မင်းက အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်လား
Vol. 31 Ch. 427
"မင်းတို့က ဆရာ့အပေါ် အကြွေးတင်နေတယ်။ ဒီလောက်လေးပြန်ယူလိုက်တာကို အကြွေးဆပ်တယ် မှတ်ပါ"
ယဲ့ချန်က စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူက အသက်ရှည်ဆေးများအပြင် ဆေးဘုရင်မြို့တော်၏ အခြားပစ္စည်းများကိုလည်း မျက်စိကျနေခဲ့သည်။
ယွမ်ရီထွက်သွားသောအခါ ရွှမ်းမင်သည် ရွှမ်းယီတို့လူစုကို ဒေါသတကြီးစိုက်ကြည့်ကာ ထွက်ခွာသွားခဲ့သည်။ စိတ်ရှုပ်နေသော မျက်နှာထားကိုယ်စီနှင့် ရပ်နေကြသော လေ့ရီတို့က တစ်ခုခုပြောချင်ဟန်ဖြင့် တုံ့ဆိုင်းနေကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ရွှမ်းမင်နှင့်အတူ ထွက်ခွာသွားကြသည်။ ထို့နောက် ရွှမ်းယီတို့အားလုံးက မတ်တပ်ထရပ်လိုက်ပြီး ဧည့်ခန်းမအတွင်းမှ ထွက်ခွာလိုက်ကြ၏။
"ဒီယွမ်ရီဆိုတဲ့လူ တစ်ခုခုမှားနေတယ်။ သူက ဒီနေ့ တော်တော်ယဥ်ကျေးပြီး ငါတို့ကို ဆွဲခေါ်ထားချင်နေတယ်"
"မှန်တယ်။ အနောက်ဘက်က နေထွက်လာသလိုပဲ"
ရှန်ယုတို့လေးယောက်က ပဟေဠိဖြစ်နေဟန်ဖြင့် ခပ်တိုးတိုးဆွေးနွေးနေကြသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ယွမ်ရီ၏အကျင့်စရိုက်နှင့်ယှဥ်လျှင် လက်ရှိတွင် သူက အနည်းငယ် မူမမှန်ဖြစ်နေခဲ့သည်။ ယဲ့ချန်က တိတ်တဆိတ်ရှိနေသော်လည်း ရွှမ်းယီက သူ့ကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်သည်။
"သွားကြမယ်"
ရွှမ်းယီသည် ဆရာဖြစ်သူကို အရိုအသေပေးပြီးနောက် သူ၏ဆုတောင်းများမှ တစ်ခုပြည့်သွားပြီဖြစ်သောကြောင့် ကျေနပ်စွာ ပြုံးလိုက်သည်။ သူတို့အားလုံးက ဆေးဘုရင်မြို့တော်မှ ထွက်ခွာခဲ့ကြသည်။
"ဆရာ ဆရာဦးလေးတို့ ကျွန်တော့်မှာ ပြောစရာတစ်ခုရှိပါတယ်"
ယဲ့ချန်က ရွှမ်းယီတို့ကိုစည်းရုံးရန် စကားစလိုက်သည်။
"ပြောပါ"
လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ ယဲ့ချန်သည် ငယ်ရွယ်ပြီး ပါရမီအလွန်ထူးချွန်သော်လည်း အကြီးအကဲအများအပေါ် ရိုသေမှုရှိသောကြောင့် သူတို့က သဘောကျနှစ်ခြိုက်ကြသည်။
"ဆရာတို့က ဆေးဘုရင်မြို့တော်ကို ငြင်းလိုက်ပြီဆိုတော့ တော်ဝင်မြို့တော်မှာဆက်နေဖို့ အကြောင်းမရှိတော့ဘူး ထင်ပါတယ်။ ကျွန်တော်က ရှီဝူအင်ပါယာမှာ ကြယ်ခန်းမလို့ခေါ်တဲ့ အင်အားစုတစ်ခုကို တည်ထောင်ထားပြီး ဆေးအိမ်တော်တစ်ခုဖွင့်ဖို့ စီစဥ်နေတယ်။ ဆရာတို့က ဒီဆေးအိမ်တော်ကို တာဝန်ယူပေးဖို့ တောင်းဆိုချင်ပါတယ်"
