ဆေးဘုရင်မြို့တော်သို့ သွားရောက်ခြင်း
Vol. 31 Ch. 425
"ဆရာတူအစ်ကို ကြည့်ရတာ ကျုပ်တို့သောက်ရမယ့်ပုံပဲ"
"ဟား ဟား သေချာပေါက် သောက်ရမှာပေါ့ကွာ"
ရွှမ်းရီက စိတ်ရှိလက်ရှိရယ်မောလိုက်သောကြောင့် ပိုမိုငယ်ရွယ်သွားပုံပေါ်သည်။
"ယဲ့ချန် ဒါက ဆရာရဲ့ ညီအစ်ကိုတွေဖြစ်တယ်"
သူက ယဲ့ချန်နှင့် ကျန်ဆေးဆရာများကို မိတ်ဆက်ပေးလိုက်သည်။
"ဆရာဦးလေးတွေကို ဂါရဝပြုပါတယ်"
ယဲ့ချန်က တစ်ချက်ပြုံး၍ မိတ်ဆက်လိုက်သည်။
"ဆရာတူအစ်ကို လီရှုက ဆရာသခင်စဦးအဆင့်ကို ရောက်နေပြီမလား။ ယဲ့ချန်ကရော ဘယ်အဆင့်မှာလဲ"
ဘေးတွင်ရပ်နေသော ရှန်ယုက မေးလိုက်ခြင်းဖြစ်သည်။ သူက ယဥ်ကျေးပျူငှာသော ယဲ့ချန်အပေါ် သဘောကျနေခဲ့သဖြင့် စပ်စုလိုက်သည်။ ဆေးဆရာများတွင် စဦးအဆင့်၊ အလုပ်သင်အဆင့်၊ ဆရာသခင်အဆင့်၊ မဟာဆရာသခင်အဆင့်နှင့် နတ်ဆေးဆရာအဆင့်ဟူ၍ ခွဲခြားထားသည်။ ဆရာသခင်အဆင့်သို့ရောက်လျှင် အလွန်ပါရမီရှိသည်ဟု ဆိုနိုင်သည်။ လီရှုသည် အသက်လေးဆယ်အရွယ်တွင် ဆရာသခင်အဆင့်သို့ရောက်ခဲ့သောကြောင့် ကျန်ဆေးဆရာများက သူ၏အနာဂတ်ကို မြင့်မားစွာ မျှော်မှန်းထားကြသည်။ သို့သော် ဆယ်ကျော်သက်အရွယ်ဖြစ်သော ယဲ့ချန်ကမူ ဆေးပညာလမ်းကြောင်းသို့ စတင်ဝင်ရောက်ခါစဖြစ်နိုင်သည်ဟု သတ်မှတ်ထားကြသည်။
"ချန်အာက တော်တော်ပါရမီရှိတယ်"
ယဲ့ချန်ဆိုသော တပည့်က သူ၏ဘဝတွင် ဂုဏ်အယူရဆုံးတပည့်ဖြစ်သောကြောင့် ရွှမ်းယီက ကျေနပ်စွာ ပြုံးလိုက်၏။
"ဒါဆိုရင် သူက အလုပ်သင်အဆင့်ကို ရောက်နေပြီလား"
သူ၏ဆရာတူညီတစ်ယောက်က တအံ့တသြမေးလိုက်သည်။ ဆယ်ကျော်သက်လူငယ်တစ်ယောက်အတွက် ထိုအဆင့်က အလွန်မြင့်နေပြီဖြစ်သည်။
"ချန်အာက ဆရာသခင်အဆင့်ကို ရောက်နေပါပြီ။ သူက အဆင့်မြင့်ဆရာသခင်ဖြစ်နေပြီ"
ရွှမ်းယီက တစ်ချက်ပြုံး၍ ခေါင်းယမ်းကာ ဖြေလိုက်သည်။
"ဘာ"
ရွှမ်းယီ၏စကားကြောင့် ကျန်လေးယောက်လုံး အချိန်အတန်ကြာသည်အထိ ဆွံ့အသွားခဲ့သည်။ ဆယ်ကျော်သက်အရွယ်နှင့် ဆရာသခင်အဆင့်ကိုရောက်နေရန် မိခင်ဝမ်းအတွင်းမှ ဆေးပညာကို စတင်သင်ယူရပေလိမ့်မည်။ သာမန်လူများဆိုလျှင် ထိုအချိန်မှ စတင်သင်ကြားလျှင်ပင် ထိုအဆင့်ကိုရောက်ရန် မဖြစ်နိုင်ချေ။ ဆေးဘုရင်မြို့တော်တစ်ခုလုံးတွင်ပင် ဤကဲ့သို့ပါရမီရှင်မျိုး မရှိချေ။
