← Chapters

ဆရာနှင့်တပည့် ပြန်ဆုံပြီ

Vol. 31 Ch. 424

ဆရာနှင့်တပည့် ပြန်ဆုံပြီ

Vol. 31 Ch. 424

ယဲ့ချန်သည် မိုးကြိုးချပ်ဝတ် အစုံသုံးဆယ်အတွက် ဝိညာဥ်ကျောက်စိမ်းထောင့်ငါးရာပေးချေပြီး လက်နက်ကောင်စီနှင့် အရောင်းအဝယ် ပြုလုပ်လိုက်သည်။

"နောက်ထပ် ဘာများလိုချင်ပါသေးသလဲခင်ဗျာ"

ကြီးမားသော အရောင်းအဝယ်ပြုလုပ်ပြီးနောက် ကျိရန်၏ခပ်ဝဝမျက်နှာက ပို၍ပြုံးရွှင်လာခဲ့သည်။ သူက လက်နက်ကောင်စီ၏ မဟာအကြီးအကဲဟူသော အဆင့်အတန်းအရ မာန်တက်ခြင်းမျိုးမရှိဘဲ နှိမ့်ချစွာ မေးလိုက်သည်။

"တောက်ချင် ဘယ်ရောက်သွားတာလဲ"

ကျိရန်နှင့် စီးပွားရေးလုပ်နေစဥ် တောက်ချင် ထွက်ခွာသွားသောကြောင့် ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။

"ကျုပ် သွားခေါ်ပေးပါမယ်"

ကျိလင်က ပြာပြာသလဲ ခေါင်းညိတ်လိုက်သည်။ လက်နက်ကောင်စီသည် ယဲ့ချန်နှင့်အရောင်းအဝယ်မှ အကျိုးအမြတ်ကြီးစွာရခဲ့သောကြောင့် သူပြောသမျှကို လိုက်နာနေခဲ့သည်။ လက်နက်ကောင်စီ၏ အထက်အဆင့်ကျင့်ကြံသူများက ယဲ့ချန်ကို ကောင်းမွန်စွာဆက်ဆံရန် ကျိရန်နှင့်ကျိလင်ကို တင်းကြပ်စွာ မှာကြားထားသည်။ ဝိညာဥ်သားရဲကပ်ဘေးဖြစ်ပေါ်လာသော ဤကာလတွင် ကျင့်ကြံရေးအရင်းအမြစ်များက အသက်ရှင်သန်ရန်အတွက် အလွန်အရေးပါနေခဲ့သည်။

တောက်ချင်က အလျင်အမြန်ရောက်ရှိလာပြီး ကျိရန်၏အပြုံးမျက်နှာကြီးကို မြင်လိုက်ရသည်။ ယဲ့ချန်နှင့် လက်နက်ကောင်စီကြားတွင် အရောင်းအဝယ်ကြီးကြီးမားမား ပြုလုပ်နိုင်ခဲ့ကြောင်း သူက ခန့်မှန်းနိုင်လိုက်၏။

"ကျုပ်က ခင်ဗျားတို့နှစ်ယောက်ကို အကူအညီတောင်းစရာရှိတယ်"

ယဲ့ချန်၏အကြည့်က တောက်ချင်ထံ ကျရောက်သွားသည်။ ရွှမ်းယီကို မောင်းထုတ်ခဲ့သည့် မဟာအကြီးအကဲကို သူက သိချင်နေသော်လည်း မေးရန် အချိန်ကောင်းမဟုတ်ပေ။

"ကျေးဇူးပြုပြီး ပြောပါ"

"ခင်ဗျားတို့နှစ်ယောက်ကို ဒီမြို့တော်မှာ လူနှစ်ယောက် ရှာပေးစေချင်ပါတယ်"

လက်ရှိတွင် တော်ဝင်မြို့တော်၌ ကျင့်ကြံသူများစွာရောက်ရှိနေပြီး နံရံတိုင်းတွင် မျက်စိနှင့်နားများ ရှိနေကြသည်။ ထို့အပြင် မြို့တော်ကို သမာဓိကောင်စီက အဓိကထိန်းချုပ်ထားသောကြောင့် သူက ရွှမ်းယီနှင့်လီရှုကိုရှာဖွေရန် ဝိညာဥ်အသိစိတ်ကို အသုံးချလိုက်လျှင် ပြဿနာတက်သွားနိုင်သည်။

