နတ်ဘုရင်များကို လမ်းကြုံကယ်တင်ခြင်း
Vol. 31 Ch. 429
ဝူဇီသည် ယဲ့ချန်အနားသို့ လှစ်ခနဲရောက်ရှိလာခဲ့သည်။ ယဲ့ချန်သည် သိုလှောင်အိတ်ကိုယူ၍ တစ်ချက်ကြည့်လိုက်သောအခါ အာကာသကျောက်များနှင့် နတ်ဆိုးချပ်ဝတ်အစိတ်အပိုင်းများကို တွေ့လိုက်ရသည်။ အသိုက်အတွင်း၌ ရတနာများတောင်လိုပုံနေသဖြင့် သူသာ အစွမ်းထက်လျှင် သွေးဆာချပ်ဝတ်သားရဲကိုသတ်၍ လုယူမည်ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူ၏လက်ရှိခွန်အားက နိမ့်ကျနေသောအခါ ၎င်းကိုမယှဥ်နိုင်သဖြင့် ကိုယ့်သေလမ်းကိုယ်မရှာခဲ့ပေ။ သူက ဤအတွေးကိုစွန့်လွှတ်၍ ရတနာများကို ရေတွက်လိုက်သောအခါ အာကာသကျောက်နှစ်ရာကျော်နှင့် ချပ်ဝတ်အစိတ်ပိုင်းခုနစ်ခုကို ရရှိခဲ့သည်။ ဤရတနာများက ကြယ်ခန်းမတိုးတက်ရေးတွင် သေချာပေါက်အသုံးဝင်ပေသည်။
ဝူဇီသည် အသိုက်အတွင်းမှ ရတနာများ၏ တစ်စိတ်တပိုင်းကိုသာ ခိုးယူနိုင်ခဲ့သည်။ သို့သော် သွေးဆာချပ်ဝတ်သားရဲက အလွန်ဒေါသထွက်နေပြီဖြစ်သောကြောင့် နောက်တစ်ကြိမ်ရန်စရန်မသင့်ဟု ယဲ့ချန်က ဆုံးဖြတ်လိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် ဤအသိုက်ဖျက်ဆီးခံရခြင်းမရှိလျှင် သူက နောက်တစ်ကြိမ်ပြန်လာ၍ ခိုးယူပေလိမ့်မည်။ သူက မြောက်ပင်လယ်သို့သွားရောက်ပြီးနောက် ကြယ်ခန်းမသို့ပြန်ရန် စီစဥ်ထားခဲ့သည်။ ထန်တိုက်လင်တွေ့ရှိထားသော အရာအကြောင်း သူက မသိသော်လည်း သွားရောက်စစ်ဆေးရုံမျှဖြင့် အန္တရာယ်မရှိနိုင်ပေ။
တောတောင်ရေမြေများအတွင်း ဝိညာဥ်သားရဲများသည် အသက်ရှင်ကျန်ရစ်သော သားရဲများကို အမဲလိုက်စားသောက်နေကြသည်။ တောင်ပေါ်ရွာကလေးများက အားလုံးဖျက်ဆီးခံထားရပြီး အသက်ရှင်ကျန်သော လူသားအရေအတွက်က အလွန်နည်းပါးသည်။ ကျန်တစ်ဖက်တွင် ကောင်းကင်သားရဲနှင့် မှော်သားရဲများသည် အသက်ကယ်ဝှက်ဖဲများကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။ သို့သော် ဆက်လက်ရှင်သန်ရန်အတွက် အလွန်ကြိုးစားရုန်းကန်နေရသည်။ ယဲ့ချန်၏ဝိညာဥ်အသိစိတ် ဖြတ်သန်းသွားသော လမ်းတလျှောက်တွင် တဘန်းဘန်းမြည်သံများ ထွက်ပေါ်လာပြီး