"ဆရာတူအစ်ကို မင်းရဲ့တပည့်နှစ်ယောက်လုံးက ဆရာသခင်အဆင့်ကိုရောက်နေပြီဆိုတော့ ငါတို့က လိုက်မမီတော့ပါဘူး။ ငါတို့တပည့်တွေထဲမှာ အတော်ဆုံးက အလုပ်သင်အဆင့်သာ ရှိတယ်"
ဆေးဆရာလေးယောက်က မင်သက်နေရာမှ သတိပြန်ဝင်လာပြီး ချီးကျူးလိုက်ကြသည်။ ရွှမ်းယီက သူ၏တပည့်နှစ်ယောက်ကို အလွန်ဂုဏ်ယူဟန်ဖြင့် မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်လိုက်၏။
"ဒါဆိုရင် ကျုပ်တို့ ဆရာ့ကိုသွားပြီး အရိုအသေပေးလို့ရပြီပေါ့"
"ဒါပေမယ့် ဆေးဘုရင်မြို့တော်တောင် တော်ဝင်မြို့တော်ကို ရွှေ့လာပြီဆိုတော့ ဆရာ့အုတ်ဂူကိုသွားဖို့ မဖြစ်နိုင်တော့ဘူး"
လူတိုင်းက သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ အပြင်ကမ္ဘာတွင် သူတို့က လေးစားခံရသော ဆေးဆရာများဖြစ်ကြသော်လည်း ဆရာဖြစ်သူကိုပင် သွားရောက်အရိုအသေပေးနိုင်စွမ်း မရှိပေ။
"ဆရာတူအစ်ကို ဆရာ့အုတ်ဂူကို သွားဦးမှာလား"
ရှန်ယုနှင့် ကျန်သုံးယောက်က ရွှမ်းယီကို ကြည့်လိုက်ကြသည်။
"အတိတ်က အတိတ်ဖြစ်သွားပြီ။ ငါတို့က သူ့အုတ်ဂူကိုသွားရင်တောင် ဆရာ့ကို ပြန်တွေ့နိုင်မှာမဟုတ်ဘူး။ ကံကြမ္မာက ငါတို့အပေါ် ရက်စက်ခဲ့တယ်"
ရွှမ်းယီက ခါးသက်သက်ရယ်မောလိုက်သည်။ ကျန်လေးယောက်သည်လည်း သူတို့၏ဆရာသခင်သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ကြောင်း ရုတ်တရက် သတိရသွားကြသည်။ သူတို့၏ဆံပင်များပင် ဆွတ်ဆွတ်ဖြူ၍ သက်တမ်းအဆုံးသတ်သို့ နီးကပ်နေပြီဖြစ်သည်။ ယဲ့ချန်သည် ဤညီအစ်ကိုများအတွက် ဝမ်းနည်းစိတ်ကို ခံစားလိုက်ရသည်။ သူတို့က ဆရာဘိုးဘိုး၏အုတ်ဂူသို့ သွားရောက်ဂါဝရပြုရန် ကန့်သတ်ချက်ပြည့်မီပြီဖြစ်သော်လည်း ဝိညာဥ်သားရဲများကြောင့် အခြေအနေက ပြောင်းလဲသွားခဲ့သည်။
"ဒါဆိုရင် ဆရာ့ရဲ့ အထိမ်းအမှတ်ကျောက်တိုင်ကိုသာသွားပြီး အရိုအသေပေးကြတာပေါ့။ ပြီးရင် ငါတို့နဲ့ ဆေးဘုရင်မြို့တော်ကြား ဘာမှမရှိတော့ဘူး"
ရှန်ယုက တိုက်တွန်းလိုက်သည်။
"ကောင်းပြီ"
ရွှမ်းယီတို့လေးယောက်ကလည်း ချက်ချင်းသဘောတူလိုက်ကြသည်။ သူတို့အားလုံးက ဆရာတပည့်ဆက်ဆံရေးနှင့် သစ္စာတရားကို အလေးအနက်ထားသူများဖြစ်ကြသည်။