"ဒီကိစ္စက မခက်ပါဘူး။ ခင်ဗျားက ဘယ်သူ့ကိုရှာချင်တာလဲ"

တောက်ချင်က တစ်ချက်ပြုံး၍ ခေါင်းညိတ်လိုက်သည်။ ဆေးဘုရင်မြို့တော်ဖြစ်စေ လက်နက်ကောင်စီဖြစ်စေ လွှမ်းမိုးနိုင်စွမ်းကြီးမားသောကြောင့် လူနှစ်ယောက်ကိုရှာဖွေရန် အလွန်လွယ်ကူပေသည်။

"ဆေးဆရာရွှမ်းယီနဲ့ သူ့တပည့် လီရှု"

ယဲ့ချန်က တစ်လုံးချင်း ဖြေလိုက်သည်။

"ရွှမ်းယီလား။ သူက ဘာလို့ ရွှမ်းယီကိုရှာချင်ရတာလဲ။ ချန်ရဲလို ကြွယ်ဝချမ်းသာတဲ့လူတစ်ယောက်နဲ့ ဆေးဘုရင်မြို့တော်က ထုတ်ပယ်ခံထားရတဲ့ တပည့်က ဘယ်လိုပတ်သတ်နေတာလဲ"

တောက်ချင်၏စိတ်အတွင်း အတွေးများစွာ ရှုပ်ထွေးလာခဲ့သည်။

"အကြီးအကဲတောက်မှာ ဆေးဆရာရွှမ်းယီရဲ့သတင်း ရှိလို့လား"

"ရွှမ်းယီက ဆေးဘုရင်မြို့တော်ရဲ့ တပည့်တစ်ယောက်ဖြစ်ခဲ့ဖူးပေမယ့် မဟာအကြီးအကဲတစ်ယောက်ဆီကနေ ဆေးလုံးခိုးလို့ မောင်းထုတ်ခံထားရတယ်"

"လောလောဆယ် သူက မြို့တော်ကိုရောက်နေပြီလို့ ကျု ပ်ကြားတယ်။ သူ့ကိုရှာဖို့ မခက်ပါဘူး"

တောက်ချင်က စကားပြောနေရင်း ယဲ့ချန်၏မျက်နှာထက်မှ အလိုမကျသောအချင်းအရာကို သတိထားမိသဖြင့် ပါးစပ်ကို ရပ်တန့်လိုက်ရသည်။ ထို့နောက် သူက အဓိကအချက်ကိုသာ ဆက်ပြောလိုက်၏။ ထိုအချိန်တွင် ကျိလင်က အပြင်သို့ ထွက်သွားပြီဖြစ်သည်။ ကျိရန်က ရွှမ်းယီကို သွားရောက်ရှာဖွေရန် ညွှန်ကြားခဲ့သည်။

"အကြီးအကဲကျိ ကျုပ် လက်နက်ကောင်စီနဲ့ စီးပွားရေးထပ်လုပ်ချင်တယ်။ ထောင်ချီဓားအစီအရင် အစုံနှစ်ဆယ်အတွက် အဆင့်ငါးဓားရှည်တွေနဲ့ ဓားသုံးလက်အစီအရင် အစုံငါးဆယ်အတွက် အဆင့်ကိုးဓားရှည်တွေ လိုချင်တယ်။ ဝိညာဥ်ကျောက်စိမ်းငါးရာဆိုရင် လုံလောက်ပြီလား"

ယဲ့ချန်က တောက်ချင်ရှိနေသည်ကို အမှုမထားဘဲ ကျိရန်ကို တောင်းဆိုလိုက်သည်။

"သဘောတူတယ်"

ကျိရန်က ချက်ချင်းခေါင်းညိတ်လိုက်သည်။ ယဲ့ချန်က အရေးကြီးဖောက်သည်တစ်ယောက်ဖြစ်ပြီး ဝိညာဥ်ကျောက်စိမ်းမိုင်းတွင်းတစ်ခု ပိုင်ဆိုင်ထားခြင်းဖြစ်နိုင်သည်။ သို့သော် လက်နက်ကောင်စီသည် စီးပွားရေးလုပ်ရာတွင် စည်းကမ်းတင်းကျပ်ပြီး ဂုဏ်သိက္ခာကို အလွန်အလေးထားသည်။ သူတို့က အခြားလူများ၏ရတနာကို ခိုးယူခြင်းနှင့် ဓားပြတိုက်ခြင်းကို အမြဲတမ်းရှောင်ကြဥ်ခဲ့သည်။ ဆေးဘုရင်မြို့တော်သည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။