ထောင်ချီသောဝိညာဥ်သားရဲများ လဲပြိုကုန်သည်။ ဝိညာဥ်အသိစိတ်ထုတ်ဖော်နိုင်သော ဝိညာဥ်သားရဲများက အစွမ်းထက်သွေးမျိုးဆက်များမှဖြစ်သောကြောင့် ၎င်းတို့ကိုသတ်ခြင်းဖြင့် မျိုးနွယ်ကြီးသုံးခုအတွက် ကပ်ဘေးအန္တရာယ်ကို လျှော့ချပေးနိုင်သည်။ သို့သော်လည်း ၎င်းတို့၏အရေအတွက်က အလွန်များပြားပြီး အဆုံးမရှိသောကြောင့် ယဲ့ချန်အနေဖြင့် အားလုံးကို လိုက်မသတ်နိုင်ခဲ့ပေ။ ကောင်းကင်ထက်ရှိ ပျံသန်းနိုင်သော ဝိညာဥ်သားရဲများက သူ့ကိုတိုက်ခိုက်ချင်သော်လည်း ဝိညာဥ်စစ်သည်တော်၏လက်ချက်ဖြင့် ချက်ချင်းဘဝကူးပြောင်းသွားကြသောကြောင့် ကောင်းကင်မှ သွေးမိုးများ ရွာကျသွားခဲ့သည်။
ယဲ့ချန်သည် မြောက်ပင်လယ်၏ကမ်းခြေသို့ ရောက်ရှိလာခဲ့သည်။ ဤကမ်းခြေက ရှီဝူအင်ပါယာနှင့်နီးကပ်သောကြောင့် သူ၏လက်ရှိအလျင်အရ ကြယ်ခန်းမသို့ပြန်ရန် နှစ်ရက်သာ လိုအပ်သည်။ ထိုအချိန်တွင် ကမ်းခြေရှိတိုက်ပွဲတစ်ခုက ယဲ့ချန်ကို အာရုံစိုက်စေခဲ့သည်။
ဝိညာဥ်သားရဲဆယ်သန်းကျော်သည် အရေအတွက်တစ်သန်းခန့်ရှိသော မှော်သားရဲနှင့် ကောင်းကင်သားရဲများကို ဝန်းရံတိုက်ခိုက်နေကြသည်။ ထိုသားရဲများကြားတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူသုံးယောက်ရှိကာ နှစ်ယောက်က အလယ်အဆင့်ဖြစ်၍ တစ်ယောက်က ထိပ်ဆုံးအဆင့်ဖြစ်သည်။ သူတို့သုံးယောက်၏ အစွမ်းကြောင့်မဟုတ်လျှင် သားရဲအားလုံးသည် ဝိညာဥ်သားရဲများအတွက် အစာဖြစ်သွားကြပြီးဖြစ်သည်။ သို့သော် ဝိညာဥ်သားရဲများကြား၌ နတ်ဘုရင်အဆင့်ငါးကောင် ပါဝင်နေပြီး သားရဲအုပ်စုကို တစ်လှိုင်းပြီးတစ်လှိုင်း ဆက်တိုက်တိုက်ခိုက်နေသည်။
"အစ်ကိုကြီး ကျုပ်တို့ ပိတ်မိနေပြီ"
နတ်ဘုရင်တစ်ယောက်က စိုးရိမ်တကြီး ပြောလိုက်ခြင်းဖြစ်သည်။ သူ၏ပုံစံအမှန်က ခရမ်းရောင်လျှပ်စီးမြွေဖြစ်သည်။ သူတို့၏နောက်လိုက်သားရဲများမှာ အဆုံးမရှိသော ဝိညာဥ်သားရဲများကြောင့် မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်သည်အထိ ထိတ်လန့်နေကြသည်။ သူတို့အားလုံးက စီရီတိုင်းပြည်မှထွက်ပြေးလာခြင်းဖြစ်ပြီး