← Chapters

ယွမ်ရီ အမှားကို ဝန်ခံခြင်း

Vol. 31 Ch. 426

ယွမ်ရီ အမှားကို ဝန်ခံခြင်း

Vol. 31 Ch. 426

ရွှမ်းမင်သည် ယဲ့ချန်ကို လှောင်ပြုံးပြုံး၍ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ဒေါသထွက်နေသော ရွှမ်းယီထံ အကြည့်ရောက်သွားကာ မျက်နှာထားကို ကျေနပ်စွာအရသာခံ၍ စိုက်ကြည့်နေခဲ့သည်။ အတိတ်တွင် သူက ရွှမ်းယီထက် ပို၍ဆေးပညာပါရမီကောင်းမွန်သောကြောင့် ဆရာက မျက်နှာသာပေးမည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ဆရာက သူတစ်ယောက်တည်းကို ဂရုစိုက်ရမည့်အစား ရွှမ်းယီနှင့်သာမန်ပါရမီရှင်များကို အချိန်လုံ့လစိုက်ထုတ်၍ သင်ကြားပေးခဲ့သည်။ ထို့ကြောင့် လက်ရှိတွင် ကျန်ဆရာတူညီအစ်ကိုများက သူ့ကိုလိုက်မီရန် မဖြစ်နိုင်ဟုသတ်မှတ်၍ အလွန်ကျေနပ်အားရနေသည်။ ထို့အပြင် သူက ရွှမ်းယီကို အငြိုးထားပြီး လေ့ရီတို့သုံးယောက်ကို လုယူနိုင်ခဲ့သောအခါ လက်စားချေလိုက်နိုင်သကဲ့သို့ ခံစားနေရသည်။

"ကျုပ်ပြောတာကို ခင်ဗျားက အထင်လွဲနေပြီထင်တယ်။ ကျုပ်က ဆရာ့ကိုယ်စား စကားပြောပေးတာပါ။ ဒီတပည့်တွေက ဆရာ့ကိုခြေစုံကန်ပြီး ထွက်ပြေးသွားတာလေ။ သူတို့က ကိုယ့်သဘောနဲ့ကိုယ်ထွက်တယ်ပြောရင် ဆရာနဲ့ဘိုးဘေးတွေကို စော်ကားရာရောက်နေပြီ။ ဒါကြောင့် ခင်ဗျားဂုဏ်ယူနေတဲ့ ခွေးသုံးကောင်က ဆရာဆီကနေ မောင်းထုတ်ခံရတာဖြစ်တယ်။ ထွက်သွားတာ မဟုတ်ဘူး"

ယဲ့ချန်က ရွှမ်မင်ကို စကားဖြင့် ထိုးနှက်လိုက်သည်။ ရွှမ်မင်က ယဲ့ချန်ကို ဒေါသတကြီးစိုက်ကြည့်၍ မျက်ဝန်းများ ကျဥ်းမြောင်းလာခဲ့သည်။ ရွှမ်းယီ၏တပည့်က သူ့ကို အကြိမ်တိုင်းကလန်ကဆန်ပြော၍ စော်ကားနေခဲ့သည်။

"ဒီတပည့်တွေကို ဆရာက နှင်ထုတ်လိုက်ပေမယ့် ခင်ဗျားက တန်ဖိုးထားနေတယ်။ တော်တော်ရှက်စရာကောင်းတာပဲ"

ယဲ့ချန်က ရွှမ်းမင်၏ ဒေါသထွက်နေသောမျက်နှာကို လုံးဝလျစ်လျူရှုထားသည်။ သူ၏စကားကြောင့် ရှန်းယုတို့လူစုမှာ ပြုံးလိုက်မိကြသည်။ လေ့ရီ၊ ဟောင်ဖုန်းနှင့် ရန်ချန်းဟူသော သစ္စာဖောက်သုံးယောက်က အရှက်ရနေသောကြောင့် မျက်နှာများ မည်းနက်နေသည်။ ရွှမ်းမင်မှာ ယဲ့ချန်၏စကားကိုတန်ပြန်ရန် စဥ်းစားမရသောကြောင့် လေ့ရီတို့ကိုသာ လူသတ်လိုစိတ်ဖြင့် ကြည့်နေခဲ့သည်။