ယဲ့ချန်က အမှန်အတိုင်း ပွင့်လင်းစွာပြောလိုက်သည်။
"တူလေး မင်းရဲ့ကြယ်ခန်းမက ဘယ်လောက်သန်မာလဲ"
ရှန်ယုနှင့် ကျန်ဆရာဦးလေးများက အံ့အားသင့်သွားကြသည်။ သူတို့၏အမြင်တွင် အင်အားစုတစ်ခုတည်ထောင်ခြင်းက အလွန်ခက်ခဲပြီး ကစားစရာမဟုတ်ပေ။ ဝိညာဥ်သားရဲကပ်ဘေးဖြစ်ပေါ်နေသော လက်ရှိအချိန်တွင် မြို့ငယ်တစ်မြို့ပင် ရှင်သန်နိုင်စွမ်းမရှိချေ။
"မစိုးရိမ်ပါနဲ့ ဆရာဦးလေး။ ကြယ်ခန်းမရဲ့အင်အားက ရှိသင့်သလောက်ရှိပါတယ်။ ကျွန်တော်အပါအဝင် အဆုံးမဲ့ကျင့်ကြံသူသုံးယောက်၊ နတ်အဆင့်ကျင့်ကြံသူဆယ်ယောက်ကျော်၊ အရေအတွက်ဆယ်သန်းကျော်တဲ့ စစ်တပ်တစ်ခုနဲ့ လူဦးရေသန်းတစ်ရာကျော် ပိုင်ဆိုင်ထားပါတယ်။ ဝိညာဥ်သားရဲတွေကိုရင်ဆိုင်ရာမှာ ဆေးပညာက အလွန်အရေးပါတယ်။ ဒါကြောင့် ဆရာနဲ့ဆရာဦးလေးတို့ကို တောင်းဆိုရခြင်းဖြစ်ပါတယ်"
ယဲ့ချန်က ကြယ်ခန်းမအကြောင်း တစ်လုံးချင်း မိတ်ဆက်ပေးလိုက်သည်။
"ဘုရားရေ"
ယဲ့ချန်ပြောလိုက်သော အရေအတွက်က အလွန်များသောကြောင့် ရှန်ယုတို့လေးယောက်မှာ အချိန်အတန်ကြာသည်အထိ ငေးမောသွားကြသည်။ ဤအရေအတွက်က သူတို့ထင်ထားသည်ထက် များစွာကျော်လွန်နေပြီး ရွှမ်းယီကိုယ်တိုင်ပင် ယဲ့ချန်သည် အချိန်တိုအတွင်း ဤမျှစွမ်းဆောင်နိုင်မည်ဟု မျှော်လင့်မထားပေ။ ဤအင်အားစုက ဆေးဘုရင်မြို့တော်ကဲ့သို့ ပထမတန်းစားအင်အားစုများနှင့် မယှဥ်နိုင်သေးသော်လည်း အစွမ်းထက်နေပြီဖြစ်သည်။
"တူလေးယဲ့က အဆုံးမဲ့အဆင့်ကို ရောက်နေပြီလား"
ဆေးဆရာတစ်ယောက်က ထိတ်လန့်စွာ ရေရွတ်လိုက်၏။ သူ၏မျက်လုံးများက အဆမတန်ပြူးကျယ်နေပြီး ယဲ့ချန်ကို အထူးအဆန်းသတ္တဝါတစ်ကောင်သဖွယ် ခေါင်းအစခြေအဆုံး ကြည့်နေခဲ့သည်။
"ဟုတ်ကဲ့"
ယဲ့ချန်သည် ထိုအကြည့်ကြောင့် အနည်းငယ်ကသိအောက်ဖြစ်သွား၍ ခေါင်းညိတ်ပြလိုက်သည်။ ယဲ့ချန်၏စကားကြောင့် လူတိုင်းထိတ်လန့်သွားကြပြီး အံ့သြစိတ်က အလွန်ကြီးမားလာခဲ့သည်။ သူတို့ရှေ့တွင်ရပ်နေသော ဆယ်ကျော်သက်အရွယ်လူငယ်လေးက ဒဏ္ဍာရီလာ အဆုံးမဲ့အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့သည်။ ရွှမ်းယီနှင့်လီရှုလည်း