"ယဲ့ချန် မင်းရော လိုက်ခဲ့ချင်လား"
ရွှမ်းယီက ယဲ့ချန်ကို မေးလိုက်သည်။
"ဟုတ်ကဲ့"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ သူက ဆရာဖြစ်သူနှင့်အတူ ဆေးဘုရင်မြို့တော်သို့လိုက်မည်ဟု ကတိပေးထားခဲ့သည်။
ဆေးဆရာငါးယောက်နှင့် တပည့်ဆယ့်ခြောက်ယောက်ပါဝင်သော အုပ်စုတစ်ခုသည် တော်ဝင်မြို့တော်ရှိ ဆေးဘုရင်မြို့တော်၏တည်နေရာသို့ ဦးတည်လိုက်ကြသည်။ ကျန်တပည့်များကလည်း ဖော်ရွေသောကြောင့် ယဲ့ချန်က သူတို့နှင့်ခဏအတွင်း ရင်းနှီးသွားခဲ့၏။ သူတို့အားလုံးက ဆေးပညာတွင် ထူးချွန်သူများဖြစ်ကြသော်လည်း အသက်ငယ်ငယ်နှင့် ဆရာသခင်အဆင့်သို့ရောက်နေသော ယဲ့ချန်အပေါ် အလွန်လေးစားနေခဲ့ကြသည်။
ဆေးဘုရင်မြို့တော်သည် အလွန်ကျယ်ဝန်းသော ခြံဝန်းကြီးတစ်ခုအတွင်း တည်ရှိနေသည်။ ထိုနေရာက တော်ဝင်မျိုးနွယ်၏အပိုင် ဖြစ်ခဲ့ဖူးသော်လည်း လက်ရှိတွင် သူတို့က အပိုင်သိမ်းယူလိုက်ကြသည်။ အလယ်အင်ပါယာ၏ တော်ဝင်မျိုးနွယ်က သူတို့ကို ကလန်ကဆန်မလုပ်ရဲချေ။ ခြံဝန်းအလယ်ရှိနန်းတော်တွင် အဆင့်မြင့်အကြီးအကဲများက တာအိုအကြောင်း ဆွေးနွေးနေကြသည်။ သူတို့က လောကီရေးရာများကိုပစ်ပယ်ထားပြီး အရေးကြီးကိစ္စများကိုသာ ကိုင်တွယ်တတ်ကြသည်။ နန်းတော်အလယ်ရှိပလ္လင်ထက်တွင် ပုံရိပ်တစ်ခုက တင်ပျဥ်ခွေထိုင်နေခဲ့သည်။ သို့သော် သူ၏ပုံရိပ်က အလွန်ဝေဝါးနေသောကြောင့် ရှင်းလင်းစွာ မမြင်ရချေ။ ထိုလူ၏ချီက လောကနှင့်တစ်သားတည်းဖြစ်နေပြီး တည်ငြိမ်စွာ ထိုင်နေခဲ့သည်။
"မြို့တော်ဝန် ရွှမ်းယီက လူတစ်စုကိုဦးဆောင်ပြီး ဆေးဘုရင်မြို့တော်ကို လာနေပါတယ်ခင်ဗျာ"
တပည့်တစ်ယောက်က အလျင်စလိုရောက်ရှိလာ၍ တင်လျှောက်လိုက်သည်။ သူက မြို့ဝန်ကို အလွန်ရိုသေလေးစားသောကြောင့် မော်ပင်မကြည့်ရဲခဲ့ချေ။
"သူတို့က ဘာကြောင့် ဆေးဘုရင်မြို့တော်ကိုလာရတာလဲ"
ခပ်သြသြအသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။ ပုံမှန်ဆိုလျှင် ထုတ်ပယ်ခံထားရသော တပည့်တစ်ယောက်က မြို့ဝန်၏စိတ်အာရုံကို ဆွဲဆောင်နိုင်မည်မဟုတ်ချေ။ သို့သော် ဆေးဘုရင်မြို့တော်နှင့် လက်နက်ကောင်စီတွင် ဝိညာဥ်ကျောက်စိမ်းများစွာအသုံးပြု၍ အရောင်းအဝယ်ပြုလုပ်ခဲ့သော ယဲ့ချန်က ရွှမ်းယီနှင့် ပတ်သက်နေပုံပေါ်သည်။ ထို့ကြောင့် သူက ရွှမ်းယီအပေါ် အနည်းငယ်အာရုံစိုက်လာခဲ့သည်။