"ဆရာတူအစ်ကို လေ့ရီတို့သုံးယောက်က အမှန်တကယ်ပါရမီရှိပါတယ်။ ကျုပ်က သူတို့ကိုနှင်ထုတ်လိုက်တာ မဟုတ်ဘဲ ကျုပ်အရည်အချင်းက သူတို့ကိုသင်ကြားဖို့ မလုံလောက်တော့လို့ နောက်ထပ်ဆရာတစ်ယောက် ရှာခွင့်ပြုလိုက်တာပါ။ ခင်ဗျားက သူတို့ကို အနာဂတ်မှာ ကောင်းကောင်းဆက်ဆံပေးဖို့ မျှော်လင့်ပါတယ်"

ရွှမ်းယီသည် ယဲ့ချန်ကိုတားမြစ်၍ ညှင်သာယဥ်ကျေးစွာ ဝင်ပြောလိုက်ခြင်းဖြစ်သည်။ သေခြင်းတရားနှင့် လက်တစ်ကမ်းအလိုသို့ရောက်နေသော သူက အချိန်များစွာအတူရှိခဲ့သော တပည့်များကို ရန်ငြှိုးမထားဘဲ ခွင့်လွှတ်ပေးခဲ့သည်။ ခန်းမတစ်ခုလုံး သူ၏စကားကြောင့် တိတ်ဆိတ်သွားခဲ့သည်။ ရှန်ယုတို့၏ဘဝတွင် ဆရာဖြစ်သူပြီးလျှင် ရွှမ်းယီကို အလေးစားဆုံးဖြစ်သည်။ တပည့်များက ဆရာဖြစ်သူကို သစ္စာဖောက်ခဲ့သော်လည်း ရွှမ်းယီက ခွင့်လွှတ်ပေးလိုက်သောကြောင့် ယဲ့ချန်ပင် သူ၏စရိုက်ကို အလွန်လေးစားသွားခဲ့သည်။ သို့သော် သူ့ထံတွင်လည်း ကိုယ်ပိုင်စည်းမျဥ်းများရှိပြီး ယဲ့ချန်က ရွှမ်းယီမဟုတ်ပေ။ တစ်ဖက်လူက သူ့အပေါ်ကောင်းလျှင် နှစ်ဆပြန်ကောင်းမည်ဖြစ်ကာ ဆိုးလျှင်လည်း နှစ်ဆမက ပြန်လည်ပေးဆပ်စေမည်ဖြစ်သည်။ သူ၏အေးစက်စက်အကြည့်က လေ့ရီတို့ထံ ကျရောက်သွားသောအခါ သုံးယောက်လုံးက အမှားကို သဘောပေါက်နေကြပုံပေါ်သည်။ သူတို့က ခေါင်းကိုငုံ့ထားပြီး တိတ်ဆိတ်စွာ ရပ်နေကြသည်။ သို့သော် ခွေးမြှီးကောက်က ကျည်တောက်စွပ်တုန်းခဏသာ ဖြောင့်ပေလိမ့်မည်။ ထိုလူယုတ်မာများက ရွှမ်းယီ၏ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ရန် လုံးဝမဖြစ်နိုင်ချေ။

"မင်းလိုနိမ့်ကျတဲ့ တပည့်တစ်ယောက်က မောက်မာလှချည်လား။ ကြည့်ရတာ ရွှမ်းယီက မင်းကို ကောင်းကောင်းသင်ကြားမပေးနိုင်ဘူးထင်တယ်။ ငါသာ သူဆိုရင် မင်းကို သေအောင်ရိုက်သတ်ပစ်မယ်"

ရွှမ်မင်က ဒေါသကိုထိန်း၍ ရွှမ်းယီအား ကဲ့ရဲ့လိုက်သည်။

"ယဲ့ချန်နဲ့ငါက ဆရာတပည့်ဟုတ်သလို မိတ်ဆွေတွေလည်း ဟုတ်တယ်။ သူက ငါ့ကို ကိုယ်စားပြုနိုင်တယ်"

ရွှမ်းယီက ခေါင်းယမ်း၍ တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

"ဒီလိုလူငယ်လေးတစ်ယောက်ကို မိတ်ဆွေအဖြစ် သတ်မှတ်တယ်ပေါ့။ ရွှမ်းယီ မင်းက အသက်ကြီးသလောက် မရင့်ကျက်ပါလား"

ရွှမ်းမင်က လက်ဖက်ရည်ကြမ်းကို တစ်ငုံသောက်၍ လှောင်ပြောင်လိုက်သည်။ အကယ်၍ ဆရာဘိုးဘိုးကို အရိုအသေပေးချင်သော ဆရာဖြစ်သူ၏ ဆန္ဒရှိမနေလျှင် ယဲ့ချန်က ရွှမ်းမင်ကို ဘဝတစ်ပါးသို့ ပို့ဆောင်ပြီးဖြစ်ပေလိမ့်မည်။