အလယ်အင်ပါယာရှိမြို့တစ်မြို့တွင် ခိုလှုံရန်ဖြစ်သည်။ သို့သော် လမ်းတလျှောက်တွင် ဝိညာဥ်သားရဲများစွာ၏ အမဲလိုက်ခြင်းခံရပြီး ဆက်တိုက်သတ်ဖြတ်ခံခဲ့ရသည်။ မူလတွင် အရေအတွက်ဆယ်သန်းနီးပါးရှိသော သားရဲအုပ်စုကြီးက လက်ရှိ၌ တစ်သန်းသာ ကျန်ရစ်ပေသည်။ လက်ရှိတွင် သူတို့၏နောက်တွင် ပင်လယ်ကြီးဆီးကာနေပြီး ရှေ့တွင် အဆုံးမရှိသော ဝိညာဥ်သားရဲများကြောင့် သေဘေးမှ သေချာပေါက်လွတ်မြောက်မည်မဟုတ်ပေ။ သူတို့အတွက် အလယ်အင်ပါယာသို့ရောက်ရန်လည်း မဖြစ်နိုင်တော့ချေ။ ဝိညာဥ်သားရဲများ၏ အစာဖြစ်ရမည့်ကံကြမ္မာကို သူတို့က လက်မခံနိုင်ကြပေ။
သို့သော် တစ်ချိန်လုံးတိုက်ခိုက်နေရသော နတ်ဘုရင်သုံးယောက်သည် အင်အားများကုန်ခမ်းကာ အလွန်မောပန်းနေကြသည်။ ဝိညာဥ်သားရဲနတ်ဘုရင်များက သူတို့ကို ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိဘဲ အချိန်တိုင်း ခိုးကြောင်ခိုးဝှက်တိုက်ခိုက်နေကြသည်။ ထို့အပြင် သူတို့က လက်အောက်ငယ်သားများကို ကာကွယ်ပေးနေရသဖြင့် ၎င်းတို့ကြောင့် အပြင်းအထန် ဒဏ်ရာရနေပြီဖြစ်သည်။
"ငါ့ကောင်တွေ သတ်ဖြတ်ပြီး ထိုးဖောက်ကြမယ်"
နတ်ဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူ၏မျက်လုံးများက ဒေါသကြောင့် နီရဲနေသည်။ သူက ဧရာမလင်းယုန်နက်ကြီးတစ်ကောင်ဖြစ်သည်။
"ကလေးတို့ တိုက်ခိုက်ကြ"
ကျန်နတ်ဘုရင်နှစ်ယောက်ကလည်း အော်ဟစ်ကြုံးဝါး၍ အစွမ်းကုန်ထုတ်ကာ အသက်စွန့်တိုက်ခိုက်လိုက်ကြသည်။
"သတ်ကြ"
မျက်လုံးများ သွေးနီရောင်တောက်ပနေသော သားရဲများက ကိုယ်စီဟိန်းဟောက်၍ ခေါင်းဆောင်များ၏ဦးဆောင်မှုနှင့်အတူ ဝိညာဥ်သားရဲများကို ထိုးဖောက်လိုက်ကြသည်။ ဝိညာဥ်သားရဲများက နေရာတိုင်းတွင်ပြည့်နှက်နေပြီး ၎င်းတို့၏အရေအတွက်က အဆုံးမရှိသည့်အပြင် ကြောက်စိတ်လည်း မရှိချေ။ တိုက်ပွဲအတွင်း၌ အသားကြိတ်စက်ကြီးတစ်ခု အသက်ဝင်နေသည့်ပမာ အလောင်းများပုံထပ်နေသည်။ သားရဲများက ဝိညာဥ်သားရဲများကို တစ်ကောင်ထက် ပို၍သတ်ဖြတ်နိုင်ပြီးနောက် အသက်စွန့်သွားရသည်။ သို့သော် ဝိညာဥ်သားရဲအရေအတွက်က