အံ့သြစိတ်ကို မထိန်းချုပ်ထားနိုင်ခဲ့ပေ။ ယဲ့ချန်၏တိုးတက်နှုန်းက အလွန်မြန်ဆန်ပြီး လွန်ခဲ့သောငါးလတွင် နတ်ဘုရင်အဆင့်သာဖြစ်ကြောင်း သူတို့က သိထားကြသည်။ ယခုတစ်ခေါက်ပြန်ဆုံချိန်တွင် ယဲ့ချန်၏ကျင့်ကြံဆင့်က အဆမတန်ခုန်ပေါက်တိုးတက်နေမည်ဟု မျှော်လင့်မထားကြပေ။ အကယ်၍ သူတို့သာ လွန်ခဲ့သောငါးလတွင် ယဲ့ချန်၏အစစ်အမှန်ကျင့်ကြံဆင့်က ကောင်းကင်ဝိဇ္ဇာအဆင့်ဖြစ်ကြောင်းသိလျှင် အံ့သြလွန်းသဖြင့် နေရာတွင် ကြက်သေသေသွားနိုင်သည်။
"တူလေးကငယ်ပေမယ့် အလွန်အောင်မြင်နေပြီ။ ငါတို့ အရှက်ရမိပါတယ်"
ရှန်ယုတို့က သတိပြန်ဝင်လာသောအခါ ခါးသက်သက်ပြုံးလိုက်မိကြသည်။ သူတို့၏ဘဝတွင် ယဲ့ချန်ကိုလိုက်မီရန် မဖြစ်နိုင်ချေ။
"ဆရာတူအစ်ကို ဘယ်လိုသဘောရလဲ။ ကျုပ်တို့က အစ်ကိုဆုံးဖြတ်တဲ့အတိုင်း နာခံပါမယ်"
ရှန်ယုက ရွှမ်းယီကို ဆုံးဖြတ်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်သည်လည်း ဆရာဖြစ်သူကို မျှော်လင့်တကြီးကြည့်နေခဲ့သည်။
"ဝိညာဥ်သားရဲတွေရောက်လာတော့ လူတွေ ဒုက္ခရောက်နေကြပါတယ်။ ကြယ်ခန်းမ အင်အားတိုးတက်လာရင် သူတို့ကို ကယ်တင်ပေးမှာပါ"
ယဲ့ချန်က ရိုးသားစွာပြောလိုက်သည်။
"မင်းက ဒီလိုမျိုး ရည်မှန်းချက်ကြီးမားမားရှိနေမှတော့ ဒီလူအိုကြီးက အကောင်းဆုံးကူညီပေးမယ်။ ဒါပေမယ့် ငါက အိုနေပြီဆိုတော့ ကိစ္စတွေအများကြီး တာဝန်မယူနိုင်လောက်ဘူး"
ရွှမ်းယီက ခဏတာတိတ်ဆိတ်သွားပြီး ပြောလိုက်ခြင်းဖြစ်သည်။
"ကျွန်တော်က ဆရာ့ကို ကိစ္စတွေ တာဝန်မယူစေရပါဘူး။ ဆရာက ဆေးလုံးတွေသန့်စင်ပြီး ကျွန်တော့်ကို အတိတ်တုန်းကလို ဆေးပညာသင်ကြားပေးရင် ရပါပြီ"
ယဲ့ချန်ကပြုံး၍ ဖြေလိုက်သည်။ ရွှမ်းယီက ကြယ်ခန်းမသို့ပူးပေါင်းရန် သဘောတူလိုက်သောကြောင့် သူက အလွန်ပျော်ရွှင်နေသည်။ ရွှမ်းယီသဘောတူလိုက်သောအခါ ကျန်ဆေးဆရာလေးယောက်ကလည်း သဘောတူလိုက်သဖြင့် လီရှုအပါအဝင် ဆရာသခင်ခြောက်ယောက်ကို ကြယ်ခန်းမက ပိုင်ဆိုင်သွားပြီဖြစ်သည်။ ထို့အပြင် ပါရမီပါသော ဆေးပညာသင်တပည့်များလည်း လိုက်ပါလာမည်ဖြစ်သောကြောင့် ကြယ်ခန်းမ၏ဆေးအိမ်တော်က သေချာပေါက်တိုးတက်လာပေလိမ့်မည်။
"ကျွန်တော်က ဆရာတို့ကို ကြယ်ခန်းမဆီလိုက်ပို့ပေးဖို့အတွက် အစောင့်တွေ စီစဥ်ပေးပါမယ်"
