတာက အတန်ကြီး တန်တယ်လို့ပဲ ဆိုရပါမယ်။

ပြီးတော့ တကယ်လို့ နောင်တစ်ချိန်မှာ လေ့တုံးဟိုင်က သူ့ကို အကြွေး ပြန်မဆပ်ရင်လည်း သူ့အနေနဲ့ ဂရုစိုက်နေမှာ မဟုတ်ပါဘူူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ လက်ပတ်ထဲမှာက ထောင်နဲ့ချီတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကို သိမ်းဆည်းထားသေးတာ မဟုတ်ပါလား။

လီဖူချန်းရဲ့ စကား အဆုံးမှာတော့ လေ့တုံးဟိုင်ဟာ သက်ပြင်း အနည်းငယ် ချလိုက်ပါတယ်။ ပြီးမှ သူက မငြင်းနိုင်တော့တဲ့ လေသံနဲ့

" ညီလေးလီ …… ညီလေးက သည်လောက်အထိ စေတနာ ထားနေမှတော့  အစ်ကို့အနေနဲ့ အပိုစကားတွေ ပြောမနေတော့ဘူး။အစ်ကို သည်အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်ကို လက်ခံလိုက်မယ်။ တကယ်လို့ နောင်တစ်ချိန်မှာ ညီလေး အနေနဲ့ ဘာအကူအညီပဲလိုလို အစ်ကို့ကို ပြောလိုက်။အစ်ကိုက ခေါင်းတစ်ချက် ခါလိုက်မိရင် အဲသည်ခေါင်းကို အစ်ကိုကိုယ်တိုင် ဖြတ်ပစ်လိုက်မယ်။ ပြီးတော့ အစ်ကို့ရဲ့ သိုင်းတာအို ခရီးလမ်းဟာ ဘဝတိုင်းလိုလို ခက်ခဲကြမ်းတမ်း နေပါစေ "

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးလေး နှစ်ဆယ်က လေ့တုံးဟိုင်အတွက် သည်လို ကတိသစ္စာ ဆိုရလောက်တဲ့အထိ အရေးမကြီးပါဘူး။ လေ့တုံးဟိုင်က သည်အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ်ကို မရရင်လည်း နောက်ထပ်  တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်ဆိုရင် မူလပင်လယ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်မှာပါပဲ။ သူ့အနေနဲ့ အခုလို သစ္စာဆိုရခြင်းက သူဟာ လီဖူချန်းရဲ့ စေတနာကို အသိအမှတ်ပြုပြီး လီဖူချန်းနဲ့ မိတ်ဆွေ ဖြစ်လိုလို့ပါပဲ။

" ဟား…ဟား…… အစ်ကိုလေ့ကတော့ဗျာ "

လီဖူချန်းက ရယ်ရုံ ရယ်နေပြီး ဘာမှ ဆက်မပြောတော့ပါဘူး။

သူက လေ့တုံးဟိုင်ရဲ့ စကားထဲကနေပြီး လေ့တုံးဟိုင်ရဲ့ စိတ်ထားကို   ခန့်မှန်းမိပါတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် သူက လေ့တုံးဟိုင်ဟာ မိတ်ဆွေဖြစ်ထိုက်တဲ့ လူတစ်ယောက်လို့ အစောကြီးကတည်းက ခံယူထားပြီးသားပါပဲ။ ဒါကြောင့်လည်း သူက လေ့တုံးဟိုင်ကို ရက်ရက်ရောရောကြီး အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ် ပေးလိုက်တာပါ။ တကယ်လို့ လေ့တုံးဟိုင်ကသာ စိတ်ထားမကောင်းဘဲ သွေးအေးရက်စက်တဲ့ လူဆိုရင်တော့ လီဖူချန်းဟာ သူ့ကို အဖက်ကို လုပ်မှာ မဟုတ်ပါဘူး။

ယွန်လုံ နဲ့ ကုချူးယီတို့က လေ့တုံးဟိုင်ကို အနည်းငယ် မနာလိုသွားကြတာတော့ အမှန်ပါပဲ ။ ဒါပေမဲ့လည်း သည်ကိစ္စနဲ့ ပက်သက်ပြီး  သူတို့ အနေနဲ့  ဘာမှ ဝင်စွက်ဖက်နေမှာ မဟုတ်ပါဘူူ။ လေ့တုံးဟိုင်က မူလပင်လယ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် ခြေလှမ်း တစ်လှမ်းစာလောက်သာ လိုတော့တယ် ဆိုတာကို သူတို့နှစ်ယောက်စလုံး သိထားပြီးသားပါပဲ။