အဆမတန်များပြားနေသောကြောင့် အကျိုးမရှိပေ။ အချိန်ခဏအတွင်း သားရဲအုပ်စု၏တစ်ဆယ်ရာခိုင်နှုန်း အသတ်ခံလိုက်ရသောကြောင့် နတ်ဘုရင်သုံးယောက်က ထိတ်လန့်နေကြသည်။ တိုက်ပွဲက ဤနှုန်းအတိုင်း ဆက်လက်ဖြစ်ပွားနေလျှင် သူတို့အားလုံး အသတ်ခံလိုက်ရနိုင်သည်။ ဤကမ်းခြေနှင့်ပင်လယ်က သူတို့အတွက် သင်္ချိုင်းဖြစ်လာပြီး အသက်ရှင်သန်ရန် မျှော်လင့်ချက် လုံးဝမရှိချေ။
လင်းယုန်နက်၊ လျှပ်စီးမြွေနှင့် ရွှေချပ်ဝတ်နွားသိုးကြီး၏ တိုက်ခိုက်မှုများတွင် ဝိညာဥ်သားရဲထောင်ချီ သေဆုံးသွားကာ သွေးများချောင်းစီးနေသည်။ သို့သော်လည်း ဤအရေအတွက်က ဝိညာဥ်သားရဲလှိုင်းတစ်ခုလုံးနှင့်ယှဥ်လျှင် မပြောပလောက်ချေ။ ဝိညာဥ်သားရဲနတ်ဘုရင်ငါးကောင်ကလည်း သူတို့ကို အချိန်တိုင်း ခိုးကြောင်ခိုးဝှက်တိုက်ခိုက်နေကြသည်။ ၎င်းတို့၏ လွှသွားသဏ္ဍာန် ဆူးချွန်များက သူတို့၏ကိုယ်ပေါ်တွင် ဒဏ်ရာများဖြစ်ပေါ်လာစေပြီး သွေးများ ပန်းထွက်နေကြသည်။ သွေးနံ့ရသွားသော ဝိညာဥ်သားရဲများက ပိုမိုရက်စက်ကြမ်းကြုတ်လာသဖြင့် သေမင်း၏ခေါ်သံ နီးကပ်လာနေခဲ့သည်။
"ကောင်းကင်က ငါတို့ကို အပြစ်ပေးလိုက်တာလား"
တိုက်ပွဲတွင် သေဆုံးသွားသော အလောင်းများက အဆုံးမရှိသောဝိညာဥ်သားရဲများအောက်တွင် ဝါးမျိုခံလိုက်ရသည်။ ပြင်းထန်လွန်းသော ဟိန်းဟောက်သံများက ကြားရသူတိုင်း၏စိတ်နှလုံးကို တုန်ခါသွားစေသည်။ သားရဲများသည် တိုက်ပွဲအတွင်း သေဆုံးသွားပြီး ဝိညာဥ်သားရဲများအတွက် အစာဖြစ်နေကြသည်။ ၎င်းတို့က တိုက်ပွဲ၏ရလဒ်ကို ပြောင်းပြန်လှန်ရန် မဖြစ်နိုင်ချေ။
"ကြည့်ရတာ ငါတို့ ပြန်လမ်းမရှိလောက်ဘူးထင်တယ်"
တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသော လင်းယုန်နက်က သက်ပြင်းတစ်ချက်ချ၍ စိတ်ပျက်စွာ ရေရွတ်လိုက်သည်။ သူက လူသားများကဲ့သို့ အသိဉာဏ်ထက်သောကြောင့် အဆုံးသတ်ကို ခန့်မှန်းနိုင်နေသည်။
"ကျုပ်တို့က အစ်ကိုကြီးနောက်ကို သေတဲ့အထိလိုက်မယ်"
လျှပ်စီးမြွေနှင့် နွားသိုးကြီးသည်လည်း လင်းယုန်နက်ကြီးဘေးတွင် ဝိုင်းရံလိုက်ကြသည်။ သူတို့သုံးယောက် ကများပြားလှသော ဝိညာဥ်သားရဲများကို အသက်စွန့်၍ ခုခံနေကြသည်။