ယဲ့ချန်သည် ဝိညာဥ်သားရဲလှိုင်းကိစ္စကို အရေးစိုက်ရဦးမည်ဖြစ်သောကြောင့် ရွှမ်းယီတို့ကို ကိုယ်တိုင်ပို့ဆောင်ပေးနိုင်ခြင်း မရှိပေ။ သို့သော် သူ့ထံတွင် ငွေရှိသောကြောင့် အစောင့်များ ငှားရမ်းနိုင်လေသည်။ မူလတွင် တော်ဝင်မြို့တော်၌ ပြင်ပအလုပ်များကိုလက်ခံသော ကျင့်ကြံသူအရေအတွက်က အလွန်နည်းပါးသည်။ သို့သော် ဝိညာဥ်သားရဲကပ်ဘေး ဖြစ်ပေါ်လာပြီး ကျင့်ကြံရေးအရင်းအမြစ်များ ရှားပါးလာသောအခါ ကျင့်ကြံသူများက ခွန်အားတိုးတက်ရန် လိုအပ်သောရတနာများအတွက် အလုပ်မျိုးစုံ လုပ်ကိုင်လာကြသည်။ အများစုက နတ်အဆင့်ကျင့်ကြံသူများဖြစ်သော်လည်း ငွေလုံလုံလောက်လောက်ရှိလျှင် အဆုံးမဲ့အဆင့်ကိုပင် ငှားရမ်းနိုင်သည်။ ထို့ကြောင့် ရွှမ်းယီတို့လူစုကို ကြယ်ခန်းမထံပို့ဆောင်ပေးရန် အစောင့်များငှားရမ်းခြင်းက ပြဿနာတစ်ခု မဟုတ်ပေ။
ထိုအချိန်တွင် ဝူဇီက ကောင်းကင်တွင် ပျံသန်းလာနေခဲ့သည်။ သူက သိုလှောင်အိတ်တစ်လုံးကို လက်တံရှစ်ချောင်းဖြင့် တင်းကြပ်စွာကိုင်၍ သယ်ဆောင်လာခဲ့သည်။ သူ၏ခိုးယူနိုင်စွမ်းက အမွေးပွလေးအောက် မနိမ့်ပေ။ ယဲ့ချန်က သိုလှောင်အိတ်ကိုယူ၍ စစ်ဆေးလိုက်သောအခါ ဆေးလုံးခြောက်လုံးနှင့် စာအုပ်များကို တွေ့လိုက်ရ၏။ ဆေးများက ယွမ်ရီပြောသော အသက်ရှည်ဆေးများဖြစ်ပြီး စာအုပ်များသည် ဆေးဘုရင်မြို့တော်၏ ကန့်သတ်မှတ်တမ်းများဖြစ်ပြီး အပြင်လူများ ဖတ်ခွင့်မရှိပေ။ ၎င်းတို့က ရွှမ်းယီတို့၏ ဆေးပညာအရည်အချင်း တိုးတက်လာစေရန်အတွက် အထောက်အပံ့ပေးနိုင်ပေလိမ့်မည်။
ယဲ့ချန်သည် ဆေးဘုရင်မြို့တော်မှ ထိုပစ္စည်းများကို ခိုးယူခဲ့ခြင်းအတွက် အပြစ်ရှိစိတ်အနည်းငယ်မျှပင် မခံစားရချေ။ ၎င်းတို့က ဆေးဘုရင်မြို့တော်မှ ရွှမ်းယီနှင့် ဆရာတူညီအစ်ကိုများအပေါ် ပေးဆပ်ရန် အကြွေးတင်နေသော လျော်ကြေးဖြစ်ပေသည်။ ညနေသို့ရောက်သောအခါ လက်နက်ကောင်စီ၏ အဆက်အသွယ်ဖြင့် ယဲ့ချန်သည် ကျင့်ကြံသူ၂၆ယောက်ကို ငှားရမ်းနိုင်ခဲ့သည်။ အဆုံးမဲ့အဆင့်ကျင့်ကြံသူသုံးယောက်နှင့် နတ်အဆင့်ကျင့်ကြံသူ၂၃ယောက်ကို အစောင့်အဖြစ်ငှားရမ်းရန် ဝိညာဥ်ကျောက်စိမ်းတစ်ရာ အသုံးပြုခဲ့ရသည်။ ယဲ့ချန်အသုံးပြုနေသော ဝိညာဥ်ကျောက်စိမ်းများက အလွန်ရှားပါးသောကြောင့် ဝယ်လိုအားပြင်းထန်သည်။ ဝိညာဥ်သားရဲများက နေရာအနှံ့ရောက်ရှိနေသော်လည်း