လေ့တုံးဟိုင်နဲ့ ယှဉ်မယ်ဆိုရင်တော့ သူတို့က မူလပင်လယ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် အများကြီး လိုနေပါသေးတယ်။ သူတို့နှစ်ယောက် အနေနဲ့ အနည်းဆုံး အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးဆယ် မရှိဘဲနဲ့တော့ မူလပင်လယ်နယ်ပယ်ကို ဘယ်လိုမှ ချိုးဖောက် ဝင်ရောက်နိုင်စရာ အကြောင်း မရှိပါဘူး။

" ညီလေးလီ …… အခု အစ်ကိုတို့ အပြန်လမ်းကို ရှာကြမလား ဒါမှမဟုတ် သည်အရိပ် အသူရာ ချောက်ထဲမှာပဲ ဆက်နေကြဦးမလား "

ရုတ်တရက် ဆိုသလို ယွန်လုံက မေးလာခဲ့ပါတယ်။

" အစ်ကိုယွန်တို့မှာ အစီအစဉ်များ ရှိနေလို့လား "

လီဖူချန်းက နလပိန်းတုံး တစ်ယောက် မဟုတ်ပါဘူး။ သူက ယွန်လုံရဲ့ လေသံကို နားထောင်လိုက်တာနဲ့ တစ်ပြိုင်နက် ယွန်လုံရဲ့ မေးခွန်းထဲမှာ လျှို့ဝှက်ချက် ရှိတယ်ဆိုတာကို တန်းပြီး သိလိုက်ပါတယ်။

ယွန်လုံက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး

" အစောပိုင်းတုန်းက လူနဲ့ အစ်ကိုတို့သုံးယောက် တိုက်ခိုက်နေရတဲ့ အကြောင်းအရင်းက နေရာ တစ်ခုကြောင့်ပဲ။ အဲသည်နေရာကနေ သိပ်သည်းတဲ့ မဟာတာအို အငွေ့အသက်တစ်ခု တိုးထွက်နေတာကို အပြင်ဘက်ကနေတောင် ခံစားနိုင်တယ်။ အစ်ကို ထင်တာသာ မမှားဘူး ဆိုရင်တော့ အဲသည်နေရာမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အများကြီး ရှိနေလိမ့်မယ် "

" သိပ်သည်းတဲ့ မဟာတာအို အငွေ့အသက်တစ်ခု တိုးထွက်နေတာလား

လီဖူချန်းက မျက်မှောင်တစ်ချက် ကြုတ်လိုက်မိပါတယ်။အဆင့်မြင့်  ဝိညာဉ်ကျောက်တုံးတွေကနေ မဟာတာအို အငွေ့အသက်တွေ တိုးထွက်နေလေ့ ရှိတာက ဓမ္မတာပါပဲ။ ဒါပေမဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ ရာနဲ့ချီပြီး စုပုံထားရင်တောင်မှ ကျင့်ကြံသူ တစ်ဦးဟာ အဲသည် မဟာတာအို အငွေ့အသက်ကို အာရုံခံမိဖို့ မဖြစ်နိုင်ပါဘူး။ သူတို့နဲ့ အရမ်း နီးကပ်နေရင်တော့ တစ်မျိုးပေါ့။

တကယ်လို့သာ ယွန်လုံ ပြောတဲ့အတိုင်း ဆိုရင်တော့ အဲသည်နေရာမှာ ရှိနေတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေဟာ အနည်းဆုံး ထောင်ပိုင်းပါပဲ။ ဒါမှမဟုတ် အထွတ်အထိပ်အဆင့်  ဝိညာဉ်ကျောက်တုံး တစ်တုံး ရှိနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံး………

တကယ်လို့သာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးက အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းနဲ့ ညီမျှတယ်ဆိုရင် အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးက အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်း  ဒါမှမဟုတ် တစ်သန်းရဲ့ အထက်နဲ့ ညီမျှပါလိမ့်မယ်။

တကယ်တမ်း တိတိကျကျ ပြောရမယ် ဆိုရင်တော့ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးတွေကို ဝိညာဉ်ကျောက်တုံးတွေလို့တောင် ခေါ်ဖို့ မသင့်တော့ပါဘူး။