တောက်ချင်သည် ယဲ့ချန်၏စကားကြောင့် တုန်လှုပ်သွားသော်လည်း မျက်နှာကို တည်ငြိမ်စွာ ထိန်းသိမ်းထားခဲ့သည်။ ယဲ့ချန်၏လက်ထဲတွင် ဝိညာဥ်ကျောက်စိမ်းများစွာရှိနေပြီး စကားအသွားအလာအရ လက်နက်ကောင်စီနှင့် ဝိညာဥ်ကျောက်စိမ်းထောင်ချီတန်သော အရောင်းအဝယ်တစ်ခု ပြုလုပ်ထားပုံပေါ်သည်။ လက်ရှိတွင်လည်း သူက လက်နက်ကောင်စီထံမှ ဝိညာဥ်လက်နက်များစွာ ဝယ်ယူနေပြန်သည်။

"ရွှမ်းယီက ချန်ရဲအတွက် အရေးကြီးတဲ့လူတစ်ယောက် ဖြစ်နေတာလား"

တောက်ချင်သည် သူ၏နှုတ်မစောင့်စည်းမှုအတွက် နောင်တရနေခဲ့သည်။ ဘေးနားတွင် ကျိလင်မရှိတော့ကြောင်း သတိထားမိသောအခါ ရွှမ်းယီကို သွားရှာနေပြီဖြစ်ကြောင်း နားလည်လိုက်၏။

"ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ။ ရွှမ်းယီကို လူလွှတ်ပြီး ချက်ချင်းရှာခိုင်းလိုက်ပါမယ်"

အစွမ်းထက်အင်အားစုနှစ်ခုက တော်ဝင်မြို့တော်တွင် ရွှမ်းယီကို ပိုက်စိပ်တိုက်ရှာဖွေလိုက်ကြ၏။ ယဲ့ချန်သည် လက်နက်ကောင်စီနှင့် အရောင်းအဝယ်လုပ်ရာတွင် ဝိညာဥ်ကျောက်စိမ်းနှစ်ထောင် အသုံးပြုခဲ့သောသတင်းက ဆေးဘုရင်မြို့တော်၏ အကြီးအကဲများထံ ချက်ချင်းရောက်ရှိသွားသည်။ ဤလောကတွင် ဝိညာဥ်ကျောက်စိမ်းများက အလွန်ရှားပါးပြီး အနည်းငယ်မျှသော ကျင့်ကြံသူအချို့သာ စုဆောင်းထားနိုင်ကြသည်။ သို့သော် မည်သူမှ ယဲ့ချန်လောက် ပမာဏများစွာကို တစ်ချိန်တည်း ထုတ်မသုံးနိုင်ချေ။ ယဲ့ချန်၏ချမ်းသာမှုနှင့် နောက်ခံက အံ့မခန်းအနေအထားတစ်ခုသို့ ရောက်ရှိနေလေသည်။ ထို့ကြောင့် သူတို့က ယဲ့ချန်ကို ဖိတ်ကြားချက်များပေးပို့ခဲ့သော်လည်း သူက ငြင်းဆန်လိုက်၏။ သို့သော် သူက ဝိညာဥ်ကျောက်စိမ်းသုံးရာအသုံးပြုပြီး အဖိုးတန်ဆေးလုံးများကို ဆေးဘုရင်မြို့တော်မှ ဝယ်ယူပေးခဲ့သည်။ သူ၏လုပ်ရပ်က ဆေးဘုရင်မြို့တော်ကို ပဟေဠိဖြစ်စေသော်လည်း မစော်ကားရဲကြပေ။ ယဲ့ချန်၏ကြွယ်ဝမှုက သူတို့ကို အလွန်အမင်းသတိကြီးစေခဲ့သည်။

ဆေးဘုရင်မြို့တော်ရော လက်နက်ကောင်စီပါ ယဲ့ချန်ကို အထူးတံဆိပ်ပြားတစ်ခုစီ ပေးခဲ့သည်။ ထိုတံဆိပ်ဖြင့်ဆိုလျှင် ယဲ့ချန်က အင်အားစုနှစ်ခုလုံး၏ ဂုဏ်သရေရှိဧည့်သည်တော် ဖြစ်လာခဲ့လေသည်။