"ရွှမ်းယီက သူ့ဆရာဖြစ်ပြီး ကွယ်လွန်သွားတဲ့ အကြီးအကဲရှောင်ယွမ်ကို လာရောက်ဂါရဝပြုတာပါ"
တပည့်က အမှန်အတိုင်း ဖြေလိုက်သည်။
"ဒါဆိုရင် သူတို့ကို ခွင့်ပြုပေးလိုက်ပါ။ ဒါနဲ့ ရွှမ်းယီက ဘယ်ပြစ်မှုကိုကျူးလွန်ခဲ့လို့ ထုတ်ပယ်ခံလိုက်ရတာလဲ"
မြို့ဝန်က အကြီးအကဲများထံလှည့်ကာ မေးလိုက်ခြင်းဖြစ်သည်။ မဟာအကြီးအကဲများကြားရှိ တောက်ချင်၏အကြည့်က ယွမ်ရီထံ ရောက်သွားခဲ့သည်။ ယွမ်ရီသည် မြို့ဝန်က ဤကိစ္စအကြောင်း ရုတ်တရက်မေးလာမည်ဟု မျှော်လင့်မထားပေ။ ရွှမ်းယီနှင့်ကျန်တပည့်များ ထုတ်ပယ်ခံရသောကိစ္စက အရေးမပါသော်လည်း လက်ရှိတွင် မြို့ဝန်က ဤကိစ္စကို အရေးတယူပြု၍ မေးမြန်းလာခဲ့သည်။
"မဟာအကြီးအကဲယွမ်ရီရဲ့ဆေးလုံး အခိုးခံလိုက်ရတဲ့အချိန်မှာ ရွှမ်းယီ၊ ရှန်ယုနဲ့ ကျန်ဆေးဆရာတွေကို တရားခံလို့ သူက သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် သူက ထုတ်ပယ်လိုက်တာပါ"
ဆေးဘုရင်မြို့တော်မှတပည့်က ယွမ်ရီကို တစ်ချက်ခိုးကြည့်လိုက်သည်။ သို့သော်လည်း သူက မြို့ဝန်ရှေ့တွင် မလိမ်ညာရဲပေ။ အကယ်၍ မြို့ဝန်သာ အသေးစိတ်စုံစမ်းလိုက်လျှင် သူ့အတွက် အကျိုးဆက်များက ကြောက်မက်ဖွယ်ကောင်းလွန်းပေလိမ့်မည်။
"ယွမ်ရီ ဒါအမှန်ပဲလား"
မြို့ဝန်က ယွမ်ရီဘက်လှည့်ကာ မေးလိုက်ခြင်းဖြစ်သည်။
"ဟုတ်ပါတယ် အရှင်။ သူတို့က သာမန်ပါရမီနဲ့ အပြင်စည်းတပည့်လေးတွေပါ။ ဘာကြောင့် စိတ်ထဲထားနေမှာလဲ"
ယွမ်ရီကလည်း မလိမ်ရဲသောကြောင့် အလျင်အမြန်ပြန်ဖြေလိုက်သည်။
"တကယ်လို့ သူတို့က တရားခံဆိုရင် ဒီကိစ္စက ပြဿနာမရှိဘူး။ ရွှမ်းယီနဲ့အပေါင်းအပါတွေက ဆေးလုံးကို တကယ်ခိုးခဲ့တာလား"
မြို့ဝန်၏အကြည့်က ယွမ်ရီထံမှ ရွေ့လျားသွားခြင်းမရှိဘဲ မေးလိုက်ပြန်သည်။ ယွမ်ရီမှာ ကြီးမားသောဖိအားတစ်ခုကို ခံစားလိုက်ရသဖြင့် နဖူးမှ ချွေးများစီးကျလာသည်။ သို့သော်လည်း သူက အမှန်အတိုင်းမဖြေရဲသောကြောင့် နှုတ်ဆိတ်နေခဲ့သည်။