အဲဒါတွေက ကောင်းကင် နဲ့ မြေကြီးကနေ မွေးဖွားလာတဲ့ ရတနာတွေ ဖြစ်ပါတယ်။

အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးနဲ့ ပက်သက်လာပြီ ဆိုရင်တော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေတောင်မှ    န်မဆောင်နိုင်လောက်အောင် ဣန္ဒြေ ပျက်ယွင်းကုန်မှာ မြေကြီးလက်ခတ် မလွဲပါဘဲ။

ဒါပေမဲ့လည်း ယွန်လုံတို့ တွေ့ထားတဲ့ နေရာမှာ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံး  ရှိနေဖို့ ဆိုတာက  ရာခိုင်နှုန်း အတော်လေး နည်းပါးတယ်။ ပြီးတော့ လီဖူချန်းက အရိပ်အသူရာချောက်ရဲ့ သည်အလွှာမှာ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးတွေ ရှိနေမယ်လို့ လုံးဝ မယုံကြည်ပါဘူး။

အဲသည်အချိန်မှာပဲ လေ့တုံးဟိုင်က စကားဝိုင်းထဲကို ဝင်လာခဲ့ပါတယ်။

" ညီလေးလီ …… အဲသည်နေရာက ဖုတ်အလောင်းကောင်တွေနဲ့ ပြည့်နေတာနော်။ အစ်ကိုကတော့ ညီလေးကို မစွန့်စားစေချင်ဘူး"

" အဆင်ပြေပါတယ် ……အစ်ကိုလေ့။ ကျွန်တော်က တစ်ချက်လောက် အခြေအနေ သွားကြည့်ရုံတင်ပါ "

လေ့တုံးဟိုင် သတိမပေးခင်ကတည်းက လီဖူချန်းဟာ ယွန်လုံပြောတဲ့ နေရာကို သွားကြည့်ဖို့ ဆုံးဖြတ်ပြီးသွားခဲ့ပါပြီ။

ချမ်းသာကြွယ်ဝမှု ဆိုတာက ဘေးအန္တရာယ်နဲ့ အမြဲ ဒွန်တွဲ တည်ရှိနေတတ်တဲ့ အရာ မဟုတ်ပါလား။ အဲသည်အတွက် လေ့တုံးဟိုင်  ဘယ်လိုပြောပြော လီဖူချန်းက နားဝင်တော့မှာ မဟုတ်ပါဘူး။

ပြီးတော့ အဲသည်ထက် ပိုအရေးကြီးတာက ဖုတ်အလောင်းကောင်တွေဟာ သူ့အပေါ်မှာ ဘာမှ မတတ်နိုင်တာပါပဲ။ လီဖူချန်းက သူ့အနေနဲ့ ကံဆိုးပြီး ဖုတ်အလောင်းကောင် ဘုရင်တွေနဲ့ တွေ့ရင်တောင်မှ ကိုယ်လွတ်ရုန်း  ပြေးနိုင်မယ်လို့ သူ့ကိုယ်သူ ယုံကြည်ချက် အပြည့် ရှိပါတယ်။

" ဟုတ်ပြီလေ။ ဒါဆိုရင်လည်း အစ်ကိုကပဲ ညီလေးကို အဲသည်နေရာရောက်အောင် လမ်းပြပေးရတာပေါ့ "

လီဖူချန်းက အတော်လေး စိတ်အားထက်သန်နေမှတော့ လေ့တုံးဟိုင်က ဆက်ပြီး မတားတော့ပါဘူူး။ သူ့အနေနဲ့ လီဖူချန်းကို လမ်းပြ ခေါ်ဆောင်သွားဖို့ရာပဲ ရှိပါတော့တယ်။

လီဖူချန်းက အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ကတိပေးလိုက်ပါသေးတယ်။

" တကယ်လို့သာ အဲသည်နေရာမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိနေမယ်ဆိုရင် ကျွန်တော်က အားလုံးကို ဝေစု  တစ်စုစီ ခွဲပေးပါ့မယ် "

အဲသည်နောက်မှာတော့ လေ့တုံးဟိုင်ဟာ လီဖူချန်းကို ခေါ်ပြီး ထွက်သွားခဲ့ပါပြီ။

ယွန်လုံ နဲ့ ကုချူးယီတို့ကလည်း တစ်ယောက်ကို တစ်ယောက်မျက်ရိပ် ပြပြီး လေ့တုံးဟိုင်တို့နောက်ကို လိုက်သွားကြပါတယ်။ သူတို့ကလည်း သည်နေရာမှာ ကျန်နေခဲ့ဖို့တော့ စိတ်ကူး မရှိပါဘူး။