ယဲ့ချန်သည် ဆေးဘုရင်မြို့တော်နှင့် လက်နက်ကောင်စီကိုအသုံးချပြီး ရွှမ်းယီကို ရှာဖွေခဲ့သည်။ သို့မဟုတ်လျှင် သူ့အတွက် အလွန်များပြားသော ကျင့်ကြံသူများကြားတွင် ဝိညာဥ်အသိစိတ်မသုံးပါက ဆရာဖြစ်သူကို ရှာဖွေနိုင်စွမ်းရှိမည်မဟုတ်ချေ။ သူက ၎င်းကို အသုံးပြုလိုက်ပြန်လျှင်လည်း သမာဓိကောင်စီမှ အာရုံစိုက်လာမည်ကို စိုးရိမ်နေခဲ့သည်။ အလယ်အင်ပါယာ၏မြို့တော်တွင် လက်ရှိစွမ်းအားအကြီးဆုံးမှာ ဆေးဘုရင်မြို့တော်နှင့် လက်နက်ကောင်စီမဟုတ်ဘဲ သမာဓိကောင်စီဖြစ်ပေသည်။ အချိန်ခဏအတွင်း ရွှမ်းယီသည် သီးသန့်အိမ်တစ်လုံးဝယ်ယူ၍ နေထိုင်နေသည်ဟူသော သတင်းကို အင်အားစုနှစ်ခုက ယဲ့ချန်ထံ ပို့ပေးလာကြသည်။ ယဲ့ချန်နှင့်ရွှမ်းယီ၏ဆက်ဆံရေးကို သူတို့က မသိသောကြောင့် ရွှမ်းယီကို သွားရောက်မနှောင့်ယှက်ရဲဘဲ တည်နေရာကိုသာ ယဲ့ချန်အား ပြောပြခဲ့ကြသည်။

လက်နက်ကောင်စီမှ ထွက်လာပြီးနောက် ယဲ့ချန်သည် လမ်းထောင့်တစ်နေရာတွင် သူ၏မူလအသွင်ကို ပြောင်းလိုက်သည်။ ထို့နောက် သူက ရွှမ်းယီ၏အိမ်သို့ ဦးတည်လိုက်သည်။

တော်ဝင်မြို့တော်၏တောင်ဘက်တွင် ကြီးကျယ်ခမ်းနားသော နေရာတစ်ခု တည်ရှိသည်။ တောင်များက မိုးထိုးမတတ်မြင့်မားနေပြီး မြစ်များက လှပစွာ စီးဆင်းနေကြသည်။ တောင်ထိပ်များမှ ရေတံခွန်များကျဆင်းလာ၍ သစ်ပင်ပန်းမန်များ ထူထပ်စွာ ပေါက်ရောက်နေသည်။ စကားဖြင့် ဖော်ပြနိုင်စွမ်းမရှိလောက်အောင် လှပသော ဤနေရာတွင် အဆောက်အအုံများစွာ တည်ဆောက်ထားကြသည်။ ကောင်းကင်တွင် ပုံရိပ်များစွာပျံသန်းနေကြပြီး အနည်းဆုံးအရေအတွက်က သောင်းချီပေသည်။ ကောင်းကင်အထက်အဆင့်ကျင့်ကြံသူများသာ ပျံသန်းနိုင်စွမ်းရှိသောကြောင့် ဤအင်အားက ကြောက်မက်ဖွယ်ကောင်းနေသည်။ တောင်ထိပ်ပေါ်တွင် နေရောင်များဖြာကျနေသဖြင့် မြင့်မြတ်မြို့တော်တစ်ခုနှင့် ဆင်တူနေသည်။ ထိုနေရာသည် သမာဓိကောင်စီ၏ အခြေစိုက်နေရာဖြစ်ကြောင်း ယဲ့ချန်က သိရှိထားခဲ့သည်။ ၎င်းက မဟာအရှေ့ပိုင်းတိုက်ကြီးတွင် အစွမ်းအထက်ဆုံးဖြစ်ပြီး ဆေးဘုရင်မြို့တော်နှင့် လက်နက်ကောင်စီထက် များစွာသာလွန်ပေသည်။