"အရှင့်ကို သတင်းပို့ပါတယ်။ ကျုပ်တို့စုံစမ်းပြီးတဲ့နောက်မှာ ဆေးလုံးခိုးတဲ့တရားခံက ရွှမ်းယီတို့မဟုတ်တာကို သိခဲ့ရပါတယ်။ ယွမ်ရီက သူတို့မှာ ဆရာသခင်အဆင့် တပည့်တစ်ယောက်ရှိပြီဆိုရင် ပြန်လာနိုင်တယ်လို့ အမိန့်ပေးခဲ့ပါတယ်"
တောက်ချင်က တင်ပြလိုက်သည်။
"ဟမ့် ယွမ်ရီ ဒီကိစ္စက မင်းအမှားဆိုတော့ ကိုယ်တိုင်ဖြေရှင်းစမ်း""
တောက်ချင်၏စကားကြောင့် မြို့ဝန်က အေးစက်စပ်ရေရွတ်လိုက်သည်။
"ဟုတ်ကဲ့ပါ အရှင်"
ယွမ်ရီက မကန့်ကွက်ရဲသောကြောင့် အရိုအသေပေး၍ ခေါင်းညိတ်လိုက်ရသည်။
ဆေးဘုရင်မြို့တော်၏ ဧည့်ခန်းအတွင်း ရွှမ်းယီတို့လူစု ရောက်ရှိနေကြသည်။ ခန်းမ၏အလယ်တည့်တည့်တွင် အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သူ၏ဆံပင်က ဆွတ်ဆွတ်ဖြူနေသော်လည်း ငယ်ရွယ်ကျန်းမာသောမျက်နှာကို ပိုင်ဆိုင်ထားသည်။ သူက ရွှမ်းယီတို့လူစုကို အလိုမကျသောမျက်နှာဖြင့် စိုက်ကြည့်နေခဲ့သည်။
"ဆရာတူအစ်ကိုကြီး ငါတို့က ဆရာ့ကိုအရိုအသေပေးဖို့ ရောက်လာတာပါ။ ကျေးဇူးပြုပြီး မဟာအကြီးအကဲတွေကို သတင်းပို့ပေးပါ"
ရွှမ်းယီက လက်နှစ်ဖက်ဆုပ်၍ တောင်းဆိုလိုက်သည်။ သူက ရွှမ်းမင်ကိုမြင်သောအခါ စိတ်ထဲတွင် ခံစားချက်များ ပြင်းထန်နေသည်။
"ဒီအဘိုးကြီးက ဆရာနဲ့သူ့ညီအစ်ကိုတွေ ထုတ်ပယ်ခံရအောင်လုပ်တဲ့ တရားခံပေါ့"
ရွှမ်းယီ၏နောက်တွင် ရပ်နေသော ယဲ့ချန်သည် မောက်မာသောရွှမ်းမင်ကို စိုက်ကြည့်၍ စိတ်ထဲတွင် ဒေါသထွက်နေခဲ့သည်။
"ဆရာတူညီလေး ဒီလောက်အလျင်လိုစရာ မလိုပါဘူး။ မဟာအကြီးအကဲတွေမှာ ဒီကိစ္စလောက်လေးအတွက် အချိန်မရှိဘူး။ ငါ ဆုံးဖြတ်ပေးမယ်။ မင်းတို့က ဆရာ့ကို သေချာပေါက်အရိုအသေပေးရမှာပါ။ ဒါပေမယ့် ငါတို့ကမတွေ့တာကြာပြီဆိုတော့ တစ်ခုလောက် ပြိုင်ဆိုင်ရအောင်။ သိပ်မကြာခင်က ငါ့မှာ ဂုဏ်ယူရတဲ့တပည့်တွေ ရှိလာခဲ့တယ်။ သူတို့ကို မင်းတို့နဲ့ မိတ်ဆက်ပေးရဦးမယ်"
ရွှမ်းမင်က အထက်စီးဆန်သောလေသံဖြင့် လှောင်ရယ်လိုက်သည်။ သူ၏စကားအဆုံးတွင် လူတစ်စုက ခန်းမအတွင်း ဝင်ရောက်လာကြသည်။ ရွှမ်းယီနှင့်လီရှုက ထိုလူများကိုမြင်သောအခါ မင်သက်သွားကြပြီး ဒေါသများ ပြည့်နှက်လာသည်။ ထိုလူများက ရွှမ်းယီကို သစ္စာဖောက်ခဲ့သော လေ့ရီ၊ ရန်ချန်နှင့် ဟောင်ဖုန်းတို့ဖြစ်သည်။ ထိုသုံးယောက်က ရွှမ်းယီကို ကြည့်ဝံ့ခြင်းမရှိဘဲ ရွှမ်းမင်ဘေးတွင် တန်းစီ၍ မတ်တပ်ရပ်လိုက်ကြသည်။