"လူတွေက တစ်လက်မလောက်ရရင် တစ်ကိုက်လောက် ပိုလိုချင်တတ်ကြတယ်။ ကျုပ်က ခင်ဗျားလိုလူမျိုးနဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောချင်ဘူး။ မဟာအကြီးအကဲယွမ်ရီရဲ့ ဝိညာဥ်သန်မာရေးဆေးလုံးကို ခင်ဗျားကခိုးပြီး ဆရာနဲ့ ဆရာဦးလေးတွေကို အပြစ်ပုံချခဲ့တယ်။ ဒီလိုလူတစ်ယောက်က စည်းကမ်းအကြောင်းပြောနေတာ မရှက်တတ်ဘူးလား"

ယဲ့ချန်၏မျက်နှာက အလွန်အမင်းအေးစက်နေသည်။ သူ့ထံတွင် အရေးကြီးကိစ္စများစွာ လုပ်ရမည်ဖြစ်သောကြောင့် ရွှမ်းမင်နှင့်လေကုန်ခံ၍ အငြင်းမပွားချင်ပေ။

"မင်းက ဘယ်သူ့ကို သူခိုးလို့ ပြောလိုက်တာလဲ"

"မင်းကိုပြောတာလေ"

ယဲ့ချန်က အလျှော့မပေးဘဲ တုံ့ပြန်လိုက်၏။ ရွှမ်းယီတို့လူစုသည် ယဲ့ချန်က ဤမျှဒဲ့တိုးပြောမည်ဟု မျှော်လင့်မထားကြပေ။ ဤနေရာကား အကျိုးအကြောင်းမသင့်သော အင်အားစုတစ်ခု၏ နေရာဖြစ်သည်။ သို့မဟုတ်လျှင် သူတို့ငါးယောက်ကို ဆေးဘုရင်မြို့တော်မှ တရားလက်လွတ်ထုတ်ပယ်ခဲ့မည် မဟုတ်ချေ။ ဆေးဘုရင်မြို့တော်၏အင်အားက စိတ်ကူးနိုင်သည်ထက် ပို၍သာလွန်ပြီး ယဲ့ချန်မှာ နတ်ဘုရင်ဖြစ်နေလျှင်ပင် ရန်စ၍မဖြစ်ချေ။ သို့သော် ယဲ့ချန်က ရွှမ်းမင်ကို သူခိုးဟု ပေါ်တင်ပြောလိုက်သောကြောင့် သူတို့အားလုံးက စိုးရိမ်တကြီးဖြစ်နေကြသည်။

"မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ။ ငါ ဆရာသခင်အဆင့်ကိုရောက်တုန်းကဆိုရင် မင်းတောင် မွေးဦးမှာမဟုတ်ဘူး။ ရွှမ်းယီ မင်းတပည့်က တော်တော်လျှာစောင်းထက်ပါလား။ လာကြစမ်း ကိုယ့်နေရာကိုမသိတဲ့ ဒီကောင့်ကို ပြင်းပြင်းထန်ထန်ရိုက်စမ်း"

ရွှမ်မင်က ဒေါသကြောင့် တစ်ကိုယ်လုံးတုန်ယင်နေသည်။ သူ၏အမိန့်သံအဆုံးတွင် ကောင်းကင်ဝိဇ္ဇာအချို့က ခန်းမအတွင်း ဝင်ရောက်လာ၍ ယဲ့ချန်တို့ကို ဝိုင်းထားလိုက်ကြ၏။

"ဒီကိစ္စက ယဲ့ချန်နဲ့မဆိုင်ဘူး။ ဖြစ်လာသမျှကို ငါ တာဝန်ယူမယ်။ အတိတ်က ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မင်းရောငါရော အသိဆုံးပဲ။ မဟာအကြီးအကဲယွမ်ရီကို အတူတူသွားတွေ့ပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ကြတာပေါ့"

ရွှမ်းယီက ယဲ့ချန်ကို ကာကွယ်ရန်အတွက် ချက်ချင်းမတ်တပ်ရပ်လိုက်သည်။ ဧည့်ခန်းမအတွင်း လေထုကတင်းမာလာပြီး တိုက်ပွဲတစ်ခု အချိန်မရွေး ဖြစ်လာနိုင်သည်။