မစွန့်စားဘဲနဲ့တော့ ဆုလဒ်ကို ဘယ်လိုလုပ်ပြီး ရနိုင်မှာတဲ့လဲ။ပြီးတော့ သူတို့ဟာလည်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကို လိုချင်တာပါပဲ။

အဲသည်လိုမှ မဟုတ်ရင်တော့ သူတို့အနေနဲ့ သည်အရိပ်အသူရာ ချောက်ထဲကို ဝင်လာခဲ့မှာတောင် မဟုတ်ပါဘူး။

သည်လိုနဲ့ပဲ သူတို့လေးယောက်ဟာ တောင်ကြားလမ်း တစ်ခုရဲ့ အဝကို ရောက်လာခဲ့ပါပြီ။

" မဟာတာအို အငွေ့အသက်က အဲသည်နေရာကနေ လာနေတာပဲ "

လေ့တုံးဟိုင်က မှောင်မည်းပြီး တိတ်ဆိတ်နေတဲ့ တောင်ကြားလမ်းထဲကို လက်ညှိုးထိုးပြီး ပြောလိုက်ပါတယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး

“ကျွန်တော်  တစ်ချက်လောက် အထဲဝင်ပြီး အခြေအနေ သွားကြည့်လိုက်ဦးမယ်။ ကျွန်တော် ပြန်ထွက်လာတာကို သည်ကပဲ စောင့်နေကြပါ "

အဲသည်အချိန်မှာပဲ ယွန်လုံ နဲ့ ကုချူးယီတို့က အရှေ့ကို လှမ်းထွက်လာခဲ့ကြပါတယ်။

" ညီလေးလီ …… အစ်ကိုတို့လည်း ညီလေးနဲ့အတူ တောင်ကြားလမ်းထဲ လိုက်ဝင်ပါရစေ "

ဒါပေမဲ့လည်း လီဖူချန်းက လက်မခံပါဘူး။

" အစ်ကိုတို့ အားလုံးက မပျံနိုင်ဘူးဆိုတော့ မလိုက်ခဲ့တာပဲ ပိုကောင်းပါတယ်။ အစ်ကိုတို့အနေနဲ့ သည်တောင်ကြားလမ်းထဲကို ဝင်လိုက်တာနဲ့ အစ်ကိုတို့ အသက်ကို အစ်ကိုတို့ ပိုင်တော့မှာ မဟုတ်ဘူး။ အဲသည်တော့ သည်ကနေပဲ အေးအေးဆေးဆေး ကျွန်တော့်ကို စောင့်နေကြပါ။ စိတ်မပူပါနဲ့။ ကျွန်တော် အကျိုးအမြတ်ရင် အစ်ကိုတို့ကိုလည်း မပစ်ထားပါဘူး "

လီဖူချန်းက ယွန်လုံတို့နှစ်ယောက် ဘာဖြစ်လို့ တောင်ကြားလမ်းထဲ  လိုက်ချင်ရသလဲ ဆိုတာကို ကောင်းကောင်းကြီး ရိပ်စားမိပါတယ်။သူတို့နှစ်ယောက်က လီဖူချန်း ဝေစုခွဲ ပေးတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကို သည်အတိုင်း အလကား မလိုချင်ကြပါဘူး။ သူတို့က သူတို့ရဲ့ လုပ်အား အနည်းငယ်ပါမှ လိပ်ပြာ သန့်ကြမယ့် ပုံပါပဲ။

" ကဲ…… သွားပြီဗျို့ "

အဲသည်နောက်မှာတော့ လီဖူချန်းဟာ လေမိုးကြိုး တောင်ပံကို အသက်သွင်းပြီး တောင်ကြားလမ်းထဲ ဝင်သွားခဲ့ပါပြီ။

" ယွန်လုံ…… ညီမလေးကု ……။ ငါကတော့ ညီလေးလီကို ယုံတယ်။  တကယ်လို့ အကျိုးအမြတ် ရလာရင် ညီလေးလီက ငါတို့ကို မေ့မှာ မဟုတ်ဘူး။သည်တော့ အပြင်ဘက်ကပဲ သူ့ကို စောင့်နေကြရအောင် "

လေ့တုံးဟိုင်က ယွန်လုံတို့ နှစ်ယောက်ကို ဖြောင်းဖျလိုက်ပါတယ်။

" အင်း။ ညီလေးလီ ပြောတာလည်း ဟုတ်တာပဲ။ ငါတို့က သူ့လို ပျံမှ မပျံနိုင်တာ "

ယွန်လုံအနေနဲ့ကတော့  မချိပြုံး ပြုံးနေရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

***

All Chapters