"ယဲ့ချန် သမာဓိကောင်စီရဲ့ ခေါင်းဆောင်သုံးယောက်လုံးက ထူးကဲအဆင့်သုံးလို့ သတင်းတွေထွက်နေပေမယ့် မဖြစ်နိုင်ဘူး။ ဒီကောင်တွေက သူများကိုလှည့်စားနိုင်ပေမယ့် ငါ့ကို မလုပ်နိုင်ဘူး။ သူတို့ကျင့်ကြံထားတဲ့ မိစ္ဆာချီအစွမ်းထက်ပုံအရ ကြီးမြတ်သူအဆင့်ကို ရောက်နေလောက်ပြီ"

ခြင်္သေ့ကြီးက အလွန်လေးနက်သော လေသံဖြင့် သတိပေးလိုက်ခြင်းဖြစ်သည်။ သမာဓိကောင်စီက အလွန့်အလွန်အစွမ်းထက်နေမည်ကို ယဲ့ချန်က ထင်မထားပေ။ အဝေးရှိတောင်တန်းပေါ်သို့ ကျင့်ကြံသူပေါင်းများစွာက ကိုးကွယ်ဆည်းကပ်လိုဟန်ဖြင့် မော့ကြည့်နေကြသည်။ မိစ္ဆာချီ၏အရိပ်အယောင်ကို ယဲ့ချန်က လုံးဝမခံစားရသော်လည်း ခြင်္သေ့ကြီ၏စကားကို သံသယမရှိယုံကြည်သည်။

"မင်းကိုယ်မင်း ကောင်းကောင်းဖုံးကွယ်ထားဦး။ မဟုတ်ရင် သမာဓိကောင်စီက မင်းကိုရှာတွေ့သွားပြီး ပစ်မှတ်ထားလာနိုင်တယ်"

"နားလည်ပါပြီ"

ယဲ့ချန်ကခေါင်းညိတ်၍ နှိမ့်နှိမ့်ချချနေထိုင်ရန် ဆုံးဖြတ်လိုက်သည်။ မြို့တော်၏လမ်းတိုင်းတွင် သမာဓိကောင်စီဝတ်ရုံဖြင့် ကျင့်ကြံသူများစွာက သွားလာလှုပ်ရှားနေကြသည်။ အများစုက အဆင့်တစ်ဆယ်အထက်ဖြစ်ပြီး အုပ်စုတစ်ခုစီတိုင်းတွင် သုံးယောက်မှငါးယောက်အထိ ပါဝင်သည်။ ထို့ကြောင့် သမာဓိကောင်စီတွင် တပည့်အရေအတွက်များစွာရှိကြောင်း ရှင်းလင်းနေသည်။ သူက သာမန်မျိုးနွယ်တစ်ခုမှ ကျင့်ကြံသူပမာ ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသောကြောင့် များစွာသောလူများအကြားတွင် အာရုံစိုက်စရာမဖြစ်ခဲ့ပေ။ တစ်နာရီအကြာတွင် သူ၏မြင်ကွင်းအတွင်း ရွှမ်းယီ၏အိမ် ဝင်ရောက်လာခဲ့သည်။ ဆေးဘုရင်မြို့တော်နှင့် လက်နက်ကောင်စီမှ ကျင့်ကြံသူအချို့က စောင့်ကြည့်နေသော်လည်း ယဲ့ချန်ကဂရုမစိုက်ဘဲ တိုက်ရိုက်ဝင်ရောက်သွားခဲ့၏။

ခြံဝန်းအတွင်းရှိ ဧည့်ခန်းတွင် အဘိုးအိုငါးယောက်ကစုဝေး၍ စကားစမြည်ပြောဆိုနေကြသည်။ သူတို့၏နောက်တွင် ဆေးဆရာဝတ်စုံကိုယ်စီနှင့် တပည့်များ မတ်တပ်ရပ်နေကြသည်။ စုစုပေါင်းအရေအတွက်က ၁၅ယောက်ဖြစ်ပြီး အားလုံးက ငယ်ရွယ်သော်လည်း ရင့်ကျက်တည်ငြိမ်စွာ ရှိနေကြသည်။ လီရှုသည်လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။

"ဆရာတူအစ်ကို ကျုပ်တို့တွေ ဒီဘဝမှာ အခုလိုပြန်ဆုံပြီး စကားစမြည်ပြောရမယ်လို့ မထင်ထားဘူး။ ဒီအတွက် အောင်ပွဲခံရင်း သောက်လိုက်ကြရအောင်"