ထိုအချိန်တွင် အလွန်အစွမ်းထက်သော ဝိညာဥ်အသိစိတ်တစ်ခု ထွက်ပေါ်လာပြီး ထောင်ချီသော ဝိညာဥ်သားရဲများ၏ဝိညာဥ်များ တဘန်းဘန်း ပျက်စီးသွားကြသည်။ နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲငါးကောင်က အခြေအနေမကောင်းကြောင်း နားလည်လိုက်၏။ ၎င်းတို့က နတ်အဆင့်သို့ရောက်ပြီးနောက် အခြေခံအသိဉာဏ်တချို့ ပိုင်ဆိုင်လာပုံပေါ်သည်။ ၎င်းတို့က ထွက်ပြေးလိုက်သော်လည်း မီတာလေးဆယ်မြင့်သော ရွှေရောင်ချပ်ဝတ်စစ်သည်တော်ကြီး ထွက်ပေါ်လာကာ ဧရာမလက်ကြီးနှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်။ ဝိညာဥ်စစ်သည်တော်၏ လက်ဝါးကြီးများကြားတွင် နတ်ဘုရင်အဆင့်ဝိညာဥ်သားရဲများ ဖမ်းချုပ်ခံလိုက်ရပြီး အသားပြားဖြစ်သည်အထိ ဖိချေခံလိုက်ရ၏။ ထို့နောက် သူက လက်ဝါးချက်တစ်ခု ထုတ်ဖော်လိုက်သောအခါ အဆုံးမရှိသော ဝိညာဥ်သားရဲများ တဘန်းဘန်း ပေါက်ကွဲသွားကြသည်။
"ဂီး"
"ဝေါင်း"
ကြည်လင်သော ငှက်အော်သံတစ်ခု ထွက်ပေါ်လာကာ အနက်ရောင်ဖီးနစ်ကြီးတစ်ကောင် ထွက်ပေါ်လာ၏။ ကြီးမားသန်မာသော အဖြူရောင်ကြံ့ကြီးတစ်ကောင်ကလည်း ဝိညာဥ်သားရဲများထံ ချီတက်သွားခဲ့သည်။ အနက်ရောင်မီးတောက်များအောက်တွင် ဝိညာဥ်သားရဲများ ပြာကျသွားသကဲ့သို့ ကြံ့ကြီး၏ခွာလေးဖက်အောက်တွင် ဝိညာဥ်သားရဲများက အပိုင်းပိုင်းအစစဖြစ်ကုန်သည်။ အချိန်ခဏအတွင်း သားရဲအုပ်စုကို တိုက်ခိုက်နေသော ဝိညာဥ်သားရဲများအားလုံး အသတ်ခံလိုက်ရသည်။
မှော်သားရဲများနှင့် ကောင်းကင်သားရဲများက ရုတ်တရက်ဆန်လွန်းသော အဖြစ်ကြောင့် ကြောင်အနေရာမှ ကပ်ဘေးအတွင်း အသက်ရှင်သန်လာနိုင်သဖြင့် ပျော်ရွှင်ဝမ်းမြောက်သွားကြ၏။ သူတို့က သေပြီဟုထင်မှတ်ထားကြသော်လည်း ဝိညာဥ်စစ်သည်တော်၊ အင်မော်တယ်အမှောင်ဖီးနစ်နှင့် ကောင်းကင်ချီလင်ကြံ့တို့က ဝိညာဥ်သားရဲများအားလုံးကို သုတ်သင်ရှင်းလင်းပေးခဲ့သည်။
နတ်ဘုရင်သုံးယောက်က နေရာတွင် မင်သက်နေရာမှ အဖြစ်အပျက်ကို သဘောပေါက်သွားသောအခါ ဝမ်းသာမဆုံးဖြစ်နေကြသည်။
"မဟာသာလွန်အဆင့် ကျင့်ကြံသူ"