နတ်ဘုရင်အဆင့်နှင့်အထက် ဝိညာဥ်သားရဲများက နည်းပါးနေဆဲပင်ဖြစ်သည်။ ဤမျှများပြားသော ကျင့်ကြံသူများ စောင့်ရှောက်ပေးမည်ဆိုလျှင် ရွှမ်းယီတို့လူစုလုံခြုံရေးအတွက် စိတ်ပူရန်မလိုသည့်အပြင် အစောင့်လုပ်လိုသူများကလည်း ဝိညာဥ်ကျောက်စိမ်းကြောင့် မရှားပါးချေ။ ယဲ့ချန်အနေဖြင့် ရွှမ်းယီနှင့် ဆရာဦးလေးများကို အန္တရာယ်အဖြစ်မခံနိုင်ပေ။
"ကျွန်တော့်မှာ ဆရာတို့အတွက် လက်ဆောင်ပြင်ဆင်ထားတာ ရှိပါတယ်။ ဒီဆေးကို အသက်ရှည်ဆေးလို့ခေါ်ပြီး သက်တမ်းကို နှစ်ဒါဇင်ချီအောင် ဆွဲဆန့်ပေးနိုင်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ကို တစ်လုံးသာအသုံးပြုနိုင်လို့ ဆရာနဲ့ဆရာဦးလေးတွေက တစ်လုံးစီ ယူလိုက်ကြပါ။ ဒါတွေကတော့ ကျွန်တော်ခရီးထွက်ရင်း စုဆောင်းထားတဲ့ ဆေးပညာမှတ်တမ်းတွေပါ။ ဒါတွေက ရှေးဟောင်းဆေးပညာကိုလည်း မှတ်တမ်းတင်ထားပါတယ်"
ယဲ့ချန်က ပြောပြောဆိုဆိုနှင့် အသက်ရှည်ဆေးများ၊ ဆေးပညာစာအုပ်များကို ထုတ်ယူလိုက်သည်။
"ဒီလိုအဖိုးတန်ရတနာတွေကို ငါ ဘယ်လိုလက်ခံရမလဲ"
ရွှမ်းယီက စိတ်လှုပ်ရှားနေခဲ့သည်။ ယဲ့ချန်က သူ့အတွက် အဖိုးတန်ရတနာများ စုဆောင်းထားမည်ဟု ထင်မထားခဲ့ပေ။ အထူးသဖြင့် ဆေးပညာစာအုပ်များဖြစ်ပြီး ၎င်းတို့က ဆေးဆရာများအတွက် အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်ကြသည်။
"ဆရာနဲ့ဆရာဦးလေးတို့ အသက်ရှည်ရှည်နေနိုင်ပြီး ဆေးပညာမှာ အဆင့်ထပ်တက်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီလက်ဆောင်ကို မငြင်းပါနဲ့ ဆရာ"
ယဲ့ချန်က တစ်ချက်ပြုံး၍ တည်ကြည်စွာပြောလိုက်ပြီး ဆေးလုံးများနှင့် စာအုပ်များကို ရွှမ်းယီထံ ကမ်းပေးလိုက်သည်။
"ဆရာတူအစ်ကို တူလေးယဲ့က ကျုပ်တို့အတွက် ကောင်းကောင်းပြင်ဆင်ပေးထားတာပဲ။ ကျုပ်တို့က အရိုးအိုကြီးတွေဆိုပေမယ့် အစွမ်းကုန်ကြိုးစားကြတာပေါ့။ ကျုပ်တို့က လိပ်ပြာလုံလုံနဲ့ လက်ခံလို့ဖြစ်ပါတယ်"
ရွှမ်းယီကို အသက်ရှည်ရှည်နေစေချင်သော ရှန်ယုက ဝင်ရောက်တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်၏စေတနာကို နားလည်သဖြင့် ရွှမ်းယီက ထပ်မံတုံ့ဆိုင်းမနေဘဲ လက်ခံလိုက်သည်။ သူက ဆေးမှတ်တမ်းများ၏အဖုံးကို ရတနာများကဲ့သို့ ချစ်ခင်မြတ်နိုးစွာ ပွတ်သပ်လိုက်၏။