"မင်းတို့အားလုံး ရပ်ကြစမ်း။ ဒီနေရာကို ဘာထင်နေတာလဲ"

ထိုအချိန်တွင် ခြံဝန်းအတွင်းမှ အဘိုးအိုတစ်ယောက်ရောက်ရှိလာပြီး ဒေါသတကြီးအော်ငေါက်လိုက်သည်။ သူ၏အသံလှိုင်းက ပြင်းထန်လွန်းသောကြောင့် ယဲ့ချန်မှလွဲလျှင် လူတိုင်း၏သွေးနှင့်ချီများ ဗြောင်းဆန်သွားကြသည်။

"မဟာအကြီးအကဲ"

ရုတ်တရက်ရောက်လာသော ယွမ်ရီကြောင့် ရွှမ်းမင်က ချက်ချင်းဘေးထွက်ရပ်ကာ ကြိုဆိုလိုက်သည်။ သူ၏စကားကို ယွမ်ရီကြားသွားလျှင် ဖြစ်လာနိုင်သော အကျိုးဆက်များကြောင့် ရင်ထိတ်နေခဲ့သည်။

"ရွှမ်းယီ ရှန်းယု မင်းတို့ကို ငါ အတိတ်ကအပြစ်ပေးခဲ့တာကို ကျေနပ်လား"

ယွမ်ရီသည် ရွှမ်းယီတို့လူစုကို ဝေ့ကြည့်၍ အေးစက်စက်မေးလိုက်သည်။ သို့သော် သူတို့အားလုံးက ခေါင်းငုံ့ထားပြီး တစ်ခွန်းမှပြန်မပြောခဲ့ကြပေ။ သူတို့၏ရိုးသားမှုအတွက် ယွမ်ရီကိုဆန့်ကျင်ချင်သော်လည်း တပည့်များ အန္တရာယ်ဖြစ်မည်စိုးသဖြင့် မတရားမှုကို လက်ခံလိုက်ကြရသည်။

"အတိတ်တုန်းက ငါ မင်းတို့အပေါ်မှာ နားလည်မှုလွဲခဲ့တယ်"

ထိုအချိန်တွင် ယွမ်ရီက သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။ သူ၏စကားကြောင့် အပြစ်ပေးခံရရန် ပြင်ဆင်ထားသော ရွှမ်းယီတို့အားလုံးက မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းမော့ကြည့်လိုက်မိသည်။ အလွန်ခေါင်းမာသော မဟာအကြီးအကဲယွမ်ရီက သူ၏အမှားကို နှိမ့်ချ၍ဝန်ခံလာမည်ဟု အိပ်မက်ပင်မမက်ဖူးကြပေ။

"မင်းတို့ရဲ့ဆရာကို အခုသွားပြီး အရိုအသေပေးလို့ရတယ်"

ယွမ်ရီက ရွှမ်းမင်ကို အေးစက်စက်ကြည့်၍ လက်ဝှေ့ယမ်းပြလိုက်သည်။ ရွှမ်းမင်က ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံးတုန်ယင်နေသည်။ ယွမ်ရီက ဆေးလုံးသူခိုးမှာ သူဖြစ်ကြောင်း သိရှိသွားပုံပေါ်သည်။ ရွှမ်းယီတို့ငါးယောက်သည် ဆေးဘုရင်မြို့တော်၏တပည့်များ ဦးဆောင်မှုဖြင့် ဆရာဖြစ်သူ၏ အထိမ်းအမှတ်ကျောက်တိုင်ထံ သွားရောက်ခဲ့ကြသည်။ နှစ်နာရီအကြာတွင် သူတို့ပြန်ရောက်လာပြီး ဧည့်ခန်းမအတွင်း ယွမ်ရီက စောင့်ဆိုင်းနေဆဲပင်ဖြစ်သည်။

"လက်ဖက်ရည် တည်ခင်းကြ"

စားပွဲ၏ထိပ်ဆုံးနေရာတွင် ထိုင်နေသော ယွမ်ရီက အမိန့်ပေးလိုက်သည်။ ဆေးဘုရင်မြို့တော်၏ တပည့်အချို့က ရွှမ်းယီတို့ငါးယောက်အတွက် လက်ဖက်ရည်ကြမ်းများ ငှဲ့ပေးလာကြသည်။

"မင်းတို့ငါးယောက်လုံး ဆေးဘုရင်မြို့တော်ကို ပြန်လာကြမလား"