သုံးယောက်လုံးက ပြိုင်တူရေရွတ်လိုက်မိကြသည်။
"ငါတို့အသက်ရှင်ပြီ ဟား ဟား"
ခရမ်းရောင်လျှပ်စီးမြွေက အော်ဟစ်ရယ်မောလိုက်သည်။ သူက ပြင်းထန်လွန်းသော ဒဏ်ရာကြောင့် နာကျင်နေသော်လည်း ရယ်မောခြင်းကို မရပ်တန့်နိုင်ပေ။
"အစ်ကိုကြီး ကျုပ်တို့ အသက်ရှင်ပြီ"
နွားသိုးကြီးက စိတ်ဓာတ်ခိုင်မာသူဖြစ်သော်လည်း လက်ရှိတွင် ပျော်ရွှင်မှုကြောင့် မျက်ရည်ဝိုင်းနေခဲ့သည်။ လင်းယုန်နက်ကြီးသည် ပျော်ရွှင်မှုကြောင့် ခုန်ပေါက်နေကြသော တပည့်များနှင့် ညီအစ်ကိုနှစ်ယောက်ကို ကြည့်လိုက်သည်။ သူကိုယ်တိုင်ပျော်ရွှင်နေသော်လည်း ခေါင်းဆောင်တစ်ယောက်ဖြစ်သောကြောင့် တည်ငြိမ်သောအသွင်ကို ထိန်းသိမ်းထားခဲ့၏။
ထိုအချိန်တွင် ယဲ့ချန်ရောက်ရှိလာပြီး နတ်ဘုရင်သုံးယောက်ကို တစ်ချက်ကြည့်ကာ လက်အောက်သို့သိမ်းသွင်းရန် စဥ်းစားနေခဲ့သည်။ နတ်အဆင့်ကျင့်ကြံသူများကို သိမ်းသွင်းရန် ခက်ခဲသော်လည်း သူက ဝိညာဥ်အသိစိတ်ကို အသုံးမပြုလိုပေ။ သူ၏ ထူးခြားလွန်းသော ဝိညာဥ်အသိစိတ်ကို မဟာသာလွန်အဆင့်သားရဲများကို ယဥ်ပါးစေရန်သာ အသုံးချလိုသည်။ ယဲ့ချန်ကို မြင်သောအခါ နတ်ဘုရင်သုံးယောက်က ချက်ချင်းရှေ့တက်လာပြီး ကြိုဆိုလိုက်ကြသည်။
"မိုရင် မိုရှဲ မိုနူတို့သုံးယောက်က အရှင့်ကို ဆရာသခင်အဖြစ်မှတ်ယူပြီး တစ်သက်လုံး အလုပ်အကျွေးပြုလိုပါတယ်"
သူတို့အားလုံးက ပြိုင်တူအော်ဟစ်လိုက်ကြသည်။ သူတို့၏အသက်က သေဆုံးရန် လက်တစ်ကမ်းလိုသောအချိန်တွင် ယဲ့ချန်က ကယ်တင်ပေးခဲ့၏။ ထို့အပြင် ယဲ့ချန်၏ခွန်အားကို မျက်ဝါးထင်ထင်မြင်ရသောအခါ သူတို့ကိုယ်တိုင်နှင့် နောက်လိုက်များ၏ ရှင်သန်ရေးအတွက် မှီခိုနိုင်ကြောင်း သဘောပေါက်သွားကြသည်။ ထို့ကြောင့် ဝိညာဥ်သားရဲများ၏အစာဖြစ်ရမည့်အစား ယဲ့ချန်၏ခြေသလုံးကို ဖက်ထားရန်သာ ရွေးချယ်လိုက်ကြသည်။
ယဲ့ချန်သည် နတ်ဘုရင်သုံးယောက်၏ ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်လိုက်သည်။ သူ၏နောက်လိုက်ဖြစ်လာခြင်းက ဤသားရဲများ အသက်ရှင်သန်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်လေသည်။