"အပြင်ဘက်မှာ ဆရာတို့ကိုလိုက်ပို့ပေးမယ့် အစောင့်တွေ ရောက်နေပါပြီ။ အားလုံး လမ်းခရီးမှာ ဂရုစိုက်ကြပါ။ အပြင်မှာ ကိစ္စတွေပြီးသွားရင် ကြယ်ခန်းမကို ကျွန်တော် သေချာပေါက်ပြန်လာခဲ့ပါမယ်"
ယဲ့ချန်က ရွှမ်းယီတို့လူစုကို ခြံဝန်းအပြင်သို့ လိုက်လံပို့ဆောင်ခဲ့သည်။ ထို့နောက် အစောင့်အဖြစ် သူငှားရမ်းထားသော ကျင့်ကြံသူများက ရွှမ်းယီတို့ကို မိုးပျံသားရဲများဖြင့်သယ်ဆောင်၍ ကောင်းကင်သို့ ပျံတက်သွားကြသည်။ များမကြာမီ မိုးပျံသားရဲများက တိမ်များအတွင်း ဝင်ရောက်ပျောက်ကွယ်သွားခဲ့ကြသည်။ သူက ရွှမ်းယီတို့ကို အလျင်စလိုထွက်ခွာစေသော အကြောင်းအရင်းမှာ ဆေးဘုရင်မြို့တော်ကြောင့်ဖြစ်သည်။ တစ်ဖက်လူက အသက်ရှည်ဆေးများနှင့် ဆေးမှတ်တမ်းများ ပျောက်ကွယ်သွားကြောင်းသိသွားလျှင် ရွှမ်းယီတို့အပေါ် သံသယဝင်လာနိုင်ချေရှိသည်။ သို့သော် သူတို့က မြို့အပြင်ဘက်သို့ရောက်သွားလျှင် ဆေးဘုရင်မြို့တော်မှ လိုက်လံရှာဖွေရန် မဖြစ်နိုင်ချေ။ သူတို့၏ဦးတည်ရာဖြစ်သော ကြယ်ခန်းမကို ဆေးဘုရင်မြို့တော်မှ သိရှိထားခြင်းမရှိချေ။ ဤကိစ္စကြောင့် ဆေးဘုရင်မြို့တော်သည် အကြောင်းစုံသိသွားလျှင် ကြယ်ခန်းမကို အာရုံစိုက်လာနိုင်သော်လည်း ယဲ့ချန်က ဂရုစိုက်မနေနိုင်ချေ။ သူ့အနေဖြင့် ကြယ်ခန်းမ အစွမ်းထက်လာစေရန် ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံကို အသုံးပြုရပေလိမ့်မည်။
ယဲ့ချန်သည် ဆေးအိမ်တော်တည်ဆောက်မည့် အကြံအပြင် အတွေးအချို့လည်း ရှိနေခဲ့သည်။ သူ အစောင့်အဖြစ်ငှားရမ်းထားသော ကျင့်ကြံသူများကို ကြယ်ခန်းမအတွက် သိမ်းသွင်းလိုခြင်းဖြစ်သည်။ သူငှားရမ်းထားသမျှ ကျင့်ကြံသူများက လွတ်လပ်သော တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူက လီရှုကို ထုံတန်အားသတင်းပေးရန် တိုးတိုးတိတ်တိတ်မှာကြားလိုက်သည်။ ကြယ်ခန်းမသို့ရောက်လျှင် ထုံတန်က ထိုကျင့်ကြံသူများကို ကောင်းမွန်စွာဆက်ဆံ၍ ကမ်းလှမ်းချက်များ ပေးပေလိမ့်မည်။ ထုံတန်သည် ကျင့်ကြံသူအချို့ကို အောင်မြင်စွာသိမ်းသွင်းနိုင်စွမ်းရှိမည်ဟု ယဲ့ချန်က ယုံကြည်ထားသည်။ ပိုမိုကြီးမားများပြားလာသော ဝိညာဥ်သားရဲကပ်ဘေးကြောင့် သူ၏စိုးရိမ်စိတ်များ တစ်နေ့တခြား တိုးပွားနေခဲ့လေသည်။