ယွမ်ရီက မောက်မာစွာဖြင့် အထက်စီးမှမေးလိုက်သည်။ ထိုစကားကြောင့် ယဲ့ချန်သည် သူ၏လုပ်ရပ်များ အလုပ်ဖြစ်ခဲ့ကြောင်း နားလည်လိုက်သည်။ ယွမ်ရီ၏မောက်မာမှုကို သူက လုံးဝသဘောမကျပေ။ ယွမ်ရီက သူ၏အပြစ်ကို ဝန်ခံခဲ့သော်လည်း ရွှမ်းယီတို့ကို အပေါ်စီးမှ ပြန်လည်ခေါ်ယူလိုနေခဲ့သည်။ ရွှမ်းယီမည်သို့ဆုံးဖြတ်မည်ကို ယဲ့ချန်က သိချင်နေပြီး အနည်းငယ်စိုးရိမ်နေသည်။ အကယ်၍ သူ၏ဆရာက ငြင်းဆန်ခဲ့လျှင် ကြယ်ခန်းမတွင် ဆေးအိမ်တော်တစ်ခုတည်ဆောက်ပေးရန် ဆုံးဖြတ်ထားသည်။ သူ၏ဆရာနှင့်ဆရာဦးလေးများက ဆေးပညာတွင် ထူးချွန်သောကြောင့် ကြယ်ခန်းမအတွက် အကျိုးရှိပေလိမ့်မည်။ သို့သော် သူတို့က ဆေးဘုရင်မြို့တော်သို့ပြန်ချင်လျှင်လည်း သူက ထိုဆုံးဖြတ်ချက်ကို လေးစားမည်ဖြစ်သည်။ ယွမ်ရီ၏စကားကိုကြားသောအခါ ရှန်ယုတို့လေးယောက်က ရွှမ်းယီကို ပြိုင်တူကြည့်လိုက်မိသည်။ ရွှမ်းယီက သူတို့အားလုံးအပေါ် လွှမ်းမိုးနိုင်စွမ်းရှိနေခဲ့သည်။

"ကျုပ်ရဲ့ဆရာတူညီငယ်တွေက ဂိုဏ်းကို ပြန်ပူးပေါင်းချင်မလား မသိပေမယ့် ကျုပ်ကတော့ အသက်ဆက်ရှင်ဖို့ နှစ်၂၀သာ ကျန်ရစ်တယ်။ ဒီကမ္ဘာကြီးမှာ ကျုပ်က လေနှင်ရာလွင့်တဲ့တိမ်တစ်ခုလို ပျောက်ကွယ်သွားရမှာပဲ။ ဒါကြောင့် ကျုပ် ဆရာကိုအရိုအသေပေးပြီးတဲ့နောက်မှာ ဘာကိုမှမလိုချင်တော့ဘူး။ ကျုပ်အတွက် ဂိုဏ်းကို အလုပ်မရှုပ်စေချင်ဘူး။ တိတ်ဆိတ်တဲ့ နေရာတစ်ခုရှာပြီး ဆေးလုံးဖော်စပ်ရင်း ထွက်သွားချင်ပါတယ်"

ရွှမ်းယီက ခေါင်းယမ်း၍ ယွမ်ရီ၏ဖိတ်ကြားချက်ကို ငြင်းဆန်လိုက်သည်။

"ကျုပ်တို့လည်း ဆရာတူအစ်ကိုရဲ့ သဘောအတိုင်းပါပဲ"

ရှန်ယုတို့လေးယောက်က ပြိုင်တူပြောလိုက်ကြသည်။ ထို့ကြောင့် သူတို့၏စိတ်ထဲတွင် ရွှမ်းယီကို မည်မျှအလေးထားကြောင်း သိသာနေသည်။ အစ်ကိုကောင်းတစ်ယောက်က ဖခင်နှင့်တူညီပြီး ရွှမ်းမင်ကဲ့သို့အစ်ကိုမျိုးမှာ ဤဆိုရိုးတွင် အကျုံးမဝင်ပေ။