"ဒီကိစ္စကလည်း ဒီအဘိုးကြီးလက်ချက်ပေါ့"
ယဲ့ချန်က အရာအားလုံးကို နားလည်သွားခဲ့သည်။
"ဆရာဦးလေး ကျုပ်က စကားတွေအများကြီးမပြောတတတ်ပေမယ့် အဆင့်အတန်းနိမ့်လွန်းတဲ့ ခင်ဗျားတပည့်တွေကိုမြင်တော့ တစ်ခုလောက် ပြောပါရစေ။ ဒီကောင်တွေအားလုံးက အရည်အချင်းမရှိလို့ ဆရာဆီကနေ ကန်ထုတ်ခံလိုက်ရတာဖြစ်တယ်။ ဒါကိုတောင် ခင်ဗျားက သူတို့အတွက် ဂုဏ်ယူနေတယ်ဆိုတော့ ကြည့်ရတာ ခင်ဗျားမျက်လုံးမှာ ပြဿနာတစ်ခုခု ရှိနေလောက်တယ်"
ရွှမ်းယီနှင့်လီရှုကိုယ်စား ဒေါသဖြေဖျောက်ပေးရန် ယဲ့ချန်က ရွှမ်းမင်ကို ကဲ့ရဲ့လိုက်ခြင်းဖြစ်သည်။ ယဲ့ချန်၏စကားနှင့် ရွှမ်းယီ၏မျက်နှာထားကြောင့် ရှန်းယုတို့လူစုက အကြောင်းအရာကို ချက်ချင်းနားလည်လိုက်ကြသည်။ ရွှမ်းယီ၏တပည့်များကို မျက်နှာပြောင်တိုက်ခိုးယူသွားသော ရွှမ်းမင်ကြောင့် လူတိုင်း ဒေါသထွက်နေကြသည်။
"မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ။ အကြီးအကဲတွေ စကားပြောတဲ့နေရာမှာ မင်းလိုကောင်က ဝင်ပြောခွင့်မရှိဘူး။ ဒီတပည့်တွေက ရွှမ်းယီဆီကနေ သူတို့သဘောနဲ့ထွက်လာပြီး ငါ့ဆီကို ရောက်လာတာဖြစ်တယ်"
ဂျူနီယာတစ်ယောက်၏ လှောင်ပြောင်ခြင်းခံလိုက်ရသောကြောင့် ရွှမ်းမင်က မျက်နှာပျက်သွား၍ အေးစက်စက်တုံ့ပြန်လိုက်၏။
"ဟုတ်ပါတယ်"
လေ့ရီတို့သုံးယောက်က ယဲ့ချန်ကိုစိုက်ကြည့်ပြီး ရွှမ်းမင်၏စကားကို ထောက်ခံလိုက်ကြသည်။ သို့သော် သူတို့က ရွှမ်းမင်ထံတွင် ကွဲပြားစွာ ဆက်ဆံခံနေကြရသည်။ ရွှမ်းမင်က သူ၏တပည့်များကိုသာ အရင်းအမြစ်များထောက်ပံ့ပေးပြီး သူတို့ကို လျစ်လျူရှုထားခဲ့သည်။ ဆေးပညာလည်း သင်ကြားမပေးသောကြောင့် သူတို့က အလုပ်သမားများသာသာဖြစ်ပေသည်။ ရွှမ်းယီ၏လက်အောက်တွင် ကောင်းစွာဆက်ဆံခံခဲ့ရသော နေ့ရက်များအကြောင်း တွေးမိလိုက်လျှင် သူတို့သုံးယောက်လုံး နောင်တကြီးစွာ ရကြသည်။ သို့သော် လက်ရှိတွင် ရွှမ်းမင်၏အမိန့်အတိုင်း မလုပ်လျှင် ဆိုးဆိုးရွားရွား အသတ်ခံရမည်ဖြစ်လေသည်။