ရွှမ်းယီ၏ နံပတ်သုံးဆရာတူညီဖြစ်သော ရှန်ယုက ပြောလိုက်ခြင်းဖြစ်သည်။ ဆေးပညာတွင် သူကလည်း ရွှမ်းယီအောက် လုံးဝမနိမ့်ပေ။ အဘိုးအိုငါးယောက်လုံးမှာ ဆရာသခင်အဆင့် ဆေးဆရာများဖြစ်ကြသည်။ သူတို့က ဆေးဘုရင်မြို့တော်၏ မဟာအကြီးအကဲများအောက် နိမ့်ကျသော်လည်း အပြင်ကမ္ဘာတွင် ကျော်ကြားသူများဖြစ်ကြသည်။

"မှန်တယ်။ ဒီဖရိုဖရဲကမ္ဘာကြီးမှာ ငါတို့ငါးယောက် အခုလိုပြန်ဆုံနိုင်ဖို့ တကယ်မလွယ်ဘူး။ ဒါပေမယ့် မြို့တော်အပြင်မှာ ဝိညာဥ်သားရဲတွေသောင်းကျန်းနေပြီး ငါ့တပည့်လည်း ပျောက်နေတယ်။ သူ့အတွက် စိုးရိမ်နေရလို့ မင်းတို့နဲ့အတူမသောက်နိုင်တာ ခွင့်လွှတ်ပေးပါ"

ရွှမ်းယီ၏မျက်နှာက ရှိရင်းစွဲအသက်ထက် ပို၍အိုစာသွားပုံပေါ်သည်။ လအနည်းငယ်တွင်း သူမမျှော်လင့်ထားသော ကိစ္စများစွာ ဖြစ်ပွားခဲ့သည်။

"ဆရာ ညီလေးယဲ့က ကံကောင်းပါတယ်။ သူအဆင်ပြေမှာပါ"

လီရှုက နှစ်သိမ့်လိုက်ခြင်းဖြစ်သည်။ ပြင်ပအခြေအနေများကို ကောင်းစွာသိရှိထားသော ဆေးဆရာငါးယောက်က တိတ်ဆိတ်သွားခဲ့သည်။ သူတို့က မြို့တော်တွင် ယဲ့ချန်ကိုရှာမတွေ့လျှင် သေလူအဖြစ် သတ်မှတ်ရပေလိမ့်မည်။ ထိုအချိန်တွင် ယဲ့ချန်က ခြံဝန်းအတွင်း ဝင်ရောက်လာခဲ့သည်။

"ဆရာ အစ်ကိုလီ"

ယဲ့ချန်က လေးစားစွာ အရိုအသေပေးလိုက်သည်။ အတိတ်တွင် ယဲ့မျိုးနွယ်မှလွဲလျှင် သူ့ကိုဂရုစိုက်ခဲ့သူမှာ ရွှမ်းယီနှင့်လီရှုသာ ဖြစ်သည်။

"ညီလေးယဲ့ မင်းလား။ တကယ်ကောင်းတယ်"

လီရှုက ယဲ့ချန်ကိုမြင်သောအခါ အလွန်ပျော်ရွှင်သွား၍ ချက်ချင်းကြိုဆိုလိုက်သည်။

"မင်းနဲ့ပြန်တွေ့ရတာ တကယ်ကောင်းတယ်။ တကယ်ကောင်းတယ်"

ရွှမ်းယီက ချက်ချင်းထရပ်လိုက်ပြီး အရိုအသေပေးနေသော ယဲ့ချန်၏ပခုံးကို ဆွဲထူလိုက်သည်။ သူက ယဲ့ချန်ကို စစ်ဆေးလိုက်ပြီး အဆင်ပြေသည်ကို မြင်သောအခါတွင်မှ သက်ပြင်းတစ်ချက်ချ၍ ရေရွတ်လိုက်သည်။ ယဲ့ချန် ပြန်ရောက်လာသဖြင့် ကျန်ဆေးဆရာလေးယောက်ကလည်း ပြုံးလိုက်ကြသည်။ ပျောက်ဆုံးနေသော တပည့်ကို အသက်ရှင်ရက်ပြန်တွေ့လိုက်ရသော ရွှမ်းယီအတွက် သူတို့အားလုံးလည်း ဝမ်းသာနေကြလေသည်။

All Chapters