ရွှမ်းယီ၏စကားကြောင့် ယွမ်ရီသည် မျက်မှောင်ကြုတ်၍ မကျေမနပ်ဖြစ်သွားခဲ့သည်။ အကယ်၍ မြို့ဝန်၏အမိန့်ကြောင့်သာ မဟုတ်လျှင် သူက လူကိုယ်တိုင်လာရောက်၍ တောင်းပန်စရာ အကြောင်းမရှိပေ။ ထို့အပြင် ရွှမ်းယီတို့ကိုလည်း ဆေးဘုရင်မြို့တော်သို့ ပြန်လည်ခေါ်ဆောင်ရန် အတွေးမရှိချေ။ သူ့ကို ဤဆေးဆရာများက အလွန်ကျေးဇူးတင်မည်ဟု မျှော်လင့်ထားသော်လည်း ငြင်းပယ်ခံလိုက်ရသည်။ သို့သော် မြို့ဝန်၏အမိန့်ရှိနေသောကြောင့် သူက ဒေါသကို မျိုသိပ်ထားရန်သာ တတ်နိုင်သည်။

"ငါ ဖော်စပ်ထားတဲ့ဆေးတွေထဲမှာ သက်တမ်းတိုးမြှင့်ပေးနိုင်စွမ်းရှိတဲ့ ဆေးတွေ ပါဝင်တယ်။ မင်းသာ ဂိုဏ်းကိုပြန်လာမယ်ဆိုရင် ဆေးလုံးတစ်လုံး လျော်ကြေးပေးမယ်"

ယွမ်ရီက သူ၏ဆေးလုံးကို နှမြောသဖြင့် စိတ်ထဲတွင် သွေးများယိုစီးကျနေသည်။

ရှန်ယုတို့က ရွှမ်းယီကို ဝမ်းမြောက်ဝမ်းသာနှင့် ကြည့်လိုက်သည်။ သူတို့၏ဆရာတူအစ်ကိုဖြစ်သူက အသက်ရှည်ရှည်နေနိုင်ရန် မျှော်လင့်နေကြသည်။

"မဟာအကြီးအကဲကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျုပ်က ဒီလိုအဖိုးတန်ဆေးလုံးနဲ့ မတန်ပါဘူး"

ရွှမ်းယီက ချက်ချင်းခေါင်းယမ်းလိုက်သည်။ သူက ကြင်နာ၍ သိမ်မွေ့သူတစ်ယောက်ဖြစ်သော်လည်း ကိုယ်ပိုင်မာနရှိသောကြောင့် ယွမ်ရီ၏အကူအညီကို လက်မခံလိုပေ။

"ဒါဆိုရင် ငါ ဘာမှမပြောခဲ့ဘူးလို့ မှတ်လိုက်ပါ။ မင်းတို့ကို တစ်ယောက်ယောက်က လိုက်ပို့ပေးလိမ့်မယ်"

ဆက်တိုက်ငြင်းဆန်ခံနေရသောကြောင့် ယွမ်ရီ၏စိတ်ထဲတွင် ဒေါသမီး တောက်လောင်လာခဲ့သည်။ ရွှမ်းယီက မည်သည့်အရာကောင်းမွန်ကြောင်း နားမလည်သောအခါ သူက မြို့ဝန်ကို ရှင်းပြချက်တစ်ခုပေးရန်သာ ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် အေးစက်စက်မျက်နှာထားနှင့် ယွမ်ရီကထရပ်၍ ဧည့်ခန်းအတွင်းမှ ချက်ချင်းထွက်ခွာသွားခဲ့သည်။

ရွှမ်းယီက ဆေးဘုရင်မြို့တော်နှင့် ပြန်လည်ပူးပေါင်းရန် ငြင်းဆန်လိုက်သောအခါ ယဲ့ချန်က ပျော်ရွှင်နေခဲ့သည်။ ထွက်ခွာသွားသော ယွမ်ရီကို ကြည့်နေသည့် သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ယွမ်ရီက သူ့ထံတွင် သက်တမ်းတိုးမြှင့်ပေးနိုင်သော ဆေးလုံးများရှိသည်ဟု ပြောခဲ့သည်မဟုတ်ပါလော။

ယဲ့ချန်၏ ဝိညာဥ်အသိစိတ်က တစ်ချက်လှုပ်ရှားလိုက်သည်။ ထို့နောက် တော်ဝင်မြို့တော်၏ အထက်ကောင်းကင်ရှိ တိမ်များကြားတွင် ဆော့ကစားနေသော ဝူဇီ၏စိတ်ထဲသို့ သတင်းစကားတစ်ခု ရောက်လာခဲ့သည်။ သူက ဆေးဘုရင်မြို့တော်ခြံဝန်းသို့ ချက်ချင်းရောက်ရှိလာကာ မည်သူမှသတိမထားမိနိုင်ခင် ခိုးဝင်သွားလေသည်။

All Chapters